← Chapters

အခန်း (၁၇၅)

Vol. 12 Ch. 175

အခန်း (၁၇၅)

Vol. 12 Ch. 175

ဖန်းမိသားစုတွင် သခင်လေးနှစ်ယောက်ရှိ၏။ ပထမသခင်လေးဖန်းယောင်က ပါရမီထူးချွန်သူတစ်ဦးဖြစ်ပြီး တာအိုစိတ်ဝိညာဉ်ဂိုဏ်း၌ ဘုရင်တစ်၀က်အဆင့်ဆရာသခင်ထံတွင် ကျင့်ကြံလျက်ရှိသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ခန့် အိမ်သို့ပြန်ရောက်နေခဲ့၏။

ဖန်းရှန်က အစ်ကိုဖြစ်သူနှင့် စိတ်ထဲ၌ အမြဲတစေ နှိုင်းယှဉ်လေ့ရှိသည်။ သို့သော် သူ့အစ်ကို့ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၃)သို့ရောက်နေချေပြီ။

တစ်ဖက်တွင် သူက ချီအခြေခံတည်ဆောက်ခြင်းအဆင့်၌သာရှိသေး၏။

ဤတစ်ကြိမ်တွင် ဖန်းယောင် မိသားစုထံသို့ပြန်လာရာ၌ သူ့၏ ဆရာဖြစ်သူပါ လိုက်ပါလာခဲ့သည်။

ထိုလူက တာအိုစိတ်ဝိညာဉ်ဂိုဏ်းမှ အထွတ်အထိပ်သောတည်ရှိမှုလည်းဖြစ်၏။

သူ၏ အဆင့်အတန်းမှာ ဂိုဏ်းတွင်း၌ အလွန်မြင့်မားပြီး တစ်ဂိုဏ်းလုံး၏ အုတ်မြစ်ဟုဆိုလျှင်လည်းမမှားချေ။

သူက ဖန်းယောင်၏ အရည်အချင်းနှင့် သိတတ်မှုအပေါ် နှစ်သက်ဟန်ရသည်။ ထို့ကြောင့် ဤတစ်ကြိမ်၌ ဖန်းယောင်နှင့်အတူ ဖန်းမိသားစုထံ လိုက်ပါလာခဲ့၏။

၎င်းက စစ်မှန်သော ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူဖြစ်သည်။

ခရမ်းသစ်ခွနိုင်ငံ၏ အစွမ်းထက်ဆုံးသောပုဂ္ဂိုလ်မှာ အခြေတည်ဝိညာဉ်အဆင့်(၉)၌သာရှိသေးပြီး ဖန်းယောင်ဆရာဖြစ်သူထံမှ သုံးကွက်မျှပင်ခံနိုင်မည်မဟုတ်ပေ။

သူ အလွန်ချစ်မြတ်နိုးရသော မိန်းကလေး သူတစ်ပါးနောက်ပါသွားတော့မည်ဖြစ်ရာ ဖန်းရှန်၏ ရင်ထဲ၌ အတွေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

“ အစ်ကို ယောင်….”

ဖန်းရှန်၏ မျက်နှာထက်မှ ဒေါသအရိပ်အယောင်များမှာ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။ သူက ဖန်းယောင်၏ အခန်းတွင်းသို့၀င်လာပြီး အစ်ကိုဖြစ်သူအား လှမ်းခေါ်လိုက်သည်။

သူတို့ ညီအစ်ကိုနှစ်ဦးမှာ အတူတူကြီးပြင်းခဲ့သူများ ဖြစ်သဖြင့် ညီဖြစ်သူ၏ မျက်နှာကိုမြင်ကတည်းက ဘာဖြစ်နေမှန်း ဖန်းယောင်နားလည်သွားခဲ့သည်။

“ မူမိသားစုက ဒုတိယသခင်မလေးကိစ္စလား…”

ဖန်းယောင်၏ မျက်နှာထက်၌ ဖန်းရှန်၏ အတွေးများအားဖောက်မြင်နေရသကဲ့သို့ အပြုံးတစ်ခုရှိနေခဲ့သည်။

ဖန်းရှန်ဆိုသည်မှာ မူချင်းချင်းအား ယခုမှနှစ်သက်ခြင်းမဟုတ်ဘဲ ငယ်စဉ်ကတည်းက နှစ်သက်လာခဲ့သူဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ ဖန်းမိသားစု၏ အင်အားက မူမိသားစုထက် များစွာသာလွန်သည်။

ဖန်းမိသားစုက ချုပ်ချယ်ရခြင်းကို မနှစ်သက်ဘဲ ၎င်းတို့အား လွတ်လပ်စွာကြီးပြင်းလာခွင့်ပြုခဲ့သည်။

ယခုတွင် မူချင်းချင်းတစ်ခြားတစ်ယောက်နှင့်လက်ထပ်တော့မည်ဖြစ်ရာ သူ့ညီဘယ်လိုခံစားနေရကြောင်း ဖန်းယောင်ကောင်းစွာနားလည်ထား၏။

“ အစ်ကို ကျွန်တော့ကို ကူညီမှရမယ်…”

ဖန်းရှန်က ဒေါသများ ၊ ၀မ်းနည်းမှုများ ၊ မကျေနပ်မှုများဖြင့် သူ့အစ်ကိုအားကြည့်ကာ တောင်းဆိုလိုက်သည်။

ဖန်းရှန်အား ကြည့်နေသည့် ဖန်းယောင်၏ မျက်၀န်းများထဲ၌ ချစ်ခြင်းအငွေ့အသက်များရစ်သိုင်းလာခဲ့ပြီး ခေါင်းညိတ်ပြလိုက်၏။

“ မှန်တယ်… ခရမ်းသစ်ခွနိုင်ငံတစ်ခုလုံးမှာ ငါတို့ဖန်းမိသားစုကို ဘယ်သူမှမစော်ကားရဲဘူး.. ငါတို့ ဖန်းမိသားစုက စိတ်၀င်စားတယ်ဆိုရင် ငါတို့အပိုင်ပဲ…”

“ ပြောကြည့်.. မင်း ဘာလုပ်ဖို့စီစဉ်ထားလဲ…”

ဖန်းရှန် တံတွေးမြိုချလိုက်ပြီး မျက်၀န်းများထဲ၌ ရက်စက်လိုဟန်များဖြစ်ပေါ်လာခဲ့သည်။

“ တာအိုစိတ်ဝိညာဉ်ဂိုဏ်းက အကြီးအကဲကို လှုပ်ရှားပေးဖို့ တောင်းဆိုပေးလို့ရမလား..အဲ့တာဆိုရင် ကျွန်တော်တို့…”

“ လက်ထပ်နိုင်လိမ့်မယ်…”

အစီအစဉ်အရ ပထမဆုံး မင်္ဂလာပွဲအား မွှေနှောက်မည်ဖြစ်ပြီး မူချင်းချင်းအား သိမ်းပိုက်မည်ဖြစ်သည်။ မူမိသားစုက ဖန်းမိသားစုကို ပြသနာရှာရဲမှာလား…

ဖန်းရှန်နှင့် ဖန်းယောင်တို့သည် မူချင်းချင်းနှင့် လက်ထပ်မည့်သူက ဘယ်သူလဲ ဘယ်ကလဲ ဘာမှမသိကြသေးချေ။

သူ့တို့စိတ်ထဲ၌ ဤအတိုင်း မိုက်မဲသူတစ်ယောက်သာဖြစ်သည်ဟု မှတ်ယူထားခဲ့ကြ၏။

ထို့သို့မဟုတ်လျှင် မူမိသားစုက သတို့သားအကြောင်း ဘာကြောင့်မဖော်ပြဘဲနေမှာလဲ…

သတို့သား၏ နိမ့်ကျမှုကြောင့် ရှက်နေခြင်းသာဖြစ်ရပေမည်။

သူတို့စိတ်ထဲတွင် ၀မ်ဟူက မည်သို့ ကြောက်လန့်ရမည်မှန်း မသိသည့် မိုက်ရူးရဲဆန်သော ကလေးတစ်ဦးသာဖြစ်၏။

….

“ အခြေအနေဘယ်လိုလဲ…”

တာအိုစိတ်ဝိညာဉ်ဂိုဏ်း အကြီအကဲအခန်းမှထွက်လာသည့် ဖန်းယောင်အား ဖန်းရှန်က တောက်ပသည့်မျက်၀န်းများဖြင့် မေးလိုက်သည်။ သူ့မျက်၀န်းများထဲ၌ မျှော်လင့်ချက်များ ပြည့်နှက်နေ၏။

မူချင်းချင်းအား လုယူချင်ပါက သူတို့ကိုယ်တိုင်လုပ်၍ အရာထင်မည်မဟုတ်ပေ။

သူ့အတွက်တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဖန်းယောင်၏အကြီးအကဲ ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူဖြစ်၏။

ဖန်းရှန်၏ ပါရမီအရည်အချင်းများဖြင့် တာအိုယန်ဇီအား ‌ဆွဲဆောင်ရန်မလုံလောက်ပေ။

တာအိုယန်ဇီထံမှ အကူအညီတောင်းခံနိုင်သူမှာ ဖန်းယောင်သာရှိ၏။

“ အဆင်ပြေတယ်…”

ညီဖြစ်သူ၏ မျှော်လင့်နေသည့်မျက်၀န်းများအားကြည့်ကာ ဖန်းယောင်က ပြုံးလျက်ပြောလိုက်သည်။

ဖန်းယောင်က တာအိုစိတ်ဝိညာဉ်ဂိုဏ်းတွင် အရည်အချင်းရှိဆုံး တပည့်တစ်ဦးဖြစ်ရာ တာအိုယန်ဇီက သူ့အားများစွာ မျက်နှာသာပေးထားခဲ့သည်။

သူက ကျင့်ကြံမှုတွင် ပါရမီကောင်းရုံသာမပါ ၊ ပါးနပ်ကာ ထက်မြက်သူတစ်ဦးဖြစ်၏။ ထို့ကြောင့် တာအိုယန်ဇီက သူများနှင့်လက်ထပ်တော့မည့် မိန်းကလေးအား လုယူရန်ကိစ္စ၌ပင် အကူအညီပေးရန် သဘောတူခဲ့သည်။

ဖန်းယောင်၏ ပြောစကားအရ မူမိသားမှ အစွမ်းထက်ဆုံးကျင့်ကြံသူမှာ အခြေတည်ဝိညာဉ်အဆင့်၌သာရှိသည်။ ထို့အပြင် မူချင်းချင်းနှင့် လက်ထပ်မည့်လူမှာလည်း မူမိသားစုက အနည်းငယ်ထုတ်ဖော်ကြေငြာခြင်းမရှိသဖြင့် တောကြိုအုံကြားမှ ကောင်လေးတစ်ယောက်သာဖြစ်ရမည်။

အကယ်၍ သတို့သား၏ နောက်ခံသာ အားကောင်းလျှင် မူမိသားစုက အဘယ်ကြောင့် သတင်းမဖြန့်ဘဲနေလိမ့်မည်နည်း။

ထို့အပြင် တာအိုယန်ဇီက ခရမ်းသစ်ခွနိုင်ငံ၌ အသန်မာဆုံးဖြစ်လေရာ မူးချင်းချင်းအား လုယူခြင်းမှာ ပြသနာမရှိဟုတွေးခဲ့ကြ၏။

တာအိုယန်ဇီအတွက်မူ ဖန်းယောင်က သူ့တပည့်ဖြစ်သည်။ သူ့တပည့်၏ ညီငယ်ထံတွင် သိမ်းပိုက်ခြင်းခံရသည်မှာ ထိုမိန်းကလေးအတွက် ကံကောင်းသည်ဟု ယူဆထားခဲ့သည်။

…..

(၃)ရက်ကြာပြီးနောက်

မူမိသားစု မင်္ဂလာအခမ်းအနားတွင်

မူမိသားစုက ခရမ်းသစ်ခွနိုင်ငံတွင် ဂုဏ်သတင်းမြင့်မားသည်ဖြစ်ရာ သတို့သားအကြောင်း ကြော်ငြာထားခြင်းမရှိသော်လည်း မည်သူမှ မင်္ဂလာပွဲအား လျစ်လျူမရှုကြပေ။

ခရမ်းသစ်ခွနိုင်ငံ၏ ထိပ်တန်းမိသားစုကြီးသုံးခုဖြစ်သော လီ ၊ ဇောင် ၊ ဖန်းမိသားစုတို့က ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့၏။

ထို့အပြင် တခြားသော အလယ်အလတ်မိသားစုများ ၊ မိသားစုငယ်လေးများကလည်း လက်ဆောင်များ ပို့ကြသည်ဖြစ်ရာ ဂုဏ်ပြုလက်ဆောင်များက တောင်ငယ်လေးတစ်လုံးအလားဖြစ်နေတော့၏။

ခရမ်းသစ်ခွနိုင်ငံမှ အဖွဲ့အစည်းတိုင်းတက်ရောက်ခဲ့ကြသည်။

လူတိုင်းက သတို့သားအား ဇာတ်မြစ်နိမ့်ကျသူတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ကြပေသည်။ သို့သော် မည်သို့သော လူမျိုးဖြစ်ကြောင်း လူတိုင်းစပ်စုကာသိချင်နေကြ၏။ မူမိသားစုက အဘယ်ကြောင့် ထိုကဲ့သို့လူမျိုးနှင့် လက်ထပ်ပေးကြောင်းကို နားမလည်နိုင်ဖြစ်နေခဲ့ကြသည်။

မူမိသားစုက တက်ရောက်လာသူတိုင်းကို ကောင်းစွာကြို‌ဆိုနေ၏။

၀မ်ဟူကလည်း ၀မ်မိသားစု၀င်များ ခြံရံလျက် ရောက်ရှိလာခဲ့သည်။

ရွှမ်ယီက အဇူရာဒေသမှ အဆင့်မြင့်ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားထားသည်ဖြစ်ရာ ၎င်းတို့အား စောင့်ရမည်ဖြစ်သဖြင့် ၀မ်ဟူနှင့် ၀မ်မိသားစုက ရှေ့မှ ကြိုတင်၍ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မင်္ဂလာပွဲသို့ရောက်ရှိနေကြသည့် ခရမ်းသစ်ခွနိုင်ငံမှလူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ သူတို့ကို ငါတစ်ခါမှမမြင်ဖူးဘူး…”

“ သူ့အသက်အရွယ်နဲ့ ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၉)ရောက်နေပြီဆိုတော့ တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်… မူမိသားစုက သူ့ကို လက်ခံခဲ့တာ အံ့ဩစရာတော့မဟုတ်ဘူးဘဲ.. ဒါပေမယ့် သူ့ကြည့်ရတာ နည်းနည်းထုံပုံရတယ်…”

“ သူ့နောက်က လူ‌တွေက မိသားစု၀င်တွေဖြစ်ရမယ်.. သူတို့ကျင့်ကြံဆင့်က သိပ်တော့မမြင့်ဘူး.. ကြည့်ရတာ ကြီးမားတဲ့ မိသားစုတော့မဟုတ်ဘူးထင်တာပဲ…”

၀မ်ဟူနှင့် ၀မ်မိသားစု ၀င်လာသည်အားမြင်လိုက်ရလျှင် ခရမ်းသစ်ခွနိုင်ငံမှလူများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး တီးတိုးပြောဆိုနေကြ၏။

ခရမ်းသစ်ခွနိုင်ငံ‌ မူမိသားစု၏ ဒုတိယသခင်မလေးက ဤကဲ့သို့ မိသားစုငယ်လေးတစ်ခုမှ ပေါက်ဖွားလာသူနှင့် လက်ထပ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။ ကြိုတင်ပြီး မကြေငြာသည်ကလည်း အံ့ဩစရာမရှိတော့ပေ။

ဖန်းမိသားစုတည်ရှိရာ စားပွဲ၌ ဖန်းရှန်က ၀မ်ဟူအားကြည့်ပြီး ရိုးရှင်းစွာပြုံးလိုက်သည်။ သို့သော် သူ့မျက်၀န်းများထဲ၌မူ ဒေါသများဖြင်ပ ပြည့်နှက်နေ၏။

“ သူ့ကို ပါရမီရှင်တစ်ယောက်ဖြစ်မယ်လို့ထင်ခဲ့တာ.. ဒီလောက်ထိနိမ့်ကျမယ်မှန်းမသိခဲ့ဘူး.. ငါ ဖန်းရှန်က သူ့ထက် ဘယ်နားများ နိမ့်ကျလို့လဲ….”

ဖန်းရှန်တစ်ယောက် သွေးများစီးကျလာသည်အထိ လက်သီးဆုပ်ထားမိလိုက်သည်။

“ မိသားစုသမိုင်းကြောင်းချင်းယှဉ်မယ်ဆိုလည်း ဖန်းမိသားစုက အပြတ်အသတ်သာတယ်… ကျင့်ကြံခြင်းအရဆိုရင်လည်း ချီအခြေခံတည်ဆောက်ခြင်းအဆင့်က ဘာများလုပ်နိုင်မှာမို့လဲ.. နောက်ခံခြင်းယှဉ်မယ်ဆိုလည်း အစ်ကို့ရဲ့ဆရာက ခရမ်းသစ်ခွတစ်နိုင်ငံလုံးမှာ နံပါတ်(၁)ပဲ… “

“ အဲ့ကောင်က ငါ့ထက် ဘယ်နေရာတွေ သာသွားလို့လဲ…”

ဖန်းရှန်က ခေါင်းငုံ့က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏ ထို့နောက် မျက်နှာထက်၌ အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။ သူစောင့်မျှော်နေသောအရာက မကြာခင်ရောက်လာပါတော့မည်။

All Chapters