အခန်း (၃၂)
Vol. 3 Ch. 32
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား ခေါ်ဆောင်ကာ တောင်အောက်သို့ ဆင်းလာလိုက်သည်။
တောပုန်းခေါင်းဆောင် ၊ အကြီးအကဲတွေနှင့် ဟေးဖေးခံတပ်၏ တပည့်များအားလုံးသည် မီး၏ ကျွမ်းလောင်ခြင်းကို ခံရပြီး အရာအားလုံး အတိတ်မှာ ကျန်ရစ်ခဲ့သလိုပဲ လောကကြီးဆီမှ ပျောက်ကွယ်သွားတော့သည်။
တောင်နက်ကြီးသို့ လာရသည့် ခရီးစဉ်သည် သူ့အတွက် အလွန်ပဲ အကျိုးအမြတ် များခဲ့၏။
သူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့် အတွက် ဂိုဏ်းစုဆောင်းမှတ် ငါးဆယ် အား ရရှိခဲ့ရုံတင်မကဘဲ သူ့၏ သိုလှောင်လက်စွပ်ထဲတွင်လည်း ရေွှ၊ ငွေ၊ ကျောက်၊သံ၊ ပတ္တမြားတို့သည် တောင်လို ပုံလျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ငွေကြေးသတ်မှတ်ချက်များအား သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ သူ့တွင် ရှိနေသော ရတနာများသည် အနည်းဆုံး ငွေတစ်သောင်းလောက် တန်မည် ဟု တွက်ချက်မိ၏။
“ဒီပိုက်ဆံတွေနဲ့ ငါ အတွင်းခြံဝန်းကို တည်ဆောက်လို့ရပြီ”
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာသည် အပြုံးများနှင့် ပြည့်လျှက်ရှိနေသည်။ သို့ပေမဲ့ သူ၏ မျက်လုံးထဲမှ အရိပ်အယောင်များကတော့ အေးစက်နေ၏။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း။
ပိုက်ဆံပေး၍ သူ၏ တပည့်များအား ပြန်ပေးဆွဲရန် ဓားပြအဖွဲ့အား လှုံ့ဆော်ခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ဟေးဖေး ခံတပ်သို့ ပထမဆုံး ရောက်ရှိဖူးခြင်း ဖြစ်သည်။ သို့ပေမဲ့ ကျိုးရှန်းပ သည် သူ၏ နာမည်အား ခေါ်ဆိုနေလေသည်။ ထိုကတည်းက မကောင်းသည့် အငွေ့အသက်အား သူ ခံစားမိခြင်း ဖြစ်၏။
“တပည့်တွေကို ပြန်ပေးဆွဲခိုင်းတယ်။ ငါ မသွားရင် ကျန်တဲ့ တပည့်တွေအကုန် စိတ်ပျက်ကုန်မယ်။ သွားမယ်ဆိုရင် ငါ့ကို တစ်ခါတည်း သတ်မယ်။ ဒါက နှစ်ကျပ်ကွက်ပဲ။”
ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်သည် “ကံဆိုးတာက ငါ့ဆီမှာ အားကောင်းလွန်းတဲ့ ဓားမော့ ရှိနေမယ်လို့ ဓားပြခေါင်းဆောင် ရော ၊ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းရော မသိကြဘူး။”
“ဟင်း .. ငါ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ သိုသိုသိပ်သိပ်နဲ့ နေချင်ခဲ့တာ။ ငါ့တာဝန်ကို ကျေပွန်အောင်ပဲ သက်တောင့်သက်သာ လုပ်ချင်ခဲ့တာ။ ဘာလို့ ငါ့ကို ရန်စကြတာလဲ.. စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း … မကြာခင် မင်းတို့ဆီက အကြွေးလာယူမယ်။”
“စတိုးထဲမှာ စည်းဖွင့်ခြင်းအဆောင် ရှိလား”
ကျွင်းချောင်ရှောင်း စနစ်ကို ဖွင့်ကာ ကုန်သွယ်စတိုးထဲ ရှာလိုက်သည်။ သို့ပေမဲ့ စည်းဖွင့်ခြင်း အဆောင် ဆိုသည်အား မတွေ့ရှိချေ။
စနစ်မှ ပြောလိုက်သည် “စည်းဖွင့်ခြင်းအဆောင် ဆိုတာ ရောင်းရန် မဟုတ်ပေ။ လက်ခံသူ အနေဖြင့် ထိုအရာ အား ရယူရန် တာဝန် တစ်ခုခုကို ပြည့်စုံအောင် လုပ်နိုင်ဖို့ လိုတယ်။”
“အထူးတာဝန် ပြည့်စုံအောင်လား။”
ကျွင်းချောင်ရှောင်း ပခုံးတွန့်လိုက်မိသည် “ဒါဆို ရဖို့တောင် သိပ်မလွယ်တဲ့ သဘောပဲ။ဟုတ်တယ်။။ ထီပေါက် တာထက်တောင် ပိုပြီး ခက်သေးတယ်”
ကျွင်းဂိုဏ်းချုပ်သည် တီးတိုးရေရွတ်လိုက်သည်။
…..
“စီနီယာ အစ်မကြီး … ဒုတိယ စီနီယာအစ်ကို …”
“ဂိုဏ်းချုပ် .. ဂိုဏ်းသားတွေကို ခေါ်ပြီး ပြန်လာနေပြီ”
သံမဏိအရိုးဂိုဏ်း အပြင်ဘက် ခြံဝန်းမှာတော့ တပည့်တစ်ယောက်သည် စိတ်လှုပ်တရှားဖြင့် ကျယ်လောင်စွာ အော်ဟစ်ရင်း ပြေးလာသည်။
လီချင်းယန်သည် အဓိကဟောခန်းထဲမှ မြန်မြန်ပဲ လမ်းလျှောက်ထွက်လာသည်။ ဂိုဏ်းချုပ် တစ်ယောက် တပည့် သုံးဆယ်ကျော်ကို ခေါ်၍ ဘေးမသီ ၊ ရန်မခဘဲ ပြန်ရောက်လာသည်ကို မြင်တော့ သူ့နှလုံးသားထဲတွင် ဆွဲထားသော စိတ်ဖိစီးပူပန်မှု ခဲလုံးကြီးသည် ပြုတ်ကျသွားခဲ့ပြီ ဖြစ်၏။
ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော သူသည် ယခုမှ ဂိုဏ်းထဲ ရောက်ရှိသည် ဖြစ်သော်လည်း ကျွင်းချောင်ရှောင်း ၏ အလေးထားမှုကို ခံစားရပြီး ဖြစ်သည်။ ထို့ကြောင့်ပင် မကြာသေးသော အချိန်ကာလ အတွင်းမှာပဲ သူသည် ဂိုဏ်းနှင့် တသားတည်း ဖြစ်တည်နေသည်ဟု ခံစားမိခဲ့သည်။
အကြီးဆုံး တပည့်ဖြစ်သော လုချင်းချင်းသည်ကတော့ ခြားနားသည်။ သူမ သည် ဟောခန်း၏ ဝင်ပေါက်အား မှီကာ ကျွင်းချောင်ရှောင်းအား ကြည့်လိုက်သည်။ ပြီးနောက် ထူးမခြားနားသလို ခပ်တည်တည် နှင့် ပြောလိုက်၏ “ဒဏ်ရာလေး တစ်ခုတောင် မရဘဲ ပြန်လာပါလား”
ဂိုဏ်းချုပ်ပြန်လာပြီးနောက်မှာတော့ သံမဏိအရိုးဂိုဏ်းတစ်ခုလုံးသည် ရုတ်တရက် အသက်ဝင် စည်ကားသွားတော့သည်။
“ဘာ….”
“တောင်နက်ကြီးပေါ်က ဓားပြ တွေ အာလုံးကို ဂိုဏ်းချုပ် တစ်ယောက်တည်း သတ်ဖြတ်ခဲ့တယ် ဟုတ်လား။”
မြေပေါ်တွင် တောင်လိုပုံနေသော အလောင်းများအား မမြင်တွေ့ခဲ့ရသော တပည့်များသည် ဖမ်းဆီးခံ တပည့်များ၏ အသံကို ကြားတော့ ဆွံ့အသွားကြသည်။
လီချင်းယန်သည် မယုံကြည်နိုင်သလို ပြောလိုက်၏ “ဂိုဏ်းချုပ် …. တောင်နက်ကြီးရဲ့ ဓားပြခေါင်းဆောင်ကို တကယ် သတ်ခဲ့တာလား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဟုတ်တယ်”
လီချင်းယန်သည် လက်သီးဆုပ်ကာ ချီးကျူးလိုက်သည် “တောင်နက်ကြီးပေါ်က ဓားပြ တွေက နှစ်ပေါင်းများစွာကြာတဲ့အထိ ရွာသူ၊ရွာသားတွေကို နှိပ်စက်ခဲ့တာ။ ဂိုဏ်းချုပ်က သူတို့ကိုသတ်လိုက်တယ် ဆိုတာ သိရင် အားလုံးက ကျေးဇူးတင်ကြမှာပဲ”
“ဒါက ကိစ္စလေးပါ။ ပြောနေစရာတောင်မလိုဘူး”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အစိုးရနှင့် များပြားလှသော ဂိုဏ်းကြီးများသည် တောင်ပေါ်သို့ တက်ပြီး ဓားပြများအား ရှင်းခဲ့သော်လည်း ဘယ်တုန်းကမှ အနိုင်မရခဲ့ချေ။ သူတို့ဂိုဏ်းချုပ်သည် ထိုသို့သော ဂိုဏ်းအား ရှင်းလင်းခဲ့သော်လည်း ကိစ္စသေးလေးဟု ပြောနေလေသည် ။
လီချင်းယန် မေးလိုက်သည် “ဂိုဏ်းချုပ် .. ပြန်ပေးဆွဲခံရတာ ၃၂ ယောက်လေ။ တစ်ယောက် လိုနေတယ်။”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ဓားပြခေါင်းဆောင် က အဲငကြောက်ကို သတ်လိုက်ပြီ”
ကျိုးရှန်းပ ၏ ရှေ့တွင် သနားစဖွယ် တောင်းပန်နေသော တပည့်အား သူ အလွန်စိတ်ပျက်မိသည်။ ထိုတပည့်သည် ဂိုဏ်းမှ ထွက်၍ ဓားပြအဖွဲ့ထဲ ဝင်ရန်ပင် ပြောဆိုနေလေသည်။ထိုသို့သော သူမျိုး သူ့ဂိုဏ်းထဲမှ အသေထွက် သွားခြင်းသည် ကောင်းသော အရာဟုပင် သတ်မှတ်ရမည် ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် ရှင်သန်သွားလာရင်း သေဆုံးရမည်ကို ကြောက်ရွံနေ၍တော့ မဖြစ်ချေ။
လီချင်းယန်သည် တစ်စုံတစ်ခုအား နားလည်သွားသောကြောင့် ဆက်လက်၍ မမေးတော့ပေ။
အဓိက ဟောခန်း၏ အပေါက်ဝအား မှီကာ ရပ်နေသော လုချင်းချင်းက ပြောလိုက်သည် “ဂိုဏ်းချုပ် .. ဟေးဖေးခံတပ်ကို ဖျက်ဆီးခဲ့ပြီ ဆိုတော့ တော်တော်ထောလာမယ် ထင်တယ်။ ဟုတ်တယ်မလား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “နည်းနည်းပါ”
ဓားပြများ သတ်ဖြတ်ခံရခြင်းကို သိရှိပြီးသည့်နောက် လီချင်းယန်သည် ရွာသူ၊ရွာသားများအတွက် မိစ္ဆာတွေ ရှင်းလင်းသွားပြီ ဖြစ်ကြောင်း စဉ်းစားမိကာ ပျော်ရွှင်ခဲ့သည် ။
လုချင်းချင်းသည်ကတော့ ရတနာ မည်မျှရခဲ့သည်ကို စိတ်ဝင်စားနေခဲ့သည်။ သူမ သည် တခြားအရာများအား စိတ်မဝင်စားဘဲ ငွေကိုသာ စိတ်ဝင်စားကြောင်း ထင်ရှားလှ၏။
သူ၏ ပထမ တပည့်ကြီးနှင့် ဒုတိယ တပည့်တို့ကြား ကွာခြားချက်သည် အလွန်ပင်ကွာဟနေလေသည်။
“ဂိုဏ်းချုပ်…”
လီချင်းယန် ပြောလိုက်သည် “အတွင်းခြံဝန်းကို ထပ်ပြီး ပြင်ရအုံးမှာလား”
“ပြင်တာလား။ လုပ်ရမှာပေါ့”
ကျွင်းချောင်ရှောင်းသည် လက်ရှိတွင် သူဋ္ဌေးဖြစ်လို့နေပြီ ဖြစ်သည်။ ထို့ကြောင့် ရွှေေျာင်းအနည်းငယ်အား ထုတ်ယူ၍ ပစ်ပေးလိုက်သည် “ဒီလောက်ဆို လောက်လား”
“လောက်တာပေါ့။ လောက်တာပေါ့”
လီချင်းယန်သည် ကျော်ကြားလှသော မိသားစုတွင် မွေးဖွားခဲ့သူဖြစ်သော်လည်း တစ်ချိန်လုံး ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားခဲ့သည်မို့ ဤကဲ့သို့သော ရွှေချောင်းမျိုးအား မမြင်ဖူးချေ။
“တခြားတပည့်တွေရော .. ဂိုဏ်းကို ပြန်ရောက်ပြီလား”
“ဂိုဏ်းချုပ် .. သူတို့အားလုံး ရောက်လာကြပါပြီ”
“အမိန့်ပေးလိုက်။ အားလုံး မနက်ဖြန် မနက် သိုင်းလေ့ကျင့်ကွင်းမှာ စုစည်းမယ်။”
“ကောင်းပါပြီ”
……….
နောက်တစ်ရက် …..
ကျွင်းချောင်ရှောင်းသည် သန့်စင်သော ဝတ်ရုံရှည်တစ်ခုအား ဝတ်ဆင်ပြီး အဓိက ဟောခန်းထဲမှ ထွက်လာလိုက်သည်။
သိုင်းလေ့ကျင့်ရာ ကွင်းပြင်တွင်တော့ ကိုးဆယ့်ရှစ်ယောက်သော တပည့်တို့သည် ညီညီညာညာ ဖြင့် ရပ်လျက်ရှိ၏။ အားလုံးကို ဂိုဏ်း၏ သတ်မှတ်ဝတ်စုံ မပေးရသေးသောကြောင့် မတူညီသော ဝတ်စုံတွေဖြင့် ဗြောက်သောက်ဖြစ်လို့နေ၏။
ဖြစ်နိုင်လျှင် အပ်ချုပ်သမားတစ်ယောက်နှင့် တူညီဝတ်စုံများအား ချုပ်မှဖြစ်မည်။
“အဟန့် … အဟန့် …”
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်အား နောက်ပစ်ကာ အသာချောင်းဟန့်လိုက်သည် “သံမဏိအရိုးဂိုဏ်းကို ရောက်ပြီဆိုတော့ ဂိုဏ်းရဲ့ပထမဆုံး စည်းမျဉ်းက သံမဏိအရိုးဂိုဏ်းသား ဖြစ်ဖို့ နဲ့ ဂိုဏ်း၏ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ပဲ။”
“သံမဏိအရိုးဂိုဏ်း က လူ ဖြစ်ဖို့လား။”
ကျွင်းချောင်ရှောင်း သည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည် “ဂိုဏ်းထဲမှာ ဆိုးရွားအတူ ၊ အောင်မြင်အတူပဲ။ အတူတူ တိုးတက်အောင် လုပ်ကြမယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် မင်းတို့က သံမဏိ အရိုးဂိုဏ်းသားတွေ ဖြစ်ရမယ်”
တပည့်များသည် သံပြိုင်ပြောလိုက်သည်။ “ဆိုးအတူ၊ ကောင်းအတူ .. သံမဏိအရိုးဂိုဏ်းနှင့် အတူ နေထိုင်ရန် …”
ကျွင်းချောင်ရှောင်းထပ်ပြောလိုက်သည် “တခြားသူတွေရဲ့ အနိုင်ကျင့်ခြင်း၊ ရန်စခြင်း ကို ကြုံရရင် ကိုယ်စွမ်းရှိသလောက် ပြန်လည် တိုက်ခိုက်ရမယ်။ သေခြင်းတရား နဲ့ ရင်ဆိုင်ရမယ် ဆိုလည်း မကြောက်မရွံ နဲ့ သံမဏိအရိုးဂိုဏ်းသား အဖြစ်ပဲ တည်ရှိနေရမယ်။”
“ကောင်းပါပြီ”
တပည့်များက သံပြိုင်အော်လိုက်ကြသည်။
“ကောင်းပြီ။ သွားလို့ရပြီ” ကျွင်းချောင်ရှောင်းသည် သူ့၏ အင်္ကျီလက်အား ဝေ့ယမ်းပြီး ပြန်လည် ထွက်ခွာသွားလိုက်၏။
သိုင်းလေ့ကျင့်ရာ ကွင်းထဲရှိ တပည့်များသည် ဇဝေဇဝါ ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ “ဒီတိုင်းပဲ ပြီးသွားပြီလား”
……
ပထမဆုံးအနေဖြင့် ဂိုဏ်းသားများကို စုစည်းခြင်း ဖြစ်သောကြောင့် သူ့အနေနှင့် ဘာမှ ပြောစရာ ထူးထူးခြားခြား ပြောစရာမရှိချေ။ အရေးကြီးဆုံး အချက်အလက်များကို ဆွဲထုတ်၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ ဂိုဏ်းသည် စည်းမျဉ်းတစ်ခုတည်း ရှိနေ၍ မဖြစ်ချေ။ အနည်းဆုံး လိုက်နာသင့်သော စည်းမျဉ်းများ လည်း ရှိနေသင့်၏။ ထို့ကြာင့် သူ လီချင်းယန် အား ဆွေးနွေရန် ခေါ်ဆောင်လာခဲ့သည်။
“ဂိုဏ်းချုပ် … ဂိုဏ်းရဲ့ စည်းမျဉ်းဆိုတာက ဂိုဏ်းချုပ်တွေ ၊ အကြီးအကဲတွေပဲ ချမှတ်တာလေ။ ကျွန်တော့်မှာ အဲတာအတွက် အရည်အချင်းမရှိဘူး”
လီချင်းယန် နှိမ့်ချစွာ ပြောလိုက်သည်။
“ငါ က အရည်အချင်း ပြည့်မီတယ် ဆိုရင် ပြည့်မီတယ်ပဲ။” ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစည်းမျဉ်း စာအုပ်အား ကမ်းပေးလိုက်သည် “မြန်မြန် .. လိုတာတွေ ပြင်မယ်။ ထည့်မယ်”
“ဒါက ….”
လီချင်းယန် ရှက်ရွံသွားသည်။ သူ စည်းမျဉ်းများအား သေချာဖတ်ရှုလိုက်သည်။ ပြီးနောက် လိုအပ်မည် ထင်သော အချက်များဖြည့်စွက်လိုက်၏။ ဥပမာအားဖြင့် ခွင့်ပြုချက် မရှိဘဲ ဂိုဏ်းမှ မထွက်ခွာရန်နှင့် တခြားသူ များအား မသတ်ဖြတ်ရန် ဖြစ်၏။
သေချာဆွေးနွေးပြီးသည့်နောက် သံမဏိအရိုးဂိုဏ်း အတွက် စည်းမျဉ်းများ ပြည့်စုံသွားခဲ့ပြီ ဖြစ်ည်။
ကျွင်းချောင်ရှောင်းသည် စာရွက်တစ်ရွက်အား ကမ်းပေးရင်း ပြောလိုက်သည် “မြို့ထဲသွားပြီး အပ်ချုပ်ဆိုင် ကောင်းကောင်းကို ရှာ။ ဂိုဏ်းသား တစ်ယောက်ချင်းစီကို ဝတ်စုံနှစ်စုံစာ ချုပ်မယ်။ တစ်ယောက်ချင်းစီရဲ့ ကိုယ်တိုင်းကို ယူသွား”
“ဂိုဏ်းဝတ်စုံလား ..…”
လီချင်းယန် ကြောင်သွားသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဂိုဏ်းအတွက် သတ်မှတ်ထားတဲ့ ဝတ်စုံပဲ”
လီချင်းယန်သည် စာရွက်အား ယူကြည့်လိုက်တော့ ဆွဲထားသော ပုံများအား မြင်လိုက်ရသည်။ “ဂိုဏ်းချုပ် .. ဒီပုံကြီးတွေက နည်းနည်း ….”
“သွားသာသွားပါ”
“ဟုတ်ကဲ့”