အခန်း (၁၇၇)
Vol. 12 Ch. 177
“ ဆရာ.. ကျွန်တော်တို့ အစီအစဉ်ကို ဘုရင်အဆင့်ကျွမ်းကျင်သူတွေ သိသွားမယ်လို့ထင်လား…”
ဖန်းယောင်က ကတုန်ကယင်ဖြင့်မေးလိုက်၏။
“ ပါးစပ်ပိတ်ထားစမ်း…”
တာအိုယန်ဇီက အသံကိုနှိမ့်ကာပြောလိုက်ပြီး ပြင်းထန်သောအကြည့်တစ်ချက်ပေးလိုက်သည်။
ရွှမ်ယီသာ သူတို့စိတ်ကူးအားသိခဲ့လျှင် တာအိုစိတ်ဝိညာဉ်ဂိုဏ်းရော ဖန်းမိသားစုပါ မြေပုံပေါ်မှပျောက်ကွယ်သွားပေလိမ့်မည်။
တစ်ဖက်တွင် မူမိသားစုခေါင်းဆောင်က နားရွတ်ချိတ်မတတ်ပြုံးလျက် ရောက်လာခဲ့သည်။
“ အခုပဲ ပြန်တော့မလို့လား… ခဏလောက်ထိုင်ကြပါဦး.. ကျုပ်တို့ မူမိသားစုက ဧည့်၀တ်မကျေလို့များလား…”
စကားဆုံးသည်နှင့် ပြုံးလျက် တာအိုယန်ဇီအား ကြည့်လိုက်သည်။
“ အဲ့လိုမဟုတ်ပါဘူး.. ဒီအဘိုးကြီးမှာ အရေးကြီး လုပ်စရာရှိသေးလို့ပါ… နောက်နေ့မှ ထပ်ပြီး လာခဲ့ပါ့မယ်…”
တာအိုယန်ဇီက အနည်းငယ်ချောင်းဟန့်ပြီး ပြောလိုက်၏။
တာအိုစိတ်ဝိညာဉ်ဂိုဏ်းမှ အဓိက အကြီးအကဲတစ်ဦးအနေဖြင့် ဘယ်တုန်းကမှ ဤသို့ ကို့ယို့ကားယားအခြေအနေမရောက်ခဲ့ဖူးပေ။
စကားဆုံးသည်နှင့် သုံးယောက်သား ထိုနေရာမှ ချက်ချင်းထွက်လာခဲ့ကြ၏။
ထိုသုံးယောက်၏ နောက်ကျောအားကြည့်နေသည့် မူရွှမ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။
သူတို့ ဘိုဒါမြို့က အလွန်ကြီးမားခြင်းမရှိသလို သေးငယ်ခြင်းလည်းမရှိချေ။
ထို့ကြောင့် ဖန်းရှန် မူချင်းချင်းအားကြိုက်နေကြောင်း ဖန်းမိသားစုကသိသလို မူမိသားစုကလည်း သိထားသည်။
သို့သော် ဖန်းရှန်၏ စိတ်ဓာတ်အား သဘောမကျသည်ဖြစ်ရာ မူမိသားစုသို့ တစ်ကြိမ်မှ အလည်ဖိတ်ခေါ်ဖူးခြင်းမရှိပေ။
သို့သော် ယနေ့မင်္ဂလာဆောင်သို့ ဖန်းညီအစ်ကိုက သန်မာအားကောင်းသော အရှိန်အဝါရှိသည့် အဘိုးအိုတစ်ဦးနှင့်ရောက်လာခဲ့ရာ ၎င်းတို့၏ ရည်ရွယ်ချက်အား မူရွှမ် ဝိုးတဝါးခန့်မှန်းမိခဲ့သည်။
မူရွှမ်က ဤနေရာမှ နယ်ခံတစ်ဦးဖြစ်လေရာ ဖန်းရှန်း၏စရိုက်အား ကောင်းစွာသိရှိထား၏။
အစက သူအတော်လေးထိတ်လန့်သွားခဲ့သေးသည်။ သူတို့က ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူအား ခေါ်ဆောင်လာခြင်းဖြစ်၏။
အကယ်၍ စိတ်မရှည်တော့ဘဲ ထပြီးတိုက်ခိုက်လိုက်ပါက ၀မ်ဟူ ဒဏ်ရာရသွားနိုင်သည်။ သို့ဆိုပါက ရွှမ်ယီ၏ ဒေါသကြောင့် ခရမ်းသစ်ခွတစ်နိုင်ငံလုံး ၀ရုန်းသုန်းကားဖြစ်သွားနိုင်၏။
ထို့ကြောင့် မူရွှမ်က ရွှမ်ယီရောက်မလာသေးခင်အချိန်ထိ မူချင်းချင်းအား အပြင်သို့ထွက်မလာစေခဲ့ပေ။ ထို့အပြင် ၀မ်ဟူအား အနီးကပ်ကာကွယ်ရန်လူများကိုပင် စေလွှတ်ထားခဲ့၏။
အကယ်၍ တာအိုယန်ဇီသာ စိတ်မရှည်တော့ဘဲ လှုပ်ရှားလာလျှင် ထိုလူများက ၀မ်ဟူ၏ အသက်အား ဦးစားပေးအနေဖြင့် ကာကွယ်ပေလိမ့်မည်။
သို့သော် တာအိုယန်ဇီကလည်း ကမူးရှုးထိုးလှုပ်ရှားမလာခဲ့ပေ။
ရွှမ်ယီနှင့် တခြားသော ဘုရင်အဆင့်များရောက်လာကာမှ မူရွှမ်တစ်ယောက် အသက်၀အောင်ရှုနိုင်တော့၏။
တာအိုယန်ဇီလား...
ရွှမ်ယီသာ ဤနေရာ၌ရှိနေလျှင် ထိုလူအား ခေါင်းထဲထည့်စရာပင်မလိုပေ။
မူချင်းချင်းနှင့် ၀မ်ဟူတို့၏ လက်ထပ်ပွဲက သူတို့ မူမိသားစု အနာဂါတ်အား များစွာသက်ရောက်မှုရှိမည်ဖြစ်ရာ အနည်းငယ်မျှ လွဲချော်၍မရပေ။
မူရွှမ်ကာ ဤ လက်ထပ်ပွဲသူတိုင်းအား အနည်းငယ်မျှ ခွင့်လွှတ်မည်မဟုတ်သော်လည်း နှောက်ယှက်ရန်လာခဲ့သူများက ဖန်းမိသားစုမှဖြစ်သည်။
ရွှမ်ယီ၏ အကြည့်များ သူ့အပေါ်သို့ရောက်လာချိန်၌ မူရွှမ်က ပြုံးပြီး အနည်းငယ်ခေါင်းယမ်းပြလိုက်၏။
တာအိုယန်ဇီက ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းနှင့် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများအမြင်တွင် အလွန်အစွမ်းထက်သူဖြစ်သော်လည်း ရွှမ်ယီရှေ့တွင် ဘာမှမဟုတ်ပေ။
ထိုလူသာ အသိစိတ်မရှိဘဲ လှုပ်ရှားဝံ့ပါက ရွှမ်ယီက လက်ညှိုးတစ်ချောင်းဖြင့် အနိစ္စပို့ပေးလိုက်မည်ဖြစ်သည်။
မင်္ဂလာပွဲတွင် မူချင်းချင်းနှင့် ၀မ်ဟူတို့က မိုးနဲ့မြေအား တိုင်တည်ပြီး ကတိသစ္စာပြုကာ လက်ထပ်လိုက်ကြသည်။ ထို့နောက် အသစ်စစ်စစ်စုံတွဲလေးက ရွှမ်ယီအား ဦးညွှတ်လိုက်ပြီး မင်္ဂလာခန်း၀င်လိုက်ကြတော့၏။
အရာအားလုံးပြီးဆုံးသွားပြီးနောက် ရွှမ်ယီက အဇူရာဒေသ၌ ရက်အတန်ကြာ အနားယူနေလိုက်သည်။
ထို့နောက် အပြုံးတစ်ခုနှင့်အတူ ဗဟိုသူတော်စင်အကယ်ဒမီတည်ရှိရာ သူတော်စင်ဒေသသို့ ဦးတည်လိုက်တော့၏။
ဗဟိုသူတော်စင်အကယ်ဒမီ၌ ကျောင်းသားသစ်လက်ခံခြင်းအခမ်းအနား မကြာမီစတင်ပေတော့မည်။ သူကလည်း ဆရာတစ်ဦးဖြစ်ရာ ကျောင်းသားများ လက်ခံရန်လိုအပ်၏။
အဓိက တာ၀န်ပြီးမြောက်ရန်အတွက် တပည့်လက်ခံရန် အရည်အချင်းပြည့်မီသူကိုလည်း ရှာရဦးမည်။
ထိုတာ၀န်က ဤအတိုင်းလျှောက်သွားနေသည်ထက်စာလျှင် ဗဟိုသူတော်စင်အကယ်ဒမီ၌ ပိုလိုလွယ်ကူစွာ ပြီးမြောက်နိုင်သည်။
ထို့ကြောင့် သူ၏ ပစ်မှတ်ဖြစ်ရာ သူတော်စင်ဒေသသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။
........
သူတော်စင်ဒေသ
တောင်ပိုင်းတိုက်ကြီးရှိ ထိပ်တန်းဒေသ(၁၀)ခုထဲမှ တစ်ခုဖြစ်သည်။
ရွှမ်ယီ ကောင်းကင်ဒေသ၌ ရှိနေစဉ် သူတော်စင်ဒေသမှ လူတချို့နှင့် အနည်းငယ်ဆက်ဆံဖူး၏။
၎င်းတို့က ရန်မိသားစုမှ ဘုရင်နှစ်ယောက်ဖြစ်ပြီး သူတို့ ဘိုးဘေးအတွက် ဆေးလာရှာကြသူများဖြစ်သည်။
နောက်ဆုံးတွင် ကောင်းကင်ဒေသသို့ရောက်ချိန် ရွှမ်ယီနှင့် တွေ့ဆုံခဲ့ပြီး သူတို့လိုချင်သော ယန်မီးတောက်ဆေးလုံးအား ရရှိခဲ့၏။
သုံးလ မပြည့်သေးသော်လည်း အချိန်များက လျင်မြန်စွာကုန်သွားခဲ့ချေပြီ။
ထိုသတ်မှတ်ထားသော နောက်ဆုံးနေ့ရောက်ပါက ရွှမ်ယီက ရန်မိသားစုထံသို့သွားရန် ဆုံးဖြတ်ထား၏။
ယခုတွင် သူ၏ ရာထူးအားအတည်ပြုရန် ဗဟိုသူတော်စင်အကယ်ဒမီသို့ သွားရပေမည်။
ဆေးစိတ်ဝိညာဉ်က ဗဟိုသူတော်စင်အကယ်ဒမီ၏ ဒုကျောင်းအုပ်များထဲမှ တစ်ဦးဖြစ်ပြီး ဆေးပညာနှင့်ပတ်သက်ပြီး လူများစွာတို့၏ အသိအမှတ်ပြုခြင်းခံထားရသူဖြစ်ကာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူလည်းဖြစ်၏။
ယခု ရွှမ်ယီက ဆေးစိတ်ဝိညာဉ်၏ ထောက်ခံချက်ဖြင့် ဆေးတာအို၌ ဆရာအဖြစ်တာ၀န်ထမ်းဆောင်ရန်ရောက်လာခြင်းဖြစ်သည်။
( ဥက္ကဌက ဖတ်ရတာ ထောက်နေမယ်ထင်လို့ ကျောင်းအုပ်လို့ ဆီလျော်အောင် ပြင်ရေးထားပါတယ်ခင်ဗျာ )
( အကယ်ဒမီဆိုတာ ဂိုဏ်းတစ်ခုမဟုတ်ဘဲ ပညာသင်ကြားပေးတဲ့ ကျောင်းသဘောမျိုးပါခင်ဗျာ ၊ သင်ကြားပေးတဲ့ဆရာတွေကလည်း နည်းပြသဘောမျိုးပါ ၊ ကျောင်းမှာစာသင်သလို ဆရာနဲ့ တပည့်ဖြစ်ပြီး ကိုယ်ပိုင်လက်ခံထားတဲ့ တပည့်မဟုတ်ပါ )
ရွှမ်ယီ အကယ်ဒမီသို့ရောက်လာပြီးနောက် ကျောက်စိမ်းတိုကင်၏ လမ်းညွှန်မှုဖြင့် ဌာနမှုးအခန်းသို့ သွားလိုက်သည်။
“ ကျုပ်ကို ဆေးစိတ်ဝိညာဉ်က ဒီမှာ ဆရာအဖြစ် တာ၀န်ထမ်းဆောင်ဖို့ ထောက်ခံပေးလိုက်လို့ပါ...”
ရွှမ်ယီက ဌာနမှူးဆိုသူအားကြည့်လိုက်၏။ ထိုအဘိုးကြီး၏ ဆံပင်များက ငွေရောင်ဖြစ်ပြီး ကြိုးကြာဖြူတစ်ကောင်နှင့် သွားတူနေသည်။
အစပိုင်းတွင် ဆေးစိတ်ဝိညာဉ်၏ ကျောက်စိမ်းတိုကင်ဖြင့် တစ်စုံတစ်ယောက် ရောက်လာသည်ဆိုတုန်းက သူတော်တော်လေးစိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် ရွှမ်ယီအားမြင်လိုက်ရပြီးနောက် အနည်းငယ်အံ့ဩသွားခဲ့၏။
ရွှမ်ယီက ထိုအဘိုးကြီး၏ အမူအရာအားမြင်လျှင် အနည်းငယ်ပြုံးပြလိုက်ပြီး ကျောက်စိမ်းတိုကင်အား ကမ်းပေးလိုက်သည်။
သူ၏အသက်က ငယ်ရွယ်လှသေးသည်ဖြစ်ရာ လူတော်တော်များများ မြင်မြင်ချင်း ယုံနိုင်မည်မဟုတ်ကြောင်းနားလည်ထား၏။
ရွှမ်ယီက အဆင့်(၇) မှော်ဆေးပညာရှင်ကြီးထံမှ အမွေအနှစ်များရရှိပြီးကတည်းက အဆင့်(၅)အထိသာ လေ့ကျင့်ရသေးသည်။ အကယ်၍ သူသာ သေသေချာချာလေ့လာခဲ့မည်ဆိုလျှင် အဆင့်(၇)သို့ ချက်ချင်းရောက်သွားမည်မဟုတ်သော်လည်း အဆင့်(၆)သို့ရောက်ရန် သိပ်ခက်ခဲမည်မဟုတ်ပေ။
ရွှမ်ယီ၏ အမူအရာက ယုံကြည်မှုအပြည့်နှင့်ဖြစ်၏။
ဌာနမှုးက ကျောက်စိမ်းတိုကင်အားကိုင်ပြီး အနည်းငယ်စဉ်းစားလိုက်သည်။
သူက ဆေးစိတ်ဝိညာဉ်အား အကယ်ဒမီ၌ အဆင့်(၅) ဆေးဘုရင်တစ်ဦးကို ဆရာအဖြစ်ရှာပေးရန်တောင်းဆိုခဲ့သည်။
အဓိကက ဆေးစိတ်ဝိညာဉ်၏ တပည့်အား ရောက်လာစေချင်၍ဖြစ်သည်။ ဤသို့ဖြင့် ဗဟိုသူတော်စင်အကယ်ဒမီတွင် အဆင့်(၅) ဆေးဘုရင်တစ်ဦးဆရာအဖြစ် တိုးလာရုံသာမက သူနှင့် ဆေးစိတ်ဝိညာဉ် အနည်းငယ်ပို၍ ရင်းနှီးသွားပေလိမ့်မည်။
၎င်းက ဆေးစိတ်ဝိညာဉ်အား အကယ်ဒမီအပေါ်ပို၍ ခင်တွယ်လာစေရန် လုပ်ဆောင်ချက်တစ်ခုဖြစ်။
ဘုရင်အဆင့်သို့ရောက်အောင်ကျင့်ကြံရန် အလွန်ခက်ခဲလှသည်မှန်သော်လည်း အဆင့်(၅) ဆေးဘုရင်တစ်ဦးထွက်ပေါ်လာရန်မှာ ပို၍ ခက်ခဲပေသည်။
တောင်ပိုင်းတိုက်ကြီးတွင် ဘုရင်အဆင့်များအသုံးပြုနိုင်သော မှော်ဆေးလုံးများမှာ အလွန်တန်ဖိုးကြီးမားလှ၏။
ထို့ကြောင့် အဆင့်(၅)ဆေးဘုရင်ဆိုသည်မှာ မည်သည့်နေရာ၌ဖြစ်စေ ရတနာတစ်ပါးဖြစ်ပေသည်။