အခန်း (၁၇၆)
Vol. 12 Ch. 176
“ မကြာခင် မင်္ဂလာပွဲစတော့မယ်… အကြီးအကဲ တာအိုယန်ဇီကို ဘယ်သူတားနိုင်မှာမို့လဲ.. မူချင်းချင်း ငါ့ကိုငြင်းနိုင်ဦးမလား ကြည့်ကြသေးတာပေါ့…”
ဘေးနားတွင် တာအိုယန်ဇီက စိတ်ဝိညာဉ်လဖက်ရည်အား သောက်လျက် စိတ်ထဲမှလှောင်ရယ်လိုက်သည်။
“ ၀မ်မိသားစုတဲ့လား… သူတို့အကြောင်းတစ်ခုမှမကြားဖူးဘူး… ကြည့်ရတာ ငါနဲ့တိုက်ခိုက်ဖို့တောင် မထိုက်တန်ဘူး…”
တာအိုယန်ဇီက သူ့ကိုယ်သူ တော်တော်လေးမြင့်မြတ်သကဲ့သို့ ခံစားနေမိ၏။ ၀မ်မိသားစု၏ စွမ်းအားကနိမ့်ကျလွန်းလှသည်။ မူချင်းချင်းအား သူလုယူလျှင်တောင် မည်သူမှတားဆီနိုင်မည်မဟုတ်ပေ။
တာအိုယန်ဇီက စောင့်ဆိုင်းရန်ပင် စိတ်မရှည်တော့ဘဲ ချက်ချင်းထပြီး တိုက်ရိုက်တိုက်ခိုက် လုယက်လိုစိတ်များပင် ဖြစ်ပေါ်လာ၏။
သူအား ခရမ်းသစ်ခွနိုင်ငံတွင် မည်သူတားဆီးနိုင်မည်နည်း။
တစ်နာရီခွဲကြာသွားပြီးနောက် မင်္ဂလာအခန်းအနားတစ်ခုလုံး လူများပြည့်နှက်သွားခဲ့သည်။
လူတိုင်း မင်္ဂလာအခမ်းအနားစတင်မည့်အချိန်အား စောင့်မျှော်နေသော်လည်း သတို့သမီးကား ထွက်ပေါ်လာခြင်းမရှိသေးချေ။
“ ဘာတွေဖြစ်နေတာလဲ…”
“ ဘာလို့ မူမိသားစုက အခုထိမစသေးတာလဲ…”
လူတိုင်း တိုးစိတိုးစိဖြင့် ညည်းတွားလာခဲ့ကြသည်။
အချိန်က အလွန်အမင်းကြာမြင့်ခြင်းမရှိသေးသော်လည်း ခရမ်းသစ်ခွနိုင်ငံမှ ထိပ်သီးပုဂ္ဂိုလ်များအားလုံး စုံနေချေပြီ။ အဘယ်ကြောင့် မင်္ဂလာပွဲအား အခုထိမစသေးသနည်း။ တစ်စုံတစ်ယောက်အားစောင့်နေသလော။
တာအိုယန်ဇီ၏ မျက်နှာထက်တွင်လည်း စိတ်မရှည်မှုများ ပြည့်နှက်လာချေပြီ။
သူတို့အား စောင့်ဆိုင်းခိုင်းရလောက်အောင် မည်သူက ဤမျှအရေးကြီးသနည်း။
ထိုအချိန်တွင် ဝုန်းကနဲမြည်သံနှင့်အတူ ကောင်းကင်ထက်မှ လေဟာနယ်က အက်ကွဲသွားခဲ့သည်။
၎င်းအတွင်းမှ ထွက်ပေါ်လာသည့် အရှိန်အဝါများကြောင့် လူတိုင်းထိတ်လန့်သွားပြီး မသိစိတ်၏ စေခိုင်းမှုအရ အလိုလိုမတ်တပ်ရပ်လိုက်မိကြသည်။
မည်သူမျှ မတုံ့ပြန်နိုင်သေးကြခင် ကောင်းကင်ထက်မှ အသံများ တန်းစီထွက်ပေါ်လာ၏။
“ အဇူရာအင်ပါယာမြို့တော် ၊ အဇူရာဘုရင်က အဆင့်(၄) စိတ်ဝိညာဉ်ပစ္စည်း(၃)ခု ၊ တော်၀င်အဇူရာ ဂျင်ဆင်း ၊ အဆင့်(၅) ပညာရပ်တစ်ခု နဲ့ လမြက်တို့ကို လက်ဆောင်အဖြစ်ယူလာခဲ့တယ်… တူလေး ၀မ်ဟူနဲ့ တူမလေး မူချင်းချင်းတို့ကို ဂုဏ်ပြုပါတယ်….”
“ မင်ယွဲ့မိသားစု ၊ နှင်းဘုရင်က အဆင့်(၅)ဆေးလုံးဖြစ်တဲ့ မင်ယွဲ့ဆေးလုံးကို လက်ဆောင်ပေးပါတယ်… မူမိသားနဲ့ ၀မ်မိသားစု နှစ်ပေါင်းများစွာ ကောင်းမွန်စွာ ယှဉ်တွဲတည်ရှိနိုင်သွားပါစေ….”
“ ဧကရာဇ် မိသားစု ကန်၀မ်…….”
“ ရှန်းမသိသားစု ၊ ရှန်းဘုရင်……”
“ လဘုရင်……”
“ တတိယဓားသခင်…….”
၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ပြုလက်ဆောင်များအကြောင်း ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
အဇူရာဒေသ၏ ထိပ်တန်း ဘုရင်(၁၀)ယောက် ၊ တခြားသော ဘုရင်အဆင့်များ ၊ အဇူရာဒေသမှ ထိပ်တန်းအဖွဲ့အစည်းများ…။
ကြက်သွေးနတ်ဆိုးဒေသမှ ဘုရင် (၄)ယောက်နှင့် နက်နဲဓားဂိုဏ်းမှ ဘုရင်အဆင့်(၂)ယောက်…။
စုစုပေါင်း ဘုရင်အဆင့်အယောက်(၂၀)နီးပါး စုရုံးရောက်ရှိလာခဲ့သည်။
၎င်းတို့၏ စကားသံများမှ ထွက်ပေါ်လာသော ရွှေရောင်တောက်ပနေသည့် ရောင်ဝါများက မူမိသားစုတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ထို့အပြင် ၎င်းတို့ထံမှ အရောင်အသွေးစုံလင်သည့် မြင့်မြတ်အလင်းတန်းများထွက်ပေါ်နေကာ မူမိသားစုထံသို့ သက်တံ့ကြီးတစ်စင်း ကျဆင်းနေသည့်အလားပင်။
၎င်းတို့ထံမှ အရှိန်အဝါ အငွေ့အသက်များက အလွန်ခမ်းနားကြီးကျယ်လှသည်။
ခလွပ်…
တာအိုယန်ဇီ၏ လက်ထဲမှ လဖက်ရည်ခွက် ပြုတ်ကျသွားခဲ့သည်။ ထို့နောက် ပြူးကျယ်နေသောမျက်၀န်းများဖြင့် ခြေထောက်များခွေလျက် မြေပေါ်သို့ ပုံကျသွားတော့၏။
စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများမှတစ်ဆင့် ၎င်းတို့မှာ အစစ်အမှန် ဘုရင်အဆင့်ကျင့်ကြံသူများဖြစ်ကြောင်း သိလိုက်ရသည်။
ဘုရင်အဆင့်ကျင့်ကြံသူတွေ ဘာလို့ အုပ်စုလိုက်ကြီးပေါ်လာရတာလဲ…?
ပြီးတော့ ဒါက ချီအခြေခံတည်ဆောက်ခြင်းအဆင့် ကောင်းလေးတစ်ယောက်၏ မင်္ဂလာပွဲလေ….?
မဖြစ်သင့်ဘူး… ဘယ်လိုမှမဖြစ်နိုင်ဘူး…
အမှန်တွင် ရွှမ်ယီတပည့်ဖြစ်သူ၏ မင်္ဂလာပွဲဖြစ်ရာ ထိပ်တန်းဘုရင်(၁၀)ယောက်အပါအ၀င် မည်သူမှ လျစ်လျူမရှုနိုင်ကြပေ။
ထို့အပြင် ၎င်းတို့အား ရွှမ်ယီကိုယ်တိုင်ဖိတ်ထားသည်ဖြစ်ရာ မျက်နှာသာပေးမှဖြစ်ပေမည်။
သူတို့အားလုံး ၀မ်ဟူအား သူတို့၏ သားမြေးများနှင့်မခြား ရတနာများ လက်ဆောင်ပေးခဲ့ကြသည်။
တဖက်တွင် တာအိုယန်ဇီတစ်ယောက် နှဖူးထက်မှ ချွေးစေးများ စီးကျနေချေပြီ။ ကံကောင်းထောက်မစွာဖြင့် သူမလှုပ်ရှားရသေး၍သာတော်တော့သည်။
သူသာ လှုပ်ရှားခဲ့မည်ဆိုပါက တာအိုစိတ်ဝိညာဉ်ဂိုဏ်းတစ်ခုလုံး မြေပုံပေါ်မှ ပျောက်သွားနိုင်၏။
ဖန်းယောင်လည်း ထိုင်ခုံထက်တွင် ခြေပစ်လက်ပစ်ထိုင်လျက်ရှိနေပြီး နှုတ်ဖျားမှ ‘ တော်သေးတယ်’ ဟူသော စကားလုံးအား အဆက်မပြတ် ရွတ်နေခဲ့သည်။
ဖန်းရှန်၏ မျက်၀န်းများက မယုံကြည်နိုင်စရာတစ်ခုတွေ့လိုက်ရသည့်အလား ပြူးကျယ်လျက်ရှိနေပြီး မျက်နှာက အလွန်အမင်းဖြူဖျော့နေခဲ့၏။
“ မဖြစ်နိုင်ဘူး.. သူက တောသားလေးတစ်ယောက်ပဲလေ.. ဘာလို့ အခုလိုဖြစ်ရမှာလဲ….”
သူတို့သာ မဆင်မခြင်လှုပ်ရှားမိခဲ့ပါက ခရမ်းသစ်ခွနိုင်ငံတွင် ဖန်းမိသားစုရှိတော့မည်မဟုတ်ပေ။
ထို့အချိန်တွင် ခေါင်းထဲသို့ အတွေးတစ်ခုထပ်မံ၀င်ရောက်လာခဲ့သည်။ မင်္ဂလာလက်ဆောင်အဖြစ် ပေးအပ်ကြောင်း ကြားလိုက်ရသည့်ပစ္စည်းများမှာ သူတို့ဖန်းမိသားစုပင် တတ်နိုင်စွမ်းမရှိချေ။
ဒီ တောသားက တကယ်ပဲ ဘယ်သူများလဲ…?
“ ဆရာ…”
၀မ်ဟူက လက်ယှက်ကာ ရွှမ်ယီအား ဦးညွှတ်လိုက်သည်ကိုမြင်လျှင် တာအိုယန်ဇီ၏ နှလုံးသားတစ်ခုလုံး အေးခဲသွားခဲ့ရသည်။
သူ၏ စွမ်းအားက ဘုရင်တစ်၀က်အဆင့်တွင်ရှိနေပြီး အဇူရာဒေသမှ ဘုရင်အဆင့်နှင့် အနီးစပ်ဆုံးလူများထဲတွင် ပါ၀င်၏။
သာမန်ဆိုလျှင် အဇူရာဘုရင်တို့အား တော်ရုံလူမသိကြပေ။ သို့သော် အဇူရာဘုရင်တို့ပေါ်လာကတည်းက သူ့အနေဖြင့် မည်သူဖြစ်ကြောင်း သိခဲ့သည်။
ဤမင်္ဂလာပွဲက အမှန်တကယ်ကို ဘုရင်အဆင့်များ ဂုဏ်ပြုသည့် မင်္ဂလာပွဲတစ်ခုဖြစ်၏။
သို့သော် ၀မ်မိသားမှ ကောင်လေးနှင့် မူမိသားစု ဒုတိယသခင်မလေးတို့ မင်္ဂလာပွဲက ထိုပုဂ္ဂိုလ်များနှင့် မည်သို့ ပတ်သက်ကြောင်း လုံး၀စဉ်းစားမရခဲ့ချေ။
သို့သော် ရွှမ်ယီပေါ်လာသောအခါ အရာအားလုံး ရှင်းလင်းသွားတော့သည်။
သူက ထိုလူငယ်အား မှတ်မိ၏။ ထိုလူငယ်က အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံမှုဖြင့် ဘုရင်အဆင့်အား သတ်ဖြတ်ခဲ့သူဖြစ်လေသည်။
မူလကလည်း ၀မ်မိသားစုမှကောင်လေးအား သာမန်အလိုက်ကမ်းဆိုးမသိသည့် တောသားလေးဟုသာထင်မှတ်ခဲ့၏။
သို့သော် ယခုတွင် ဘုရင်အဆင့်များ စုပြုံရောက်ရှိနေကြချေပြီ။
၎င်းတို့အားလုံး အဇူရာဒေသမှထိပ်တန်းပုဂ္ဂိုလ်များဖြစ်ပြီး တာအိုယန်ဇီအား အသက်ရှုရခက်ခဲသွားစေကာ မည်သည့်စကားတစ်ခွန်းမှ နှုတ်ဖျားမှ ထွက်မလာအောင်ဖြစ်သွားခဲ့ရသည်။
ယခုလေးတင် သူက မင်္ဂလာပွဲကို နှောက်ယှက်ကာ မူချင်းချင်းအား အတင်းအကြပ်လုယူရန် စိတ်ကူးနေခြင်းဖြစ်၏။
သူအနည်းငယ် နှောက်နှေးနေသည့်အပေါ် အလွန်အမင်း ၀မ်းသာနေမိသည်။
မဟုတ်လျှင် မည်သို့ဘ၀ကူးသွားမှန်းတောင် သိလိုက်ရမည်မထင်ပေ။
မင်္ဂလာပွဲအား နှောက်ယှက်မည့်အစီအစဉ်ထဲတွင် ၀မ်ဟူးအားဖိနှိပ်ရန်လည်းပါ၀င်၏။ သူက ၎င်းအားသတ်ဖြတ်မည်မဟုတ်သော်လည်း ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူထံမှ ဖိအားက ချီအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးအား သေလုနီးပါးဖြစ်သွားစေနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ယခု အဇူရာဒေသမှ ထိပ်တန်းပုဂ္ဂိုလ်များအားလုံး မင်္ဂလာပွဲအား တက်ရောက်လာသည်အားထောက်ချင့်လျှင် ရွှမ်ယီက သူ့တပည့်အား အတော်လေးချစ်ခင်ဟန်ရသည်။
အကယ်၍ ၀မ်ဟူသာမတော်တဆသေဆုံးသွားပါက….
ဆက်မတွေးဝံ့တော့ချေ။
သူနှင့်အတူ တာအိုစိတ်ဝိညာဉ်ဂိုဏ်းတစ်ခုလုံးမရှိတော့မည်မှာ သေချာသည်။
ရွှမ်ယီက သူ့အား သတ်ရန်ကြိုးစားလာသည့် မေ့ပျောက်နတ်ဆိုးနန်းတော်အား ကြက်သွေးနတ်ဆိုးဒေသအထိ သွားရောက်ဖျက်ဆီးခဲ့သူဖြစ်၏။
သူတို့ ဂိုဏ်းက မေ့ပျောက်နတ်ဆိုးနန်းတော်၏ ဖင်ဖျားတောင်မမှီပေ။
သူသာ မဆင်မခြင်လုပ်ခဲ့မိပါက…
အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။
ဒီနေရာက အမြန်ဆုံးထွက်သွားရမယ်…
“ သွားကြစို့…”
တာအိုယန်ဇီက ဖန်းညီအစ်ကိုအား ပြင်းထန်စွာ စိုက်ကြည့်လျက် ပြန်ရန် အချက်ပြလိုက်၏။
ထိုနှစ်ကောင်ကြောင့် သူက သေမင်းနှင့် လက်တစ်ကမ်းအကွာသို့ရောက်သွားခဲ့သည်။
လက်ရှိစိတ်အခြေအနေအရ ထိုနှစ်ကောင်အား အစိမ်းလိုက်ဝါးစားချင်စိတ်ပေါက်နေ၏။
တစ်ဖက်တွင် သူလုပ်ရန်စိတ်ကူးထားခဲ့သည့် ကိစ္စများအား ရွှမ်ယီသိသွားမည်ကိုလည်း အသည်းတုန်တောင် ကြောက်လျက်ရှိသည်။
ဤနေရာ၌ ဆက်နေပြီး ရိပ်မိသွားပါက အသက်ဆယ်ချောင်းရှိလျှင်တောင် လောက်မည်မထင်ပေ။
တာအိုယန်ဇီ၏ အကြည့်များကြောင့် ဖန်းညီအစ်ကို တုန်ယင်သွားခဲ့ရသည်။ သူတို့စိတ်ထဲတွင်လည်း မယုံကြည်နိုင်မှုများ ပြည့်နှက်လျက်ရှိပြီး အစစ်အမှန်လော အိမ်မက်လောပင် မခွဲခြားတတ်ဖြစ်နေခဲ့၏။
ဤကိစ္စများမတိုင်မီက ခရမ်းသစ်ခွနိုင်ငံ၌ အသန်မာဆုံးကျင့်ကြံသူမှာ အခြေတည်ဝိညာဉ်အဆင့်(၉)ဖြစ်ရာ တာအိုယန်ဇီ၏ စွမ်းအားဖြင့်ဆိုလျှင် ငှက်ပျောသီး အခွံနွှာစားသကဲ့သို့ လွယ်မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ဘာတွေဖြစ်လိုဖြစ်သွားမှန်းပင် လိုက်မမှီနိုင်တော့ပေ။
..........................
ည နှစ်ပိုင်းထပ်တင်ပေးမယ်နော်
ဒီရက်ပိုင်း သုံးပိုင်းပဲတင်ဖြစ်တာ ဆောရီးပါခင်ဗျာ
အစားပျက် အအိပ်ပျက်တွေများပြီး သွေးပေါင်ကျနေလို့ပါ
တမျိုးထင်နေကြမှာစိုးလို့ပြောပြတာပါခင်ဗျ
ဒီနေ့ဆို ဆေးခန်းတောင်ဆေးသွားထိုးထားရတယ်
မနက်ခါ ဒါမှမဟုတ် သဘက်ခါလောက် လေးပိုင်းပြန်တင်ပေးပါ့မယ်
အထွက်နှေးနေတဲ့အပေါ် အားနာပါတယ်ခင်ဗျ
ကျွန်တော်လည်းမြန်မြန်ရေးချင်ပါတယ်
အခုနောက်ပိုင်း စိတ်အဆင်မပြေတာတွေများလို့ အစားပျက်အအိပ်ပျက်နဲ့ ကျန်းမာရေးသိပ်မကောင်းလို့ခင်ဗျ
နားလည်ပေးစေချင်ပါတယ်
တရက်သုံးပိုင်းပြီးအောင်တော့ ရေးပေးနေပါတယ်
ထူထူထောင်ထောင်ဖြစ်သွားရင် လေးပိုင်း ငါးပိုင်း ပြန်ရေးပေးမယ်နော်