အခန်း (၂၅)
Vol. 2 Ch. 25
ချင်းယန်ရွာလေးဆီသို့ လာရာလမ်းတွင် တောင်နက်ကြီးဟု ခေါ်သော နာမည်ဆိုးဖြင့် ကျော်ကြားသော တောင်တစ်ခုရှိ၏။ တောပုန်းဓားပြများသည် ဤတောင်အား အပိုင်စီး သိမ်းပိုက်ထားသည်။ ထိုဓားပြများသည် ရံဖန်ရံခါ ဆိုသလို လုယက်ရန် တောင်ပေါ်မှ ဆင်းလာတတ်ကြသည်။
လဝက်လောက်ပြီးနောက်မှာတော့ တောပုန်းဓားပြများသည် ပြန်လည် လှုပ်ရှားလာခဲ့သည်။
သူတို့သည် သံမဏိအရိုးဂိုဏ်း၏ တပည့်သုံးဆယ်ကျော်အား ပြန်ပေးဆွဲပြီး ငွေတောင်းခံစာ အား ပို့ဆောင်ခဲ့ကြ၏။
တခြားသော ဓားပြများသည် လမ်းကို ပိတ်ပင်၍ ပိုက်ဆံနှင့် တန်ဖိုးရှိသောအရာများအား လုယက်တတ်ကြ သော်လည်း တောင်နက်ကြီးမှ တောပုန်းဓားပြများကတော့ ပို၍ အဆင်မြင့်ကြသည်။ လူကို ပြန်ပေးဆွဲ၍ပင် ငွေတောင်းရန် အကြံရနေလေသည်။
“သေစမ်း …”
ကျွင်းချောင်ရှောင်းသည် သတ်ဖြတ်လိုခြင်းအပြည့်နှင့် တံခါးအပြင်ဘက်ဆီသို့ လျှောက်ထွက်လိုက်သည် “သံမဏိအရိုးဂိုဏ်းသားတွေကို အနိုင်ကျင့်ရဲတယ်လား။ မင်းတို့က တောပုန်းဓားပြ ပဲ ဖြစ်ဖြစ် ၊ ရိုးရိုး ဓားပြ ပဲ ဖြစ်ဖြစ် အားလုံးကို သတ်ပစ်မယ်”
တပည့်ပေါင်း တစ်ရာရရှိအောင် သူမနည်းကြိုးစားခဲ့ရခြင်း ဖြစ်သည်။ ထိုထဲမှ သုံးဆယ်ကျော်အား ပြန်ပေးဆွဲသွားသည် ဆိုခြင်းမှာ သည်းငြီးခံသင့်သော ကိစ္စ မဟုတ်ပေ။
သတ်ဖြတ်လိုခြင်း အော်ရာတွေကို ထုတ်လွှတ်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဤကမ္ဘာ၏ လောက နိယာမ နှင့် အသားကျသွားခဲ့ပြီဖြစ်ကြောင်း သိရှိသွားမိသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ရက်စက်လွန်းလှ၏။
“ဂိုဏ်းချုပ် …”
လီချင်းယန် သည် သူ့နောက်သို့ အပြေးတပိုင်းလိုက်လာသည် “တပည့် ဂိုဏ်းချုပ်နဲ့ လိုက်ခဲ့မယ်”
သံမဏိအရိုးဂိုဏ်း၏ ဒုတိယ တပည့်ကြီး ဖြစ်သောကြောင့် သူ၏ ဂျုနီယာညီလေးများ ဓားပြ လက်ထဲ ရောက်ရှိနေခြင်းအား ရပ်ကြည့်နေ၍ မဖြစ်ချေ။
လုချင်းချင်း သည်လည်း လိုက်ထွက်လာ၏။
ကျွင်းချောင်ရှောင်း ရပ်ကာ ပြောလိုက်သည် “သတင်းပို့ဖို့ ရောက်မလာသေးတဲ့ တပည့်တွေ ရှိနေသေးတယ်။ မင်းတို့ နှစ်ယောက် ဂိုဏ်းမှာ ကျန်ရစ်ပြီး လုပ်စရာရှိတာတွေကို လုပ်ထား။ မင်းတို့ တောင်နက်ကြီးဆီ လိုက်လာစရာမလိုဘူး”
လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည် “ဂိုဏ်းချု့် … တောင်နက်ကြီးမှာ ဓားပြ နှစ်ရာလောက် ရှိတယ်။ ခေါင်းဆောင်ကလည်း သိုင်းတပည့် အဆင့်သို့ ကျွန်တော် ကြားထားတ်။ တစ်ယောက်တည်း သွားမယ်ဆိုရင် ကျွန်တော် စိုးရိမ်တာက …..”
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည် “ဒါ အမိန့်ပဲ”
ထိုအချိန်မှာတော့ သူသည် ဂုဏ်းချုပ်တစ်ယောက်၏ အရှိန်အဝါတွေနှင့် တောက်ပလျက်ရှိသည်။
ဆက်လက်ပြောဆိုလိုက်ချင်သော်လည်း အမိန့်ဆိုသောကြောင့် လီချင်းယန် စောဒက ဆက်တက်၍ မရတော့ချေ။ ထို့ကြောင့် လက်သီးဆုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်အမိန့်ကို နာခံပါ့မယ်”
ကျွင်းချောင်ရှောင်းသည် တောင်အောက်သို့ ဆင်းသွားလိုက်သည်။ သူ၏ အကြည့်များသည် အေးစက်နေ၏။
ဒေါသတရား .. ထိုအရာကြောင့် သူသည် ပို၍ လေးနက်သွားသည်။
“စီနီယာ အစ်မ …”
ကျွင်းချောင်ရှောင်း ထွက်ခွာသွားသည်ကို မြင်တော့ လီချင်းယန်သည် စိတ်ပူစွာ ပြောလိုက်၏ “ဂိုဏ်းချုပ် .. သူ တစ်ခုခု ဖြစ်သွားရင် သံမဏိအရိုးဂိုဏ်း ဘာဖြစ်သွားမလဲ”
“အရမ်း ရိုးရှင်းတယ်”
လုချင်းချင်းသည် တံခါးရှေ့တွင် မတ်တပ်ရပ်ပြီး လက်ပိုက်ကာ ပြောလိုက်သည် “ငါ က ဂိုဏ်းချုပ်ဖြစ်ပြီး နင် က စီနီယာ တပည့်ကြီးဖြစ်မယ်”
လီချင်းယန်၏ နှုတ်ခမ်းထောင့်များသည်တဆတ်ဆတ် တုန်ရင်သွား၏။
……..
တောင်နက်ကြီး …
ချင်းယန်ရွာလေးနှင့် မိုင်ငါးဆယ်လောက်ဝေးသော နေရာတွင် တည်ရှိသော တောင်ကြီးတစ်ခုဖြစ်ပြီး တည်နေရာအား တောင်အထပ်ထပ် ဖြင့် ဝိုင်းပတ် ကာရံထားသည်။ ထို့ကြောင့်ပင် တောပုန်းဓားပြ များသည် အကြောက်အလန့်မရှိ လုပ်ချင်ရာကို လုပ်နေနိုင်ခြင်း ဖြစ်၏။
အစိုးရ နှင့် များပြားလှသော ဂိုဏ်းတွေသည် တောပုန်းဓားပြ များအား နှိမ်နှင်းရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြဖူးသည်။ သို့ပေမဲ့ တောင်နက်ကြီး၏ ပထဝီ တည်နေရာသည် ပြင်မမှ လာရောက် တိုက်ခိုက်မှုများအား ခုခံရန် လွယ်ကူသည်။ ထို့ကြောင့်ပဲ သွားရောက်တိုက်ခိုက်သူများသာ အထိနာ၍ ပြန်လာခဲ့ကြရသည်။
အချိန်တွေကြာမြင့်လာတော့ တောင်နက်ကြီးသည် ကျင့်ကြံသူတွေအတွက် တားမြစ်နေရာတစ်ခုလိုပင် ဖြစ်လာတော့၏။
ယနေ့မှာတော့ တောင်တက်လမ်းရှိ လှေကားထစ်များအား တစ်လှမ်းချင်း စိတ်အေးလက်အေး တက်လာသော သူ တစ်ယောက် ရှိနေသည်။ ထိုသူသည် ကျွင်းချောင်ရှောင်း ဖြစ်ပြီး ကျင့်ကြံခြင်းလောကမှ တခြားသောသူ များသာ ထိုမြင်ကွင်းကို မြင်လျှင် သံမဏိအရိုးဂိုဏ်းခေါင်းဆောင်အား ချီးကျူးကြမှာ ကျိန်းသေသည်။
ကျွင်းချောင်ရှောင်းသည် ဒေါသအလွန်ထွက်နေသော်လည်း တောပုန်းဓားပြ များနှင့် မည်သို့ ရင်ဆိုင်ရမည် ဆိုသည်ကို သေချာစဉ်းစားခဲ့သည်။
တောင်ပေါ်တွင် ဓားပြ အရေအတွက် နှစ်ရာကျော်ရှိကြောင်း သူ၏ တပည့် လီချင်းယန် ဆီမှ ကြားခဲ့ရပြီးဖြစ်သည် ။ထို့အပြင် ခေါင်းဆောင်သည် သိုင်းတပည့်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လို့နေ၏။
စဦးအဆင့် အအေးဓား ၊ ကိုးလှိုင်းဓားသိုင်း ၊ မရီဒန်ဖွင့်ခြင်းအဆင့် တစ်ဆယ် မျှသော အဆင့်ဖြင့် ကျွင်းချောင်ရှောင်းသည် အများဆုံး စွမ်းအင်ဖွင့်ခြင်းအဆင့်လေး ဒါမှမဟုတ် ငါးရှိသော ဓားပြ နှစ်ဆယ်လောက်ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ နှစ်ရာကျော်အား မည်သို့ ရင်ဆိုင်ရမည်နည်း။
ထို့အပြင် သိုင်းတပည့်အဆင့် ကျင့်ကြံသူကလည်း ရှိနေသေးသည်။ တောင်ပေါ်သို့ လာရန်လွယ်ပြီး ပြန်ဆင်းရန် ခက်ခဲသော အခြေအနေ ဖြစ်၏။
ကျွင်းချောင်ရှောင်း သူ၏ သိစိတ်ကို သိုလှောင်လက်စွပ်ဆီ ပို့လိုက်သည်။ လူသစ် လက်ဆောင် အဖစ် ရရှိထားသော စည်းအဆောင် နှင့် လွတ်မြောက်ခြင်းအဆောင်များအား ကြည့်လိုက်မိသည်။ သူ တွေးလိုက်မိ၏။ ဤအဆောင်များသည် တိုက်ခိုက်ရန် သင့်တော်သော အဆောင်များ မဟုတ်ချေ။
ထိုအချိန်မှာတော့သူ၏ အကြည့်သည် ဓားမော့ ဆီသို့ရောက်ရှိသွားသည်။
ထိုဓားမော့သည် လက်ခံသူအဖြစ် စနစ်နှင့် ပေါင်းစည်းပြီးနောက် ပထမဆုံး ဆုတောင်းအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် စနစ်မှ ပေးသော လက်ဆောင်ဖြစ်၏။
ဓားမော့အား ကောက်ကိုင်လိုက်တော့ အနည်းငယ် လေးလံသည်ကို ခံစားမိသည်။ သူ တီးတိုးရေရွတ်လိုက်၏ “ဒါ ဘယ်လိုအရည်အသွေးမျိုး ရှိလဲ”
သူ သတိလက်လွတ်နှင့် ဓားနှောင့်အား ကိုင်ပြီး ဓားအိမ်ထဲမှ ဆွဲနှုတ်လိုက်သည် ။
ဘန်း …။
ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်း၏ သိစိတ် သည် မီတာ တော်တော်ဝေးဝေးသို့ လွင့်စင်သွားသည်။ အပြင်ဘက်ရှိ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည်တောင်မှ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ လှေကားမှ ပြုတ်ကျတော့မလို ဖြစ်သွားရ၏။
ကျွင်းချောင်ရှောင်း ကြောက်လန့်တကြားနှင့် ပြောလိုက်မိသည် “သေတော့မလို့ပဲ”
သူ ဓားမော့အား ဓားအိမ်တွင်းမှ ဆွဲထုတ်လိုက်ချိန်မှာ ရုတ်တရက် ကြမ်းတမ်းလွန်းသော စွမ်းအင်များသည် ဓားလက်ကိုင်နှင့် ဓားအိမ်ကြားနေရာမှ ထွက်ပေါ်လာပြီး သူ့အား အဝေးသို့ လွင့်စင်သွားစေသည်။ သူသာ ဓားမော့ လက်ကိုင်ကို မြန်မြန် မလွတ်လိုက်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားနိုင်၏။
စနစ်၏ အသံ ထွက်ပေါ်လာသည် “ဓားမော့အား အသုံးပြုရန် စည်းဖြေရန် လိုအပ်သည်။ အတင်းဆွဲထုတ်မယ်ဆိုလျှင် လက်ခံသူအား ပြင်းပြင်းထန်ထန် ထိခိုက်မိစေလိမ့်မည်”
ကျွင်းချောင်ရှောင်း လဲကျတော့မလို ဖြစ်သွား၏ “ဘာလို့စောစောကတည်း က မပြောတာလဲ”
စနစ် မှ ပြောလိုက်သည် “မမေးလို့လေ”
“……..”
ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။
ခဏလောက် စဉ်းစားမိလိုက်တော့ သူ ပျော်ရွှင်သွားသည် “ဒီအရှိန်အဝါက အရမ်းအားကောင်းတယ် ။ ဓားမော့၏ အရည်အသွေးက ကြောက်စရာကောင်းတဲ့ အဆင့်မှာရှိလောက်တယ်။ ငါ့တပည့်တွေကို ကယ်ဖို့ အကူအညီ ဖြစ်နိုင်တယ်။”
ချက်ချင်းဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ ယုံကြည်မှုများသည် တိုးတက်လာခဲ့သည်။
“ဟမ် ….”
ရုတ်တရက် သူ ရပ်တန့်လိုက်သည်။
သူ့ရှေ့ လှေကားထစ်မှာတော့ အရပ်ရှည်ရှည် နှင့် မာကျော ကြမ်းတမ်းပုံပေါ်သော လူနှစ်ယောက်သည် လက်နက်များအား ကိုင်ဆောင်၍ ရပ်လျက်ရှိသည်။ နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် အော်ဂလီဆန်သော အပြုံးတစ်ခုစီ ရှိနေ၏။
“အစ်ကိုခြောက် …”
နှစ်ယောက်ထဲမှ နည်းနည်းပုသောသူက ပြုံးကာ ပြောလိုက်သည် “ကျွန်တော်ပဲ မျက်လုံးမှားသလားပဲ။ တစ်စုံတယောက်က တောင်နက်ကြီးပေါ် တက်လာရဲတယ်။”
အစ်ကိုခြောက်ဟု ခေါ်သော လူက ကျွင်းချောင်ရှောင်းအား ကြည့်ကာ ထူးမခြားနားသလို ပြောလိုက်သည် “သူက လေတိုက်ရင်တောင် လဲလောက်တဲ့အထိ အားနည်းတယ်။ ဒီကို လာကစားတဲ့ ကျောင်းတော်သား တစ်ယောက်ယောက် ဖြစ်မယ် ထင်တယ်”
ဘုတ်။
အရပ်အနည်းငယ် ပုသော တစ်ယောက်က လှေကားထစ် အောက် ခုန်ချပြီး လက်ထဲရှိ ဓားမော့အား ဝေ့ယမ်းလိုက်သည် “ကောင်လေး .. မင်း ဓားပြတွေနေရာကို ဝင်လာမိတယ်ဆိုတာသိရဲလား”
ကျွင်းချောင်ရှောင်း တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်သည် “သိပါတယ်”
အရပ်အနည်းငယ် ပုသော သူက ကြောင်သွားသည် ။ပြီးနောက် သွားဖြီးကာ ပြောလိုက်သည် “မင်း သိရဲ့သားနဲ့ ဒီကို လာတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာ ပျင်းလို့လား”
ကျွင်းချောင်ရှောင်း မေးလိုက်သည် “ခင်ဗျားက ဓားပြလား”
အရပ်အနည်းငယ် ပုသော လူက သူ၏ ဓားမော့အား ပခုံးပေါ်တင်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည် “အင်း .. ငါက တောင်နက်ကြီးက ဓားပြတစ်ယောက်ပဲ။ လူတွေက ငါ့ကို ဓားမော့အရှင်လေး လို့ ခေါ်ကြတယ်”
ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်မိသည်။
ဓားပြဖြစ်ရသည်ကို ဂုဏ်ယူနေသောသူအား သူ မြင်နေရသည်။ လောကကြီး၏ နီတိတွေ ဘယ်နေရာသို့ ရောက်ရှိကုန်သနည်း။
အစ်ကိုခြောက်ဟု ခေါ်သော ဓားပြသည် စိတ်မရှည်သလို ပြောလိုက်သည် “ညီလေး ခုနှစ် … အချိန်ဖြုန်းမနေနဲ့။ လုပ်စရာရှိတာ လုပ်တော့”
“ကောင်းပြီ”
ဓားမော့အရှင်လေး၏ မျက်နှာသည် ပိုမိုလေးနက်သွားသည် “ကောင်လေး .. မင်းဆီက တန်ဖိုးကြီး ပစ္စည်းတွေကို ကိုယ့်ဘာသာ ပေးမှာလား။ ငါ လာရှာရမှာလား”
“လာရှာပါ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဓားမော့အရှင်လေး သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ငါ လာရှာရမယ်ဆိုရင် မင်းခန္ဓာကိုယ်ကို တပိုင်းစီ ပိုင်းပစ်မှာပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ဒါဆို ကိုယ့်ဘာသာ ပေးမယ် ဆိုရင်ရော ….”
ဓားမော့အရှင်လေးက ဂုဏ်ယူစွာ ပြောလိုက်သည် “မင်းအလောင်းကို အကောင်းတိုင်း ရှိစေမှာပေါ့”
ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းအားကုတ်လိုက်မိလိုက်သည် “ဆိုလိုတာ ဘာကိုပဲ ရွေးရွေး .. သေမယ်ပေါ့”
“ဟားဟား …”
ဓားမော့အရှင်လေး က ရယ်ကာ ပြောလိုက်သည် “ကောင်လေး ..မင်း တောင်နက်ကြီးပေါ် တက်လာကတည်းက သေနေပြီ။ အသက်မရှိတော့ဘူး”
ရွှစ် ..။
ကျွင်းချောင်ရှောင်းသည် အအေးဓားအား ဆင့်ခေါ်လိုက်သည် ။ပြီးနောက် ဓားမော့ အရှင်လေး၏ ရင်ဘတ်သို့ ထိုးသွင်းလိုက်၏ “တောင်းပန်ပါတယ်။ ကျုပ်က ငယ်ငယ်လေး ရှိသေးတာ။ မသေချင်သေးဘူး။ ခင်ဗျားပဲ အရင် သေလိုက်တော့”
ဓားမော့အရှင်လေးသည် ဆွံ့အသွားသည်။ ချက်ချင်းဆိုသလိုပဲ သူ၏ ခန္ဓာကိုယ်ဆီမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ဇွိ …။
ကျွင်းချောင်ရှောင်း ဓားအား ပြန်လည် ဆွဲထုတ်လိုက်သည်။
ဓားမော့အရှင်လေး၏ ခန္ဓာကိုယ်သည် ချက်ချင်းပဲ မြေပေါ် လဲကျပြီး လှေကားအောက်ဘက်သို့ လိမ့်ဆင်းသွားတော့၏။
“ညီလေး ခုနှစ်”
အစ်ကိုခြောက်ဟု ခေါ်သော ဓားပြသည် သူ၏ ဓားမော့အား ထုတ်ယူလိုက်သည်။
ဝှစ် ..။
ထိုအချိန်မှာပဲ အအေးဓားသည် သူ၏ လည်ပင်းပေါ်သို့ ကျရောက်လာ၏။
ကျွင်းချောင်ရှောင်း၏ မျက်လုံးတွေသည် အေးစက်သွားသည် “ဖြေစမ်း .. မင်းတို့ သံမဏိအရိုးဂိုဏ်း တပည့်တွေကို ဖမ်းခေါ်လာတယ်မလား။”
ဂလု ….
အစ်ကိုခြောက် ဟု ခေါ်သော ဓားပြသည် တံတွေးမြိုချလိုက်ပြီး ကြောက်လန့်တကြားနှင့် ပြောလိုက်သည် “ဟုတ်ပါတယ်”
ရွှစ် ..။
ဓားက ဖြတ်သန်းသွားပြီး သွေးတွေသည် သုံးပေအကွာဆီသို့ ပြန့်နှံ့သွားတော့သည်။
“အား …..”
ဓားပြသည် သူ၏ သွေးတွေပန်းထွက်နေသော လည်ပင်းအား ကိုင်ရင်း ဓားမော့အရှင်လေး ကဲ့သို့ပင် လှေကားအောက်သို့ လိမ့်ကျသွားတော့သည်။
လူနှစ်ယောက်ကို သတ်လိုက်ပြီးသည့်နောက် အချက်ပေးသလို ဖြစ်သွားသောကြောင့် ဓားပြ ဆယ်ယောက် ကျော်တို့သည် လက်နက် ကိုယ်စီ ကိုင်ဆွဲရင်း ကျွင်းချောင်ရှောင်း ရှေ့၌ ပေါ်လာတော့သည်။
ကလန် …။
ကျွင်းချောင်ရှောင်းသည် ဓားအား ဓားအိမ်ထဲ ပြန်ထည့်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည် “သံမဏိ အရိုးဂိုဏ်းခေါင်းဆောင် လာတယ်လို့ ခင်ဗျားတို့ ခေါင်းဆောင်ဆီ သတင်းပို့လိုက်။”