အခန်း (၂၉)
Vol. 3 Ch. 29
"ကောင်းကင်ဘုံ ……”
“အကြီးအကဲခြောက်က အရမ်းမြန်လွန်းတာပဲ။”
“ ငါသူ့ရဲ့ အရိပ်ကိုပဲ မြင်ရတယ်။ သူ့ရဲ့ အဝတ်အစားတွေကိုတောင် မမြင်ရတော့ဘူး။"
"သေမျိုးအလယ်အလတ်အဆင့် သိုင်းကွက်မှန်း သိသာလိုက်တာ အရမ်းကြောက်ဖို့ ကောင်းတာပဲ။"
တောပုန်းဓားပြများသည် အကြီးအကျယ် ချီးကျူးနေကြသည်။ ထိုသူတို့သည် အကြီးအကဲခြောက်၏ သိုင်းကွက်ကိုလည်း ကြည့်၍ မနာလိုလည်း ဖြစ်မိနေကြ၏။
"မဆိုးဘူး။ မဆိုးဘူး။"
ကျိုးရှန်းပသည် သဘောတကျဖြင့် ပြောလိုက်၏။
"အကြီးအကဲခြောက်ရဲ့ အရိပ်ခုနှစ်လှမ်း သိုင်းကွက်က လွန်ခဲ့တဲ့ နှစ်ဝက်ကနဲ့ စာရင် အများကြီး တိုးတက်လာခဲ့တာပဲ။"
ဒုတိယအကြီးအကဲဖြစ်သော အသားလတ်လတ်နဲ့ ကျင့်ကြံသူက ပြုံးကာ ပြောလိုက်သည်။
"အကြီးအကဲခြောက်ရဲ့ အမြန်နှုန်းနဲ့ဆိုလျှင် ဒီကောင်သူ့ကို ဘယ်တော့မှ ဖမ်းမိမှာမဟုတ်ဘူး။ ကျုပ် တောင် သူ့ကို ဖမ်းဖို့ ခက်လိမ့်မယ်။"
"ဒုတိယအကြီးအကဲတောင်မှ မဖမ်းနိုင်ဘူးဆိုရင် ကျုပ်ဆို ပိုတောင်ဆိုးသေးတာပေါ့။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။"
လေးယောက်မြောက် အကြီးအကဲက သွားဖြီးကာ ပြောလိုက်၏။
သူတို့ ရယ်ရယ်မောမောနှင့် အဘယ့်ကြောင့် ပြောဆို ဆက်သွယ်နေကြရသနည်း။
အကြီးအကဲခြောက် သည် အရှိန်မြှင့်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းအား လုံးဝ မတိုက်ခိုက်ပေ။
တိုက်ခိုက်ရမည့် အစား ကျွင်းချောင်ရှောင်အား စက်ဝိုင်းပုံစံလှည့်ကာ ပြေး၍ စနောက်လျက် ရှိသည်။
"ကောင်လေး ငါ ဘယ်လောက်ထိမြန်တယ်ဆိုတာ မင်းကို ပြောပြမယ်။"
ဝှီ။
ခြောက်ယောက်မြောက် အကြီးအကဲ၏ ခြေလှမ်းသိုင်းကွက်သည် အရှိန်ဆက်လက်၍ မြှင့်တင်နေသည်။
တိုက်ခိုက်ရေးကွင်းပြင် တွင် အကြီးအကဲခြောက်၏ ပုံရိပ်ယောင်များနှင့် ထပ်လျက်ရှိ၏။ လေနှင့်အတူ ဖုန်မှုန့်တွေပင် ပတ်ဝန်းကျင်၌ လှိုင်းထလျှက် ရှိ၏။
ဒုတိယအကြီးအကဲသည် ခေါင်းကို ခါယမ်း၍ ပြုံးကာပြောလိုက်သည်။
"အကြီးအကဲခြောက်က ဟိုကောင်လေးကို စနောက်နေတာပဲ။"
"ဓားက ဘယ်လောက်မြန်တယ်ပြောပြော အကြီးအကဲခြောက်ရဲ့ အမြန်နှုန်းလောက်တော့ မြန်နိုင်မှာ မဟုတ်ဘူး။"
အကြီးအကဲတစ်ချို့သည် အားရပါးရ ပြုံးလိုက်မိကြ၏။
"အကြီးအကဲခြောက် သူ့ရဲ့ ခြေတွေ လက်တွေကို ခုတ်ဖြတ်ပြီး မြေကြီးပေါ်မှာ ခွေးတစ်ကောင်လို အော်ဟစ်နေစေချင်တယ်။
မသေမရှင်ဖြစ်တဲ့ အထိ နှိပ်စက်ကြမယ်။
“ပြီးရင် သူ့မျက်လုံးတွေကို ဖောက်ထုတ်မယ်။ ပြီးမှ ကျုပ်တို့ ချိုမြိန်လွန်းတဲ့ ငရဲခန်းကို ကြည့်ပြီး အားရပါးရ စားကြသောက်ကြတာပေါ့။"
တောပုန်းဓားပြ ရာကျော်တို့သည်လည်း ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
တိုက်ခိုက်ရေး ကွင်းပြင်၏ အလယ်တွင် ရပ်လျှက်ရှိသော ကျွင်းချောင်ရှောင်းသည် လေအဟုန်ကြောင့် ဆံပင်များ ရှုပ်ပွလျှက်ရှိသည်။
သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ဖုန်မှုန့်တွေနှင့် ပေကျန်နေသည်။
သူသည် စိတ်မရှည်သလို ပြောလိုက်၏။
"နားထဲမှာ တဝှီဝှီနဲ့ ယင်ကောင်တွေပျံ့နေသလိုပဲကွာ။"
ဝှီ။
သူသည် ရှေ့သို့ လှမ်းတက်သည်။
စဦးအအေးဓား အား ထုတ်လိုက်သည်။ ပြီးနောက် ရှေ့သို့လှမ်း၍ ခုတ်လိုက်တော့၏။
သို့သော်လည်း ကံမကောင်းစွာဖြင့် အကြီးအကဲခြောက်အား မထိမှန်ခဲ့ချေ။
“ဟား ဟား ဟား။”
“အကြီးအကဲခြောက်က အရမ်းမြန်တာပဲ။ သူထိအောင်မခုတ်နိုင်ဘူး။”
ဘုတ်။
ပြောနေတုန်းမှာပဲ တောင်ပုန်းဓားပြများသည် ကွင်းပြင်ပေါ်သို့ တစ်စုံတစ်ခု ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။
သေချာအနီးကပ်ကြည့်လိုက်ချိန်မှာတော့ အကြီးအကဲခြောက်၏ ပြောင်နေသော ဦးခေါင်းကြီးပင်ဖြစ်သည်။
တောပုန်းဓားပြ၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ သူတို့ အလျှင်စလိုဖြင့် လှည့်ကြည့်လိုက်ကြသည်။
တိုက်ခိုက်ရေး ကွင်းပြင်တွေ ပြေးလွှားလျှက်ရှိသော ပုံရိပ်ယောင်သည် တစ်ဖြည်းဖြည်းနှင့်အရှိန် လျော့ကျလာ၏။
အကြီးအကဲခြောက်၏ ဦးခေါင်းမရှိသော ခန္ဓာကိုယ်ကြီးသည် တိုက်ခိုက်ရေးကွင်းပြင်အား အနည်းငယ် ပတ်ပြေးလျက်ရှိပြီး လည်ပင်းဆီမှ သွေးများသည် ရေဗန်းတစ်ခုထဲသို့ ပန်းထွက်လျှက် ရှိ၏။
ကျင်းချောင်ရှောင်းသည် သူ၏ ဓားသိုင်းကွက် ထုတ်ရာပုံစံအတိုင်း ရပ်လျှက်ရှိသည်။ သူ ထူးမခြားနား သလို ပြောလိုက်သည်။
"အရူး။ ဘာလို့ ပတ်ပြေးနေတာလဲ မသိဘူး။ ပြီးတော့ ရိုးရိုး မပြေးဘဲ ငါ့ဓားကိုမှ ခေါင်းနဲ့ ဝင်တိုက်သွားသေးတယ်။"
အမှန်တကယ်တမ်းတွင်တော့ သူသည် အကြီးအကဲခြောက်ဆိုသူ ပြေးလွှားနေတုန်း ဓား ဖြင့် အသာ ခံပေးလိုက်ခြင်းပင် ဖြစ်၏။
အကြီးအကဲခြောက်၏ လှုပ်ရှားမှုသည် အလွန်အမင်း မြန်ဆန်လွန်းသောကြောင့် ဓားဖြင့် ခုတ်ပိုင်းခံရပြီး နောက်တွင်တောင်မှ အရှိန်လျော့ကျမသွားချေ။ ထို့ကြောင့် ဦးခေါင်းမဲ့သော ခန္ဓာကိုယ်ကြီးသည် ဆက်လက်ပြေးလွှားနေခြင်းပင် ဖြစ်၏။
ထိုမျှ မြန်ဆန်စွာ ပြေးလွှားနေသည့် လူတစ်ယောက်အား သတ်ဖြတ်ရန် ထက်မြလှသော အအေးဓားပင် မလိုအပ်ချေ။
သံကြိုးတစ်ချောင်း ရှေ့မှတားဆီးထားလျှင်ပင် ဤ ခေါင်းပြောင်၏ ခေါင်း ပြတ်သွားမှာ သေချာ၏။
အကြီးအကဲခြောက်၏ အရိပ်ခုနစ်လှမ်းသိုင်းကွက်သည် အလွန်မြန်ဆန်သော သိုင်းကွက်ဖြစ်၏။
ကျွင်းချောင်ရှောင်းလို စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်ဆယ်သာရှိသော ကျင့်ကြံသူတစ်ယောက်အတွက် လွယ်လွယ်ကူကူ ယှဉ်ပြိုင်တိုက်ခိုက်၍ ရနိုင်မည် မဟုတ်ချေ။
သို့ပေမဲ့ တိုက်ခိုက်ပွဲများဆိုသည်မှာ ဦးနှောက်ကိုလည်း လွှာ၍ သုံးရပေသည်။ သိုင်းပညာရှင်များ တိုက်ခိုက်ရာတွင် ဦးနှောက်မသုံးပါက သာမန်လူများ တိုက်ခိုက်ရေးနှင့် ဘာထူးလိမ့်မည်နည်း။
"အစ်ကိုခြောက် …..”
“အကြီးအကဲခြောက် ……."
တိုက်ခိုက်ရေးကွင်းပြင်၏ အပြင်ဘက်ဆီမှ ဝမ်းနည်းတကြီးဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဝှစ်။
ချက်ချင်းဆိုသလိုပဲ တောပုန်းဓားပြများ၏ ဒေါသများသည် အပြင်ဘက်ဆီသို့ စုပုံ၍ ထွက်လာတော့သည်။
သူတို့၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်များလည်း ပြည့်လာကြသည်။ သူတို့သည် လက်ထဲမှ ဓား၊ လှံ ၊ လက်နက်များ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြ၏။
"သေစမ်း။"
ပိန်ပိန်ပါးပါးနှင့် ရှစ်ယောက်မြောက် အကြီးအကဲ ၊ အရပ်ပုပုနဲ့ ခုနစ်ယောက်မြောက် အကြီးအကဲတို့သည် ဒေါသတကြီးဖြင့် တိုက်ခိုက်ရေးကွင်းပြင်ဆီသို့ ပြေးဝင်လာခဲ့သည်။
တစ်ယောက်သည် ဓားအား ကိုင်ဆောင်ထားသည်။ တစ်ယောက်ကတော့ သင်းပုတ်ကို ကိုင်ဆောင်ထားသည်။
တောပုန်းဓားပြသည် တောပုန်းဓားပြများပင်ဖြစ်၏။
သူတို့၏အဖော် အသတ်ခံရပြီးနောက်မှာတော့ သူတို့သည် ဒေါသအား မထိန်းထားနိုင်ကြတော့ချေ။
အရေအတွက်အား ဂရုမစိုက်ကြတော့ဘဲ အလုံးအရင်းဖြင့် ဝင်၍တိုက်ခိုက်ရန် ကြံစည်ကြတော့သည်။
ရွှီ။
ကျွင်းချောင်ရှောင်းသည် သူ၏ ခြေလှမ်းကွက်အား ထုတ်သုံးပြီး တောပုန်းဓားမြများ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။
ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"ဘာလဲ။ …တစ်ယောက်ချင်း တိုက်လို့ မနိုင်လို့ လူအများကြီးနဲ့ ဝင်တိုက်ပြီး နိုင်ချင်တာလား။"
“ငရဲကို သွားစမ်း။”
လေးယောက်မြောက် အကြီးအကဲနှင့် ငါးယောက်မြောက် အကြီးအကဲ၏ လက်သီးများသည် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နှက်လျှက်ရှိသည်။ သူတို့သည် အနောက်မှ တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။
ဘုန်း။
ကျွင်းချောင်ရှောင်းသည် ညာဘက်ခြမ်းသို့ ခြေလှမ်းကာ ကပ်၍ ရှောင်လိုက်၏။
သူ၏ မျက်နှာပေါ်တွင်ရှိသော အပြုံးသည် ပျောက်ကွယ်သွား၏။ သူ၏မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။
ဤရက်စက်လှသော ဓားပြများအား ကျင့်ကြံခြင်း လောက၏ စည်းမျဉ်းများနှင့် ရင်ဆိုင်၍ မဖြစ်ချေ။
အားလုံးသည် သူ့အား စုပေါင်း၍ တိုက်ခိုက်ရန်ပင် စဉ်းစားနေကြသည် မဟုတ်လော။
ခေါင်းဆောင် ကျွင်းချောင်ရှောင်းသည် ထူးမခြားသလို ပြောလိုက်၏။
"ဟေးဖေးခံတပ်က ဧည့်သည်ကို ဒီလိုပဲ ဆက်ဆံတာလား။"
ကျိုးရှန်းပ သည် ဤစကားကို ကြားတော့ မေ့မျောလှမတတ်ပင် ဖြစ်သွားသည်။
မင်း ငါရဲ့လူနှစ်ယောက်လုံးကို သတ်ဖြတ်ခဲ့ပြီးပြီလေ။ ဒါတောင်မှ မင်းကိုမင်း ဧည့်သည်လို ထင်နေသေးတာလား။
ဟမ့် ။
ကျိုးရှန်းပသည် မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်သည်။
"ကောင်လေး မင်း ငါ့လူတွေကို သတ်ခဲ့ပြီးပြီ။ ဒီတော့ မင်း အနေနဲ့ ပြန်ပေးငွေကို ပေးမယ်ဆိုရင်တောင် မင်းကို ငါ ဒီနေရာမှာ သတ်ပစ်ရမယ်။"
ရွှီ …… ရွှီ။
ပြောနေတုန်းမှာပဲ ဓားပြလေးယောက်သည် အရပ်လေးမျက်နှာဆီမှ ဝင်ရောက်လာပြီး ကျွင်းချောင်ရှောင်းအား တိုက်ခိုက်လိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်၍ အနိုင်ယူနိုင်မည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိပေ။
ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ တိမ်ခြေလှမ်း သိုင်းကွက်ကို အသုံးပြု၍ နောက်သို့ ဆုတ်ကာ ရှောင်လိုက်သည်။
ဤသိုင်းကွက်များအား သူ ချင်းရန်မြို့၌ လမ်းညွှန်းချက်များပေးခဲ့စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။
တိမ်ခြေလှမ်းသိုင်းကွက်သည် အရိပ်ခုနစ်လှမ်း သိုင်းကွက်လောက် အဆင့်မြင့်မားမှု မရှိသော်လည်း သေမျိုးအဆင့်စဦး သိုင်းကွက်ဖြစ်သည်။ ထို့ကြောင့် ဓားပြလေးယောက်၏ တိုက်ခိုက်မှုလောက်ကိုတော့ ရှောင်ရှားရန် လုံလောက်သည်။
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းသိုင်းကွက်အား အသုံးပြု၍ ကျဉ်းမြောင်းလှသော နေရာလေးထဲတွင် ဘယ်မှညာ ၊ ညာမှဘယ်သို့ ရှောင်ရှားလျှက်ရှိ၏။
ပြီးနောက် လုံခြုံသော နေရာတစ်နေရာသို့ ရောက်တဲ့ အချိန်မှာတော့ အသာရပ်ကာ အေးစက်စက်ပြောလိုက်သည်။
“ငါ့ရဲ့ ဝှက်ဖဲကို ထုတ်အသုံးပြုဖို့အတွက် အတင်း တွန်းအား ပေးနေကြတာပဲ။”
ဝူး …..
ဝူး …..
စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ပတ်ပတ်လည်တွင် စုစည်းလာသည်။
"ဝှက်ဖဲ …… ဟုတ်လား။"
"ဟေးဖေးခံတပ်မှာ ငါတို့လူတွေ အများကြီးပဲ။ ဒီတော့ မင်းဆီမှာ ဝှက်ဖဲရှိတယ်ဆိုရင်တောင်မှ သေချာပေါက် မင်း သေမှာပဲ။"
ဓားပြများသည် နှာခေါင်းရှုံ့လိုက်ကြ၏။
ဓားပြလေးယောက်သည် တိုက်ခိုက်ရာမှ ရပ်တန့်လိုက်ကြပြီး ကျွင်းချောင်ရှောင်း ထုတ်ဖော်လာမည့် ဝှက်ဖဲဆိုသည်ကို ကြည့်ရှူရန် စောင့်မျှော်နေကြသည်။
ကျိုးရှန်းပ သည် မေးထောက်ကာ စိတ်ဝင်တစားပြောလိုက်သည်။
"ကောင်လေး မင်း ဝှက်ဖဲကောင်းကောင်း ထုတ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်မိတယ်။"
ဓားပြဆိုသူများသည် သတ်ဖြတ်ကြသည် ။လုယက်ကြသည်။
ရန်သူအနေဖြင့် ဝှက်ဖဲကောင်းကောင်းကို ထုတ်ဖော်လာပြီဆိုလျှင် လက်နက် ဒါမှမဟုတ် ရတနာတစ်ခုခု ဖြစ်လိမ့်မည်။
ထိုအရာကို သူတို့ ကျိန်းသေပေါက်ရအောင် ယူရပေလိမ့်မည်။
ဟူး။
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။
ခဏလောက်ကြာတော့ သူ၏လက်ထဲတွင်ရှိသော အအေးဓားသည် ပျောက်ကွယ်သွား၏။
ပြီးနောက် ဓားမော့ ကဲ့သို့ လက်နက်တစ်ခု ထွက်ပေါ်လာသည်။
စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် ကျင့်ကြံသူ ခြောက်ယောက်နှင့် သိုင်းတပည့်အဆင့် ခေါင်းဆောင် တစ်ယောက် အပြင် ကြမ်းတမ်းလှသော ဓားပြနှစ်ရာတို့အား ရင်ဆိုင်နိုင်ရန်အတွက် သူ့အနေဖြင့် စနစ်မှပေးထားသော ဓားမော့ ကို သုံးရန် ဆုံးဖြတ်လိုက်တော့သည်။
"ဓားမော့ တစ်ချောင်းလား။"
ကျိုးရှန်းပသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိသည်။ သူသည်လည်း ဓားမော့ အား အသုံးပြုသူ ဖြစ်သည်။
သံမဏိအရိုးဂိုဏ်း တပည့်အား သတ်ဖြတ်ရာတွင် အသုံးပြုလိုက်သော သူ၏ ဓားသည်လည်း သေမျိုးအဆင့် ဓားမော့တစ်ချောင်းဖြစ်၏။ သူကျင့်ကြံခြင်း လောကတွင် လှည့်လည်သွားလာခဲ့စဉ်က မုတ်ဆိတ်ဖြူ အဘိုးအိုတစ်ယောက် က လက်ဆောင်ပေးခဲ့သော ဓားမော့ တစ်ခုလည်း ဖြစ်၏။
သူ၏ ဓားမော့အား နဂါးစိမ်းဓားမော့ဟုပင် ခေါ်ဆိုသည်။
"နေအုံး …။"
"ဒီကောင့် ဓားမော့က မတိုလွန်းဘူးလား။"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်သွားသည်။ ဓားမော့ကို ထုတ်ယူလိုက်ချိန်မှာတော့ သူ၏ ဓားမော့ သည် ခြောက်လက်မလောက်သာ ရှိကြောင်း သိရှိလိုက်ရ၏။
"ခြောက်လက်မ …..ဓားက သွားတိုက်တံတစ်ခုအရွယ်ပဲ ရှိပါလား။"
ထို့အပြင် တစ်လက်မလောက်သာ ဗြက်အကျယ် ရှိ၏။
ကျွင်းချောင်ရှောင်း အနေဖြင့် ရန်သူအား တိုက်ခိုက်ရန် သွားတိုက်တံအား ကိုင်ဆောင်ထားသည်ဟုပင် ထင်စရာ ရှိသည်။
သိုလှောင်လက်စွပ်ထဲရှိ တည်နေရာထဲတွင် သုံးပေမျှ ရှည်လျှားသော ဓားမော့ကြီးသည် အပြင်ဘက်သို့ ရောက်ချိန်မှာတော့ အဘယ့်ကြောင့် သွားတိုက်တံ အရွယ်လောက် ဖြစ်သွားရသနည်း။
ထိုအရာသည် online shop များမှ ပစ္စည်းဝယ်ခြင်းနှင့်ပင် ဆင်တူလှ၏။
ပြထားသည်က တစ်မျိုး ထွက်လာသည်က တစ်မျိုးပင် ဖြစ်သည်။
"ဒီကောင် ဓားမော့ကို ထုတ်ယူလိုက်တာလား။"
“သာမန်ဓားမြှောင်ကတောင်မှ သူ့ ဓားမော့ထက် ပိုပြီး ရှည်အုံးမယ်။”
"ဟ …..ငါ့ဟာကတောင် သူ့ထက်ရှည်ရင် ရှည်ဦးမယ်။"
“ဟား ဟား ဟား ဟား”
နှစ်ရာကျော်သော ဓားပြ များ၏ အသံသည် တိုက်ပွဲကွင်းပြင် တစ်ခုလုံး၌ ဆူညံပွက်လောရိုက်သွားကြ၏။
သူတို့သည် အားရပါးရနှင့် ကျွင်းချောင်ရှောင်းအား လှောင်ရယ်လျက် ရှိကြသည်။