← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

ဝှစ် … ဝှစ် ..

စင့်မြင့်နား ရပ်နေကြသော ကျင့်ကြံသူများသည် ဖြစ်ပေါ်လာသော လေပြင်းတွေကြောင့် ဆံပင်တွေပင် လှုပ်ခါသွားရသည်။ သူတို့၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုတွေ ဖြစ်ပေါ်လာ၏။

အကြီးအကဲဝေ၏ လက်သီးချက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

စင်မြင့်ပေါ်တွင် ကျွင်းချောင်ရှောင်း မဟုတ်ဘဲ ကျောက်တုံးကြီးတစ်တုံး ရှိနေမည် ဆိုလျှင်ပင် တစစီ ဖြစ်သွားမှာ သေချာလှ၏။

ထိုကြောက်မက်ဖွယ်ရာ လက်သီးချက်အောက်တွင် သံမဏိအရိုးဂိုဏ်းခေါင်းဆောင် တစ်ယောက် အရိုးနဲ့အသား တခြားစီ ဖြစ်ပြီဟု သူတို့တွက်ချက်လိုက်မိကြသည်။

စုတ်ပြတ်သပ်နေသော ခန္ဓာကိုယ်တစ်ခု လွင့်စင်ပြီး ကျသွားမလား ဟု ထင်မှတ်မိသောကြောင့် အားလုံးသည် စင်အောက်သို့ပင် လှမ်းကြည့်လိုက်မိကြသည်။

ဟမ်..။

ဘယ်သူမှ မရှိပါလား။

ဂိုဏ်းချုပ်ကျွင်း လွင့်စင်မသွားဘဲ စင်ပေါ်မှာတင် အသက်ဆုံးသွားခဲ့ပြီလား။

ဝှစ် … ။

ဝှစ် …။

အားလုံးသည် ခေါင်းလှည့်ကာ သေခြင်းရှင်ခြင်း စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။

စင်ပေါ်တွင် ရပ်လျှက်ရှိသော ကျွင်းချောင်ရှောင်းအား မြင်တော့ သူတို့၏ မေးရိုးတွေ ပြုတ်ကျသွားသည်။ အားလုံးသည် မယုံနိုင်စွာဖြင့် ကြည့်မိနေကြ၏။

“ဒါ ….”

လီချင်းယန်သည်လည်း အံ့အားသင့်မိနေသည်။

သူတို့မြင်လိုက်ရသည်မှာ ကျွင်းချောင်ရှောင်းသည် စင်မြင့်ပေါ်တွက် တစ်လက်မမှ မရွေ့လျားဘဲ မတ်မတ်ရပ်လျက်ရှိသည်။ သူ၏ လက်ဝါး ၊ လည်ပင်း ၊ ခန္ဓာကိုယ် နှင့် မျက်နှာတစ်ခုလုံးသည် ကြေးဝါရောင်အဖြစ် သို့ ပြောင်းလဲနေ၏။

“သူ့ အသားအရေ ဘာလို့ ပြောင်းသွားတာလဲ”

“သိုင်းနည်းစနစ် တစ်ခုလား။”

“လူတစ်ယောက်ရဲ့ အသားအရေကို ပြောင်းလဲစေနိုင်တဲ့ သိုင်းနည်းစနစ် ဆိုတာ ကြားတောင် မကြားဖူးဘူး။”

ထိုအရာသည် အဓိက မဟုတ်ချေ။ အဓိကမှာ ကျွင်းချောင်ရှောင်း ၏ ရှေ့၌ ရှိနေသော အကြီးအကဲ ဝေ ဖြစ်သည်။ အကြီးအကဲ ဝေ၏ လက်သီးသည် ကျွင်းချောင်ရှောင်း၏ ရင်ဘတ်ကို တည့်တည့် ထိမှန်နေသည်။

ဂျင်နှစ်ထောင်လောက် လေးလံသော ကျောက်တုံးကိုပင် တစစီဖြစ်အောင် ထိုးခွဲနိုင်သော လက်သီးသည် သံမဏိအရိုးဂိုဏ်းခေါင်းဆောင် အားတော့ တစ်လက်မတောင် မရွေ့လျားစေခဲ့ပေ။

အားလုံးသော ကျင့်ကြံသူများသည် ဆွံ့အနေကြသည်။

ကျွင်းချောင်ရှောင်း လွင့်စင်သွားတာ ဒါမှမဟုတ် အသတ်ခံရတာမျိုး ဖြစ်နိုင်သည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသော်လည်း တကယ်တန်းမှာတော့ ကျွင်းချောင်ရှောင်းသည် အကြီးအကဲဝေ၏ လက်သီးအား လုံးလုံးမမှုချေ။

သူ့လက်သီးချက် အသုံးမဝင်သည်ကို မြင်တော့ ဝေရင်နု ဒေါသူပုန် ထသွားသည်။

“မင်း …. မင်း ဘယ်လို သိုင်းနည်းစနစ်မျိုးကို ထုတ်သုံးလိုက်တာလဲ”

ကျွင်းချောင်ရှောင်း ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည် “ရွှေခေါင်းလောင်း ကြေးအရေခွံ နည်းစနစ်လေ။”

“ရွှေခေါင်းလောင်း ကြေးအရေခွံ နည်းစနစ် ဟုတ်လား။”

“ဒါ ဘယ်လိုနည်းစနစ်မျိုးလဲ။ တစ်ခါမှမကြားဖူးဘူး။”

“နာမည်က ထူးဆန်းတယ်။ ချင်းယန်နိုင်ငံ ကတော့ မဟုတ်လောက်ဘူး။”

ချင်းယန်နိုင်ငံတင် မကပေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ထိုသို့သော သိုင်းနည်းစနစ်မရှိချေ။ အဘယ့်ကြောင့် ဆိုသော် ရွှေခေါင်းလောင်း ကြေးအရေခွံ နည်းစနစ် ဆိုသည်မှာ တရုတ်ပြည် ရှောင်လင်ကျောင်း၏ နည်းစနစ် တစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်၏။

ကျွင်းချောင်ရှောင်း တစ်ယောက် အရင်ဘဝမှာကတည်းက သိုင်းပညာကို လေ့လာသင်ယူဖူးခဲ့သည်လား။

မဟုတ်ပေ။ ကမ္ဘာမြေမှာ ရှိစဉ်တုန်းက ကျွင်းချောင်ရှောင်းသည် သိုင်းပညာကို လေ့လာဖို့ မပြောနှင့် တစ်နှစ်ပတ်လုံးနေလျှင်တောင်မှ အကြောလျော့ လေ့ကျင့်ခန်း တစ်ခါ ပြုလုပ်သူ မဟုတ်ချေ။ ဘောလုံးကွင်း တစ်ပတ်လောက် ပတ်ပေးလိုက်လျှင် ခွေးလို လျှာကြီး ထွက်ပြီး သေမတတ် မောပန်းနေတတ်သူ ဖြစ်သည်။

ထိုသို့ဆိုလျှင် ရွှေခေါင်းလောင်း ကြေးအရေခွံ နည်းစနစ် မည်သို့ တတ်ကျွမ်းသနည်း။

“တော်သေးတယ်”

ကျွင်းချောင်ရှောင်း တည်တည်ငြိမ်ငြိမ် နှင့် ရပ်နေရင်းမှ စိတ်ထဲကနေ ကြိတ်ကာ တွေးလိုက်မိ၏ “ကံကောင်းလို့ ခုခံခြင်းအဆောင် တစ်ခု ရှိနေတာပဲ။ မဟုတ်ရင် မသေရင်တောင်မှ ဒဏ်ရာ ကြီးကြီးမားမား ရနိုင်တယ်”

ဝေရင်နု သူ့အား တိုက်ခိုက်ဖို့ ပြင်နေတုန်းမှာပဲ သူသည် လူသစ် လက်ဆောင်ထုတ်မှ ပေးသော ခုခံခြင်း အဆောင်အား ချိုးကာ အသက်သွင်းခဲ့သည်။

ထိုအဆောင်အား ချိုးလိုက်သည်နှင့် တပြိုင်နက် သူ၏ အသားအရောင်သည် ပြောင်းလဲသွားသည်။ ခန္ဓာကိုယ် ရှိ ကြွက်သားများသည် သံမဏိလို မာကျောသွား၏။

တကယ်တန်းဆိုလျှင် သူ့အနေနှင့် ဤအဆောင် အစွမ်းထက်သလား၊ မထက်ဘူးလား ဆိုသည်ကို သေချာမသိချေ။ စွန့်စား၍ လောင်းကစားပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းစုဆောင်းမှတ် တစ်မှတ် နှင့် ဝယ်ယူနိုင်ခဲ့သော ဆေးလုံးသည် ကောင်းကင်အား တော်လှန်နိုင်သည် အထိ အစွမ်းထက်သော ဆေးလုံးဖြစ်ခဲ့သည်မို့ လူသစ် လက်ဆောင်ထုတ်မှ ရရှိသော အဆောင်သည် အားမနည်းနိုင်ကြောင်း သူ ခန့်ှမှန်းခဲ့ခြင်း ဖြစ်သည်။

သူ၏ လောင်းကစားမှု မှန်ကန်ခဲ့သည်ဟု ဆိုရမည်။

ခုခံခြင်းအဆောင်သည် အလွန့်အလွန် အားကောင်းလွန်းသည်။

“ကျုပ် ပြောပြမယ်”

ကျွင်းချောင်ရှောင်း တည်တည်ငြိမ်ငြိမ် နှင့် ပြောလိုက်၏ “ခင်ဗျား ထမင်းမစားခဲဘူးလား။ လက်သီးက ဘာလို့ အဲလောက် အားနည်းရတာလဲ”

ခုခံခြင်းအဆောင်၏ အသက်ဝင်မှုသည် မိနစ် ခြောက်ဆယ် ကြာမြင့်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လက်ကျန် ငါးဆယ့်ကိုးမိနစ် နှင့် စက္ကန့် သုံးဆယ် အား အလကား မဖြစ်အောင် အကြီးအကဲဝေ အား ထပ်မံ ရန်စလိုက်ခြင်း ဖြစ်သည်။

“မုန်းစရာကောင် ….”

ဝေရင်နု ဒေါသတစ်ကြီးဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ စင်မြင့် အစပ်သို့ သွားလိုက်သည်။ ပြီးနောက် အားယူကာ ရှေ့သို့ ပြေးထွက်လာ၏။

ဝှစ် …။

သူ၏ ညာလက်သီးသည် ထပ်မံ လှုပ်ရှားသွားသည်။ ဤတစ်ကြိမ်မှာတော့ ကြောက်မက်ဖွယ်ရာ ချီလှိုင်းတွေပါ ထွက်ပေါ်လာတော့သည်။

“ထပ်ထိုးပြီ”

“ပထမ တစ်ကြိမ်ကထက် ပိုပြီး အားပါတယ်”

“ဂိုဏ်းချုပ်ကျွင်း မလှုပ်ဘူး။ ထိပ်တိုက် ရင်ဆိုင်ချင်တာလား။”

“သူ ဘာလို့ အဲလောက် ယုံကြည်မှု ရှိနေတာလဲ”

ဘုန်း။

ဝေရင်နု၏ အားကောင်းလှသော လက်သီးချက်သည် ကျွင်းချောင်ရှောင်း၏ ဝမ်းဗိုက်ပေါ်သို့ ကျဆင်းသွားသည်။ အားနည်းလှသော စွမ်းအင်လှိုင်း တစ်ချို့ ဖြစ်ပေါ်စေသည်။

ရလဒ်အရ …

ဂိုဏ်းချုပ်ကျွင်းသည် အရင်နေရာမှာပဲ မတ်မတ်ရပ်လျှက် ရှိ၏။ တစ်လက်မလေးတောင်မရွေ့သွားခဲ့ပေ။

သူ၏ နှုတ်ခမ်းထောင့်သည် ကော့တက်သွား၏ “အကြီးအကဲဝေ … အားနည်းနည်း သုံးပါအုံး။ ဒီတိုင်းသာ ဆက်ပြီး တိုက်နေမယ် ဆိုရင် ကျုပ်အချိန်တွေကို ဖြုန်းသလို ဖြစ်နေပြီ”

“အား .. အား….”

ဝေရင်နု ရူးသွပ်သွားတော့မလို ဖြစ်သွားသည်။

သူ ချက်ချင်းပဲ လက်သီးချက်ကိုထုတ်ဖော်လိုက်၏။

ဘုန်း..

ဘုန်း…

ဘုန်း။

အချိန်တိုအတွင်းမှာပဲ လက်သီးချက်တွေသည် ကျွင်းချောင်ရှောင်း၏ ရင်ဘတ်၊ ဝမ်းဗိုက် နှင့် ပခုံးတို့အား ထိမှန်သွားသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မခိုးမခန့်ဖြင့် နေရာမှာတင် ခပ်တည်တည် ရပ်နေတုန်း ရှိနေသေး၏။

ဤအချိန်မှာတော့ ရှိရှိသမျှသာ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ဂိုဏ်းချုပ်ကျွင်းသည် သဲအိတ်တစ်ခု လို ဖြစ်နေပြီး အကြီးအကဲဝေကတော့ သဲအိတ်အား ထပ်ပြန်တလဲလဲ ထိုးနှက်လျက် ရှိသည်။

သဲအိတ်လား။

သံမဏိနံရံဟု ပြောလျှင်ပို၍ မှန်ပေလိမ့်မည်။ သဲအိတ်ကမှ လှုပ်ပေအုံးမည်။ သံမဏိ နံရံကတော့ တစ်ချက်ကလေးမှ မလှုပ်ချေ။

“ကြောက်စရာ ကောင်းလိုက်တာ။”

“ဘယ်လောက်အားကောင်းလိုက်တဲ့ ခုခံခြင်း နည်းစနစ်လဲ”

“ဒီသိုင်းနည်းစနစ်ကို တွေ့ရင် အနာဂတ်မှာ ငါ ကျိန်းသေပေါက် ဝယ်မယ်။”

အားလုံးသည် ကျွင်းချောင်ရှောင်း ပါးစပ်မှ လျှောက်ပြောသော ရွှေခေါင်းလောင်း ကြေးအရေခွံ နည်းစနစ် အား လိုချင်သွားကြ၏။

လီချင်းယန် နှင့် လုချင်းချင်း တို့သည်လည်း စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်ကြသည်။ သူတို့ ဂိုဏ်းချုပ်သည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အကြီးအကဲ ၏ စိန်ခေါ်မှုအား လက်ခံရဲသည်မှာ အဆန်းမဟုတ်တော့ချေ။ ထိုမျှအားကောင်းသော သိုင်းနည်းစနစ် ရှိနေသောကြောင့် ဖြစ်သည်။

….

ဘုန်း ..

ဘုန်း …

ဝေရင်နုသည် အကြိမ်ပေါင်းများစွာ ထိုးနှက်လျက်ရှိသည်။ နောက်ဆုံးမှာတော့ မောပန်းလွန်းသောကြောင့် ရပ်တန့်သွားရ၏။

ဆက်တိုက် တိုက်ခိုက်မှုသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား အလျှင်အမြန် ကုန်ဆုံးသွားစေခဲ့သည်။

“ဘာဖြစ်တာလဲ။”

ကျွင်းချောင်ရှောင်း မျက်နှာအား ရှုံ့မဲ့ကာ မေးလိုက်သည် “မောသွားတာလား”

“သောက် … သောက်ခွေးကောင် ….” ဝေရင်နု လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ မျက်လုံးများတွင် အနီရောင် သွေးကြောတွေပင် ပေါ်လာ၏။

ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြောလိုက်သည် “အားမရှိရင် စိန်မခေါ်နဲ့လေ။ အားလုံးရဲ့ ရှေ့မှာ ငပေါကြီး ဖြစ်တော့မှာပဲ”

ဝေရင်နု အံကို တင်းတင်းကြိတ်လိုက်သည်။ ရုတ်တရက် ဆိုသလိုပဲ သူသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ သူ၏ မျက်နှာအား လက်တစ်ဖက် နှင့် အုပ်ကိုင်၍ အားရပါးရ ထရယ်လိုက်သည်။

“ဘာဖြစ်တာလဲ”

“အကြီးအကဲဝေ ဒေါသထွက်လွန်းလို့ ရူးသွားပြီထင်တယ်”

အားလုံး တီးတိုးပြောဆိုလိုက်ကြသည်။

ရုတ်တရက် ဆိုသလိုပဲ ဝေရင်နုသည် ရယ်မောနေရာမှ ရပ်လိုက်သည်။ သူ၏ မျက်နှာသည် ပိုမို တင်းမာလာသည် “ကောင်လေး .. ငါ့ရဲ့ ဝှက်ဖဲကို အတင်းထုတ်သုံးအောင် ဖိအားပေးတယ်ပေါ့။ မင်း သေရင်တောင်မှ ဂုဏ်ယူလိုက်သင့်ပြီ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဝှက်ဖဲလား”

ဝေရင်နုသည် ရှေ့သို့ ခန္ဓာကိုယ်အား ကွေးညွှတ်လိုက်သည်။ လက်သီးနှစ်ဖက်အား ရင်ဘတ်ရှေ့တွင် ထား၍ သိုင်းနည်းစနစ် တစ်ခု၏ ဟန်ကို ထုတ်ဖော်လိုက်၏။

“ဟူး …ဟူး..”

စွမ်းအင်လှိုင်းလုံး နှစ်ခုသည် ထူးဆန်းစွာပဲ ဝေရင်နု၏ လက်သီးရှေ့တွင် ဖြစ်ပေါ်လာသည်။ ပြီးနောက် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များအား စတင်စုပ်ယူတော့၏။

လီချင်းယန်၏ မျက်နှာအမူအရာသည် တည်ငြိမ်သွားသည် “ဒါနတ်စမ်းချောင်းဂိုဏ်းရဲ့ သိုင်းနည်းစနစ် တစ်ခုပဲ။ အောင်မြင်စွာ ထွန်းတောက်သော သံကျောက်လက်သီးလို့ ခေါ်တယ်”

ထိုနာမည်ကို ကြားတော့ ကျွင်းချောင်ရှောင်း မြေပေါ် လဲကျတော့မလိုပင်ဖြစ်သွားရသည်။

သိုင်းနည်းစနစ် တစ်ခုကို အဘယ့်ကြောင့် ဤမျှရှည်လျားသော နာမည် ပေးထားရသနည်း။

ထိုသို့သော နာမည်မျိုးကိုမမေ့ဘဲ ပြောနိုင်သည် ဆိုတော့ သူ၏ ဒုတိယ တပည့်သည် အမှန်ပင် ပါရမီရှင် ဖြစ်မှန်း သိသာသွားသည်။

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ပို၍ တည်ကြည်သွားသည်။ထို့အပြင် လေထဲတွင် စုစည်းလာသော လှိုင်းလုံးနှစ်ခုသည်လည်း ပို၍အားကောင်းလာသောကြောင့် ဖြစ်သည်။

“ဒီသိုင်းနည်းစနစ် က သေမျိုးအဆင့် အလယ်အလတ် သိုင်းနည်းစနစ်တစ်ခုပဲ” လီချင်းယန် ပြောလိုက်သည်။

“ဒါ သေမျိုးအဆင့် အလယ်အလတ် နည်းစနစ်လား။”

“ချင်းယန်မြို့မှာဆိုရင် ဒါက တန်ဖိုးကြီးလွန်းမှာ သေချာတယ်”

“နတ်စမ်းချောင်းဂိုဏ်းက ဆင်းသက်လာတယ်လို့ မပြောရဘူး။ တကယ်ပဲ စွမ်းအားမြင့် သိုင်းနည်းစနစ်ကို လေ့ကျင့်နိုင်ခဲ့တာပဲ”

လူများ၏ မနာလိုမှုတွေကြားမှာပဲ ဝေရင်နုသည် လက်သီးလှိုင်းကို အကောင်းဆုံးစုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ စွမ်းအင်လှိုင်းနှစ်ခုသည် တလက်လက် နှင့် တောက်ပလျှက် ရှိ၏။

“ဟူး ..ဟူး….”

“အားကောင်းလိုက်တာ”

“ကောင်လေး” ဝေရင်နု အော်လိုက်သည် “သေစမ်း”

ကျွင်းချောင်ရှောင်းသည် သူ၏ အင်္ကျီအိတ်ထဲမှ သစ်သားဘီးတစ်ခု ကို ထုတ်ယူပြီး လက်သီးလှိုင်းလေကြောင့် ရှုပ်ပွလျှက်ရှိသော သူ၏ ဆံပင်များအား ဖြီးလျက်ရှိသည် “ငါ့ ဆံပင်ပုံစံတော့ ပျက်ကုန်ပါပြီ။ စိတ်တိုစရာပဲ”

“ဝေါ့…”

ကျင့်ကြံသူများအားလုံး မြေပေါ် လဲကျတော့မလို ဖြစ်သွားကြ၏။

အကြီးအကဲဝေ ဝှက်ဖဲ သိုင်းနည်းစနစ်ကိုပင် ထုတ်ဖော်နေပြီဖြစ်သည်။ သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်သည် ထိုသို့သော နည်းစနစ်ကို မည်သို့ ကာကွယ်ရမည် ဆိုသည်ကို မစဉ်းစားဘဲ ဆံပင်ပုံစံ ပျက်သွားသည်ကို စိတ်ပျက်လျက် ရှိ၏။

သောက်ကျိုးနည်းလှချေသည်တကား။

All Chapters