အခန်း (၂၀)
Vol. 2 Ch. 20
သေခြင်းရှင်ခြင်း စင်မြင့် ဆိုသည်မှာ အလွန်ပင် ကြောက်စရာ ကောင်းလှသည်။ ထိုစင်မြင့်ပေါ်သို့ ခြေချလိုက်သူတိုင်းသည် အားလုံး၏ အထင်ကြီး လေးစားမှုကို ရရှိသွားကြသူချည်း ဖြစ်သည်။ ကျွင်းချောင်ရှောင်း သည်ကတော့ စင်မြင့်ပေါ်သို့ ရောက်ရှိပြီးကတည်းက ပထမဆုံး နှပ်ချေးဖတ် နှိုက်သည်။ ပြီးနောက် ဘီးထုတ်ယူကာ ဆံပင်ကိုပင် ဖြီးနေသေး၏။ ကျင့်ကြံသူများ၏ သေခြင်းရှင်ခြင်း စင်မြင့်အပေါ် ထားရှိသော အမြင်သည် ကျွင်းချောင်ရှောင်းနှင့်တွေ့မှ လုံးလုံး ပြောင်းလဲသွားခဲ့ရသည်။
“အား ….”
ဝေရင်နု ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ ဝှက်ဖဲ ဖြစ်သော သိုင်းနည်းစနစ်ကို ထုတ်ဖော်ရန် အချိန်အတော်ကြာ စွမ်းအင်တွေကို စုစည်းခဲ့ရသည်။ တစ်ဖက်လူကတော့ ဆံပင်ပင် ဖြီးနေသေး၏။
ဒါဘာလဲ။
သူ့ကို အထင်သေးတာလား။
သူ ဆက်၍ သည်းမခံနိုင်တော့ပေ။
“ရွှစ်….”
သူသည် ရှေ့သို့ လှမ်းတက်ပြီး လက်သီးရှေ့ရှိ စွမ်းအင်လုံးဖြင့် ပစ်လွှတ်တိုက်ခိုက်လိုက်တော့သည် “သေစမ်း။”
ဝူး …။
လက်သီးလှိုင်းတွင် အေးစက်သော အရှိန်အဝါတွေ ပါဝင်လာသည်။
စင်မြင့်နှင့် အနီးဆုံးတွင် ရှိသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။ အအေးလှိုင်းတွေ သက်ရောက် လာမည်ကို စိုးရိမ်သောကြောင့် မြန်မြန်ပဲ နောက်သို့ ဆုတ်လိုက်ကြ၏။
“ကြောက်စရာကောင်းလိုက်တာ…”
“ဒီအားအင် က နှစ်ထောင့်ငါးရာ ပေါင် လောက်တောင် ရှိနိုင်တယ်”
“သိုင်းတပည့်အဆင့် သားရဲတွေ တောင်မှ ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး။”
အားလုံးသော ကျင့်ကြံသူတို့သည် ဆံပင်မွေးတွေ ထောင်ထ လုမတတ် တုန်လှုပ်သွားကြ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း အား လှမ်းကြည့်လိုက်တော့ အေးစက်စက်ဖြင့် သစ်သားဘီး အား အသာအယာ ပြန်လည် သိမ်းဆည်းနေသည်ကို မြင်လိုက်ကြရသည်။
အကြီးအကဲဝေသည် အရှိန်အဟုန် ပြင်းပြင်း နှင့် တိုက်ခိုက်လာသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည်ကတော့ ရှေးရေတွင်းဟောင်းကြီး တစ်ခုလိုပင် တည်ငြိမ်လျက် ရှိ၏။
အစ်ကိုကြီး .. တည်ငြိမ်လွန်းနေတယ်။
ဝှစ်..။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်အား မြှောက်၍ လက်သီးလှိုင်းအား ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဂိုဏ်းချုပ်ကျွင်း တိုက်ခိုက်တော့မှာလား။
ဘုန်း..။
ဘုန်း…။
ပေါက်ကွဲမှု၏ အသံသည် ကြောက်ခမ်းလိလိ ကျယ်လောင်လာသည်။
ပွဲကြည့်နေကြသော ကျင့်ကြံသူများသည် ထွက်ပေါ်လာသော ချီလှိုင်းများကို မြင်တော့ မျက်လုံးတွေ ထွက်ကျလုမတတ် အံသြသွားကြ၏။
စင်မြင့်ပေါ်တွင်တော့ ကျွင်းချောင်ရှောင်းသည် အကြီးအကဲဝေ၏ လက်သီးချက်အား လက်ဝါးဖြင့် တားဆီးထားသည်။ မျက်နှာပေါ်တွင် မခိုးမခန့် အပြုံးတစ်ခုက ရှိနေသေး၏။
“မဖြစ်နိုင်ဘူး”
“သူ ဘယ်လို ခုခံနိုင်တာလဲ”
“ရွှေရောင်ခေါင်းလောင်း ကြေးအရေခွံ နည်းစနစ် က သေမျိုး အဆင့်မြင့် နည်းစနစ် တစ်ခုများလား”
အားလုံးတုန်လှုပ်သွားကြသည်။
ဝေရင်နုသည် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်မိ၏ “ဘယ် .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူ လက်သီးသိုင်းအား ထုတ်ဖော်ရန် အားအင်တွေ သေချာစုဆောင်းခဲ့သည်။ ကျိန်းသေပေါက် အားကောင်းလွန်းသော လက်သီးသိုင်းအား ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် သူ၏ လက်သီးသိုင်းအား သက်တောင့်သက်သာဖြင့် ကာကွယ်သွားခဲ့သည်။
လက်ရှိအချိန်မှာတော့ အကြီးအကဲဝေသည် ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်တော့မလို ခံစားမိနေ၏။
“ဟေး ….”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တခြား သိုင်းကွက် တစ်ခုခု ရှိရင် ထုတ်သုံးအုံး”
“ဟူး ဟူး …” အကြီးအကဲဝေ၏ အသံရှုသံများသည် ပိုမိုမြန်ဆန်လာသည်။
“အကြီးအကဲဝေ စိတ်တိုလွန်းလို့ သေတော့မယ် ထင်တယ်”
“သူ ထုတ်ဖော်ခဲ့တဲ့ လက်သီးသိုင်းက အဆင့်မြင့် သိုင်းနည်းစနစ် တစ်ခု ဖြစ်တာမို့ စိတ်ဝိညာဉ် စွမ်းအင်တွေ ကုန်ခမ်းသွားတာ ထင်တယ်”
“သူ ပထမတစ်ကြိမ် တိုက်ခိုက်တုန်းကလည်း အားတော်တော် သုံးခဲ့ရတယ်။ အခု မောနေလောက်ပြီ ထင်တယ်။”
………
“မောတယ် ဟုတ်လား”
အကြီးအကဲဝေ နောက်သို့ အသာဆုတ်လိုက်သည်။ သူ ခေါင်းငုံ့ကာ အသာရယ်လိုက်၏။
ရယ်ပြန်ပြီ။
အားလုံး ဆွံ့အသွား၏။
“အမှိုက်ကောင် ….”
အကြီးအကဲဝေသည် ခေါင်းမော့ကာ သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ပြီးနောက် သုန်မှုန်စွာနှင့် ပြောလိုက်၏ “ငါ့ဆီမှာ သိုင်းနည်းစနစ် တစ်ခုပဲ ရှိတယ်လို့ ထင်နေတာလား”
“ဟူး….”
ဘယ်က ရောက်လာမှန်းမသိသော ဓားကြီးတစ်စင်း ပေါ်လာသည်။
သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားအား ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်၏။
ဘုန်း …။
ဓားကြီးသည် မြေပေါ်သို့ ကျတော့ ကျောက်အခင်း တစ်ခုလုံး တုန်ခါသွားရသည်။
“ဒီဓားက အရမ်းလေးတာပဲ”
“သေချာကြည့် .. ဒီဓားပေါ်မှာ ဖန်း ဆိုတဲ့ စာသားပါတယ်။ ဒါ ဆရာဖန်း သွန်းလုပ်ထားတဲ့ လက်နက် ဖြစ်မယ်။”
အားလုံးက အလန့်တကြား ထအော်လိုက်ကြသည်။
ဆရာဖန်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်တန်း ပန်းပဲသမား ဖြစ်၏။
သူ၏ တစ်သက်တာတွင် လက်နက်ပေါင်း သောင်းချီ ထုတ်လုပ်ခဲ့ပြီး လက်နက်တစ်ခုချင်းစီသည် ကုန်းမြေတိုက်ကြီး၏ ကျင့်ကြံသူများမှ ထိပ်တန်းရတနာအဖြစ် သတ်မှတ်ထားသော လက်နက်များ ဖြစ်သည်။
ရွှစ်. ..။
ဝေရင်နုသည် ဓားကြီးအား မြှောက်ကိုင်၍ ဂုဏ်ယူစွာ ပြောလိုက်သည် “ဒီဓားကြီးကို လက်ဝယ် ပိုင်ဆိုင်နိုင်ဖို့ ကျုပ်ပိုက်ဆံတွေ အများကြီး အသုံးပြုခဲ့ရတယ်။ ဒီဓားကို ကျုပ်ဘဝလိုပဲ သတ်မှတ်ခဲ့တ် ။ ဒီနေ့မှာတော့ ဓားကို အားလုံးရဲ့ ရှေ့မှာ ပထမဆုံး ထုတ်သုံးရပြီ”
ကျွင်းချောင်ရှောင်းသည် ဓားအား လက်ညိုးထိုးပြီး ရယ်လိုက်၏ “ဓားမှာ အက်ကြောင်းကြီးနဲ့။ ဒါ အပျက်အဆီးပဲ ဖြစ်ရမယ်”
ဝေရင်နု အော်လိုက်သည် “လက်နက် မှာ ပစ်ချက် ရှိနေတယ် ဆိုရင်တောင်မှ ဒါက ဆရာဖန်း သွန်းလုပ်ထားတာကွ။ အရမ်း တန်ဖိုးကြီးတယ်။ ဒါကို အပျက်အဆီးလို့ မခေါ်နဲ့”
ကျွင်းချောင်ရှောင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
သူ အမှန်ကို ပြောဆိုခြင်း ဖြစ်သည်။ ဤလူ အဘယ့်ကြောင့် စိတ်တိုသွားရသနည်း။
သူ နားမလည်မိချေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ လက်နက်ဆိုသည်မှာ အလွန် အရေးကြီးသော ပစ္စည်းဖြစ်သည်။ အထူးသဖြင့် ဆရာဖန်း သွန်းလုပ်သော လက်နက်များသည် အလွန် တန်ဖိုးကြီး၏။
“အမှိုက်ကောင် …”
ဝေရင်နု၏ မျက်လုံးများသည် အေးစက်သွားသည် “ဒီနေ့မှာ ငါ့ရဲ့ ရွှေနဂါးဓားကြီးကို မင်းသွေးနဲ့ ယစ်ပူဇော် ပစ်မယ်။”
“ဪ …”
ကျွင်းချောင်ရှောင်း ပြောရင်း အကျင့်အတိုင်း သူ၏ နှာခေါင်းအား ကုတ်လိုက်မိသည်။
ဝေရင်နု စိတ်ထဲတွင် ကျွင်းချောင်ရှောင်းအား အမှုန့်ကြိတ်ချင်စိတ်တွေ ဖြစ်ပေါ်လာသည်။ သူ တီးတိုးရေရွတ်လိုက်၏ “သည်းမခံနိုင်တော့ဘူး။ ငါ သည်းမခံနိုင်တော့ဘူး”
“ဝှစ် .. ဝှစ် …”
ဓားကြီး လှုပ်ယမ်းသွားချိန်မှာတော့ အားကောင်းလွန်းသော စိတ်ဝိညာဉ်စွမ်းအင်များ သည် နေရာအနှံ့သို့ ပြန့်နှံ့သွားသည်။
“အကြီးအကဲဝေ .. တိုက်ခိုက်တော့မယ်။”
“ဒီဓားက သာမာန်မဟုတ်ဘူး။ ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ်စွမ်းအင် နဲ့ ပေါင်းစပ်လိုက်ရင် သိုင်းတပည့် အဆင့်ကိုတောင် လွယ်လွယ်ကူကူ သတ်နိုင်တယ်”
“ဂိုဏ်းချုပ်ကျွင်းတော့ ဒုက္ခရောက်ပြီ”
…
ဝှစ် ..။
ဝေရင်နုသည် အေးစက်စက် ပြောလိုက်သည် “မင်း လက်နက်ကို ထုတ်လိုက်”
သေခြင်းရှင်ခြင်း စင်မြင့်တွင် လက်နက် နှင့် လက်နက်မဲ့ မတိုက်ခိုက်ရ ဆိုသော စည်းမျဉ်းရှိသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအား လက်နက် ထုတ်ယူရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
“ဒါ ပြိုင်ပွဲလေး တစ်ခုပဲလေ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “လက်သီးသုံးလိုက်ရင် ရနေတာကို ဘာလို့ ဓားတွေ ထုတ်သုံးနေမှာလဲ”
“……”
အားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားကြသည်။
ဂိုဏ်းချုပ်ကျွင်း … လက်နက် ထုတ် တိုက်ခိုက်တယ် ဆိုတာ မင်းကို လက်သီးချင်း ယှဉ်ချတာ မနိုင်လို့လေ။ ဘာလို့ သူက လက်သီးနဲ့ ဆက်တိုက်နေမှာလဲ။
“တော်စမ်း. ..”
ဝေရင်နု အော်ဟစ်လိုက်သည် “မင်း ရဲ့လက်နက်ကို ထုတ်ပြီး ငါနဲ့ တိုက်ခိုက်လိုက်စမ်း”
သူ ဒေါသထွက်လွန်းသောကြောင့် သွေးအန်တော့မလိုပင် ဖြစ်နေသည်။ သူ၏ ဒေါသတရားတွေ အား ဖြေလျော့နိုင်စေရန် သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်အား သတ်ဖြတ်မှ ဖြစ်မည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း လက်ကို မြှောက်လိုက်သည်။
ကလန်။
လုချင်းချင်းသည် သူမ၏ ဓားအား ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။
ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းပြီး ပြောလိုက်၏ “င့ါဆီမှာ ဓားရှိတယ်”
သူ့ဆီမှာ ဓားရှိတယ် ဟုတ်လား။
“ရွှီ …”
ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ဓားတစ်စင်း ပေါ်လာသည်။
ဓားအိမ်ပေါ်တွင် ပုလဲလုံးနှစ်လုံးဖြင့် အလှဆင်ထားပြီး နေရောက်အောက်မှာတော့ အပြာရောင် ဖျော့ဖျော့လေး တောက်လျက်ရှိနေသည်။
လုချင်းချင်း လေးလေးနက်နက် ပြောလိုက်သည် “ဒီဓားက သာမာန်ထက် ပိုတယ်”
“တောက် …..”
ဝေရင်နု သည် မဲ့ပြုံး ပြုံးလိုက်မိသည် “ဓားဆိုတာ ရန်သူကို သတ်ဖို့ပဲ။ ပုလဲတွေ ချိတ်ထားတယ် ဆိုတာ အလှပြချင်ရုံသက်သက်ပဲ”
ပွဲကြည့်နေကြသူအားလုံးကလည်း ထိုအချက်ကို သဘောတူကြသည်။
ဓားသည် ထက်မြနေရန်သာ လိုသည်။ ဓားအား အလှဆင်ထားသည်မှာ ဟန်ပြချင်ရုံသက်သက် သာ ဖြစ်လိမ့်မည်။
“လက်နက် ထုတ်လာပြီဆိုတော့ ငါ့ဓားအစွမ်းပြရသေးတာပေါ့”
ဝေရင်နုသည် လက်နှစ်ဖက် ဖြင့် ဓားအာ ကိုင်ပြီး ဓားအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။
“သဲကန္တာရ ဓားသိုင်း”
ဝေရင်နု၏ လက်မောင်းပေါ်ရှိ သွေးကြောများသည် ဖုဖောင်းလာသည်။ ရွှေနဂါးဓားသည် ကျွင်းချောင်ရှောင်း၏ ကိုယ်ပေါ်သို့ ကျဆင်းသွားသည်။
အကြီးအကဲဝေသည် ဆရာဖန်း သွန်းလုပ်ထားသော ဓားအား ထုတ်သုံးရုံတင် မကဘဲ အထူးဓားသိုင်း တစ်ခုအားလည်း တွဲဖက် အသုံးပြုခဲ့သည်။
အားလုံးက ကျွင်းချောင်ရှောင်းအား ကြည့်လိုက်မိ၏။
ဤမျှ အားကောင်းလှသော တိုက်ခိုက်ချက်အား မည်သို့ ကာကွယ်မည်နည်း။
ကလန် …။
ကိုးလှိုင်းဓားသိုင်း … မျက်စိတမှိတ်အတွင်း ကိုးလှိုင်းဓားသိုင်း၏ နဝမမြောက် သိုင်းကွက် ဖြစ်ပေါ်လာသည်။
ဝှစ် .. ဝှစ် ..။
ကလန်.
ဓားစွမ်းအင်များသည် ဝေရင်နုဆီသို့ ရောက်ရှိသွားသည်။
“ဒါက ….”
ဝေရင်နုသည်လည်း ပိုမို၍လေးနက်သွားသည်။ ချက်ချင်းဆိုသလိုပဲ ဓားကြီးအား သူ့ ခန္ဓာကိုယ် ရှေ့သို့ ပို့ဆောင်ကာ ကာကွယ်လိုက်၏။
“ဘန်း …”
ပြီးနောက် အားလုံးက ဂုဏ်ယူနေကြသော ဆရာဖန်း သွန်းလုပ်သည့် ဓားကြီးသည် ထက်ပိုင်း ပြတ်သွားတော့သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းဆီမှ ဓားစွမ်းအင်များသည် အရှိန်တန့်မသွားချေ။ ဓားကြီးအား ခုတ်ဖြတ်ပြီးနောက် ဝေရင်နု၏ ပခုံးဆီ ရောက်ရှိသွားတော့သည်။ ပြီးနောက် ဝေရင်နု၏ ညာဘက် လက်သည် လက်မောင်းရင်းမှ ပြတ်ထွက်ကာ စင်မြင့်ပေါ်သို့ ကျဆင်းသွားတော့သည်။
ရွှေနဂါးဓားအား ကိုင်ဆောင်ထားသော လက်သည် ပိုင်ရှင်မဲ့စွာနှင့် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် ကျလျက်ရှိ၏။
“အား …”
စင်မြင့်ပေါ်မှာတော့ နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာတော့သည်။