အခန်း(၂၁)
Vol. 2 Ch. 21
“ဒင် ….”
“တာဝန်ပြီးမြောက် …. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀ ကို ရရှိပါသည်။”
“ဒင် ….”
ဂိုဏ်းစုဆောင်းမှတ်- ၁၁၇ / ၁၀၀။
“ပိုလျှံနေသော စုဆောင်းမှတ်အားများ လက်ခံသူ အနေနဲ့ ၂၄ နာရီအတွင်း အသုံးပြုမှ ဖြစ်ပါမည်။ မဟုတ်လျှင် စုဆောင်းမှတ်အား အလိုအလျှောက် ဖယ်ရှားပစ်မှာ ဖြစ်သည်။”
…
ဝေရင်နု ဆိုးဆိုးရွားရွား ခံစားနေရတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် စနစ်ဆီမှ တာဝန်ပြည့်စုံသော သတိပေးချက် တစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
အထူးတာဝန် ဆိုသည့်အတိုင်း တာဝန်ပြည့်စုံပြီးနောက်တွင် စုဆောင်းမှတ် ၂၀ ကိုတောင် ရရှိခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားသည်။ သို့ပေမဲ့ စင်မြင့်ပေါ်ရှိ သွေးအလူးလူး နှင့် လူကို မြင်မိတော့ အန်ချင်စိတ်တွေ ပေါ်လာ၏။
ဝိညာဉ်ကူးပြောင်းရောက်ရှိလာသူ တစ်ယောက် ဖြစ်သောကြောင့် သူသည် ငယ်ရွယ်စဉ်ကတည်းက ကြက်ကလေး တစ်ကောင်ကိုပင် သတ်ဖြတ်ဖူးသူ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ယောက်၏ လက်အား ဖြတ်လိုက်မိသည့်အတွက် အသားကျရန် ခက်ခဲနေသည်မှာ သဘာဝပင် ဖြစ်တော့သည်။
“သူ ငါ့ကို သတ်ချင်တယ်။ ဒါကြောင့် သူ့လက်ကို ဖြတ်လိုက်တာ။ ဒါ ငါ မမှားဘူး”
ကျွင်းချောင်ရှောင်းသည် အကြောင်းရှာပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။ သူ့စိတ်တွေ ပြန်လည် လန်းဆန်းသွားသည်။
ရက်စက်လှသော ကမ္ဘာကြီးတွင် ကိုယ့်အား သတ်ဖြတ်ချင်သူအား သနားညှာတာနေပါက ကိုယ်သာလျှင် သေဆုံးသွားနိုင်၏။
လူတစ်ယောက်တွင် စည်းမျဉ်းရှိသင့်သည်။ သူ၏ စည်းမျဉ်းမှာ…
သူ့ကို ရန်မစလျှင် သူလည်း မည်သူ့ကိုမှ ဒုက္ခမပေးပေ။
သူ့အား ရန်စလျှင်တောင် သူလည်း ပြဿနာကြီးပြန်ပေးရပေလိမ့်မည်။
ကလန် ….။
ကျွင်းချောင်ရှောင်းသည် ဓားအား ဓားအိမ်ထဲ ပြန်သိမ်းလိုက်သည် “အကြီးအကဲဝေ .. ကျုပ်ကို အရှုံးပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဘုတ်. .။
ပြီးနောက် သူ စင်မြင့်ပေါ်မှ ခုန်ချလိုက်သည်။
“သွားကြစို့ …”
“ကောင်းပါပြီ”
လုချင်းချင်း ၊ လီချင်းယန် နှင့် တခြားသော ဂိုဏ်းသားများသည် ကျွင်းချောင်ရှောင်းနောက်မှ လိုက်ပါသွားကြ၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ ….”
“ဂိုဏ်းချုပ်ကျွင်းက စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် ရှိတဲ့ အကြီးအကဲဝေကို တကယ်ပဲ အနိုင်ယူလိုက်တာလား။”
ကျန်ရှိနေကြသော ပွဲကြိုက်ခင် ကျင့်ကြံသူများသည် တုန်လှုပ်နေရာမှ ပြန်လည် သတိဝင်လာကြသည်။
ဆရာဖန်း သွန်းလုပ်ထားသော လက်နက်အား ပိုင်းဖြတ်ခဲ့သည့်အပြင် ဓားကိုင်ထားသော အကြီးအကဲဝေ၏ လက်ကိုပါ ခုတ်ပိုင်းနိုင်ခဲ့သော ဓားအား ပြန်လည် မြင်ယောင်ရင်း သူတို့တွေ ကြက်သီးတွေပင် ထလာမိ၏။
တော်ဝင်ဓားဂိုဏ်း နှင့် ကျားဟိန်းသံဂိုဏ်းမှ တပည့်များသည် ကျွင်းချောင်ရှောင်းအား စိန်မခေါ်ခဲ့မိသည့်အတွက် ကံကောင်းသည်ဟု ခံစားမိလိုက်ကြသည်။
ကျင့်ကြံသူတစ်ယောက် က လေးလေးနက်နက် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းရဲ့ လက်နက် က သေမျိုးအဆင့် အဆင့်မြင့် လက်နက် တစ်ခု ဖြစ်နိုင်တယ်”
ထိုစကားကို အားလုံးက ထောက်ခံလိုက်ကြသည်။
ကျွင်းချောင်ရှောင်း အနေဖြင့် အကြီးအကဲဝေ အား ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ခြင်းအား သူတို့ ယုံကြည်ရန် ခက်ခဲလှသည်။ ထိုသို့ တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ ဓား၏ အစွမ်းကြောင့် ဖြစ်မည်ဟု အားလုံးက သုံးသပ်လိုက်မိကြ၏။
ထိုအရာသည် အမှန်ပင်ဖြစ်သည်။
အကြီးအကဲဝေ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့ရခြင်းမှာ စဦးအဆင့် အအေးဓားကြောင့်ပင် ဖြစ်လေသည်။
လမ်းလျှောက်နေသော ကျွင်းချောင်ရှောင်းသည် မယုံကြည်နိုင်သလို တွေးလိုက်မိ၏ “စဦးအဆင့် စတိုးထဲက စဦးလက်နက် က အဲလောက် အစွမ်းထက်နေလိမ့်မယ်လို့ ငါမထင်မိဘူး။”
ပထမဆုံးက သူ့အနေဖြင့် အအေးဓားသည် ရွှေနဂါးဓားကြီးထက် အနည်းငယ်လောက်သာ အားကောင်းလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့ အသုံးပြုပြီးနောက်မှာတော့ သူ အအေးဓားအား အထင်သေးခဲ့မိကြောင်း နားလည်ခဲ့ရ၏။
“ချင်းချင်း …”
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “ငါ့ဓားက မဆိုးဘူး မဟုတ်လား။”
“ဟုတ်ပါတယ်”
အလွန်အမင်းကောင်းမွန်သည့် ဓားတစ်လက် မဟုတ်လျှင်တောင်မှ လက်ခံနိုင်လောက်သော ဓားမျိုးဖြစ်သည်။ သို့ပေမဲ့ သူမ မျက်စိထဲတော့ မဝင်ချေ။
ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းကာ ပြောလိုက်သည် “ငါ့ သိုလှောင်လက်စွပ်ထဲမှာ အပိုတစ်ခု ရှိတယ်။ ငါ တစ်ခု ပေးရမလား”
အထူးတာဝန် ပြည့်စုံပြီးနောက်တွင် သူ၏ စုဆောင်းမှတ်သည် သတ်မှတ် ပမာဏထက် ပို၍ များပြားသွားခဲ့သည်။ ထို့ကြောင့် သူ သေခြင်းရှင်ခြင်း စင်မြင့်မှ ထွက်ခွာလာပြီးနောက်တွင် အအေးဓား တစ်ချောင်း ထပ်မံ လဲလှယ် ရယူခဲ့၏။
အားကောင်းလှသော လက်နက် ဖြစ်သော်လည်း သူ့အနေဖြင့် အသုံးပြုရန် ဓားတစ်ချောင်းရှိလျှင် လုံလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် ကျန်သော ဓားအား သူ့တပည့်ကို ပေးမှဖြစ်မည်။
လုချင်းချင်း အား အဘယ့်ကြောင့် ပထမဆုံး ပေးရန် ဆုံးဖြတ်ခဲ့သနည်း ဆိုတော့ သူမသည် သူ၏ ပထမဆုံး တပည့်ကြီး ဖြစ်နေသောကြောင့်ပင်။ ဒုတိယ အားဖြင့် တပည့်ကြီးဆီမှ ကျေးဇူးတင်မှုကို သူ လိုချင်မိသည်။
“မယူဘူး”
လုချင်းချင်းက ထူးမခြားနားသလို ပြောလိုက်သည်။
ဤမျှ အားကောင်းသောဓားအား ငြင်းပယ်ခြင်း ဆိုသည်မှာ သူမ ၏ ဦးခေါင်းထဲတွင် တစ်စုံတစ်ခု လွဲမှားနေသောကြောင့်ပင် ဖြစ်ရမည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် သူမ အား အတင်းကြီး တွန်းအား မပေးချေ။
“ဂိုဏ်းချုပ် …”
လီချင်းယန် ပြောလိုက်သည် “စီနီယာအစ်မ မလိုချင်ရင် ကျွန်တော် လိုချင်တယ်။”
သူ့တွင် သေမျိုးစဦးအဆင့် လက်နက် တစ်ခု ရှိသော်လည်း ဂိုဏ်းချုပ်၏ ဓားနှင့် ယှဉ်လျှင် အလွန်အမင်း ကွာခြားလှ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဂိုဏ်းကို ပြန်ရောက်ရင် ကြိုးစား.. မင်း အရာအားလုံးကို ရလိမ့်မယ်”
သူ့အနေဖြင့် လီချင်းယန်အား ချက်ချင်းကြီး ဓား ပေးရန် မစဉ်းစားထားချေ။ တပည့်သစ်များ အနေဖြင့် ကိုယ်တိုင်ကြိုးစားမှုတွေ ပြုလုပ်ပါမှ ဆုလဒ်တွေ ရရှိမည့် စနစ်တစ်ခုကို သူ ဖန်တီးထားချင်မိသည်။
သူ၏ ဂိုဏ်းသည် အလကားနေရင်း ပစ္စည်းများ ပေးဝေနေရအောင် အလှုဒါန ပြုလုပ်သည့် အဖွဲ့အစည်းလည်း မဟုတ်ချေ။
“နားလည်ပါပြီ”
လီချင်းယန် ပြောလိုက်သည် “တပည့် သေချာကြိုးစားပါ့မယ်”
“အင်း ….”
ကျွင်းချောင်ရှောင်း ခေါင်းညိတ်ပြီး နောက်မှ တပည့်များအား လှည့်ကြည့်လိုက်သည် “မင်းတို့ ဂိုဏ်းကို ရောက်ရင် မိဘတွေကို တွေ့ဖို့ ခက်ခဲလိမ့်မယ်။ ဒီတော့ အိမ်ကိုပြန်ပြီး နှုတ်ဆက်ကြပါ။ ဆယ်ရက်ကြာပြီးရင် ဂိုဏ်းဆီ လာသတင်းပို့ကြ”
….
ဤဂိုဏ်းခေါင်းဆောင်သည် အမှန်ပင် လူသားဆန်လှသည်။
“ကျေးဇူးပါ ဂိုဏ်းချုပ်”
တပည့်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသော်လည်း လီချင်းယန်သည် နေရာမှာ ရပ်လျက် ရှိသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “မင်း ဘာလို့ မပြန်သေးတာလဲ”
လီချင်းယန် ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည် “အဖေက ဂိုဏ်းချုပ်ရဲ့ လမ်းညွှန်မှုကို ရပြီးတဲ့နောက်မှာ တံခါးပိတ် ကျင့်ကြံနေမှာလေ။ ဒီတော့ပြန်သွားလည်း ဘာမှမထူးဘူး”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ဒါဆိုလည်း ငါနဲ့ ဂိုဏ်းကို အရင်လိုက်ခဲ့လေ။”
“ဂိုဏ်းချုပ်”
လီချင်းယန် လက်သီးဆုပ်ကာ ပြောလိုက်သည် “တပည့် မလျော်ညီတဲ့ တောင်းဆိုမှု တစ်ခုကို ပြုလုပ်ချင်ပါတယ်”
“ပြော …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လီချင်းယန်သည် ခဏလောက် တိတ်ဆိတ်သွား၏ ။ ပြီးနောက် “တပည့် တစ်စုံတစ်ယောက်ကို ဂိုဏ်းဆီ ခေါ်လာချင်ပါတယ်”
“ဘယ်သူလဲ”
“ကျွန်တော် နက်နက်ရှိုင်းရှိုင်း ချစ်မိနေသူပါ”
“မိန်းမ တစ်ယောက်လား”
ဂိုဏ်းချုပ် …. မိန်းမ မဟုတ်လို့ ကျွန်တော်က ယောကျာ်းကြီးကို နက်နက်ရှိုင်းရှိုင်း ချစ်ရမှာလား။
လီချင်းယန် ဂိုဏ်းချုပ်၏ ပြန်လည် မေးမြန်းသည့် မေးခွန်းအတွက် ဆွံ့အသွားမိသော်လည်း ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည် “ဟုတ်ပါတယ်။ သာမာန် ပင်ကိုယ် ပါရမီ နဲ့ ဆင်းရဲတဲ့ မိသားစု က မိန်းကလေး တစ်ယောက်ပါ”
ဆင်းရဲသည့် မိသားစုမှ မိန်းကလေး ဖြစ်ပြီး သာမာန် ပင်ကိုယ်ပါရမီသာ ပါလာသည်။ ထိုသို့သော မိန်းကလေး မျိုးသည် ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင် နှင့် လိုက်ဖက်ညီပါမည်လား။
ကျွင်းချောင်ရှောင်း တစ်စုံတစ်ခုကို နားလည်သွားသည် “ငါတို့ သံမဏိအရိုးဂိုဏ်းကို ဝင်ရတဲ့ မင်းရဲ့ နောက်ထပ် အကြောင်းပြချက် တစ်ခုပေါ့”
“ဟုတ်ပါတယ်”
လီချင်းယန် မငြင်းချေ။
ကျွင်းချောင်ရှောင်း မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်သည်။ ပြီးနောက် ပြောလိုက်၏ “ဒီဂိုဏ်းက အခုမှ စပြီး တည်ထောင်သလိုပဲ။ ဒီတော့ ဂိုဏ်းရဲ့ ဝေယျာဝစ္စတွေကို ပြုလုပ်ဖို့ လူလိုအပ်တယ်။ သူမကို ငါတို့ နဲ့ ခေါ်ခဲ့လိုက်”
“ကျေးဇူးပါ ဂိုဏ်းချုပ်”
လီချင်းယန် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
သူ တောင်ပြာဂိုဏ်းအား ငြင်းပယ်ခဲ့ခြင်းသည် သူ့အတွက် သာမာန်ပင်ကိုယ်ပါရမီသာ ရှိသော မိန်းကလေး အား ဂိုဏ်းအတွင်း ဝင်ခွင့်ပေးအပ်မည် မထင်သောကြောင့် ဖြစ်၏။
သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်ရန် စဉ်းစားခဲ့သည့် အချက်နှစ်ချက် ရှိခဲ့သည်။ တစ်ခုမှ အစွမ်းထက်လှသော ဆေးလုံးကြောင့် ဖြစ်ပြီး နောက်တစ်ခုမှာ သူ့အတွက် တခြားသော မိန်းကလေးအား ဂိုဏ်းထဲ ဝင်ခွင့်ပြုမည် ထင်မှတ်သောကြောင့် ဖြစ်သည်။
“ဒါပေမဲ့ …”
ကျွင်းချောင်ရှောင်း ရှေ့သို့ တိုးကာ တီးတိုးပြောလိုက်သည် “အသက် ဆယ့်ခြောက်နှစ် နဲ့ ရည်းစားရနေတာ မစောဘူးလား”
လီချင်းယန် ပြောလိုက်သည် “ဂိုဏ်းချုပ် … ကျွန်တော့်ထက် နှစ်ဝက်ငယ်တဲ့ ဝမ်းကွဲ ညီလေးဆို လက်ထပ်လို့ ကလေးတောင် ရနေပါပြီ”
ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားမိသည်။
လက်ထပ်ခြင်း က လက်ခံနိုင်သည့် ကိစ္စဆိုသော်လည်း ဤမျှ ငယ်ရွယ်သော အသက်အရွယ်တွင် အဘယ့်ကြောင့် ကလေးယူရသနည်း။
လီချင်းယန် အံ့အားတသင့်နှင့် ပြောလိုက်သည် “ဂိုဏ်းချုပ် .. အသက် ဆယ့်လေးနှစ်ပြည့်ရင် လက်ထပ်ပြီး ကလေးယူလို့ရတယ် ဆိုတာ မသိဘူးလား။”
“အဟွတ် .. အဟွတ် …”
ကျွင်းချောင်ရှောင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ နှင့် ပြောလိုက်သည် “အင်း . သိတာပေါ့”
သူ စိတ်ထဲကနေ နာနာကျင်ကျင် နှင့် တွေးလိုက်မိသည် “ဆယ့်လေးနှစ်နဲ့ ကလေးတောင် ယူလို့ရတာကို မူလ လက်ဟောင်း ချောင်ရှောင်းကောင် က ဘာလို့ တစ်ကိုယ်တည်းဖြစ်နေရတာလဲ။ နောက် နှစ်လဆို ငါ ဆယ့်ရှစ်နှစ် ပြည့်တော့မှာကို”
….
“ဂိုဏ်းချုပ် .. ကျွန်တော် သူမကို သွားခေါ်လိုက်မယ်”
“ကောင်းပြီ။ သွား”
လီချင်းယန်သည် ထွက်ခွာသွားပြီးနောက် မကြာမီမှာပဲ လက်ထဲတွင် စာတစ်စောင် ကိုင်ကာ မှိုင်တွေတွေ နှင့် ပြန်ရောက်လာသည်။
“ကောင်မလေးက ဘယ်မှာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
လီချင်းယန် ခေါင်းငုံ့ကာ နာနာကျင်ကျင် ပြောလိုက်၏ “သူမ ကြောင့် ကျွန်တော့်ရဲ့ အနာဂတ်ကို မထိခိုက်စေချင်လို့ ထွက်သွားပြီ။ စာပဲ ချန်ခဲ့တယ်။”
ကျွင်းချောင်ရှောင်း “မင်းပြောသလိုဆိုရင် သူမက ဆင်းရဲပြီး ပါရမီကလည်း သာမာန်ပဲလေ။ ဒီတော့ အဲလို ထွက်ခွာသွားခြင်းကသာ အကောင်းဆုံး အဆုံးသတ်ဖြစ်မယ်လို့ တွေးခဲ့တာ ဖြစ်မှာပေါ့”
“ဂိုဏ်းချုပ်”
လီချင်းယန် ခေါင်းမော့လာသည် “သူမ က ကျွန်တော်နဲ့ မလိုက်ဖက်ဘူးလို့ ဂိုဏ်းချုပ်ရော ထင်လား”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ငါတင် ထင်တာ မဟုတ်ဘူး။ တခြားသူတွေလည်း အဲလို ထင်မှာပဲလေ။”
လီချင်းယန်သည် လက်ထဲမှ စာအား တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည် “ကျွန်တော် အားကောင်းလာတဲ့ တစ်နေ့မှာ သူမကို ရှာမယ်။ ပြီးတော့ ကျွန်တော် လီချင်းယန်က တစ်လောကလုံးမှာ သူမနဲ့ အလိုက်ဖက်ဆုံး လူ ဖြစ်ကြောင်း အော်ပြောမယ်။ သူမက ကျွန်တော်နဲ့ လိုက်ဖက် မညီတာ မဟုတ်ဘူး။ ကျွန်တော်က သူမ နဲ့ လိုက်ဖက် မညီခဲ့တာဖြစ်ကြောင်း တစ်လောကလုံးကို သိစေရမယ်။”
“ကောင်းတယ်”
ကျွင်းချောင်ရှောင်း ချီးကျူးလိုက်မိသည်။
လီချင်းယန်သည် ပါရမီရှိသည်။ သို့ပေမဲ့ သူ၏ ပါရမီကို ဂရုမစိုက်ဘဲ ဆင်းရဲသော မိန်းကလေးအား ချစ်မြတ်နိုးခဲ့သည်။ ထိုအရာသည် တန်ဖိုးကြီးလှသော မေတ္တာတရားပင်ဖြစ်၏။
လုချင်းချင်း က အချိန်ကိုက် ဝင်ပြောလိုက်သည် “နောက်ထပ် အရူးတစ်ယောက် ထပ်ပေါ်လာတာပဲ”
ကျွင်းချောင်ရှောင်း “……..”
ဤ မိန်းကလေးသည် သူမ၏ ဂိုဏ်းချုပ်ကို ရင်နာအောင် မည်သို့ ပြုလုပ်ရမည်ကို သိရှိသကဲ့သို့ သူမ ၏ ဂျုနီယာ မောင်လေးကိုလည်း မည်သို့ ရင်နာအောင် ပြောဆိုရမည်ကို သိရှိနေလေသည်။