အခန်း (၃၀)
Vol. 3 Ch. 30
ဓားမော့သည် တိုလွန်းသည့်အပြင် သေးငယ်လွန်းလှ၏။ ကစားစရာအရုပ်လေးတစ်ခုလိုပင်ဖြစ်၏။
ထိုသို့သော ဓားမော့ ထွက်ပေါ်လာသည့်အချိန်မှာတော့ တောပုန်းဓားပြများအားလုံးသည် အားရပါးရဖြင့် လှောင်ရယ်နေကြတော့သည်။
ကျွင်းချောင်ရှောင်းသည် ဝင်၍ပုန်းစရာ တွင်းတစ်တွင်းကိုပင် တူးပစ်ချင်စိတ်ပေါက်မိ၏။ ထို့အပြင် ဤအရာသည် အလွန်အမင်း ရှက်ရွံစရာကောင်းလှ၏။
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး...။"
စည်းဖွင့်ခြင်းအဆောင်ကို အသုံးပြု၍ စည်းဖွင့်ကာ အသုံးပြုရသည့် ဓားတစ်ချောင်းသည် ဤမျှတို၍ အားနည်းသည့်ပုံ ဖြစ်ပေါ်နိုင်စရာ အကြောင်းမရှိပေ။ထူးခြားသည့်အကြောင်းအရာတစ်ခုခုတော့ ရှိပေလိမ့်မည်။
ကျွင်းချောင်ရှောင်း သူ့ကိုယ်သူ ပြန်၍ နှစ်သိမ့်လိုက်၏။
သူသည် ဓားလက်ကိုင်ကို လက်နှစ်ချောင်းဖြင့်ကိုင်၍ အေးစက်စက်ပြောလိုက်သည်။
"ကျုပ်ဂိုဏ်းက တပည့်တွေကို ချက်ချင်းလွှဲပေးပါ။"
"ဒါဆိုရင် ညှိနှိုင်းလို့ရသေးတယ်။ မဟုတ်ရင်တော့ ဟေးဖေးဂိုဏ်းတစ်ခုလုံးကို ကျုပ် သတ်ပစ်မိမှာပဲ။ဒီတော့မှ ကျုပ်ကို အပြစ်မတင်နဲ့။"
ရှက်ရွံစရာကောင်းသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည် ဆိုလျှင်တောင်မှ သူသည် ဟန်ကိုယ်ဖို့တော့ ပြုမူရပေလိမ့်မည်။
အရုပ်နှင့်တူလှသော သေးငယ်သည့်ဓားအား ကိုင်ဆောင်ထားခြင်းကို ကြည့်ရှုရသည်မှာ အလွန်အမင်း ရယ်ရွှင်ဖွယ်ရာကောင်းလှ၏။
"ဂိုဏ်းတစ်ခုလုံးကို သတ်တော့မှာလား။ …ဒီဓားနဲ့လား။"
"ဟား ဟား ဟားး"
"ဒီဓားက ဖရဲသီးကိုတောင် လှီးလို့ရပါ့မလား။"
"ပန်းသီးလောက်ကိုတော့ လှီးလို့ရပါသေးတယ်။"
"အံ့အားသင့်စရာပဲ။"
"ဟား ဟား ဟား ဟား။"
"မရတော့ဘူး ငါဗိုက်တွေတောင်နာတယ်။ရီရတာ။"
များပြားလှသော တောပုန်းဓားပြများသည် သူတို့၏မျက်စိရှေ့တွင်မြင်နေရသော မြင်ကွင်းကိုကြည့်၍ မျက်ရည်တောက်တောက်ကျအောင်ပင် ရယ်မောနေကြတော့သည်။
"ကောင်လေး"
အကြီးအကဲလေးယောက်တို့သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်သူကဆုပ် သူတို့၏လက်နက်များကို ဝှေ့ယမ်းသူကဝှေ့ယမ်း လိုက်ကြသည်။
ပြီးနောက် အရှေ့သို့တစ်လှမ်းချင်းလျှောက်လာကာ ပြောလိုက်သည်။
"မင်း ကိုယ့်အသက်ကိုရင်းပြီးတော့ ဟာသလာလုပ်နေတာလား။"
"ဟူးး"
ကျွင်းချောင်ရှောင်း သက်ပြင်းချကာပြောလိုက်သည်။ "ဒါကို ဟာသလို့ ထင်နေတာလား။"
"လိုရင်းကိုသွားရအောင်။"
ကျိုးရှန်းပ စိတ်မရှည်သလို ပြောလိုက်၏။
"သူ့ကိုဖမ်းပြီးတော့ သူ့ဆီမှ တန်ဖိုးရှိတဲ့အရာတွေ ရှာလိုက်ကြ။"
"ကောင်းပါပြီ။"
အမိန့်ကိုရရှိပြီးသည့်နောက် အကြီးအကဲလေးယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ပြီးနောက် ရှေ့သို့ လှမ်းတက်လိုက်ကြသည်။
ဤတစ်ကြိမ် သူတို့၏တိုက်ခိုက်မှုသည် ကျွင်းချောင်ရှောင်း၏ပတ်ပတ်လည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။ ကျွင်းချောင်ရှောင်းအနေနဲ့ ထောင့်တစ်ခုထဲသို့ ဆုတ်ခွာရန်နည်းလမ်းသာ ကျန်တော့သည်။
အပြင်သို့ ထွက်ပြေး၍လည်း မဖြစ်နိုင်ချေ။
ကွင်းပြင်ဘက်တွင် တောပုန်းဓားပြနှစ်ရာနီးပါးက ရပ်လျှက် ကြည့်နေကြသည် မဟုတ်လော။
ကျွင်းချောင်ရှောင်းသည်သာ ထိုဓားပြများလက်ထဲသို့ ရောက်ရှိနေပါက အရိုးတစ်ခြားအသားတစ်ခြားပင် ဖြစ်သွားနိုင်သေး၏။
သူ့တွင် ရွေးချယ်စရာ မရှိပေ။
ထို့ကြောင့် သူသည် စည်းဖွင့်ခြင်းအဆောင်ကား အသုံးပြုရန်သာ ရှိတော့သည်။
"ဘန်း"
အကြီးအကဲလေးယောက်တို့ တိုက်ခိုက်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ သိစိတ်အား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်လိုက်ပြီး စည်းဖွင့်ခြင်းအဆောင်အား ချိုးချလိုက်တော့သည်။
"ဒင်"
“လက်ခံသူသည် စည်းဖွင့်ခြင်းအဆောင်အား အသုံးပြုခဲ့သည်။”
"ဒင်"
ဓားမော့၏စည်းသည် ပျက်ပြယ်သွားခဲ့ပြီ ဖြစ်၏။
စနစ်မှ သတိပေးသံ ထွက်ပေါ်လာတော့သည်။
သူ၏ လက်ထဲရှိဓားမော့သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသော စွမ်းအင်များထုတ်ဖော်လာသည်ကို ကျွင်းချောင်ရှောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။
"ဟူးး ဟူးး"
ထိုအချိန်မှာပဲ အကြီးအကဲလေးယောက်တို့သည် မတူညီသည့် နေရာလေးနေရာမှ ကျွင်းချောင်ရှောင်းအား တိုက်ခိုက်လိုက်ကြသည်။
တစ်ချို့သည် လေထဲမှခုန်၍ တိုက်ခိုက်လိုက်ပြီး တစ်ချို့သည် လက်သီးနှင့် ထိုးနှက်လိုက်၏။
တစ်ချို့သည် ဓားမော့ကိုအသုံးပြုကာ တစ်ချို့ကတော့ တင်းပုတ်ကြီးကိုအသုံးပြု၏။
အခြေအနေသည် ရှုပ်ထွေးနေ၏။
အန္တရာယ်တောထဲတွင်ရောက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ဘယ်လက်အား ဓားအိမ်ပေါ်တင်၍ သူ၏ညာလက်မှတစ်ဆင့် ဓားလက်ကိုင်အား အပြင်ဘက်သို့ ဆွဲထုတ်လိုက်တော့သည်။
"ဟူးး ဟူးး"
တိုက်ခိုက်ရေးတည်နေရာတစ်ခုလုံး အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။
တောပုန်းဓားပြများသည် မျက်လုံးမဖွင့်နိုင်အောင်ပင် မျက်စိများကျိန်းသွားကြ၏။
သိုင်းတပည့်အဆင့် ဖြစ်သော ကျိုးရှန်းပ သည်ပင်လျှင် မျက်လုံးမှိတ်သွားရသည်။
ရုတ်တရပ်ဆိုသလို အလင်းတစ်ခုဖြတ်ပြေးသွား၏။
ဤ ဓားသည် အလွန်အဆင့်မြင့်သော လက်နက်တစ်ခု ဖြစ်လေသည်လား။
တွေးနေစဉ်မှာပဲ အားကောင်းလှသော အလင်းသည် ရုတ်တရပ် မှေးမှိန်သွား၏။
ကျိုးရှန်းပ သည် မျက်လုံးအား ဖွင့်ကြည့်လိုက်တော့ သူ၏နှာခေါင်းရှေ့တွင် ဓားဦးထိပ် တစ်ခုရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ထိုအရာသည် ဓားမော့၏ ဓားဦးပင်ဖြစ်၏။
ကျိုးရှန်းပသည် သူ၏မျက်လုံးများကို အာရုံစူးစိုက်ပြီး ဓားမော့၏ ဓားဦးထိပ်ဆီသို့ ကြည့်ကြည့်လိုက်သည်။
ဓားမော့အား ကိုင်ဆောင်ထားသူမှာ သူနှင့် မီတာလေးဆယ်အကွာအဝေးတွင် ရှိသော ကျွင်းချောင်ရှောင်း ဖြစ်နေသည်ကို အံ့အားသင့်ဖွယ်ရာ မြင်လိုက်ရ၏။
သူနှင့် ကျွင်းချောင်ရှောင်း၏ကြားထဲရှိ လေထဲတွင်တော့ အလွန်ရှည်လျားသော ဓားမော့ကြီးတစ်ချောင်းက တည်ရှိနေသည်။
သိုင်းကွင်းပြင်တစ်ခုလုံး ငြိမ်သက် တိတ်ဆိတ်သွား၏။
ဓားပြနှစ်ရာကျော်၏ မျက်လုံးပေါင်းလေးရာတို့သည် ကျွင်းချောင်ရှောင်းလက်ထဲတွင် ကိုင်ထားသော ဓားမော့ဆီသို့ ရောက်ရှိနေကြ၏။
ထိုဓားမော့၏ဓားဦးသည် သူတို့ခေါင်းဆောင်၏နှာခေါင်းထိပ်နားတွင် တည်ရှိလျှက်ရှိ၏။
သူတို့၏မျက်နှာပေါ်ရှိ အမူအရာများအားလုံးသည် အေးခဲသွားကြသည်။
တိုက်ခိုက်နေကြသော အကြီးအကဲလေးယောက်တို့ ဘယ်ရောက်သွားသနည်း။
ထိုသူတို့အားလုံးသည် မြေပေါ်တွင်လဲကျလျှက်ရှိ၏။ သူတို့၏ခန္ဓာကိုယ်များသည် ထက်ပိုင်းပြတ်လျှက်ရှိသည်။
သွေးများသည် မြေပြင်ရှိရွှံ့များနှင့် ရောညေစ်ပတ်ပေပွလျှက်ရှိ၏။
ထိုအကြီးအကဲလေးယောက်တို့သည် အကုန်လုံး သေဆုံးသွားခဲ့ကြပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဓားကို ထုတ်ထုတ်ပြီးချင်းမှာပင် မီတာလေးဆယ်ရှည်သောဓားဖြင့် သူတို့အားလုံးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။
"ဂလု..."
ကျိုးရှန်းပ တံတွေးမြိုချလိုက်မိ၏။
သူ၏နှာဖူးထက်မှ ချွေးစေးများ သည် ဇီးသီးလုံးခန့်အရွယ်အစားဖြင့် ကျဆင်းလာတော့သည်။
ထိုင်ခုံလက်ရန်းအား ကိုင်ဆောင်ထားသော သူ၏လက်များသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။
ဓား၏အရှည်တစ်ခုကတင် ကြောက်ဖို့ကောင်းလှသည် မဟုတ်ပေ။ ပို၍ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ဓားဦး၏ထိပ်မှ ထွက်ပေါ်လျှက်ရှိသော အေးစက်သည့် အလင်းများဖြစ်သည်။
ထိုအရာသည် သူ့အား အသက်ရှူရန်ပင် ခက်ခဲစေသည့် ဖိအားများကို ပေးစွမ်းနေ၏။
ကျွင်းချောင်ရှောင်းသည်သာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်ဆိုသည်နှင့် သူ၏ဦးခေါင်းကား ဓားဖြင့်လွယ်လွယ်ကူကူ ပိုင်းဖြတ်သွားနိုင်သည်။
ထိုအရာသည် သာမန်လက်နက်တစ်ခု မဟုတ်သည်မှာ သေချာလှ၏။
အလယ်အလတ်အဆင့် လက်နက်တစ်ခု ဖြစ်မှာ ကျိန်းသေသည်။
ဓားပြခေါင်းဆောင်သည် ဓားမော့၏အရည်အသွေးကို ခန့်မှန်းမိချိန်မှာတော့ သူ၏နှလုံးခုန်သံများ မြန်ဆန်သွား၏။ သူ၏မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်သွား၏။
အခြားဘက်ခြမ်းတွင် ထိုင်နေကြသော ဒုတိယအကြီးအကဲနှင့် တစ်ခြားသောသူများအားလုံးသည်လည်း တုန်လှုပ်သွားကြသည်။
သူတို့သည် အလျင်စလို မပြုမူရဲပေ။
ထို့အပြင် ဓားသည် အလွန်အမင်း ရှည်လျားလွန်းလှ၏။
တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူတို့အားလုံးအား ပိုင်းဖြတ်သွားနိုင်သည်။
"ဒါက စည်းပိတ်ထားတဲ့ ဓားမော့ရဲ့ အစွမ်းလား။"
ကျွင်းချောင်ရှောင်းသည် မီတာလေးဆယ်ရှည်သော ဓားကြီးအား လက်တစ်ဖက်ထဲဖြင့် ကိုင်ထား၏။
သူ၏ အမူအရာမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှ၏။
သူ့ကိုယ်သူသတ်သေရန်အတွက် စနစ်မှ ပထမဦးဆုံး လက်ဆောင်ပေးခဲ့သော ဓားမော့သည် စည်းဖယ်ပြီးချိန်မှာတော့ စဦးအအေးဓားထက်ပင် အလွန်တရာအားကောင်းလှသော စွမ်းအင်များကို ထုတ်ဖော်နေနိုင်သည်။
ထို့အပြင် မီတာလေးဆယ်ရှည်သောဓား ….. ဤဓားကြီးသည် သောက်ရမ်းရှည်လွန်းအားကြီးလှ၏။
စောနကတုန်းက အလွန်တို၍ သေးငယ်သော ဓားဖြစ်သည်ဟု သူထင်မှတ်ခဲ့သည်။ ယခုအချိန်မှာတော့ အလွန်အမင်း ရှည်လျားလှသည့် ဓားမော့ကြီးဖြစ်နေကြောင်း ကို တွေးနေမိပြန်သည်။ လူသားတို့စိတ်ချမ်းသာစေရန် ပြုလုပ်ပေးရသည်မှာ အလွန်အမင်း ခက်ခဲလှချေ၏။
ဓားနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော ကျိုးရှန်းပ သည် ကြောက်လန့်တကြားဖြင့် ပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း …. ကျေးဇူးပြုပြီး ဓားကြီးကိုသိမ်းလိုက်ပါအုန်း။ ကျုပ်တို့အေးအေးဆေးဆေး စကားပြောကြတာပေါ့။"
သူ အမှန်တကယ်ပင် ကြောက်လန့်နေမိ၏။
ကျွင်းချောင်ရှောင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ကျုပ် ဒီဓားကိုဆွဲထုတ်လိုက်ပြီဆိုတော့ ပြန်သိမ်းလို့မရတော့ဘူး။"
"ဒီတော့..."
"ဆွစ်..."
လက်ကောက်ဝတ်ကိုဝှေ့ယမ်းလိုက်၏။
ဓားသည် ဒုတိယအကြီးအကဲ၏ဦးခေါင်းအား ပိုင်းဖြတ်သွား၏။
"သူ့ကို ကောင်းကောင်း သဂြိုလ်ပေးလိုက်။"
"ဘုတ်..."
မြေပေါ်သို့ ဦးခေါင်းတစ်ခု ကျဆင်းလာ၏။
ဦးခေါင်း၏မျက်နှာအမူအရာသည် အလွန်အမင်း တုန်လှုပ်နေတုန်းပင် ရှိသေး၏။
ကျွင်းချောင်ရှောင်း၏ဓားသည် မြန်ဆန်လွန်းလှသည် မဟုတ်ပေ။
ဒုတိယအကြီးအကဲအနေဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ရှောင်ရှား၍ ရနိုင်ပေသည်။
ထိုသို့ ရှောင်ရှားနိုင်လျက်နှင့် အဘယ့်ကြောင့် ဦးခေါင်းဖြတ်ခံလိုက်ရသနည်း။
ဤ ဓားမော့နှင့် ရင်ဆိုင်ရချိန်မှာတော့ ဓားမော့သည် အသုံးပြုသူ၏အတွေးအတိုင်းပဲ လျှင်မြန်စွာလှုပ်ရှားနိုင်သည်။ ထို့အပြင် ဓားမော့ဆီမှ ထွက်ပေါ်လာသော ဖိအားများသည် ပစ်မှတ်ထားခံရသူ၏စိတ်ကို ဖိနှိပ်ထားကာ လုံးဝမလှုပ်ရှားနိုင်စေပေ။
ထို့ကြောင့် အညှာအတာကင်းမဲ့စွာဖြင့် ခေါင်းဖြတ်သတ်ခံခဲ့ရခြင်းပင် ဖြစ်၏။
ဓားအား စမ်းသပ်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြောလိုက်၏။
"အားကောင်းလိုက်တာ..."
မကြာသေးသော အချိန်တုန်းကသာဆိုလျှင် သူတို့၏ ဒုတိယအကြီးအကဲ ခေါင်းဖြတ်သတ်ခံရသည်ကိုမြင်လျှင် ဓားပြများအားလုံးသည် ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုကာ ဝင်ရောက်တိုက်ခိုက်ကြမှာ ဖြစ်သည်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တည်နေရာတစ်ခုလုံးရှိ ဓားပြများအားလုံးသည် ငကြောက်များကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်လျှက်ရှိ၏။
သူတို့မျက်နှာပေါ်တွင် ကြောက်လန့်ခြင်းအရိပ်အယောင်နှင့် ပြည့်နှက်လျှက်ရှိ၏။
"မီတာလေးဆယ်ရှည်သောဓား..."
လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သူတို့အားလုံးကို ကျိန်းသေပေါက် သတ်ဖြတ်သွားနိုင်လိမ့်မည်။
မည်သူကဝင်၍ စွန့်စားတိုက်ခိုက်နိုင်မည်နည်း။
သူတို့မတိုက်ခိုက်လျှင်တောင်မှ ဤကပ်ဘေးကြီးအား ရှောင်လွှဲ၍ရနိုင်မည်လား။ အဖြေမှာ "မရနိုင်"ဟူ၍ ဖြစ်၏။
"ရွှစ်"
ကျွင်းချောင်ရှောင်းသည် သူ၏ညာလက်ကားဝှေ့ယမ်းလိုက်တော့ မီတာလေးဆယ်ဓားဆီမှ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ဓား၏ ချီများသည် မြက်ပင်များကို ပိုင်းဖြတ်လိုက်သကဲ့သို့ ဓားပြနှစ်ဆယ်ကျော်အား တိုက်ရိုက်ပင် ပိုင်းဖြတ်သွားတော့သည်။
ထိုင်ခုံတစ်ဖက်ခြမ်းတွင် ထိုင်လျှက်ရှိသော အကြီးအကဲနှစ်ယောက် တို့သည် အခွင့်အရေး ရတုန်း လှုပ်ရှားကာ ကျွင်းချောင်ရှောင်းအား သတ်ဖြတ်ရန် ပြင်လိုက်ကြသည်။
"ဘုတ် ဘုတ်..."
ဓားအလင်းတန်း တစ်ခု ဖြတ်သန်းပြီးသည့်နောက် ဦးခေါင်းနှစ်ခုသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
အကြီးအကဲ နှစ်ယောက်လုံး မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ရသေးခင်မှာပဲ ခေါင်းပြတ်သွားခဲ့ကြပြီ ဖြစ်သည်။
ဤသို့ဖြင့် ဟေးဖေးခံတပ်၏ အကြီးအကဲရှစ်ယောက်လုံးသည် သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။
ကျိုးရှန်းပ တစ်ယောက်သာလျှင် ကျန်ရှိတော့၏။
"ရွှစ်..."
ကျွင်းချောင်ရှောင်းသည် သူ၏ မီတာလေးဆယ်ရှိသော ဓားမော့ကြီးအားမြှောက်၍ တစ်လှမ်းချင်း ရှေ့သို့ တိုးလိုက်၏။
သူသည် ပစ်မှတ်အား အတည်ပြုပြီးဖြစ်သောကြောင့် သိုင်းတပည့် အဆင့်ဖြစ်သော ကျိုးရှန်းပ သည်တောင်မှ ဓားမှထွက်ပေါ်လာသော ဖိအားများကို မခံနိုင်ချေ။
ထို့ကြောင့် တစ်လက်မမှ မလှုပ်ရဲပဲ ငြိမ်ငြိမ်လေး ရပ်လျှက် ရှိသည်။
ကျိုးရှန်းပ သည် ကျွင်းချောင်ရှောင်း သူ့ဆီသို့ နတ်ဆိုးတစ်ပါးကဲ့သို့ ချဉ်းကပ်လာသည်ကိုသာ ကြောက်လန့်တကြား ကြည့်နေမိတော့သည်။
"ဖြောက်..."
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက် လက်ထဲက ဓားမော့အား ဟန်ပါပါကိုင်ကာ ပြောလိုက်၏။
"ကျုပ် ခင်ဗျားကို သုံးဆယ့်ကိုးမီတာ အရင်ပြေးခိုင်းမယ်။ဒါ ခင်ဗျားအတွက် အခွင့်အရေးပဲ။"