အခန်း (၂၄)
Vol. 2 Ch. 24
ကျွင်းချောင်ရှောင်း စုဆောင်းထားသော စုဆောင်းမှတ်၉၇ မှတ်သည် တစ်ညအတွင်း ပြောင်ရှင်းသွားခဲ့သည်။
သူ့တွင် ရွေးချယ်စရာမရှိချေ။ ဤကမ္ဘာသို့ရောက်ရှိလာပြီးနောက် သူသည် ပို၍ အားကောင်းလာချင်သည်။ ထို့ကြောင့် ပေးဆပ်ရမှာတွေလည်း ရှိသည် မဟုတ်လား။
“ပြီးရင် ဂိုဏ်းတာဝန် ဆိုတာ ပေါ်လာတာကို စောင့်ရမယ်။ ပြီးရင် ဂိုဏ်းအဆောက်အုံ ပိုပြီး တိုးတက်လာအော် စုဆောင်းမှတ်တွေ ရှာရမယ်”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။
လက်ရှိတွင် သီးခြားတာဝန်တွေ မရှိသလို ဖွက်ထားသော တာဝန်များလည်း ဘယ်အချိန်မှ ပေါ်လာမည် ဆိုသည်ကို သူ မသိရှိချေ။
လက်ရှိအချိန်တွင် သူသည် ဂိုဏ်းသားအရေအတွက် ပိုမို တိုး၍ ရစေရန် ဂိုဏ်းအဆောက်အအုံ အား မြင့်တင်ရန် စဉ်းစားမိနေ၏။
“ဂိုဏ်းချုပ် ….”
လီချင်းယန် လျှောက်လာပြးပြောလိုက်သည် “ပိုက်ဆံမရှိတော့ဘူး”
“ပိုက်ဆံ မရှိတော့ပြန်ဘူးလား”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားသည်။
ဤအကောင်သည် ပိုက်ဆံမည်သို့ သုံးရမည်ကိုသာ ကောင်းကောင်းနားလည်သည်။ မည်သို့ ချွေတာရမည် ဆိုသည့်အကြောင်းအား နည်းနည်းလေးမှ စိတ်ဝင်စားပုံမရချေ။
လီချင်းယန် ပြောလိုက်သည် “ဂိုဏ်းချုပ် .. ဂိုဏ်းက အိုဟောင်းနေပြီ။ ပြန်ပြင်ရတာက အသစ်ပြန်ဆောက်တာနဲ့ ဘာမှမထူတော့ဘူး။ ဒီတော့ ပိုက်ဆံ ကုန်တာပေါ့”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ငွေလွှဲစာချုပ် အနည်းငယ်ကို ထုတ်ယူကာ ပစ်ပေးလိုက်သည် “သုံးရက်အတွင်း မင်းရဲ့ ဂျုနီယာတွေ လာတော့မယ်။ မင်း အဲအတောအတွင်း ပြီးနိုင်လား”
လီချင်းယန် ပြောလိုက်သည် “ပြဿနာမရှိပါဘူး”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် လက်ကို ခါယမ်းပြီး ပြောလိုက်သည် “ဒါဆို မင်းအလုပ်မင်း သွားလုပ်တော့”
လီချင်းယန် နှုတ်ဆက်ကာ ပြန်သွားသည်။ သူသည် ခြံဝန်းထဲတွင် ခြေချိတ်ထိုင်ပြီး တန်ခိုးစကျင့်လိုက်သည်။
စုဆောင်းမှတ်များ မရှိသောကြောင့် သူသည် ပုံမှန်အတိုင်း ကျင့်ကြံရန် နည်းလမ်းသာ ရှိတော့သည်။
သို့ပေမဲ့ တစ်ရက်ကုန်လွန်ပြီးသည့်နောက်မှာတော့ သူ၏ ဒန်ထျန်ထဲတွင် စီတ်ဝိညာဉ်စွမ်းအင် အနည်းငယ်သာ တိုးလာကြောင်း သူ ခံစားမိသည်။ ထို့ကြောင့် သူသာ ကျင့်ကြံခြင်းအဆင့် မြင့်လာလျှင် မရီဒန်တွေ ဖွင့်ဖို့ ပိုင ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်လိုက်မိ၏။
“ဟင်း ..”
သူ သက်ပြင်းချလိုက်သည် “စုဆောင်းမှတ်တွေ အကန့်အသတ်မဲ့ ရနေရင် ဘယ်လောက် ကောင်းလိုက်မလဲ”
…
နောက်တစ်ရက် …
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံတာကို ရပ်တန့်လိုက်သည် ။ သူ မတ်တပ်ရပ်ပြီး အတွင်းခြံဝန်းထဲမှ တဆင့် အပြင်ဘက် ခြံဝန်းဆီသို့ လျှောက်လိုက်၏။
ဤအတောအတွင်း သူသည် တောက်လျှောက် ကျင့်ကြံနေခဲ့သည်။ နေ့စဉ် ငွေထုတ်ပေးသည့်အလုပ်မှလွဲ၍ တခြားသော ဂိုဏ်း၏ ပြင်ဆင်မှု အခြေအနေများအား မမေးမိချေ။
သံမဏိအရိုးဂိုဏ်းသည် ဧက ရာချီကျယ်ဝန်းသော မြေနေရာအား ပိုင်ဆိုင်သည်။ ဂိုဏ်းထဲ၌ အတွင်းခြံဝန်းနှင့် အပြင်ခြံဝန်းဟူ၍ ခွဲခြားထားသည်။ အတွင်းခြံဝန်းသည် ဂိုဏ်းသားများ နေထိုင်ရာနေရာ ဖြစ်ပြီး အပြင်ခြံဝန်း မှာတော့ သိုင်းလေ့ကျင့်ရာ နေရာအဖြစ် သတ်မှတ်ထား၏။
ကျွင်းချောင်ရှောင်းသည် လမ်းခင်းကျောက်တွေနှင့် အလှဆင် ခင်းကျင်းထားသော လမ်းမှ လျှောက်ရင်း အပြင်ခြံဝန်း ဆီ သွားလိုက်သည်။ အပြင်ခြံဝန်း ဆီသို့ရောက်တော့ သူ ဆွံ့အသွားမိသည်။
သူ့ မျက်မိထဲတွင် ပေါ်လာသည်က အနီရောင်ကြွေပြားတွေ၊ ကျောက်စိမ်းလိုအရောင် တိုင်တွေနှင့် ခမ်းနားလှသော ဟောခန်းကြီးတစ်ခုဖြစ်သည်။ ကျောက်လှေကားကိုတောင်မှ ကျောက်စိမ်းတစ်ချို့နှင့် အလှဆင်ထားသေး၏။
ဟောခန်း၏ ပင်မ ဒေါက်တိုင်များတွင်လည်း ကျေးငှက်တွေ၊ သားရဲ ပုံတွေနှင့် အလှဆင် ထွင်းထုထားသည်။
အပြင်ခြံဝန်းတွင် အဆောက်အဦး တော်တော်များများ ရှိနေပြီး ကြည့်ရသည်မှာ ခမ်းနားလွန်း၏။
အဓိကဟောခန်းနှင့် အဓိက ဂိတ်တံခါးကြား တည်နေရာသည် သိုင်းလေ့ကျင့်ရာ နေရာကျယ်ကြီး ဖြစ်ပြီး အပြာရောင် ကျောက်ပြားများ ခင်းကျင်းထားသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် အရည်အသွေးမြင့် ပစ္စည်းများအား အသုံးပြုထားကြောင်း သိရှိနိုင်သည်။
အပြင်ခြံဝန်း၏ နေရာလွတ်များတွင် ရေကန်တွေ၊ ဖန်တီးထားသော တောင်ကမုတွေတင် မက အနားယူကာ မြင်ကွင်းလှလှ အား ကြည့်ရှုခံစားရန် အဆောင်လေးများပင် ဆောက်လုပ်ထားသေး၏။
ဤမျှ သေးငယ်သော နေရာတွင် သူ့နေရာနှင့်သူ လှပအောင် စိတ်ကူး တည်ဆောက်ထားနိုင်သည်မှာ အဆင့်မြင့် ဗိသုကာ ဆရာ တစ်ယောက်၏ အစွမ်းပင် ဖြစ်သည်။
“ဒါ ငါ့ ဂိုဏ်းလား”
ကျွင်းချောင်ရှောင်း နေရာတွင် ရပ်ပြီး အိမ်မက် မက်နေသလို ခံစားနေရ၏။
အင်ပါယာ တစ်ပါး၏ ခြံဝန်းထဲသို့ ရောက်ရှိနေသလိုပင် ကျွင်းချောင်ရှောင်း ခံစားလိုက်မိသည်။ သို့ပေမဲ့ လက်ရှိမြင်နေရသော အရာသည် အိမ်မက်မဟုတ်ပေ။ အစစ်အမှန် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် လီချင်းယန်သည် အဓိက ဟောခန်းထဲမှ ထွက်လာပြီး သူ့ရှေ့သို့ ရောက်ရှိလာသောကြောင့် ဖြစ်၏ “ဂိုဏ်းချုပ် .. အပြင်ခြံဝန်း ပြန်လည် ပြင်ဆင်တာ သဘောကျရဲ့လား။”
ဒါက ဘယ်လိုလုပ် ပြန်လည် ပြင်ဆင်တာ ဖြစ်မှာတုန်း။ ဒါ အသစ် ပြန်ဆောက်တာပဲ။
“သဘောကျပါတယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အရမ်း သဘောကျတယ်”
ပြောပြီးပြီးချင်းမှာပဲ သူ အဓိက ဟောခန်းဆီ သွားလိုက်သည်။
သပ်ရပ်လှသော ကျောက်ပြားတွေ ညီညီညာညာ နှင့် လှလှပပ ခင်းကျင်းထားသော ဟောခန်းအတွင်းသို့ ရောက်ချိန်မှာတော့ ထပ်မံ၍ အံ့အားသင့်ရပြန်သည်။ နှစ်ဖက်လုံးတွင် ကြီးမားလှသော မဟော်ဂနီရောင် ထိုင်ခုံကြီးစီ အစီအရီ ချထားပြီး ကြည့်လိုက်သည်နှင့် ခမ်းနားမှုကို မြင်ရ၏။
“ဂိုဏ်းချုပ် …”
လီချင်းယန်သည် ဟောခန်းထိပ်ရှိ သာမာန်မဟုတ်သော ထိုင်ခုံအား ညွှန်ပြလိုက်သည် “ဒါက နှစ်တစ်ထောင်ထင်ရှုးသားနဲ့ ပြုလုပ်ထားတာလေ။”
“အဲလိုလား”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတွင် သွားထိုင်လိုက်တော့ သာမာန်ထက် ပို၍ ဇိမ်ကျသည်ဟု ခံစားမိသည်။ ထိုင်ခုံ လက်ရန်းပေါ်သို့ လက်တင်ရင်း သဘောတကျ ဖြင့် ပြောလိုက်၏ “မဆိုးဘူး။ မဆိုးဘူး”
ဂိုဏ်းဆိုသည်မှာ ဒီလိုပဲ ဖြစ်ရမည်။
“ဂိုဏ်းချုပ်”
လီချင်းယန် စာအုပ်တစ်အုပ်အား ကမ်းပေးလိုက်သည် “ဒါက ပြန်လည် ပြင်ဆင်ခြင်းအတွက် ကုန်ကျစားရိတ်ပါ။ ကျေးဇူးပြုပြီး ကြည့်ကြည့်ပါအုံး”
သူသည် ကျော်ကြားလှသော မိသားစု မှ မွေးဖွားလာသူဖြစ်သည်။ ထို့ကြောင့် အလုပ်လုပ်ရာတွင် ပြီးစလွယ် မလုပ်ချေ။ ပြန်လည်ပြင်ဆင်မှု အတွက် ကုန်ကျစားရိတ် အားလုံးအား ချရေးထားသည်။ထိုမှသာ ဂိုဏ်းချုပ် ပြန်လည် စစ်ဆေးနိုင်မည် မဟုတ်လား။
“ချင်းယန်”
ကျွင်းချောင်ရှောင်းသည် စာအုပ်ကို လှမ်းယူ၍ လှန်ကာ ချီးကျူးလိုက်သည် “မင်း လုပ်တာ အရမ်းတော်တယ်”
ပြောနေရင်းမှာပဲ အသံသည် ရပ်တန့်သွား၏။
အဘယ့်ကြောင့် ဆိုသော် နောက်ဆုံး စာမျက်နှာတွင် စုစုပေါင်း ကုန်ကျစားရိတ် - ၄၆၅၀ ဆိုပြီး ရေးသားထားသောကြောင့်ပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ထခုန်မိတော့မတတ်ပင် ဖြစ်သွားရသည် “မင်း အဲလောက်တောင် သုံးလိုက်တာလား”
ပြောရင်းမှာပဲ သူသည် သိုလှောင်လက်စွပ်ထဲသို့ စစ်ဆေးကြည့်လိုက်တော့ ငွေစ သုံးရာသာ ကျန်ရှိတော့ကြောင်း သူ ရင်နင့်ဖွယ် တွေ့လိုက်ရသည်။
ကျွင်းဂိုဏ်းချုပ်သည် ယခုတလောအတွင်း ကျင့်ကြံခြင်းနှင့် အလုပ်များနေခဲ့သည်။ ထို့ကြောင့် လီချင်းယန် ပိုက်ဆံ လာတောင်းတိုင်း ဘာမှ မမေးဘဲ ထုတ်ပေးလိုက်တတ်သည်။
ယခုတော့ သူမွဲလေပြီ။ သူ့တွင် စုဆောင်းမှတ်များလည်း မရှိတော့သလို ၊ ပိုက်ဆံလည်း မရှိတော့ချေ။
ထိုအရာသည် သူ၏ နှလုံးသားအား နာကျင်စေသည် “အနာဂတ်မှာ ဘယ်လို နေထိုင်တော့မလဲ”
“ဂိုဏ်းချုပ် …”
လီချင်းယန် ပြောလိုက်သည် “တပည့် အတွင်းခြံဝန်းကိုလည်း ပြင်ဆင်ဖို့ စီစဉ်ထားတယ်။ အဲတာကလည်း ငွေလေးထောင်လောက် ကုန်လိမ့်မယ်”
“ဖူး…”
ကျွင်းချောင်ရှောင်း၏ ပါးစပ်ဆီမှ အမြုပ်တွေပင် ထွက်လာတော့သည်။
……
ပိုက်ဆံဆိုသည်မှာ ကောင်းသည့်အရာဖြစ်သည်။ အထူးသဖြင့် သုံးလိုက်ချိန်တွင် ဖြစ်သည်။
လီချင်းယန်သည် ဂိုဏ်းအား ကြည့်ကောင်းစေရန် ပိုက်ဆံ တော်တော်များများ သုံးစွဲခဲ့သည်။ ထို့ကြောင့် ယခုမှ ဂိုဏ်းသည် ဂိုဏ်းနှင့် တူသွားခဲ့၏။
သို့ပေမဲ့ ငွေလေးထောင် ကုန်ဆုံးသွားခြင်းသည် ကျွင်းချောင်ရှောင်းအား တိုင်ဖက်၍ ငိုချင်စိတ်တွေပင် ပေါက်မိသည်။
သူ ပိုက်ဆံအား အလွန်အမင်း ဂရုစိုက်နေ၍ မဟုတ်ပေ။ သို့ပေမဲ့ မနက်ဖြန်ဆိုလျှင် တပည့်ဂိုဏ်းသားအသစ် များ ရောက်ရှိလာတော့မည်။ ထိုမျှ များပြားသော လူများ စားရန်၊ သောက်ရန် မည်သို့ ဖန်တီးပေးရမည်နည်း။ ထို့အပြင် ဂိုဏ်းသားများသည် အနည်းဆုံး ဂိုဏ်းဝတ်စုံ နှစ်စုံတော့ ရှိသင့်ပေသည်။ လက်ကျန် ငွေလေး ရာဂဏန်းလောက်ဖြင့် သူ ဘာဆက်လုပ်ရမည်နည်း။
“ဟင်း ….”
နောက်တစ်နေ့ မနက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်ခင်းထားသော ကျောက်လှေကားတွင် ဆောင့်ကြောင့်ထိုင်ရင်း စုဆောင်းမှတ်များအား မည်သို့ ရှာဖွေရမည်ကို စိုးရိမ်ပူပန်နေမိသည်။ ထို့အပြင် ဂိုဏ်း၏ နေ့စဉ် အသုံးစားရိတ် အား မည်သို့ ရှာဖွေရမည် ဆိုသည်ကိုပါ သူ ခေါင်းခြောက်နေမိ၏။
“ချင်းချင်း …”
သူ မေးလိုက်သည် “ပိုက်ဆံမြန်မြန်ရမယ့် နည်းလမ်းရှိလား”
“ရှိပါတယ်။ ဓားပြတိုက်ရမှာပါ” လုချင်းချင်း ထူးမခြားနားသလို ပြောလိုက်၏ “ပိုက်ဆံ မြန်မြန် ရပါလိမ့်မယ်”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားရသည် “ငါတို့ သံမဏိ အရိုးဂိုဏ်းက အဖြူရောင် ဂိုဏ်းတစ်ခုပဲ။ မကောင်းတာတွေ ဘယ်တော့မှ မလုပ်ဘူး”
လုချင်းချင်း ပြောလိုက်သည် “ဒါဆို ဓားရောင်းလိုက်”
“ဒါက … ” ကျွင်းချောင်ရှောင်း မေးစေ့အား ပွတ်သပ်ကာ ပြောလိုက်သည် “ဒါက အရေးပေါ် သုံးဖို့”
“ဂိုဏ်းချုပ် …”
ထိုအချိန်မှာပဲ လီချင်းယန်သည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာသည် “ဂျုနီယာ ညီလေးတွေ လာပြီ”
“သူတို့ကို ခေါ်လိုက်”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်ပြီး ဖင်မှ ဖုန်များအား ခါလိုက်သည်။ သူသည် ဂိုဏ်းခေါင်းဆောင် တစ်ယောက်၏ အရှိန်အဝါကို ထုတ်ဖော်ရမည် မဟုတ်လား။
မကြာမီမှာပဲ …
တပည့်နှစ်ဆယ်ကျော်သည် တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြ၏။
သူတို့သည် သိုင်းလေ့ကျင့်ရာ နေရာတွင် မတ်မတ်ရပ်ပြီး ခမ်းနားလှသော အဆောက်အဦများအား ကြည့်လိုက်သည်။ အားလုံး အံ့အားသင့်နေကြသည်။
သူတို့၏ ဂိုဏ်းအား ဤမျှ ခမ်းနားလိမ့်မည်ဟု မထင်မိကြချေ။
“ဘာလို့ လူနည်းနည်းပဲ ရောက်လာတာလဲ”
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်ကာ မေးလိုက်သည် “တခြားတပည့်တွေရော ….”
“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်”
တပည့်တစ်ယောက်က လေးလေးစားစား ပြောလိုက်သည် “စီနီယာအစ်ကိုတွေနဲ့ ဂျုနီယာ ညီလေးတွေ တောင်တစ်ခုမှာ အနားယူရင်း ကျန်ခဲ့ကြပါတယ်။ သူတို့ လာပါလိမ့်မယ်”
“ငါသိပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ချင်းယန် .. နေစရာနေရာ စီစဉ်ပေးလိုက်”
“ကောင်းပါပြီ”
လီချင်းယန်သည် အမိန့်အတိုင်း ဂျုနီယာ ညီလေးများအား အတွင်း ခြံဝန်းအတွင်း ခေါ်သွားရန် စီစဉ်နေစဉ် မှာပဲ အပြင်ဘက် ဆီမှ အားပျော့လွန်းသော အသံတစ်သံကို ကြားလိုက်ရသည် “ဂိုဏ်းချုပ် ….”
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်ကာ အလောတကြီးနှင့် အပြင် ထွက်ကြည့်လိုက်မိသည်။
လီချင်းယန်နှင့် လုချင်းချင်းတို့သည်လည်း နောက်မှ လိုက်လာကြ၏။
သုံးယောက်သား ဂိတ်ပေါက်သို့ရောက်တော့ မြေပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် လဲနေသော လူငယ်တစ်ယောက် အား မြင်လိုက်ရသည်။
“ဂျုနီယာညီလေးစွန်း …”
လီချင်းယန် မြန်မြန်ပဲ သွေးကြောစမ်းသပ်ကာ အခြေအနေကို ကြည့်လိုက်သည်။
ဒဏ်ရာရထားသော တပည့်သည် နာကျင်မှုကို အောင်ခံရင်း အားဖျော့စွာ ပြောလိုက်၏ “ဂိုဏ်းချု့် … ကျွန်တော်တို့ လူသုံးဆယ်ကျော်ကို ဓားပြတွေ ဖမ်းသွားကြတယ်။”
ပြောပြီးပြီးချင်းမှာပဲ တပည့်သည် စိတ်လျော့လိုက်သောကြောင့် မေ့မျောသွားတော့သည်။
လီချင်းယန် ပြောလိုက်သည် “ဂိုဏ်းချုပ် .. သူ မေ့သွားတာ။”
ကျွင်းချောင်ရှောင်းသည် တပည့်နှင့် အတူ ပါလာသော စာအား ယူကာ ဖွင့်ကြည့်လိုက်၏။ အတွင်းမှာ ရေးသားထားသည်က - သုံးရက် အတွင်း ပိုက်ဆံပြင်ထား။ ပြီးရင် တောင်နက်ကြီးကို လာပြီး ငွေနဲ့ လူကို လာရွေး။ မဟုတ်ရင် အားလုံးကို သတ်ပစ်မယ်။
“သေစမ်း …”
ကျွင်းချောင်ရှောင်း ဒေါသတကြီးနှင့် လက်ထဲရှိစာအား ဆုတ်ဖြဲလိုက်မိသည် “ငါ့ တပည့်တွေကို ပြန်ပေးဆွဲရဲတယ်ပေါ့။ အသက်ရှင်ရတာ ပျင်းနေပြီ ထင်တယ်”