အခန်း (၂၂)
Vol. 2 Ch. 22
“ဘာ…. လီချင်းယန်က သံမဏိအရိုးဂိုဏ်းဆီ ဝင်သွားတယ် ဟုတ်လား။”
“ဘာ … သံမဏိအရိုဂိုဏ်းခေါင်းဆောင် က တောင်ပြာဂိုဏ်းအကြီးအကဲကို ကျင့်ကြံခြင်းနည်းစနစ် နဲ့ပတ်သက်ပြီး လမ်းညွှန်ပေးခဲ့တယ် ဟုတ်လား”
“ဘာ … စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အကြီးအကဲ လက်ဖြတ်ခံလိုက်ရတယ်လား”
မျက်စိနှင့် မမြင်လိုက်ရဘဲ သူများပြောတာကို ပြန်ကြားလိုက်ကြသော ကျင့်ကြံသူ တစ်ချို့သည် အံ့အားသင့်မိသွားကြသည်။
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတွင် ကျွင်းချောင်ရှောင်း ပြုလုပ်ခဲ့သော အရာသုံးခုသည် အားလုံးသော ကျင့်ကြံသူတွေအတွက် အံ့အားသင့်စရာတွေကြီးပဲ ဖြစ်နေတော့၏။
ကျွင်းချောင်ရှောင်း တစ်ယောက် လီချင်းယန် နှင့် လုချင်းချင်းတို့အား ခေါ်၍ ပြန်သွားချိန်မှာတော့ ချင်းယန်မြို့ထဲတွင် ပွဲဆူ၍ ကျန်ရစ်ခဲ့တော့သည်။
“မဖြစ်နိုင်ဘူး”
“အမှိုက်ဂိုဏ်း က ဘယ်လိုကြောင့် စွယ်စုံရတဲ့ ဂိုဏ်းချုပ် ရှိနေတာလဲ”
“ကောလဟာလ တွေ မဟုတ်လား”
“ကောလဟာလ မဟုတ်ဘူး။ အမှန်တွေ။ ငါ့မျက်စိနဲ့ သေချာမြင်ခဲ့တာ”
“ဒါကြီးက မဖြစ်နိုင်ပါဘူး”
“သံမဏိအရိုးဂိုဏ်းခေါင်းဆောင် က အကြီးအကဲဝေ ရဲ့ လက်ကို ဖြတ်လိုက်တယ်။ ဒါက စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်းကို ပြဿနာရှာလိုက်တာနဲ့ တူတူပဲ မဟုတ်လား။”
“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက ဒီကိစ္စကို ကျေနပ်မှာ မဟုတ်ဘူး။ မကြာခင် လူတွေခေါ်ပြီး သံမဏိအရိုးဂိုဏ်း ဆီ လိုက်သွားလိမ့်မယ်။”
အားလုံးစိတ်ပူနေကြသလို ထိုကိစ္စနှင့် ပတ်သက်ပြီး ကျွင်းချောင်ရှောင်းသည်လည်း စိတ်ပူမိသည်။
သို့ပေမဲ့ သူ့တွင် စုဆောင်းမှတ် ၉၇ မှတ် ရှိနေသေးသည်ကို တွေးမိတော့ အကြောက်အလန့်ကင်းနေမိ၏ “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသာ လိုက်လာရဲတယ် ဆိုရင် အားလုံးကို ဒုက္ခပေးပစ်မယ်”
သူ အဘယ့်ကြောင့် ဝိညာဉ်ကူးပြောင်းရောက်ရှိလာသည်ကို မသိရှိသော်လည်း ရောက်ရှိလာပြီးနောက်မှာတော့ တခြားသူများ၏ အနိုင်ကျင့်မှုကို သည်းခံရန် စိတ်မကူးချေ။
အမှန်အတိုင်း ပြောရလျှင် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသားများ သူ့ဆီသို့ လိုက်လာစေရန်ပင် ဆုတောင်းနေမိသည်။ ထိုမှသာ သူ၏ ဂိုဏ်းဂုဏ်သိက္ခာကို မြင့်တင်၍ရမည် မဟုတ်လား။ သူ၏ ဂိုဏ်းသည် လာရှုပ်၍ မရသော ဂိုဏ်းဖြစ်ကြောင်း တလောကလုံး သိအောင် သက်သေပြလိုက်မည်။
….
ဆွေးမြေ့နေသော ဂိုဏ်း၏ ဝင်ပေါက် သစ်သားတံခါး နှစ်ရွက်သည် လေနှင့်အတူ လှုပ်ယမ်းလျက်ရှိသည်။ အချိန်မရွေး ပြုတ်ကျတော့မလိုပင်။
လီချင်းယန်သည် တံခါးနှင့် ဆယ်မီတာ အဝေးတွင် ရပ်၍ အချိန်မရွေး ပြိုကျသွားနိုင်သော ဂိုဏ်းအဆောက်အအုံ အား ကြည့်လိုက်သည်။ပြီးနောက် တံခါး၏ အပေါ်တွင် ချိတ်ဆွဲ ထားသော ခနော်ခနဲ့ ဆိုင်းဘုတ်ကြီးအား မော့ကြည့်လိုက်မိ၏။ သူ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ရင်သွားသည် “ဂိုဏ်းချုပ် .. ဂိုဏ်းကနေ ထွက်လို့ရသေးလားး”
“အရမ်း နောက်ကျသွားပြီ”
ကျွင်းချောင်ရှောင်း ရင်နာနာနှင့် ပြောလိုက်သည်။
လူကြီးမင်းတို့ .. ဒါ သံမဏီအရိုးဂိုဏ်းပါ။
နှစ်တစ်ရာအတွင်း တလောကလုံးမှာ ပြိုင်စံရှားဂိုဏ်း ဖြစ်ရမယ့်အပြင် ဂိုဏ်းသား တစ်သိန်းကိုပါ စုဆောင်းရမယ့် ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းကြီးပဲ ဖြစ်တယ်။
“ဟေး ..ဟေး.. ဟေး…”
အသက်သုံးနှစ် အရွယ်ရှိသော ကိုယ်တုံးလုံး နှင့် ကလေးတစ်ယောက်သည် ဘယ်ကရောက်လာမှန်းမသိဘဲ ဂိုဏ်း၏ တံခါးပေါက်ဝ နားတွင် ပေါ်လာသည်။ ကလေးသည် လက်တစ်ဖက် နှင့် သူ၏ ဂျိုးအား အသာကိုင်ကာ တံခါးအား သေးဖြင့် ပန်းတော့သည်။
“အား….”
ကျွင်းချောင်ရှောင်း သူ၏ ဓားအား ဆွဲထုတ်ကာ အော်ဟစ်လိုက်သည် “ခွေးကောင်လေး .. ငါ့ရဲ့ ဂိုဏ်းရှေ့မှာ သေးလာပေါက်ရဲတယ် ဟုတ်လား။ ငါ မင်းရဲ့ ဂွေးကို ဖြတ်ပစ်မယ်”
“ဂိုဏ်းချုပ် .. စိတ်ထိန်းပါ။ စိတ်ထိန်းပါ။”
လီချင်းယန်သည် မြန်မြန်ပဲ ဂိုဏ်းချုပ်အား ဖမ်းဆွဲလိုက်သည်။ ဂိုဏ်းချုပ်သည် ကလေးအား တကယ်ပဲ ဂွေးဖြတ်တော့မည့် ပုံစံမျိုး ပေါက်နေ၏။
“ဝါး ….”
သုံးနှစ်ကလေးလေးသည် ကြောက်လန့်လွန်းသောကြောင့် စတင်၍ ငိုယိုတော့သည်။ ကလေးသည် ဖင်လေး လိမ်ကျစ်လိမ်ကျစ် ဖြင့် အော်ပြေးတော့၏ “အမေ …. ကုန်းရှန့် (ခွေးပိုကြီး) သားကို အနိုင်ကျင့်နေတယ်။”
“အား…..”
ကျွင်းချောင်ရှောင်း အော်ဟစ်လိုက်သည် “ခွေးကောင်လေး .. ငါ့ကို ကုန်းရှန့်လို ခေါ်ပြန်ပြီလား။ ငါ မင်းကို သတ်မယ်”
“ဂိုဏ်းချုပ် … ဂိုဏ်းချုပ် .. စိတ်ထိန်းပါ။ စိတ်ထိန်းပါ။”
လီချင်းယန်သည် အားကုန်သုံးပြီး ဂိုဏ်းချုပ် အား ထိန်းထားလိုက်ရ၏။
“ဟူး…..”
ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှုပြီး ကိုယ်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည် “ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့ ငါ သုံးနှစ်သားလေး နဲ့ ရန်ဖြစ်လို့ မရဘူး။”
သူ၏ အင်္ကျိလက်ကို ဟန်ပါပါနှင့် ခါယမ်းပြီး ပြောလိုက်သည် “အထဲ ဝင်စို့”
ဘုန်း ..။
တံခါးဆီသို့ လျှောက်သွားတုန်းမှာပဲ ဆင်ဝင်အထက်ရှိ သံမဏိအရိုးဂိုဏ်း ဆိုသော သစ်သား ဆိုင်းဘုတ်ကြီးသည် သူ၏ ခေါင်းပေါ်သို့ ပြုတ်ကျလာတော့သည်။
လီချင်းယန် “………”
လုချင်းချင်း “…….”
“အား .. ငါ အားလုံးကို ရိုက်ခွဲပစ်မယ်”
“ဂိုဏ်းချုပ် စိတ်ထိန်းပါ။ စိတ်ထိန်းပါ ။ ဒါ ကျွန်တော်တို့ဂိုဏ်းရဲ့ ဆိုင်းဘုတ်ကြီးပါ။ ခွင့်လွှတ်ပေးလိုက်ပါ ဂိုဏ်းချုပ်”
……
“ငါတို့ဂိုဏ်း ပိုပြီး တိုးတက်လာဖို့ ဆိုရင် ဂိုဏ်းရဲ့ အဆောက်အအုံတွေကို အရင်ဆုံး ပြန်ပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ရမယ်။ ကျိုးနေတဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေကို ပြင်ရမယ်။ အသစ်လဲတန်ရာ လဲရမယ်”
ဂိုဏ်းဟောခန်း၏ ထိပ်ဆုံးခုံတွင်ထိုင်ရင်း ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။
ချင်းယန်မြို့သို့ ခရီးထွက်လိုက်ခြင်းသည် သူ့အား လူချမ်းသာတစ်ယောက် အဖြစ်သို့ ရောက်ရှိသွားစေသည်။ ထို့ကြောင့်သူ့အနေနဲ့ ပထမဆုံး ဂိုဏ်းကို ပြန်ပြီးတည်ဆောက်ရမည်။ ဒါမှ လူရိုသေ၊ ရှင်ရိုသေ ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ် …”
လီချင်းယန် သတိပေးလိုက်သည် “ဂိုဏ်းချုပ် ခေါင်းမှာ သွေးတွေ ထွက်နေတုန်းပဲ”
“ရတယ်။ အဆင်ပြေတယ်”
ကျွင်းချောင်ရှောင်းသည် သစ်သားဆိုင်းဘုတ်ဖြင့် ရိုက်မိ၍ ဖြစ်ပေါ်ခဲ့သော အနာအား လက်နှင့် အသာပုတ်၍ ပြောလိုက်သည် “ဒါတွေကို မင်းဆက်လုပ်ဖို့ တာဝန်ယူလိုက်”
“ကောင်းပါပြီ” လီချင်းယန် ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း ငွေလွှဲစာချုပ် အနည်းငယ်အား ယူ၍ လက်တုန်ုတုန်ယင်ယင် ဖြင့် ပေးလိုက်သည် “ငါ နည်းနည်းမူးနေတယ်။ သွားပြီး အနားယူလိုက်အုံးမယ်”
……
သံမဏီအရိုးဂိုဏ်းသည် ချင်းယန်ရွာငယ်လေး၏ အနီးရှိ တောင်တစ်ခု ပေါ်တွင် တည်ရှိသည်။ ဂိုဏ်းချုပ်ဝမ် သေဆုံးပြီးနောက်တွင် တစ်ချို့သော ကလေးများ လာဆော့လေ့ရှိသည်က လွဲ၍ ရွာသူရွာသားများသည် တောင်ပေါ်သို့ လာလေ့လာထ သိပ်မရှိကြချေ။
သို့ပေမဲ့ ဤရက်ပိုင်းအတွင်း ချင်းယန်ရွာမှ လက်သမားများသည် တောင်ပေါ်သို့ ပစ္စည်းပစ္စယတွေ သယ်ကာ တက်သွားကြသည်ကို အားလုံးမြင်နေရသည်။
“သံမဏိအရိုးဂိုဏ်း ပြန်ပြီး ပြင်နေတာလား”
“ကုန်းရှန့် .. အဲကောင်လေး ချမ်းသာသွားပြီလား”
“မဖြစ်နိုင်ဘူး။ ဟိုတလောကတင် အဒေါ်ဝမ် အိမ်ကိုသွားပြီး ခေါက်ဆွဲတောင်းစား သေးတယ် မဟုတ်လား။ အခု ဘယ်လိုလုပ် ချမ်းသာသွားနိုင်မှာလဲ”
“သွားကြည့်ရအောင်”
ရွာသူရွာသားများသည် သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ စသဖြင့် စုဝေးကာ သံမဏိအရိုးဂိုဏ်း သို့ လာကြည့်ကြသည်။ သို့ပေမဲ့ ဝင်ပေါက်ဝ မှာတော့ လုချင်းချင်း က ရပ်လျက်ရှိနေ၏ “ကျွန်မတို့ဂိုဏ်းကို ပြန်ြ့ပင်နေတယ်။ ဂိုဏ်းသား မဟုတ်တဲ့သူတွေကို အထဲဝင်ခွင့်မပေးဘူး”
“မိန်းကလေး”
ရွာသားတစ်ယောက်က ပြုံးကာ ပြောလိုက်သည် “ငါတို့က တောင်ခြေပါ။ ကုန်းရှန့် ….”
“ရွှမ် …”
လုချင်းချင်းသည် ဓားအား ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည် “သူ့ရဲ့ နာမည်ပြောင်ကို ခေါ်တဲ့သူကို သတ်ပစ်ဖို့ ဂိုဏ်းချုပ် က အမိန့်ပေးထားတယ်။”
ထိုအချိန်မှာတော့ ရွာသူရွာသားများသည် ချက်ချင်းပဲ အသီးအသီး လှည့်ပြေးကာ ပျောက်ကွယ်သွားကြတော့သည်။
လုချင်းချင်းသည် ဓားအား ပြန်သိမ်းပြီး တီးတိုးရေရွတ်လိုက်သည် “ကုန်းရှန့် ဆိုတဲ့ နာမည်က ကျွင်းချောင်ရှောင်းထက် ပိုပြိး ခေါ်လို့ကောင်းတာကို ။ ဂိုဏ်းချုပ် ဘာလို့ မကြိုက်တာလဲ မသိဘူး”
….
ဂိုဏ်းပြုပြင်ခြင်း ကိစ္စများအား လီချင်းယန်က တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။
ဂိုဏ်းချုပ်ကျွင်းသည် သူ၏ အခန်းထဲတွင် ခြေချိတ်ထိုင်လျက်ရှိပြီး တွေးတွေးဆဆ ဖြင့် ပြောလိုက်သည် “ဂိုဏ်းအဆောက်အအုံတွေ ပိုပြီး တိုးတက်လာဖို့ တပည့်တွေ လက်ခံဖို့ လိုသေးတယ်။ ဒါပေမဲ့ တပည့် လက်ခံနိုင်မှုကလည်း ပြည့်နေပြီ”
သူ စနစ်ကို ဖွင့်ပြီး ကြည့်လိုက်တော့ ဂိုဏ်းအတွက် တာဝန် ဆိုသည်ကို မမြင်ရချေ။ ထို့ကြောင့် စနစ် အား မေးလိုက်သည် “စနစ် … ဂိုဏ်းရဲ့ တာဝန် ဆိုတာက ဘယ်အချိန်မှာ ပေါ်လာမှာလဲ”
စနစ် “စောင့်အုံး”
“……….” ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။ သူ လိုအပ်သည့်အရာတစ်ခုခု ရှိမလား ဆိုသည်ကို သိချင်သောကြောင့် စနစ်၏ ကုန်သွယ်စတိုး ကို ဖွင့်လိုက်သည်။
သူ့တွင် သိုင်းနည်းစနစ်နှင့်လက်နက်လည်း ရှိသည်။ ထို့ကြောင့် အချိန်အတိုင်းအတာ တစ်ခုထိ ဘာမှ မလိုအပ်သေးချေ။
မှားတယ်။
သူ အဆင့်တက်ရန် လိုအပ်နေသေးသည်။
အဆင့်ငါး စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရပ်တည်၍ မရနိုင်ကြောင်း ကျွင်းချောင်ရှောင်း သိရှိပြီးဖြစ်သည်။ထို့ကြောင့် လက်ရှိတွင် အရေးကြီးဆုံး ကိစ္စမှာ သူ၏ အဆင့် တိုးတက်လာဖို့ပင်။
“အသိအမြင်အဆောင်လေး ဘာလေး ရှိအုံးမလား။”
သူ ရှာဖွေကြည့်လိုက်ပေမဲ့ မတွေ့ရှိချေ။ ထို့ကြောင့် အိပ်ရာထဲ လှဲပြီး ဒဏ်ရာ ရှိနေသော ဦးခေါင်းအား အသာပွတ်ပြီး ပြောလိုက်သည် “ငါ တခြားကျင့်ကြံသူတွေလို ကျင့်ကြံခြင်းအဆင့်တက်ဖို့ တန်ခိုးကျင့်တာကို ဦးစားပေးရမှာလား”
မဖြစ်နိုင်ပေ။ ထိုသို့ပြုလုပ်လျှင် အလွန်ကြာမြင့်လိမ့်မည်။
ထို့အပြင် သူ၏ ပင်ကို ပါရမီသည် သာမာန်သာဖြစ်၏။ အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ်လည်း မရှိသောကြောင့် သိုင်းတပည့်အဆင့် ရောက်ရန်ပင် အလွန်ခက်ခဲမှာ သေချာသည်။
“အမှန်ပဲ”
ကျွင်းချောင်ရှောင်း သူ၏ နဖူးကို လက်နှင့် အသာပုတ်လိုက်သည်။ ခေါင်းမှ သွေးတွေပင် ပြန်၍ ထွက်လာ၏ “ငါ့ရဲ့ ပင်ကိုယ်ပါရမီကို ပြောင်းပစ်ရမယ်။”
သူ စနစ်ကို ပြန်ဖွင့်ပြီး စဦးကုန်သွယ်စတိုးထဲ ဝင်လိုက်သည်။ ပြီးနောက် ရှာကြည့်လိုက်တော့ ပင်ကိုယ်ပါရမီ ပြောင်းလဲခြင်း ဆေးရည် ဆိုသော အရာအား မြင်လိုက်ရ၏။
သူ အသေးစိတ်အချက်အလက်များအား ဖတ်ကြည့်လိုက်သည်။
“အရာဝတ္တု - ပင်ကိုယ်ပါရမီ ပြောင်းလဲခြင်း ဆေးရည်”
“အစွမ်းသက်ရောက်မှု - တစ်စုံတစ်ယောက်၏ ပါရမီကို အဆင့်တစ်ခုထိ တိုးတက်သွားစေသည်။ မှတ်ချက် - ပင်ကိုယ်ပါရမီ နည်းပါးသူသာ အသုံးပြုနိုင်သည်။”
“အစွမ်သက်ရောက်မှု - တစ်သက်တာ”
“ဈေးနှုန်း - စုဆောင်းမှတ် ၅၀ မှတ်”
“ငါးဆယ် မှတ်တောင်လား”
ကျွင်းချောင်ရှောင်း သေချာကြည့်လိုက်တော့ စုဆောင်းမှတ် ငါးဆယ် ဆိုသည်မှာ သေချာကြောင်း တွေ့လိုက်ရ၏ “ပင်ကိုယ်ပါရမီ ပြောင်းလဲခြင်း ဆေးရည်က အဲလောက်တောင် ဈေးကြီးတာလား။ ဘာပဲဖြစ်ဖြစ် ပင်ကိုယ် ပါရမီ ဆိုတာက ကျင့်ကြံသူ တစ်ယောက်ရဲ့ ကျင့်ကြံမှုနှုန်းထားကို ပိုပြီး မြန်ဆန်စေတယ်။ ဈေးကြီးသင့်တာပေါ့”
ကျွင်းချောင်ရှောင်း နှောင့်နှေးမနေဘဲ ချက်ချင်း ဝယ်ယူလိုက်တော့သည်။
“ဒင် ….”
“လက်ခံသူသည် စုဆောင်းမှတ် ၅၀ မှတ် နှင့် ပင်ကိုယ်ပါရမီ ပြောင်းလဲခြင်း ဆေးရည်တစ်ပုလင်းအား လဲလှယ်ခဲ့သည်။ သိုလှောင်လက်စွပ် ဆီသို့ ပို့ဆောင်လိုက်သည်”
“ဒင် …..”
“ဂိုဏ်းစုဆောင်းမှတ် - ၄၇ / ၁၀၀”