အခန်း (၁၈၀)
Vol. 12 Ch. 180
အနီ၀တ်လူငယ်၏ စကားနှင့်ပတ်သက်ပြီး မင်ယွဲ့ရှုက တစ်စုံတစ်ရာမျှ မှတ်ချက်ပေးခဲ့ခြင်းမရှိချေ။
မင်ယွဲ့ရှုက တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းဒေသ(၁၀၀)အတွင်း၌ပင် ပါ၀င်ခြင်းမရှိသည့် အဇူရာဒေသမှလာသော်လည်း အဇူရာဒေသရှိ ထိပ်တန်းအင်အားစု(၁၀)ခုထဲမှ ဖြစ်သည်။ ဘ၀တစ်လျှောက်လုံး သူမအား နှစ်သက်သူများ လစ်ဟင်းခြင်းမရှိခဲ့ချေ။
ထိုလူငယ် သူမထံသို့ စတင်ချဉ်းကပ်လာစဉ်ကတည်းက ရည်ရွယ်ချက်အား သိရှိပြီးဖြစ်သည်။
သို့သော် ထိုလူငယ်က သူတော်စင်ဒေသမှဖြစ်ပြီး အဇူရာဒေသမှလူများထက် ဗဟိုသူတော်စင်အကယ်ဒမီနှင့်ပတ်သက်ပြီး ဗဟုသုတများပေသည်။
ထို့ကြောင့် ထိုလူငယ် သူမတို့အဖွဲ့ထဲ ၀င်ရောခြင်းအား လက်ခံထားခဲ့ခြင်းဖြစ်၏။
“ ဟီးဟီး.. ငါတို့အတွက်က စံချိန်ချိူးမယ်ဆိုတာ စိတ်ကူးတစ်ခုသာသာပါပဲ… ဗဟိုသူတော်စင်အကယ်ဒမီက အရင်နဲ့ယှဉ်ရင် ဘယ်လောက်ပဲနိမ့်ကျသွားပါစေ.. ထိပ်တန်းအကယ်ဒမီကြီး(၅)ခုထဲမှာ ပါစေဆဲဘဲလေ…ဒီနှစ်ထောင်ပေါင်းများစွာအတွင်း ကျောက်ပြားကြီးထက်မှာ ပါ၀င်နိုင်ခဲ့တဲ့ ပါရမီရှင် ဘယ်လောက်ရှိတယ်ဆိုတာ တွေးကြည့်လို့တောင်မရဘူး…”
အနီ၀တ်လူငယ်က မင်ယွဲ့ရှုတို့လူစုအားကြည့်ပြီး ခေါင်းယမ်းလိုက်သည်။
ဤလူအုပ်အတွင်းမှ မည်သူမှ စံချိန်ချိူးနိုင်မည်မထင်ပေ။
မင်ယွဲ့ရှုက ထိုလူငယ်၏အဆိုအား ငြင်းဆိုလိုသည့်အမူအရာမရှိဘဲ ခေါင်းအနည်းငယ်ညိတ်လိုက်၏။ သို့သော် သူမ အတွေးထဲ၌ ရွှမ်ယီ၏ ပုံရိပ်က ပေါ်လာပြန်သည်။
“ မဖြစ်နိုင်ဘူးလို့ အတိအကျဘယ်ပြောနိုင်ပါ့မလဲ.. သူဆိုရင်….”
သူမအတွေးများ ရှေ့မဆက်ရသေးခင် ကျောက်စိမ်းဖြူလှေကားထက်ရှိ ကောင်းကင်တွင် လေးပြင်းတစ်ချက်တိုက်ခတ်ပြီး တိမ်တိုက်များရွေ့လျားသွားကာ ဌာနမှူးနှင့်တကွ ဆရာ(၃၆)ယောက် ပေါ်ထွက်လာသည်။
ဘုရင်အဆင့်များစွာထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါနှင့် ဖိအားများက တောင်ခြေရှိ ဆူညံ့နေသော လူအုပ်ကြီးအား တိတ်ဆိတ်သွားစေခဲ့သည်။
“ ကလေးတို့… ငါက ဗဟိုသူတော်စင်အကယ်ဒမီရဲ့ ဌာနမှူးဘဲ… ဗဟိုသူတော်စင်အကယ်ဒမီက ကြိုဆိုပါတယ်… မင်းတို့အားလုံး စာမေးပွဲနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ သိထားပြီးပြီထင်တယ်… ဒီတော့ အခုပဲ စာမေးပွဲစပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်…”
ဘုန်း…
စကားဆုံးလျှင် လူတိုင်းစိတ်လှုပ်ရှားသွားခဲ့ကြ၏။ ချက်ချင်း ကျောက်စိမ်းဖြူလှေကားထံသို့ ပြေးတက်သွားကြသည်။
စာမေးပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများက အလွန်ရိုးရှင်း၏။ လှေကားတက်ရာ၌ ပိုမြန်လေ ရလဒ်ပိုကောင်းလေဖြစ်သည်။ ဗဟိုသူတော်စင်အကယ်ဒမီက ထိပ်ဆုံးအယောက်(၁၀၀၀)ကိုသာ ၀င်ခွင့်ပေးမည်ဖြစ်၏။
ကျောက်စိမ်းလှေကားက အလွန်ကျယ်၀န်းခြင်းမရှိသည့်တိုင်အောင် လူ(၁)သိန်းလောက် ၀င်လာသော်လည်း ပြည့်ကျပ်သွားခြင်းမရှိချေ။
ကျောက်စိမ်းဖြူလှေကား မရိုးရှင်းကြောင်းကို ပထမခြေလှမ်းကတည်းက လူတိုင်း သိသွားခဲ့သည်။ သူတို့မျက်စိတ်ရှေ့မှ မြင်ကွင်းက ရုတ်ရက် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်မျိုးစုံပေါ်လာ၏။
ရုတ်တရက် ကျောင်းသားတစ်ဦးထံမှ အော်သံထွက်ပေါ်လာခဲ့သည်။ ထိုအခါ သူမြင်နေရာသော ပုံရိပ်ယောင်က ပျောက်ကွယ်သွားခဲ့ပြီး စိတ်အာရုံက မူလနေရာသို့ပြန်ရောက်လာ၏။ ပတ်၀န်းကျင်အားကြည့်လိုက်လျှင် ကျောင်းသားအများစုက သူ့ကိုကျော်တက်သွားပြီးဖြစ်ပြီး တချို့က အေးခဲနေဟန်ဖြင့် သူ့နောက်၌ ရှိနေခဲ့သည်။
ထိုကျောင်းသားက အချိန်မဆွဲဘဲ နောက်တစ်ထစ်သို့ ချက်ချင်းပြေးတက်လိုက်၏။ ထိုအခါ မျှော်လင့်ထားသည့်အတိုင်း ပုံရိပ်ယောင်နောက်တစ်ခုသို့ ထပ်မံကျရောက်သွားပြန်သည်။
လှေကားထိပ်တွင် ဌာနမှူးနှင့်ဆရာ(၃၆)ယောက်တို့က ထိုင်စောင့်နေကြ၏။ သူတို့နံဘေးတွင် လက်ရှိယှဉ်ပြိုင်နေသော ကျောင်းသားများအား အဆင့်သတ်မှတ်ပေးသည့် လေးထောင့်ပုံစံ စိတ်ဝိညာဉ်မျက်နှာပြင်တစ်ခုရှိသည်။
“ ဟို ကျောင်းကိုကြည့်လိုက်.. သူတက်လာတာ တော်တော်လေးမြန်တယ်… ပြီးတော့ သူ့ခန္ဓာကိုယ်ပတ်လည်မှာ အစိမ်းဖျော့ရောင်လင်းနေတယ်.. ကြည့်ရတာ လေဝိညာဉ်ခန္ဓာကိုယ်နိုးထပြီးပြီဖြစ်မယ်….”
“ သူက မဆိုးဘူးဆိုပေမယ့် ဟိုတစ်ယောက်ကိုကြည့်လိုက်… သူကပိုသန်မာတယ်… သူ့မျက်၀န်းတွေထဲမှ မီးတောက်တွေရှိနေတယ်.. သူက လှေကားထစ်တိုင်းကိုကျော်ဖြတ်ဖို့ အသက်ရှုကြိမ်အနည်းငယ်ပဲကြာတယ်…လက်ရှိမှာ ကျန်တဲ့လူတွေက တော်တော်ပြတ်ကျန်ခဲ့ပြီ…”
“ ဝိုး… ယုမိသားစုက မွန်းစတားမလေးလည်း ပါတာပဲ.. သူမရဲ့ မျက်နှာကိုကြည့်လိုက်.. သိပ်ပြီးထူးခြားသလို အမူအရာမရှိဘူး… သူမရဲ့ အမြန်နှုန်းကလည်း မနှေးဘူး.. တော်တော်လေးမြန်တယ်… ရေပန်းစားနေတဲ့ ဂုဏ်သတင်းနဲ့ကိုက်ညီတယ်ဆိုရမယ်….”
အကယ်ဒမီမှ ဆရာ အားလုံးနီးပါး အချင်းချင်း ရင်းနှီးကြ၏။ ကျောင်းသားများ ယှဉ်ပြိုင်နေစဉ် သူတို့သဘောကျသည့် ကျောင်းသားများအား မှတ်သားကာ အချင်းချင်းရယ်ရယ်မောမောပြောဆိုနေကြသည်။
ဗဟိုသူတော်စင်အကယ်ဒမီက အချုပ်အနှောင်မရှိဘဲ လွတ်လပ် ပွင့်လင်းစွာ လေ့လာနိုင်ခြင်းဖြင့် ကျော်ကြား၏။ ကျောင်းသားများ ကျောက်စိမ်းဖြူလှေကားထစ်အား ကျော်ဖြတ်ပြီးချိန်တွင် ဆရာများက သူတို့နှစ်သက်ရာ ကျောင်းသားများကို ရွေးချယ်ပေလိမ့်မည်။ မှန်ပေသည်။ ကျောင်းသားများအနေဖြင့်လည်း နှစ်သက်ရာ ဆရာကိုရွေးချယ်နိုင်သည်။
ဆရာတစ်ဦးနှင့် သင်ကြားနေရင်း စိတ်တိုင်းမကျ အဆင်မပြေပါက တခြားဆရာတစ်ဦးကိုရွေးချယ်နိုင်သည်။ ရွေးချယ်လိုက်သည့်ဆရာက ကျောင်းသားအား လက်ခံရန်ဆန္ဒရှိနေသ၍ မည်သူမှ ၀င်ပြောနိုင်မည်မဟုတ်ပေ။
ကျောက်စိမ်းဖြူလှေကားထစ်တွင် ကျောင်းသားအများစုက ပုံရိပ်ယောင်အတွင်းမှ ရုန်းထွက်နိုင်ခြင်းမရှိချေ။
တော်တော်ကြာအောင် ရုန်းကန်ပြီး လွတ်မြောက်သွားချိန် ပတ်၀န်းကျင်အား ကြည့်လိုက်လျှင် သူတို့အား နောက်ချန်ထားခဲ့သည့် လူများစွာကို တအံ့တဩတွေ့လိုက်ရ၏။
၎င်းတို့ထဲ၌ ရှေ့ဆုံးမှ ဦးဆောင်နေကြသူများထဲတွင် တစ်ယောက်က လေများ၀န်းရံနေသကဲ့သို့ဖြစ်နေပြီး တစ်ယောက်ကမူ တောက်ပနေသောမီးရောင်နှင့်တကွ တစ်ထစ်ပြီးတစ်ထစ် လျင်မြန်စွာတက်လှမ်းနေသည်။
နောက်တစ်ယောက်ကမူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မိုးခြိမ်းသံများထွက်ပေါ်နေပြီး သူနှင့်(၃)မီတာပတ်လည်သို့ မည်သူမှ ၀င်လာရဲခြင်းမရှိကြချေ။
သို့သော် ထိုလူများကြား၌ ထီမထင်ဟန်ဖြင့် မိန်းကလေးတစ်ဦးရှိနေခဲ့သည်။ သူမ၏ အိမ်နောက်ဖေးပန်းခြံ၌ လမ်းလျှောက်နေသည့်အလား တည်ငြိမ်အေးဆေးနေခဲ့သည်။ တချို့သော အထစ်များအားဖြတ်ကျော်ရန် အသက်ရှုကြိမ်အနည်းငယ်ခန့်ကြာလေ့ရှိသည်။
ရှေ့ဆုံးမှအလျင်အမြန်သွားနေသူများက နောက်မှ ကျောင်းသားတိုင်းကို ဖိအားများဖြစ်စေခဲ့သည်။
အသက်ရှုကြိမ်ရာဂဏန်းအနည်းငယ်ခန့်ကြာပြီးချိန်တွင် ထိပ်ဆုံးရှိ ဆရာများရှေ့မှောက်သို့ ကျောင်းသားများ ရောက်လာခဲ့ချေပြီ။
ဘုန်း…ဘုန်း..
ကျောက်ပြားကြီးက တုန်ခါလာခဲ့ပြီး နာမည်စာရင်းပေါ်လာပြန်သည်။ ယခင်ကဲ့သို့ အလင်းရောင်များထွက်ပေါ်လာပြီး အစောဆုံးရောက်ရှိသည့် ကျောင်းသားများရှေ့သို့ရောက်ရှိသွားကာ နာမည်ချန်ထားရန် လှုံ့ဆော်လိုက်သည်။
ထီမထင်ဟန်ရှိသည့် မိန်းမကလေးကရှေ့တိုးလာပြီး သူမ နာမည်အားရေးလိုက်၏။
အမည် - ယုလင်းလုံ ၊ ကြာချိန် - အသက်(၁၃၂)ရှိုက်
အနီးမှ ဆရာများ သက်ပြင်းချလိုက်ကြ၏။
ယုလင်းလုံက အမြန်နှုန်းက ကျောက်ပြားကြီးထက်၌ မှတ်တမ်းတင်ရလောက်အောင် ကောင်းမွန်သော်လည်း ယခင် နံပါတ်(၁)နေရာမှ လူ၏စံချိန်ကိုမူ ချိုးဖျက်နိုင်ခြင်းမရှိသေးချေ။
ရွှမ်ယီကြောင့်ဖြစ်ပေါ်လာသော ဗလာအကွက်အား ထည့်တွက်မည်ဆိုလျှင် ယုလင်းလုံက အဆင့်(၃)၌ရှိနေသည်။
“ ဟမ့်…”
ယုလင်းလုံက သူမ၏ ရလဒ်အား သိပ်ပြီးမကျေနပ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ထိပ်ဆုံးမှာ နာမည်မရှိသော ဗလာအကွက်အား မျက်မှောင်ကြုတ်ကာကြည့်လိုက်၏။
နောက်ထပ် အသက်ရှုကြိမ်(၁၀၀)ကျော်ကြာပြီးနေက် တောင်ထိပ်သို့ရောက်ရှိသော ကျောင်းသားအရေအတွက် များစွာတိုးလာခဲ့သည်။ (၁၀၀၀)နီးပါးရှိနေပြီဖြစ်၏။
ထိုအချိန်တွင် ကျန်းချန်က (၉၉)ထပ်မြောက်မှနေပြီး နောက်ဆုံးတစ်ထပ်ကို လှမ်းလိုက်သည်။
ခရက်…
ကျန်းချန်၏ နှဖူးထက်မှ ချွေးများစီးကျနေပြီး ခြေထောက်များက တုန်ယင်နေခဲ့သည်။
ဤအထပ်က ကျန်းချန်အား အလွန်အမင်းဖိအားပေးနေပြီး တစ်ကိုယ်လုံးတုန်ယင်လျက်ရှိကာ အချိန်မရွေးလဲကျတော့မည့်ဟန်ဖြစ်နေ၏။
ဤအချိန်တွင် ကျန်းချန်အနေဖြင့် နောက်ဆုတ်လိုက်ပါက ခံစားနေရသည့် ဖိအားများ ချက်ချင်း အကုန်အစင်ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုအခါ ကျန်းချန်အနေဖြင့် နောက်ဆုံးအထပ်သို့ရောက်ခဲ့သည့်တိုင်အောင် ဤအထပ်အတွက် အမှတ်ရမည်မဟုတ်ပေ။
လှေကားထိပ်များ ဆရာအားလုံးနီးပါး၏ အကြည့်များ ကျန်းချန်ထံသို့ကျရောက်သွားခဲ့သည်။
၎င်းတို့အထဲမှ တစ်ယောက်က
“ သူကျရှုံးတော့မယ်.. စိတ်မကောင်းစရာဘဲ…”
“ သူအဲ့နေရာမှ အကြာကြီးပိတ်မိနေရင် သူ့ရလဒ်က နိမ့်ကျသွားတော့မယ်…”
“ သူက ဓားသမားတစ်ယောက်ပဲ.. နောက်ဆုတ်မှာတော့မဟုတ်ဘူး.. တကယ်လို့ သူသာအဲ့တာကိုကျော်ဖြတ်နိုင်မယ်ဆိုရင် အနာဂါတ်က တောက်ပသွားလိမ့်မယ်….”
ပြောလိုက်သူက အကယ်ဒမီမှ ဓားတာအို နည်းပြဆရာဖြစ်သည်။ သူ၏ ဆံပင်များက နက်မှောင်လျက်ရှိပြီး ဗဟိုသူတော်စင်အကယ်ဒမီမှ ထူးချွန်သည့် ဓားသမားများမွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။
ကျန်းချန်၏ ခခန္ဓာကိုယ်ပတ်လည်တွင် ဓားရည်ရွယ်ချက်များ အဆုံးမဲ့၀န်းရံလာချိန်၌ ထိုဆရာ၏ မျက်၀န်းများက တောင်ပလာသော်လည်း စိတ်မကောင်းဟန်အနည်းငယ်လည်းဖြစ်ပေါ်နေ၏။
ဒီကောင်လေး လက်ရှိ ဖိအားကိုကျော်ဖြတ်နိုင်ရင် သူ့ကိုလက်ခံရမယ်…!
“ ငါလုံး၀ လက်မလျှော့နိုင်ဘူး…”
ကျန်းချန်က အံကြိတ်ကာရေရွတ်လိုက်၏။ ခေါင်းများမူးမွေ့လာသဖြင့် ခက်ခက်ခဲခဲရှေ့သို့မော့ကြည့်လိုက်သည်။ ထိုအခါ ဆရာများကြားထဲ၌ ထိုင်နေသည့် ရွှမ်ယီအား တွေ့လိုက်ရ၏။
ရွှမ်ယီကလည်း ကျန်းချန်အားကြည့်နေခဲ့သည်။
ဘုန်း…
ရွှမ်ယီက အကြည့်များက ကျန်းချန်၏ နှလုံးသားထဲ၌ ဗုံးတစ်လုံးပေါက်သွားကဲ့သို့ဖြစ်သွားပြီး သူ၏ စိတ်ထဲမှ အမှောင်ထုအား တွန်းလှန်ပေးလိုက်သည့် အလင်းတန်းတစ်ခုအလားပင်။
နဂိုက အရောင်မှိန်စပြုလာသည့် ကျန်းချန် မျက်၀န်းများ တစ်ဖန်ပြန်လည်၍ တောက်ပလာခဲ့သည်။
ဘုန်း…
ကျန်းချန်၏ ခန္ဓာကိုယ်မှ ဓားရည်ရွယ်ချက် စွမ်းအားများ တွန်းကန်ထွက်လာပြီး နောက်ဆုံးအထပ်အား ဖြတ်ကျော်သွားနိုင်ခဲ့သည်။ သူ့အတွက် ကျောက်စိမ်းဖြူလှေကားထစ် စမ်းသပ်မှု ပြီးဆုံးသွားချေပြီ။
“ အရမ်းကောင်းတယ်…”
ဆရာများကြားမှ ဆံပင်အနက်ရောင်နှင့် သက်လတ်ပိုင်း အမျိုးသား ရုတ်တရက်ထပ်လိုက်သည်။
သူက ဓားတာအို နည်းပြဆရာဖြစ်ပြီး ထူးချွန်သူအများအပြားကိုလည်း မွေးထုတ်ပေးခဲ့သူတစ်ဦးဖြစ်၏။
သူက ဓားတာအို၌ ပါရမီကောင်းမွန်သူများကိုသာ အမြဲရွေးချယ်လေ့ရှိသည်။ အစက ကျန်းချန်၏ လက်လျှော့တော့မည်ဟန်ဖြင့် မှေးမိန်နေသည့် မျက်၀န်းများက သူ၏ မျှော်လင့်ချက်ကိုလျော့ကျသွားစေခဲ့သည်။ သို့သော် ကျန်းချန်၏ မျက်၀န်းများက ပြန်လည်တောက်ပလာခဲ့ပြီး အခက်အခဲအကြပ်အတည်းမှ ရုန်းထွက်နိုင်ခဲ့သည်။
ထိုနည်းပြဆရာ၏ စိတ်ထဲတွင် အလွန်ဝမ်းသာသွားခဲ့ပြီး
“ ဒီကောင်လေး ဓားတာအိုမှာ တော်တော်လေးထူးချွန်တာပဲ.. ငါတပည့်ဖြစ်ဖို့သင့်တော်တယ်…”
[ ဒီအပိုင်းဖတ်ရတာ နည်းနည်းထောက်သွားရင် သည်းခံပေးပါခင်ဗျ
ဒီအပိုင်းရေးထားတာတစ်မျိုးကြီးပဲ ENGလို ဘာသာပြန်ထားတဲ့လူကြောင့်လား မူးရင်းကဘဲ ဖြစ်တာလား ဘာလားတော့မသိဘူး ဇာတ်ကွက်တွေ သိပ်မပြည့်စုံသလိုခံစားရတယ်
ဖတ်ကြည့်ရင်သိပ်မသိသာပေမယ့် တစ်ကြောင်းချင်းရေးနေတဲ့ ကျနော်ကတော့ စိတ်ထဲ သိပ်ဘ၀င်မကျချင်ဘူး….]