← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

စိတ်ထိန်း … စိတ်ထိန်း ..။

ပထမဆုံး လုပ်ရမှာသည် တပည့်တွေကို အရင်ကယ်ဖို့ နှင့် လူမဆန်သော ဓားပြ များအား ရင်ဆိုင်ရန် ဖြစ်သည်။

ကျွင်းချောင်ရှောင်း သူ၏ ဒေါသနှင့် သတ်ဖြတ်လိုခြင်း ဆန္ဒများအား ဖိနှိပ်ကာ လမ်းလျှောက်ရင်း နောက်ဆုံးမှာတော့ ဟောခန်းတစ်ခု ဆီသို့ရောက်ရှိသွားသည်။ ထိုနေရာရှိ တံခါးတွင် ဓားပြ ဆယ်ယောက် ရပ်လျက်ရှိပြီး ထိုသူတို့၏ အော်ရာများအား ကြည့်ရှုရသည်မှာ အဆင့်ခုနှစ် သို့မဟုတ် အဆင့်ရှစ် စွမ်းအင်ဖွင့်ခြင်းအဆင့်တွင် ရှိကြသည်။

“ဒီတောင်တွေက ဒီနေရာရဲ့ လက်ရွေးစင်တွေ ဖြစ်နိုင်တယ်။”

တွေးနေရင်းမှာပဲ သူ ဟောခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ သို့ပေမဲ့ ဝင်ဝင်ချင်းမှာပဲ အေးစက်သော အကြည့်များက သူ့အား စူးစိုက်ကြည့်ရှုနေကြောင်း သတိပြုမိလိုက်သည်။

ဟောခန်းတွင်း၌ ကျင့်ကြံခြင်းရှစ်ယောက် ရှိနေပြီး အားလုံးသည် သူ့အား သတ်ဖြတ်လိုခြင်းအပြည့်နှင့် မျက်မှောင်ကုတ်ကာ ကြည့်နေကြ၏။

ဒီလူတွေက အနည်းဆုံး အဆင့်တစ်ဆယ် မရီဒန် ဖွင့်ခြင်း ကျင့်ကြံသူတွေပဲ။ ကျွင်းချောင်ရှောင်း တွေးလိုက်သည်။

“ကောင်လေး …”

ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေသော အသားလတ်လတ် ၊ ဆံရှည်နှင့်လူက ပြုံးကာ ပြောလာသည် “ငါတို့လူကို သတ်ဖြတ်ဖို့ မင်းဆီမှာ သတ္တိရှိနေတာပဲ”

မုတ်ဆိတ်ကျင်စွယ်တွေ အပြည့်နှင့် သက်လတ်ပိုင်းလူက ပြောလိုက်၏ “ခေါင်းဆောင်ရဲ့ အမိန့်ကြောင့်သာ မဟုတ်ရင် ငါ မင်းဦးခေါင်းကို လိမ်ဖြုတ်ပြီး ဘောလုံးလို ကန်ထုတ်ပြီးနေပြိ”

ကျွင်းချောင်ရှောင်းသည် ထိုသူတို့၏ ပြောစကားအား လျစ်လျူရှုကာ လက်နှစ်ဖက် နောက်ပစ်ပြီး ပြောလိုက်သည် “ကျုပ် ဒီကို ကိုယ်တိုင်လာခဲ့တာက ကျုပ်တပည့်တွေကို လာရွေးတာပဲ။ ခင်ဗျားတို့က ဧည့်သည်ကို လာကြိုခိုင်းတာ ဘယ်လိုလုပ် အဆင့်အတန်းမရှိ ခွေးလိုကောင်တွေနဲ့ ကြိုခိုင်းရတာလဲ”

“သောက်ရူး….”

“မင်း …. ခွေးလိုကောင်လို့ ပြောရဲတယ် ဟုတ်လား”

ဟောခန်းထဲရှိ ကျင့်ကြံသူရှစ်ယောက်သည် ဒေါသတကြီး ထရပ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တွေနှင့် ပြည့်လျက်ရှိပြီး ကျွင်းချောင်ရှောင်းအား ထမသတ်မိစေရန် စိတ်အလွန်ထိန်းထားရပုံပါ်၏။

“ဟားဟားဟား ….”

ထိုအချိန်မှာပဲ ကျယ်လောင်လှသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

သက်လတ်ပိုင်းအရွယ် ခပ်တောင့်တောင့် လူတစ်ယောက်သည် တံခါးရှေ့မှ ဖြတ်ဝင်လာပြီး ကျားအရေခွံ လွှမ်းခြံထားသော ထိုင်ခုံတွင် ဝင်ထိုင်၏ “ဂိုဏ်းချုပ်ကျွင်း … မင်း ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ မင်း တပည့်တွေကို ပြန်ခေါ်သွားနိုင်တယ်”

“ခေါင်းဆောင်”

ကျင့်ကြံသူ ရှစ်ယောက်တို့သည် လေးလေးစားစား ဖြင့် ထကာ နှုတ်ဆက် ဂါရဝ ပြုလိုက်သည်။

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် တည်ငြိမ်သွားသည်။ ဝင်လာသူ၏ အနီးပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ရစ်သိုင်းနေ၏။ သူ တွေးလိုက်မိသည် “ဒါ သိုင်းတပည့် အဆင့် ဖြစ်မယ်”

သိုင်းတပည့်အဆင့်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဒုတိယမြောက် အဆင့်လေး တစ်ခု ဆိုပေမဲ့ စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ထက်တော့ အဆမတန် ပိုမို၍ အားကောင်းသည်။

ကျွင်းချောင်ရှောင်း၏ မှတ်ဉာဏ်တွေအရဆိုလျှင် သိုင်းတပည့် အဆင့် ကျင့်ကြံသူတစ်ယောက်သည် စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် ကျင့်ကြံသူ ဆယ်ယောက် နှင့် ယှဉ်ပြိုင်၍ ရသည်။ အဆင့်မြင့် သိုင်းနည်းစနစ် များ၏ အကူအညီဖြင့် လက်သီးတစ်ချက်ထိုးလျှင် ပေါင်တစ်သောင်းသော အလေးချိန်အားအင်ကို ထုတ်ဖော်နီုင်၏။

ချီးတဲ့မှ … သိုင်းတပည့်အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်ပြိုင်ရန် စဉ်းစားစဉ်ကတည်းကပင် ဖိအားက ခံစားနေရလေပြီ။

“ခေါင်းဆောင်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပေါက်ကရတွေ ပြောရတာ ကျုပ်မကြိုက်ဘူး။ ဒီတစ်ကြိမ် ကျုပ် လာခဲ့တာက ကျုပ်တပည့်တွေကို ပြန်ခေါ်သွားချင်လို့ပဲ”

ခေါင်းဆောင်သည် လက်ညိုးတစ်ချောင်းထောင်ပြီး ပြုံးကာ ပြောလိုက်သည် “ကျုပ် ကျိုးရှန်းပ လိုရင်းကိုပဲ ပြောမယ်။ တစ်ခေါင်းကို တစ်ရာ။ ပိုက်ဆံပေးပြီးရင် ဂိုဏ်းချုပ်ကျွင်း သူတို့ကို ပြန်ခေါ်သွားနိုင်ပြီ”

“ငွေတစ်ရာလား”

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်သည် “ဒါက နည်းနည်း ဈေးကြီးလွန်းတယ်”

သူ့တွင်ငွေသား သုံးရာသာလျှင်ရှိ၏။ ထိုသုံးရာနှင့် ဆိုလျှင် တပည့်သုံးယောက်ကိုသာလျှင် ရွေးယူနိုင်သည် မဟုတ်လော။

ကျိုးရှန်းပ ပြောလိုက်သည် “ခေါင်းဆောင်ဝမ် ရဲ့မျက်နှာနဲ့မို့ ဒီလောက်ပဲတောင်းတာ။ တခြားဂိုဏ်းတွေဆိုရင် တစ်ဂိုဏ်းကို နှစ်ရာတောင်းတာ။”

“ဪ…”

ကျွင်းချောင်ရှောင်းပြောလိုက်သည် “ခေါင်းဆောင် က ကျုပ်တို့ အရင်ဂိုဏ်းချုပ်ကို သိတယ်လား”

ကျိုးရှန်းပသည် ထိုင်ခုံအား ကျောမှီရင်း အတိတ်ကို ပြန်လည် တွေးလိုက်သည် “ကျုပ်တို့ ဖီးနစ်ဆောင်ကြာမြိုင် မှာ ခဏခဏ ဆုံနေကြလေ။ သူငယ်ချင်းဟောင်းတွေလို့တောင် သတ်မှတ်နိုင်တယ်”

ဆောင်ကြိုင်မြိုင်သွားဖော် …

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားသည်။

ဤဓားပြ ခေါင်းဆောင်သည် ဂိုဏ်းချုပ်ဝမ် ကဲ့သို့ပင် ဆောင်ကြာမြိုင်သို့ သွားသည့် ဝါသနာကြီးမားလွန်း၏။

“ဒီလိုဆိုရင် ….”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခေါင်းဆောင် … ကျုပ်တို့က ဆောင်ကြာမြိုင်သွားတဲ့ ဝါသနာတူနေမှတော့ ဈေးလျော့ပေးလိုက်ရင်ရော ….”

“ဟမ့်…..”

“ပြန်ပေးဆွဲတာကို ဒီကောင်ဈေးထဲ ဟင်းသီးဟင်းရွက် ဝယ်တာနဲ့ မှားနေတာလား။ ဈေးတောင် လာဆစ်နေသေးတယ်။”

ဟောခန်းထဲရှိ အကြီးအကဲ ရှစ်ယောက်တို့သည် နှာခေါင်းရှုံ့လိုက်ကြသည်။

ကျိုးရှန်းပ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ကျုပ် လက်ခံနိုင်ဖို့ ဘယ်လောက်ပေးမယ် စိတ်ကူးထားလဲ”

ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားကာ ပြောလိုက်သည် ‘ဒီလိုဆိုရင်ရော.. ကျုပ် ငွေတစ်ရာပေးမယ်။ ခေါင်းဆောင်က ကျုပ်တပည့်တွေ အားလုံးကို လွှတ်ပေးပါ”

ပိုက်ဆံနှင့် ပြဿနာအား ဖြေရှင်းနိုင်သည်ဆိုလျှင် သူ့တပည့်များအား အရင်ဆုံး ပြန်ရွေးရမည်။ တပည့်များအား လုံခြုံသော နေရာသို့ ပို့ဆောင်ပြီးမှသာလျှင် ဟေးဖေးဂိုဏ်းသို့ တစ်ခါပြန်ပြီး အားလုံးကို သတ်ဖြတ်ရန် သူ စဉ်းစားထား၏။

“ဟားဟား …”

“ငွေတစ်ရာ ဟုတ်လား။ ဒီကောင် သောက်ရူးလား”

အကြီးအကဲတို့သည် လှောင်ပြောင်ရယ်မောလိုက်ကြသည်။

ကျိုးရှန်းပ မှန်ကုတ်ကုတ်ဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. မင်းပေးတဲ့ ဈေးက လုံးဝ မထိုက်တန်ပါဘူး”

ကျွင်းချောင်ရှောင်း ပခုံးတွန့်ရင်း အကူအညီမဲ့စွာ ပြောလိုက်သည် “ကျုပ်တို့ သံမဏိအရိုးဂိုဏ်း က အရမ်း ဆင်းရဲတယ်။ ဒီတော့ တပည့်တွေကို ရွေးဖို့ ငွေတစ်ရာပဲ တတ်နိုင်တယ်။ ခေါင်းဆောင် … ဂိုဏ်းချုပ်ဝမ် နဲ့ ခင်မင်မှုကို အလေးထားတဲ့အနေနဲ့ ချွင်းချက်သဘောမျိုး လက်ခံပေးရင် ဘယ်လိုလဲ”

“ချွင်းချက် ဟုတ်လား”

ကျိုးရှန်းပ လက်ဖျောက်တီးကာ ပြောလိုက်သည် “ကောင်းပြီ”

မကြာမီမှာပဲ ဓားပြနှစ်ယောက်သည် ကြိုးထုတ်ထားသော လူငယ်တစ်ယောက်အား ဆွဲခေါ်ကာ ဝင်လာကြသည်။

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွားမိသည်။

ထိုလူငယ်သည် ချင်းယန်မြို့မှ သူခေါ်လာသော တပည့် လူငယ်ပင် ဖြစ်၏။

လူငယ်၏ ဆံပင်များသည် ရှုပ်ပွနေပြီး မျက်နှာတစ်ခုလုံးသည်လည်း ရောင်ကိုင်းလျက်ရှိ၏။ ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရပုံပေါ်သည်။

“ဂိုဏ်းချုပ် ….”

လူငယ်သည် ကျွင်းချောင်ရှောင်းအား မြင်တော့ ဝမ်းသာသွားသည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်ဟူသော အရာတစ်ခု ပြန်ပေါ်လာ၏။ သူ အားမရှိသလို ပြောလိုက်မိသည် “ဂိုဏ်းချုပ် .. ကယ်ပါ။”

“ဘုတ်”

လူငယ်သည် ကျားအရေခွံ ထိုင်ခုံရှေ့သို့ ဘုတ်ခနဲ ပြုတ်ကျလာသည်။

ကျိုးရှန်းပ သည် လူငယ်၏ ခေါင်းပေါ်သို့ ခြေတင်ရင်း ရယ်လိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. ကျုပ် သူ့ကို ဒီနေ့ သတ်လိုက်မယ်ဆိုရင် ပေးစရာ ပိုက်ဆံ လျော့သွားမှာပေါ့။ ဟုတ်တယ်မလား။”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူ့ရင်ထဲတွင် ဒေါသတွေ အလိမ့်လိုက် တက်လာ၏။

သူ့ရှေ့တွင် သူ့တပည့်အား အနိုင်ကျင့်နေခြင်းသည် သူ့အား အရှက်ခွဲခြင်းနှင့် တူတူပင် ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာအား မျက်စိထဲ မထည့်ခြင်းပင်။

“ကျွန်တော့်ကို … ကျွန်တော့်ကို မသတ်ပါနဲ့”

လူငယ်သည် သေဆုံးရခြင်းကို အာရုံခံမိဟန်တူသည်။ အကူအညီမဲ့စွာ ပြောလိုက်သည် “ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော် မသေချင်သေဘူး။ မသတ်ပါနဲ့။ ကျွန်တော် ဟေးဖေး ဂိုဏ်းထဲ ဝင်ပါ့မယ်။ ဒီမှာ ကျွန်လို ခစားဆိုလည်း ခစားပါမယ်။ ကျေးဇူးပြုပြီး မသတ်ပါနဲ့။”

“ဟားဟား …”

“ငကြောက်”

“ကြည့်စမ်း .. သေတောင် ထွက်ကျနေပြီ”

အကြီးအကဲ ရှစ်ယောက်တို့သည် အားရပါးရ ရယ်လိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် ပို၍ ဒေါသတွေ ထွက်လာမိ၏။

“ချီးတဲ့မှ .. ဘယ်လို တပည့်ကို ငါ ရွေးလာမိတာလဲ။”

ကျိုုးရှန်းပသည် သူ၏ ဓားရှည်ဖြင့် လူငယ်၏ ဂုတ်ပိုးအား ခုတ်ချလိုက်တော့သည်။ ပြီးနောက် ရယ်ကာ ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. ပိုက်ဆံလျော့အောင် ကျုပ် လုပ်ပေးလိုက်ပြီနော်။”

“ဒင် …”

ဂိုဏ်းသား - ၉၉ / ၁၀၀။

ကျွင်းချောင်ရှောင်းသည် စနစ်မှ သတိပေးချက်အား လျစ်လျူရှုထားလိုက်သည် ။သူ ဖြည်းညှင်းစွာနှင့် ဦးခေါင်းအား မော့ကာ ကျိုးရှန်းပ အား ကြည့်လိုက်သည် “ကျုပ် ပြောစရာရှိတယ်။”

ထိုစကားလုံးများတွင် ဒေါသတရားတွေ အပြည့်နှင့် ဖြစ်၏။

သူသည် အလွန်စိတ်တိုလျက်ရှိသည်။ သေခြင်းတရားအား အလွန်အမင်းကြောက်လန့်နေခဲ့သော တပည့်အားလည်း စိတ်ပျက်မိသည်။ သို့ပေမဲ့ ဂိုဏ်းမှ တပည့်တစ်ယောက်အား သူ့ရှေ့တွင် မျက်တောင်တစ်ချက် မခတ် သတ်ဖြတ်ခဲ့ခြင်းအား သူ မည်သို့ သည်းခံမည်နည်း။

“ဟားဟား .. ဒီကောင့်ကို ကြည့်ရတာ စိတ်တိုနေသလိုပဲ”

“သေမှာကြောက်နေတဲ့ ဂိုဏ်းတပည့်ကို သူ့အစား ငါတို့ ခေါင်းဆောင်က ရှင်းပေးလိုက်တာ မဟုတ်လား။ ကျေးဇူးတောင် တင်ရအုံးမယ်လေ”

အကြီးအကဲ ရှစ်ယောက်တို့သည် လှောင်ပြောင်နေကြသည်။

ကျွင်းချောင်ရှောင်း ဝင်လာစဉ်ကတည်းက သူတို့တွေသည် အလေးမထားကြချေ။

ကျိုးရှန်းပ ၏ မျက်လုံးများသည် အေးစက်နေသည်။ သို့ပေမဲ့ သူ၏ ဓားရှည်အား သိမ်းဆည်းပြီး ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ဘာပြောချင်လို့လဲ”

ကျွင်းချောင်ရှောင်း အေးစက်စက် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းရဲ့ တပည့် ဖြစ်တာမို့ သူ သေခြင်းတရားကို ကြောက်ရွံတာ အပြစ်ကြီးတစ်ခုပဲ။ ဒါပေမဲ့ အဲလို အပြစ်ကြီးတစ်ခု ကျုးလွန်မိတယ် ဆိုရင်တောင်မှ ကျုပ်ပဲ အပြစ်ပေးမယ်။ တခြား ဘယ်သူကမှ ဝင်ပြီး အပြစ်ပေးလို့မရဘူး”

“ဟားဟား…”

“ဒီကောင် သူ့ကိုယ်သူ ဂိုဏ်းချုပ်လို့ တကယ်ကြီး ထင်နေတာလား”

“အဆင့်ကိုးဂိုဏ်းလေး ဆိုတာ ကျုပ်တို့ ဟေးဖေးဂိုဏ်းထက်တောင် ပိုပြီး အားနည်းသေးတယ်။ ဒါကိုများ ကြီးကြီးကျယ်ကျယ်တွေ ဘာလျှောက်ပြောနေတာလဲ။ အသက်ရှင်ရတာ ပင်ပန်းလွန်းနေပြီ ထင်တယ်။”

ကျိုးရှန်းပသည် လက်ပိုက်ပြီး ပြောလိုက်သည် “ဒီတော့ ကျုပ်က မင်း ကိစ္စထဲ ဝင်ရှုပ်မိပြီပေါ့”

“ဟုတ်ပါတယ်”

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “ခင်ဗျား တခြားသူရဲ့ ကိစ္စကို ဝင်ရှုပ်မိနေပြီ”

ကျိုးရှန်းပ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်လုံးများသည်ပို၍ အေးစက်လာသည်။

သူတို့ ခေါင်းဆောင် စိတ်ဆိုးသွားပြီ ဖြစ်ကြောင်း ဓားပြ အကြီးအကဲ ရှစ်ယောက်တို့က နားလည်သွားကြ၏။

“ကောင်လေး…”

မုတ်ဆိတ်တွေ အပြည့်နှင့်လူသည် ထိုင်ခုံလက်ရန်းအား ထုနှက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည် “ငါတို့ ခေါင်းဆောင်က မင်းကို မျက်နှာသာ ပေးထားတာနော်။ မင်းကိုယ်မင်း ဘာထင်နေလဲ”

“ဇွိ”

ကျွင်းချောင်ရှောင်းသည် အအေးဓားအား ထုတ်ယူပြီး မုတ်ဆိတ်တွေ အပြည့်နှင့် လူ၏ ရင်အုံအား ထိုးချလိုက်တော့သည်။

All Chapters