← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

မုတ်ဆိတ်တွေအပြည့်နှင့် လူ ပြောလိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးတွေသည် အေးစက်သွားတော့သည်။ သူ အအေးဓားအား ထုတ်ယူ၍ ထိုလူ၏ ရင်အုံထဲသို့ ထိုးသွင်းလိုက်သည်။

မြန်ဆန်သည် ၊ အညှာအတာကင်းမဲ့သည် ၊ တိကျသည်။

“ညီလေးကိုး …”

ကျန်အကြီးအကဲ ခုနှစ်ယောက်တို့သည် ဒေါသအကြီးအကျယ် ထွက်သွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းအရိပ်အယောင်တွေနှင့် ပြည့်လျက် ရှိ၏။

ကျိုးရှန်းပ ၏ မျက်လုံးတွေသည်လည်း အေးစက်သွားသည်။ သူ့ပတ်ပတ်လည်ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ဆူဝေလာသည်။

“ခေါင်းဆောင် …”

ကျွင်းချောင်ရှောင်း တည်ငြိမ်စွာပဲ ပြောလိုက်သည် “ခင်ဗျား အောက်ဆွဲလေးက ဝင်ပြီး ရှုပ်နေတယ်။ သူက ဂိုဏ်းချုပ်ချင်း စကားပြောချိန်မှာ ဝင်မရှုပ်ရဘူးဆိုတဲ့ အခြေခံ ယဉ်ကျေးမှုလေးကိုတောင် နားမလည်တော့ဘူး။ ဒါကြောင့် ဒီလို လူရိုင်းတွေ ဂိုဏ်းထဲ မရှိအောင် ကျုပ်က ခေါင်းဆောင်ကျိုး ကိုယ်စား ရှင်းလင်းပေးလိုက်တာပါ။ ပြဿနာမရှိလောက်ပါဘူးနော်။ ဟုတ်တယ်ဟုတ်”

ကျုပ်တပည့်ကို သတ်တာလား။

ခင်ဗျားရဲ့ အောက်ဆွဲလေးတွေ အသက်လည်း သေစေရမယ်။

သံမဏိအရိုးဂိုဏ်းခေါင်းဆောင် အနေဖြင့် သူ၏ ဆုံးဖြတ်ချက်များသည် သံမဏိလို ခိုင်မာလှ၏။

“ဘောက် .. ဘောက် …”

ဒဏ်ရာဆီမှ သွေးတွေ စီးကာ မြေပေါ်ကျဆင်းနေသည်။

ရွှစ် ..။

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားအား မုတ်ဆိတ်နှင့်လူ ခန္ဓာကိုယ်ထဲမှ ဆွဲနှုတ်လိုက်၏။

“မင်း …”

မုတ်ဆိတ်နှင့်လူသည် ဒေါသအကြီးအကျယ် ထွက်သွားသည်။ သို့ပေမဲ့ သူ့နှလုံးသားဆီမှ စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ သိစိတ်သည်လည်း မှေးမှိန်လာသည်။ နောက်ဆုံးမှာတော့ မြေပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်။

စွမ်းအင်ဖွင့်ခြင်းအဆင့်ဆယ့်နှစ် ကျင့်ကြံသူ တစ်ယောက်သည် ဤကဲ့သို့ပင် လွယ်လွယ်ကူကူ သေဆုံးသွားခဲ့၏။

အအေးဓားသည် ထက်ရှလွန်းသည့်အပြင် ကျွင်းချောင်ရှောင်း၏ ဓားထုတ် တိုက်ခိုက်မှုသည် မြန်ဆန်လွန်းလှသောကြောင့် မုတ်ဆိတ်အပြည့်နှင့်လူ မရှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

“သေစမ်း ….”

ခေါင်းပြောင်နှင့် အကြီးအကဲ တစ်ယောက်သည် လက်သီးဆုပ်ကာ ရှေ့သို့ တက်လာသည်။ သူ ဒေါသတကြီး ကြိမ်းဝါးလိုက်၏ “မင်း ငါ့ရဲ့ညီလေးကိုး ကို သတ်ခဲ့တယ်။ သေရမယ်”

“နောက်ဆုတ်စမ်း…”

ကျိုးရှန်းပ ၏ အသံသည် တီးတိုးထွက်ပေါ်လာသည်။

သူ၏ အသံသည် လေထုထဲတွင် လှိုင်းတွေ ထလောက်သည်အထိ အားအင်များ ပါဝင်နေ၏။

ရုတ်တရက် တိုက်ခိုက်ရန် ပြင်လိုက်သော ခေါင်းပြောင် ကျင့်ကြံသူသည် ရုတ်တရက် ရပ်တန့်သွားသည် ။ လက်သီးဆီမှ အားအင်များအား ပြန်လည် သိမ်းဆည်းပြီး ဒေါသတကြီးဖြင့် ကိုယ့်ခုံတွင် ကိုယ်ပြန်ထိုင်လိုက်သည်။

“အားကောင်းတယ် ……” ကျွင်းချောင်ရှောင်း တုန်လှုပ်သွားမိသည်။ တစ်ချိန်တည်းမှာပဲ သူ၏

ဓားအား ပြန်သိမ်းလိုက်၏။

ကျိုးရှန်းပ သာ သူ၏ လူအား မရပ်တန့်လျှင် ကျွင်းချောင်ရှောင်းသည် ခေါင်းပြောင်အား တစ်နည်းနည်း ဖြင့် သတ်ဖြတ်မှာ သေချာသည်။

“ထားလိုက်တော့ .. ကျုပ် သူ့ကို အသက်နည်းနည်း ပေးရှင်လိုက်အုံးမယ်”

“ဖြောင်း .. ဖြောင်း …”

ကျိုးရှန်းပသည် လက်ခုပ်တီးကာ ပြုံးလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ရဲ့ ဓားက အရမ်းမြန်ပြီး တိကျတယ်။ ဓားတာအိုက နက်ရှိုင်းတယ် ဆိုတာ သက်သေပြလိုက်တာပဲ။ ကျုပ် ချီးကျုးမိတယ်”

သူ၏ တပည့်အား သတ်ဖြတ်ခဲ့တာတောင်မှ အဘယ့်ကြောင့် ချီးကျူးနေနိုင်သနည်း။

ကျွင်းချောင်ရှောင်းလက်သီးဆုပ်ကာ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်၏ “မြှောက်နေပြန်ပြီ ခေါင်းဆောင်။ ကျုပ်ရဲ့ စွမ်းရည်အရဆိုရင် ခင်ဗျားရဲ့ တပည့်တွေကိုပဲ အနိုင်ကျင့်လို့ရပါတယ်။”

တခြားသော ဟောခန်းထဲရှိ အကြီးအကဲ ဆိုသူများ သိမ်ငယ်သွားစေရန် သူ တမင်ပြောလိုက်ခြင်း ဖြစ်သည်။

“ခရက် …”

ခေါင်းဆောင်သည် ဒေါသထွက်လွန်းသောကြောင့် အံကို တင်းတင်းကြိတ်လိုက်သည်။ သူ ကိုင်ထားသော ထိုင်ခုံ လက်ရန်းသည်ပင် ကျိုးကျေသွား၏။

“ဂိုဏ်းချုပ်ကျွင်း …”

ကျိုးရှန်းပ အပြုံးတု တစ်ခုကို ပြုံကာ ပြောလိုက်သည် “ပေါက်ကရတွေ မပြောနဲ့တော့။ ကျုပ်ဆီမှာ မင်းရဲ့ တပည့် ၃၁ ယောက်ရှိနေတယ်။ ငွေ သုံးထောင့်တစ်ရာ ပေးပြီး ခေါ်သွားလို့ရတယ်။”

ဓားပြဂိုဏ်းဆောင် အနေဖြင့် ငွေရရန် ရှိသောကြောင့် သည်းခံနေခြင်းပင် ဖြစ်တော့သည်။

“ကျုပ် ငွေတစ်ရာ ပေးမယ်။” ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်တပည့်တွေကို ခေါ်ပြီး ထွက်သွားလိုက်မယ်။ဒါဆိုရင် ကျုပ်တို့ ရန်ကြွေးတွေ ဖြေရှင်းပြီး ဖြစ်သွားမယ်”

“ဖောင်း ….” ကျိုးရှန်းပသည် လက်ကျန် ထိုင်ခုံလက်ရန်းအား ထုနှက်ရင်း အေးစက်စက် ပြောလိုက်သည် “ကျွင်းချောင်ရှောင်း.. ငါ မင်းကို လေးစားမှု ပေးပြီးပြီ။ ဘာလို့ ကျေးဇူးမတင် ဖင်လှန်ပြနေတာလဲ။ ငါဆိုတဲ့ ကောင်က ဖင်လှန်ပြရင် ဖင်ချမယ့်ကောင်နော်”

သူ ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။

နဂါးမှန်းသိအောင် အမောက်ထောင်ပြမှ ဖြစ်တော့မည်။ ရေမြွေတစ်ကောင်ကဲ့သို့ ဟန်ဆောင်နေရသည်မှာ လွယ်ကူသော အရာ မဟုတ်ပေ။

“ခေါင်းဆောင်ကြီး…”

ခေါင်းပြောင်နှင့် လူသည် မတ်တပ်ထရပ်ပြီး ဒေါသတကြီး ပြောလိုက်သည် “ကျုပ် သူ့ကို သတ်ပါစေ။ ပြီးမှ သူ့ပိုက်ဆံကို ယူလိုက်ကြတာပေါ့”

“ဟုတ်တယ်”

“သူ့ကို သတ်ပြီး ညီလေးကိုး အတွက် လက်စားချေရမယ်။”

တခြားသော အကြီးအကဲ ခြောက်ယောက်တို့ကလည်း မတ်တပ်ထရပ်လာကြသည်။ အားလုံး၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်း အရိပ်အယောင်တွေနှင့် ပြည့်နေသည်။

သူတို့သည်ဝင်လာစဉ်ကတည်းက ကျွင်းချောင်ရှောင်း အား မနှစ်သက်ကြချေ။ သူတို့ ညီလေးကိုးကို သတ်ဖြတ်ပြီးနောက်မှာတော့ မည်သို့မှ သည်းမခံနိုင်တော့ဘဲ အရေခွံဆုတ်နိုင်မည့် အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။

“ကောင်လေး …”

ကျိုးရှန်းပ အေးစက်စက် ပြောလိုက်သည် “မင်း အတွက် ဘာက ကောင်းလဲ ဆိုတာ သိတယ် မလား။ ဒါပေမဲ့ အခုမှ နောင်တရလည်း နောက်ကျသွားပြီ”

“ရွှစ် …”

သူသည် ညာလက်အား ယမ်းခါပြီး တိုက်ခိုက်ရန် အချက်ပြလိုက်တော့သည်။

ခေါင်းပြောင်အကြီးအကဲသည် ရှေ့သို့ တိုးလာသည်။ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည် “ဂိုဏ်းချုပ်.. ဒီနေရာက သေးလွန်းတယ်။ တိုက်ခိုက်ချင်တယ် ဆိုရင် အပြင်မှ သွားတိုက်ကြတာ မကောင်းဘူးလား။”

ကျိုးရှန်းပ အေးစက်စက် ပြုံးကာ ပြောလိုက်သည် “မင်း သဘောပါပဲ”

…..

ဟောခန်း၏ အပြင်ဘက်တွင်တော့ ရွံ့များနှင့် ပြည့်နေသော ကွင်းပြင်ကျယ်ကြီး တစ်ခု ရှိနေသည်။

ကွင်းပြင်ကြီးအား သွေးဆာနေသော တောပုန်းဓားပြ နှစ်ရာနီးပါးက ဝန်းရံထားကြပြီး ကျွင်းချောင်ရှောင်းအား ဒေါသတကြီး စိုက်ကြည့်နေကြ၏။

ချင်းယန်ရွာလေး အနီးရှိ အဆင့်ရှစ် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်သည် လက်ရှိမှာတော့ တောပုန်းဓားပြ နှစ်ရာကျော်၏ ဖိအားပေးမှု နှင့် ရင်ဆိုင်နေရသည်။ လက်ရှိအချိန်တွင် ကျွင်းချောင်ရှောင်းသည် ဝံပုလွေအုပ်ထဲ ကျရောက်နေသည့် သိုးလေးတစ်ကောင်လိုပင်။

…

“ကောင်လေး …”

ခေါင်းပြောင်ကျင့်ကြံသူသည် ကွင်းပြင်ဆီသို့ ဆင်းလာပြီး သူ၏ အပေါ် ဝတ်စုံအား ချွတ်လိုက်သည်။ တောင့်တင်းလှသော ကြွက်သားများသည် အမြှောင်းမြှောင်းတို့ဖြင့် ပေါ်လာသည် “ငါ မင်းကို နည်းနည်း အသက်ရှင်ချိန်လေး ပေးလိုက်မယ်”

“တကယ်လား…”

ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြုံးလိုက်သည်။

“ငါလူး .. ဒီအပြုံးက စိတ်တိုချင်စရာ ကောင်းလိုက်တာ”

“အကြီးအကဲခြောက် .. ဒီကောင့်ကို သတ်ပြီး အကြီးအကဲ ကိုး နဲ့ ညီအစ်ကို နှစ်ယောက် တို့ အတွက် လက်စားချေပေးပါ။”

“သူ့ကို သတ်ရတာ လွယ်တယ်။ ခြေတွေ လက်တွေ ချိုးပြီး တိုင်မှာ ချိတ်မယ်။ တစ်လလောက် ကောင်းကောင်း နှိပ်စက်လိုက်တာ ပိုကောင်းမယ် ထင်တယ်။”

“ဟုတ်တယ်။ ဟုတ်တယ်”

ဓားပြ များသည် အော်ဟစ်လိုက်ကြသည်။

သူတို့သည် ထိုသို့သော နည်းလမ်းမျိုးကို ပြုလုပ်ရတာ ယဉ်ပါးနေကြပြီဖြစ်သည်။ ထို့ကြောင့်ပင် ဂိုဏ်း၏ ကွင်းပြင် တစ်ခုလုံး သွေးညှီနံ့များနှင့် ပြည့်နှက်နေခြင်း ဖြစ်၏။

ကျိုးရှန်းပ သည် ထိုင်ခုံ တစ်ခုကို ထုတ်ယူကာ ထိုင်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “အကြီးအကဲခြောက် .. ဒီကောင်လေး ရဲ့ လှုပ်ရှားမှုက အရမ်းမြန်တယ်။ မပေ့ါဆနဲ့”

အကြီးအကဲခြောက်သည် သူ၏ ညာခြေအား တစ်လှမ်း လှမ်းတက်ကာ အားစိုက်လိုက်တော့ ခြေထောက်သည် ရွံ့နွံထဲ ကျွံဝင်သွားတာ့သည်။ သူ လေးလေးနက်နက် ပြုံးကာ ပြောလိုက်၏ “ခေါင်းဆောင်.. မြန်တယ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျုပ် ပြလိုက်မယ်”

“ဒီသိုင်းကွက် …”

“အကြီးအကဲခြောက် က အရိပ်ခြေ ခုနှစ်လှမ်းကို ထုတ်သုံးတော့မှာလား။”

“ဒါက သေမျိုး အလယ်အလတ်အဆင့် သိုင်းကွက်တစ်ခုပဲ။ ကျွမ်းကျင်သွားရင် အရိပ်လိုမြန်ဆန်တယ်”

“အကြီးအကဲခြောက် ဒီသိုင်းကွက်ကို ထုတ်သုံးခဲတယ်။ ဒီနေ့ ငါတို့ မြင်ရတာ ဂုဏ်ယူစရာပဲ”

ဓားပြ များသည် ဆူညံပွက်လောရိုက်သွားကြ၏။ သူတို့သည် ကျွင်းချောင်ရှောင်းအား သနားသလို ကြည့်လိုက်ကြသည်။ အကြီးအကဲခြောက် အရိပ်ခုနှစ်လှမ်း သိုင်းကွက်အား ထုတ်သုံးပြီ ဆိုကတည်းက ကျွင်းချောင်ရှောင်း ဆိုသော နို့နံ့မစင်သေးသည် ဂိုဏ်းချုပ် သေမှာ ကျိန်းသေသည် မဟုတ်လား။

ဟူး …။

အားလုံးက ကျွင်းချောင်ရှောင်းအား ကြည့်လိုက်ကြသည်။

သူတို့ မျက်လုံးထဲတွင်တော့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည် ခြေထောက်ကို ဆန့်ကာ ခြေဖျားထောက်လျှက် ခေါင်းကို ဘယ်ညာ ယမ်းခါနေသည်။ ပြီးနောက် လက်နှစ်ဖက်အား စက်ဝိုင်းပုံစံ ဝေ့ယမ်းလျက်ရှိ၏။

“ဒီကောင် ဘာလုပ်နေတာလဲ”

“သိုင်းကွက် ထုတ်နေတာလား။”

“သိုင်းကွက် ထုတ်တဲ့ပုံစံလည်း မဟုတ်ဘူး။ လူရှိန်အောင် လုပ်နေတာနေမယ်”

ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများသည် တိုက်ခိုက်မှု မစတင်ခင်မှာ သွေးပူလေ့ကျင့်ခန်း လုပ်ရသည် ဆိုသော အချက်အား မသိရှိကြချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ အပြုအမူသည် သူတို့အတွက် ထူးဆန်းနေခြင်း ဖြစ်သည်။

ခဏလောက်ကြာတော့ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်း ပြီးဆုံးသွားခဲ့လေပြီ။

ကျွင်းချောင်ရှောင်းသည် သူ၏ ညာလက်ညိုးအား မြှောက်ကာ တီးတိုးပြောလိုက်သည် “ငါ သိပ်မသိဘူး ဆိုပေမဲ့ မကြောက်ဘူးကွ”

“………”

အားလုံး ငြိမ်သက်သွားကြသည်။

သံမဏိအရိုးဂိုဏ်းခေါင်းဆောင်၏ ဦးနှောက်သည် သေချာ အလုပ်လုပ်ရဲ့လားပင် သူတို့ ယုံမှားသံသယ ဖြစ်မိနေကြ၏။

“ဘာပဲ ဖြစ်ဖြစ် မင်း သေရမယ်။” အကြီးအကဲ ခြောက်က ကြိမ်းဝါးလိုက်သည်။

ပြီးနောက် ရှေ့သို့ လှမ်းတက်လာသည် … တစ်လှမ် း.. နှစ်လှမ်း … ခြေလှမ်းများသည် မိစ္ဆာတစ်ပါး၏ ခြေလှမ်းများ အလားပင်။

ခြေလှမ်း ခုနှစ်လှမ်း လှမ်းပြီးနောက် ရှစ်လှမ်းမြောက်အား လှမ်းလိုက်ချိန်မှာတော့ အကြီးအကဲခြောက်၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ ထိုအရာသည် အရိပ်ခုနှစ်လှမ်း သိုင်းကွက်၏ စွမ်းပကားပင် ဖြစ်တော့သည်။

အကြီးအကဲခြောက်၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုလို မြန်ဆန်စွာနှင့် ရွေ့လျားနေသည်။

“မြန်လိုက်တာ…”

ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွား၏။

လက်ရှိ အချိန်၌ သူသည် ခေါင်းပြောင် ကျင့်ကြံသူကို သေချာမတွေ့ရတော့ဘဲ အရိပ်လို အလင်း ဖြတ်ပြေးနေသည်ကိုသာ မြင်နေရသည်။

All Chapters