အခန်း (၁၇၉)
Vol. 12 Ch. 179
လှေကားက တောင်ခြေရင်းအထိရှိနေပြီး ဗဟိုသူတော်စင်အကယ်ဒမီ၏ အရှေ့ဘက်၀င်ပေါက် အနားတွင်ရှိနေသည်။ လက်ရှိအချိန်က ကျောင်းသားသစ်လက်ခံသည့်အချိန်မရောက်သေးရာ တံခါးကြီးကပိတ်လျက်ရှိနေ၏။ အနီးအနားတွင် သစ်ပင်ကြီးများ အုပ်အုပ်ဆိုင်းဆိုင်းရှိနေပြီး အလွန်တိတ်ဆိတ်ငြိမ်သက်သော နေရာဟုဆိုရပေမည်။
ရွှမ်ယီက တခဏမျှစဉ်းစားပြီးနောက် နေရာမှပျောက်ကွယ်သွား၏။
ဘုန်း…
တောင်ခြေရင်းမှ လေဟာနယ်အက်ကွဲသွားပြီး ရွှမ်ယီ ပြန်လည်ပေါ်ထွက်လာသည်။
ရွှမ်ယီ ခေါင်းမော့ကြည့်လိုက်၏။
လှေကားက အတူတူပင်ဖြစ်သည်။ သို့သော် ယခင်ထက် ပိုမြင့်သွားဟန်ရပြီး သပ်ရပ်တောက်ပြောင်လျက်ရှိ၏။ တောင်ထိပ်တွင်ရှိခဲ့သော ခံစားချက်နှင့် လုံး၀မတူချေ။
ရွှမ်ယီ၏ စူးစမ်းလိုစိတ်များ ထကြွလာခဲ့ပြီး ခြေထောက်မြှောက်လျက် ပထမအဆင့်သို့ လှမ်းတက်လိုက်သည်။ ထိုအခါ အဆုံးအစမဲ့လောင်ကျွမ်းနေသည့် မီးပင်လယ်ကြီးအား တွေ့လိုက်ရ၏။
သူ၏ ခန္ဓာကိုယ်က ပူနွေးလာခဲ့ပြီး လောင်ကျွမ်းနေသောရနံ့များပင် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများ သူ့နှလုံးသားထံသို့တိုး၀င်လာ၏။
“ ကလေးအကွက်တွေ…”
ရွှမ်ယီက ပြုံးလိုက်ပြီး ဓားရည်ရွယ်ချက်အား ထုတ်လွှတ်လိုက်သည်။ မီးတောက်မီးလျှံများဖြင့်ပြည့်နေသည့်မြင်ကွင်းပျောက်ကွယ်သွားပြီး ကျောက်စိမ်းဖြူရောင်လှေကားထစ်များ ပြန်ပေါ်လာခဲ့သည်။
ရွှမ်ယီထံမှ ဓားရည်ရွယ်ချက်များဖျာထွက်နေပြီး ဒုတိယတစ်လှမ်းတက်လိုက်သည်။ ထိုခြေလှမ်းအတွက် မြင်ကွင်းမှာမူ သေချာပင်မပေါ်လာဘဲ ချက်ချင်းပျောက်ကွယ်သွား၏။
ဤသို့ဖြင့် ရွှမ်ယီက ဓားရည်ရွယ်ချက်စွမ်းအားများဖြာထွက်လျက် အိမ်နောက်ဖေးပန်းခြံထဲလမ်းလျှောက်သကဲ့သို့ တစ်လှမ်းပြီးတစ်လှမ်း လှမ်းရင်း တောင်ထိပ်သို့ရောက်သွားခဲ့သည်။
ဘုန်း…
တောင်ထိပ်မှ ကျောက်ပြားကြီး တစ်ချက်တုန်ခါသွားပြီး တာအိုတရားသံများထွက်ပေါ်လာကာ တောက်ပသောအလင်းရောင်များဖြင့် နာမည်စာရင်းတစ်ခုထွက်ပေါ်လာလေသည်။
အလွန်ကြီးမားသည့် အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီး ဗဟိုသူတော်စင်အကယ်ဒမီတစ်ခုလုံးအား လှုပ်ခါသွား၏။
နာမည်စာရင်း ကျောက်ပြားကြီး၏ အောက်ဆုံးတွင် ဗလာအကွက်တစ်ခုဖြစ်ပေါ်လာပြီး အလွန်လျင်မြန်လှသောအရှိန်ဖြင့် ထိပ်ဆုံးသို့ထိုးတက်သွားပြီး နံပါတ်(၁)နေရာမှ အမည်အား ကျော်သွားခဲ့သည်။ ထို့နောက် ရွှေရောင်များ တောက်ပလာခဲ့၏။
ကျောက်ပြားမှ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းများ ရွှမ်ယီထံသို့ ဖြာကျလာခဲ့သည်။ သူ၏ အမည်အား ကျောက်ပြားထက်၌ စာရင်းသွင်းစေလိုဟန်ရ၏။
ရွှမ်ယီက ခေတ္တတုန့်ဆိုင်းသွားပြီးနောက် ခေါင်းယမ်းပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
သူက စပ်စုလိုစိတ်ဖြင့် ကျောက်စိမ်းဖြူလှေကားထက်သို့ တက်ခဲ့ခြင်းဖြစ်၏။ နာမည်စာရင်း၌ ယှဉ်ပြိုင်လို၍ တက်ခဲ့ခြင်းမဟုတ်ပေ။
ရုတ်တရက် ထွက်ပေါ်လာခဲ့သည့် အရှိန်အဝါက ဗဟိုသူတော်စင်အကယ်ဒမီမှ ကျောင်းသားများနှင့် ဆရာများအား တုန်လှုပ်သွားစေ၏။
“ ဘာဖြစ်တာလဲ…”
“ တစ်ယောက်ယောက် ကျောက်စိမ်းဖြူလှေကားမှာ စံချိန်အသစ်တင်လိုက်ပြီလား…”
“ ဘယ်သူများလဲ.. ကျောင်းသားအသစ်လက်ခံခြင်းက အခုမစသေးဘူးမဟုတ်လား…”
ဗဟိုသူတော်စင်အကယ်ဒမီတွင် အလွန်အားကောင်းသည့် ကာကွယ်သူများရှိပြီး မည်သူမှ ရူးမိုက်စွာ လာရောက်တိုက်ခိုက်မည်မဟုတ်ပေ။
ထိုထိတ်လန့်စရာအရှိန်အဝါနှင့် တုန်ခါမှုက ကျောက်စိမ်းဖြူလှေကားထစ်၏ စံချိန်အား ချိုးဖျက်ခဲ့ခြင်းကြောင့်သာဖြစ်ရပေမည်။
သို့သော် ထိုနေရာ၌ စံချိန်အသစ်ထွက်ပေါ်မလာသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ချေပြီ။
ဝှစ်ရှ်.. ဝှစ်ရှ်…ဝှစ်ရှ်
အကယ်ဒမီအတွင်းမှ အလွန်အစွမ်းထက်ဟန်ရသည့် ဘုရင်အဆင့်ကျင့်ကြံသူများ အစွမ်းထက်ဖိအားများကိုသယ်ဆောင်လျက် ချက်ချင်းရောက်ရှိလာသည်။ သူတို့က တောက်ပလျက်ရှိနေသည့် ကျောက်ပြားကြီးအား အံ့ဩနေသော အမူအရာဖြင့်ကြည့်လိုက်ကြသည်။
ဗဟိုသူတော်စင်အကယ်ဒမီ၏ ကျောက်စိမ်းဖြူလှေကားထိပ်ရှိကျောက်ပြားကြီးတွင် နှစ်ပေါင်းများစွာ တည်မြဲနေခဲ့သည့် နံပါတ်(၁)နေရာ၌ အမည်မရှိကွက်လက်တစ်ခု အစားထိုးရောက်ရှိနေ၏။
“ သူက ဘယ်သူများလဲ.. ကျောက်စိမ်းဖြူလှေကားကိုတက်ဖို့ အသက်ဆယ်ရှိုက်စာပဲကြာခဲ့တယ်..”
“ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း အကောင်းဆုံးစံချိန်က အသက်ရှုကြိမ်(၁၀၀)ပဲ… ဒါပေမယ့် ဒီလူ…”
နုပျိုသောရုပ်သွင်ဖြင့် လူကမျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်နှာထက်တွင် အံ့အားသင့်ဟန်များရှိနေ၏။
သူ၏ ဘုရင်အဆင့်ကျင့်ကြံမှုအခြေခံအား အသုံးပြုလျက် ထိပ်ဆုံးရှိ အမည်မဲ့နေရာမှ ဖြာထွက်နေသည့် ရွှေရောင်အလင်းတန်းများသို့ လက်ဆန့်တန်းလိုက်သည်။
ဘုန်း…
ရွှေရောင်အလင်းတန်းများက အနည်းငယ်တုန်ခါသွားပြီး ထိုလူအား လွင့်ထွက်သွားစေ၏။
ဘုရင်အဆင့်ကျင့်ကြံသူဖြစ်သည့်တိုင် ကွက်လပ်ဖြစ်နေသည့် နာမည်စာတန်းနေရာအား ထိကိုင်နိုင်ခြင်းမရှိချေ။
ထို နုပျိုသောရုပ်သွင်ဖြင့်လူက စိတ်ထဲ၌ အတွေးများစွာဖြစ်ပေါ်လျက် မူလနေရာသို့ ချက်ချင်းပြန်ရောက်လာခဲ့သည်။
ယခင် နံပါတ်(၁) နေရာမှ ပါရမီရှင်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအကြာက အသက်ရှုကြိမ်(၁၀၀)မျှဖြင့် လှေကားထိပ်ဆုံးသို့ရောက်ရှိခဲ့၏။ ထို့နောက် သူက အလွန်အစွမ်းထက်သည့် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်လာခဲ့သည်။ သူတော်စင်ဒေသ၌ သူ့ကို မသိသူမရှိပေ။
သို့သော် ယခုတွင် အမည်မဲ့လူက အသက်ရှု(၁၀)ကြိမ်သာအသုံးပြုခဲ့၏။
ထိုနေရာမှ ဘုရင်များ အံ့ဩနေသောအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်၀န်းများက အလွန်ရှုပ်ထွေးနေလေသည်။ သူတို့ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ကျောက်စိမ်းဖြူလှေကားအား အတင်းအကြပ်တက်လျှင်ပင် အသက်ရှုကြိမ်(၁၀၀)ကျော်လောက် သုံးရန်လိုအပ်၏။
အံ့ဖွယ်ပါရမီနှင့် မွန်းစတားတစ်ကောင် ဗဟိုသူတော်စင်အကယ်ဒမီကို ရောက်လာချေပြီ။
ရွှမ်ယီက နာမည်ချန်ထားခဲ့ခြင်းမရှိသောကြောင့် ကျောက်ပြားကြီးထက်မှ ရွှေရောင်အလင်းတန်းများ (၇)ရက်ကြာပြီးမှ ပျောက်ကွယ်သွားခဲ့သည်။
လှေကားထိပ် မှ ကျောက်ပြားကြီးနားသို့ရောက်သူတိုင်း ရှုပ်ထွေးသောခံစားချက်များ ပြည့်သွားလေ့ရှိ၏။ နံပါတ်(၁) နေရာ၌ အမည်မရှိဘဲ ကွက်လပ်ဖြစ်နေခဲ့သည်။ ယခင် နံပါတ်(၁)နေရာမှ အမည်က ယခုတွက် နံပါတ်(၂)နေရာသို့ ရောက်နေချေပြီ။
နောက်ထပ် (၇)ကြာပြီးနောက် ဗဟိုသူတော်စင် အကယ်ဒမီ၏ အရှေ့တံခါးရှေ့၌ လူပင်လယ်ကြီးဖြစ်ပေါ်နေသည်။
ဌာနမှူး၏ ဦဆောင်မှုဖြင့် တံခါးကြီးက ဖြည်းညှင်းစွာပွင့်သွားခဲ့ပြီး လူများ အလျှိုလျှို၀င်လာခဲ့၏။
ဗဟိုသူတော်စင်အကယ်ဒမီ၌ ကျောင်းသားခေါ်ယူခြင်း တရား၀င်စတင်ချေပြီ။
“ မင်းကြားပြီးပြီလား.. ဒီနေရာက လူတိုင်းက ဗဟိုသူတော်စင်အကယ်ဒမီရဲ့ ကျောင်းသားတွေဖြစ်လာမှာမဟုတ်ဘူး….”
အနီရောင်၀တ်စုံဖြင့် လူငယ်တစ်ဦးက မင်ယွဲ့ရှုဘေး၌ ရပ်လျက်ပြောလိုက်သည်။ သူက မင်ယွဲ့ရှုအား မီးထွက်မတတ်မျက်၀န်းများဖြင့်ကြည့်နေ၏။
မင်ယွဲ့ရှု၏ ကျက်သရေရှိသော အလှက သူ့အား ပထမအကြည့်တစ်ချက်မှာပင်စွဲလမ်းသွားစေခဲ့သည်။ သေချာလေ့လာပြီးနောက် သူမ၏ သူတော်စင်ဒေသမှ ဟုတ်ဟန်မတူသောကြောင့် အခွင့်အရေးရပြီအမှတ်နှင့် ၀င်ရောခြင်းဖြစ်သည်။
မင်ယွဲ့ရှုအား စကားဆိုလိုက်သည့် အနီ၀တ်လူငယ်က သူတော်စင်ဒေသမှဖြစ်သည်။
သူက ဤနေရာသို့ရောက်နေသော လူအများစုနှင့်ယှဉ်လျှင် ဗဟိုသူတော်စင်အကယ်ဒမီအကြောင်း ပိုသိ၏။
“ ဗဟိုသူတော်စင်အကယ်ဒမီကို ၀င်ရောက်ချင်ရင် ပထမဆုံးအနေနဲ့ ကျောက်စိမ်းဖြူလှေကားကို ကျော်ဖြတ်ရမယ်… ဒီစစ်ဆေးမှုက လူတိုင်း လုပ်ဆောင်နိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရလဒ်တူမှာတော့မဟုတ်ဘူး… ပိုပြီးမြန်မြန်ဖြတ်နိုင်လေ ရလဒ်ပိုကောင်းလေပဲ…”
“ ဗဟိုသူတော်စင်အကယ်ဒမီက ထိပ်ဆုံးလူ(၁၀၀၀)ကိုပဲ ကျောင်းသားအဖြစ်လက်ခံလိမ့်မယ်.. ဒီတော့ မြန်နိုင်သမျှ မြန်မြန်တက်…”
မင်ယွဲ့ရှု စိတ်၀င်စားလာပြီး ပြန်မေးလိုက်၏။
“ အမြန်ဆုံးစံချိန်က ဘယ်လောက်လဲ…”
အနီ၀တ်လူငယ်က အနည်းငယ် ဂုဏ်ယူဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး
“ သူက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပါရမီရှင်တစ်ယောက်ပဲ.. အသက်ရှုကြိမ်(၁၀၀)ဆိုတဲ့စံချိန်ကို အခုထိ ဘယ်သူမှ မချိုးဖျက်နိုင်သေးဘူး… အခုဆို သူက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီ… သူတော်စင်ဒေသမှ သူ့နာမည်ကို မရှိသူမရှိသလောက်ပဲ….”
မင်ယွဲ့ရှု အတွေးထဲတွင် ရုတ်တရက် ရွှမ်ယီ၏ ပုံရိပ်ထွက်ပေါ်လာသည်။
ရွှမ်ယီက အဲ့ဒီစံချိန်ကို ချိုးဖျက်နိုင်မလား…?
“ နှစ်ပေါင်းထောင်နဲ့ချီပြီးကြာသွားတာတောင် သူ့စံချိန်ကို ဘယ်သူမှ မချိုးနိုင်ဘူးလား…”
အနီ၀တ်လူငယ်က ခေါင်းယမ်းလိုက်ပြီး
“ မဟုတ်ဘူး… ပြောရမယ်ဆိုရင် ဗဟိုသူတော်စင်အကယ်ဒမီက တချိန်က တောင်ပိုင်းဒေသမှ အကြီးကျယ်ဆုံးအကယ်ဒမီကြီးဖြစ်ခဲ့ပေမယ့် အခု အဆင့်(၄) နေရာအထိ ကျဆင်းလာနေပြီ… တကယ်လို့ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်သာ ထွက်မလာဘူးဆိုရင် ထိပ်တန်းအကယ်ဒမီ(၅)ခုထဲကတောင် ထွက်သွားရနိုင်ချေရှိတယ်….”
မင်ယွဲ့ရှုက မျက်တောင်ခတ်လိုက်ပြီး
“ နံပါတ်(၁) နေရာက စံချိန်ကို တစ်ယောက်ယောက်ချိုးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ…”
လူငယ်လေးက ထပ်မံခေါင်းယမ်းလိုက်ပြီး
“ မဖြစ်နိုင်ဘူး.. စစ်မှန်တဲ့ပါရမီရှင်တွေက ကျန်တဲ့အကယ်ဒမီ(၄)ခုကိုရောက်ကုန်ပြီ.. ဗဟိုသူတော်စင် အကယ်ဒမီရဲ့ ကျောင်းသားလက်ခံတဲ့အချိန် အတိအကျမရှိတာကလည်း ကျန်တဲ့အကယ်ဒမီတွေက ကျောင်းသားတွေကိုကြိုလေ့လာပြီး မက်လုံးပေး ဆွဲဆောင်မှာစိုးလို့ပဲ…ပြီးတော့ တစ်ယောက်ယောက်သာ နံပါတ်(၁) နေရာကစံချိန်ကို ချိုးဖျက်မယ်ဆိုရင် အဲ့လူက ကောင်းကင်ဘုရင်အဆင့်ကိုရောက်မှ အသေအချာပဲ.. ကောင်းကင်ဘုရင်အဆင့်ကိုတောင် ကျော်သွားနိုင်တယ်….”
လူငယ်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး
“ အဲ့တာက သူတော်စင်ဒေသတစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေလိမ့်မယ်….”