အခန်း (၃၃)
Vol. 3 Ch. 33
လီချင်းယန်သည် တနေ့တည်းမှာပဲ တောင်အောက်သို့ ဆင်းသက်သွားခဲ့သည်။ပီးနောက် မြို့ထဲရှိ အကောင်းဆုံးသော အပ်ချုပ်ဆိုင်တစ်ခုကို ရှာဖွေ၍ ပုံကြမ်းများအပ်ကာ ကြိုတင်ငွေ ပေးချေခဲ့၏။
ရက်အနည်းငယ်အတွင်းမှာပဲ ဂိုဏ်းဝတ်စုံ အစုံနှစ်ရာစာသည် ဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လုံလောက်သောပိုက်ဆံ ရှိသည်ဆိုလျှင် အရာအားလုံးကို လွယ်လွယ်ကူကူဖြင့် ရရှိနိုင်၏။
ကျွင်းချောင်ရှောင်းသည် တပည့်များအား ဂိုဏ်းဝတ်စုံအသစ်များ လဲလှယ်ရန် အမိန့်ပေးလိုက်ပြီး ဂိုဏ်း၏လေ့ကျင့်ရေးကွင်းပြင်တွင် စုစည်းကြရန် ပြောဆိုလိုက်သည်။
အချိန်အတော်ကြာပြီးသည့်နောက် ယောက်ျားလေးဂိုဏ်းသားများသည် လီချင်းယန် ၏ဦးဆောင်မှုနှင့်အတူ ရောက်ရှိလာခဲ့သည်။
သူတို့အားလုံးသည် အတွင်း၌ အင်္ကျီလက်တိုခံထားသော ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူတို့၏ဘောင်းဘီ၊ခါးပတ်နှင့် လက်ပတ်အပြင် ဖိနပ်များအားလုံးသည်လည်း ခရမ်းရောင် ဖြစ်သည်။
"ဒုတိယစီနီယာအစ်ကို …. ဒီဝတ်စုံကြီးက အရမ်းမျက်စိနောက်ချင်စရာ မကောင်းဘူးလား။"
"အောက်ကအင်္ကျီအတိုရဲ့ကော်လံကလည်း တော်တော်ကြီး ကျယ်နေတယ်။"
"ပြီးတော့ ရင်ဘတ်တစ်ခုလုံးက အပြင်ကိုထွက်နေသလိုပဲ"
"ဒါကြီး ဝတ်ပြီးသွားရင်တော့ အားလုံးကဝိုင်းရယ်တော့မှာပဲ။"
တပည့်များသည် စောဒကတက်နေကြ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဓိက ဝတ်စားဆင်ယင်မှု ပုံစံသည် အဓိကကမ္ဘာမြေ၏ ရှေးခေတ်ဝတ်စုံများနှင့် တူညီလှ၏။
ယခု ကျွင်းချောင်ရှောင်း ဖန်တီးထားသောဂိုဏ်းဝတ်စုံသည် တောက်ပရိုးရှင်းပြီး အဆင်ပြေလှ၏။ သို့ပေမဲ့ သူတို့အနေနှင့် လက်ခံနိုင်ရန် ခက်ခဲလှချေသည်။
"ဟင်း ….."
လီချင်းယန် သက်ပြင်းချလိုက်သည်။
သူသည် ဂိုဏ်းချုပ်၏ဝတ်စုံပုံကြမ်းကို အစောကတည်းက မြင်ဖူးပြီးဖြစ်၏။ သူကိုယ်တိုင် အပ်ချုပ်ဆိုင်ဆီ သွားအပ်ခဲ့သည် မဟုတ်လား။ ထို့ကြောင့် သူ့အနေဖြင့် ကြိုတင်သိရှိပြီးဖြစ်သည်။
ဒါတောင်မှ တကယ်တမ်း ဝတ်ဆင်သည့်အချိန်တွင် အလွန်ခက်ခဲလှချေသည်။
အချိန်အတော်ကြာပြီးသည့်နောက် အမျိုးသမီးတပည့်များသည်လည်း အတွင်းခြံဝန်းမှ ထွက်လာကြသည်။
သူတို့အားလုံးသည် အနီရောင် အင်္ကျီလက်တိုဝတ်ဆင်ထားပြီး သူတို့၏ခါး၌ အနီရောင်ခါးပတ်ရှည်တစ်ခုကို ပတ်ထား၏။ ထို့ကြောင့် အမျိုးသမီးများ၏ခန္ဓာကိုယ် အချိုးအဆက် သည် လှပစွာနှင့် ထင်ပေါ်လျှက်ရှိ၏။
ဒူးလောက်ရှိသောစကပ်ကိုဝတ်ဆင်ထားပြီး အနီရောင်ဖိနပ်နှင့် လိုက်ဖက်ညီနေချေသည်။
ဂိုဏ်း၏အမျိုးသမီးဝတ်စုံသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဓိကဝတ်စုံနှင့် ကွဲထွက်နေသော်လည်း ကြည့်ကောင်းလှ၏။
ကျွင်းချောင်ရှောင်း အမျိုးသမီးတပည့်များအတွက် ရွေးချယ်ထားသော ဝတ်စုံသည် အလွန်တရာ ကြည့်ကောင်းလှချေ၏။
အားလုံးကိုတစ်စုတစ်စည်းထဲ မြင်လိုက်ရချိန်မှာတော့ တစ်ခုတည်းသော စကားလုံးသည်သာ ဖြစ်ပေါ်လာသည်။ ထိုအရာသည် "လှပခြင်း" ဖြစ်သည်။
"ဝိုးး … စီနီယာအစ်မနဲ့ ဂျူနီယာညီမလေးတွေက အရမ်းလှတာပဲ။"
အမျိုးသားတပည့်များသည် မျက်နှာများသည် ပြုံးဖြီးသွားကြ၏။
သူတို့သည် နှာဘူးများကဲ့သို့ပင် ကြည့်ရှုလျှက်ရှိကြ၏။
"စီနီယာအစ်မတို့ …သူတို့ ကျွန်မတို့ကို ကြည့်နေတယ်။"
"ဒီလိုဝတ်စုံဝတ်ရတာ ရှက်စရာကြီး …"
ကြယ်ကြွေကုန်းကုန်းမြေတိုက်ကြီး၏ အမျိုးသမီးတိုင်းသည် ရိုးရှင်းစွာ ဝတ်ဆင်တတ်ကြ၏။ တော်တော်များများသည် ခပ်ပွပွဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိကြ၏။ ယခုကဲ့သို့ ကိုယ်ကျပ်ဝတ်စုံမျိုး ဝတ်ဆင်လေ့ဝတ်ဆင်ထ မရှိကြချေ။
သို့ပေမဲ့ သူတို့သဘောမတွေ့ဘူးဆိုလျှင်တောင်မှ အသားကျအောင် ပြုလုပ်ရပေလိမ့်မည်။
ဤအရာသည် ဂိုဏ်းချုပ်၏အမိန့်ပင်ဖြစ်သည်။ထို့ကြောင့်သူတို့လွန်ဆန်၍ မရနိုင်ချေ။
"အကြီးဆုံးစီနီယာအစ်မကြီး ထွက်လာပြီ။"
တစ်စုံတစ်ယောက်က အော်လိုက်ကြ၏။
အားလုံးသည် အတွင်းခြံဝန်း၏ အဝင်ပေါက်ဝသို လှည့်ကြည့်လိုက်ကြ၏။
ပြီးနောက် သူတို့သည် လှပသော အနီရောင် လက်တိုအင်္ကျီ ၊အနီရောင် ဖိနပ်တို့ကို ဝတ်ဆင်ထားသော စီနီယာအစ်မကြီး လုချင်းချင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူမသည် မျက်မှောင်ကုပ်ကာ လမ်းလျှောက်ထွက်လာ၏။
ဤအမျိုးသမီးသည် အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်လေ့ဝတ်ဆင်ထရှိ၏။ ထိုသို့ ရိုးရှင်းစွာ ဝတ်ဆင်လျှင်တောင်မှ ကမ္ဘာခြားမှ နတ်မိမယ်တစ်ပါးလို လှပလွန်းခဲ့သူ ဖြစ်၏။ ယခု အနီရောင်ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင် လိုက်ချိန်မှာတော့ သူမသည် နန်းထိုက်သော နှင်းဆီတစ်ပွင့်နှင့်ပင် တူသွားသည်။
သို့ပေမဲ့ ထိုနှင်းဆီတွင် ဆူးများနှင့် ပြည်နေလျှက် ရှိ၏။ သူမ၏ မျက်နှာသည် မှုန်ကုပ်လျှက်ရှိပြီး မျက်လုံးထဲတွင်တော့ ဒေါသအရိပ်အယောင်များနှင့် ပြည့်နှက်လျှက်ရှိ၏။
ဒေါသတရားများသည် မီးတောက်များကဲ့သို့ပင်။
တပည့်များသည် စီနီယာအစ်မကြီးမျက်လုံးဆီမှ ဒေါသအရိပ်အယောင်များကို မြင်လိုက်ရသောကြောင့် မြန်မြန်ပဲ အကြည့်လွှဲကြလိုက်သည်။
"စီနီယာအစ်မကြီးကို … ဘယ်သူစိတ်တိုအောင်လုပ်လိုက်တာတုန်း။"
"ဘုတ်"
လုချင်းချင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ရှေ့သို့ လျှောက်လာသည်။
သို့ပေမဲ့ သူမသည် အားသုံးကာ ခြေဆောင့်လိုက်သောကြောင့် မြေပြင်တစ်ခုလုံးပဲ တုန်ခါသွား၏။
သူမနောက်တွင်ရှိသော တပည့်များသည် ကြောက်လန့်သွားသောကြောင့် ခြေလှမ်းတွေအကုန်လုံး တန့်ခနဲ ဖြစ်သွားကြသည်။
သူတို့၏ စီနီယာအစ်မ အနီးနားမှ ခပ်ဝေးဝေးသို့ လှမ်းဆုတ်မိလိုက်ကြ၏။
လီချင်းယန် သည် ခေါင်းကို အသာရမ်းခါလိုက်သည်။
စီနီယာအစ်မ အလွန်စိတ်ဆိုးနေကြောင်းကို သူသိ၏။ ထိုသို့စိတ်ဆိုးခြင်းသည် ဂိုဏ်း၏ဝတ်စုံနှင့် ပတ်သတ်နေလိမ့်မည်ဆိုသည်မှာ သေချာ၏။
"အဟမ်း …"
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်လျှက် အဓိကဟောခန်းထဲမှ လျှောက်လှမ်းထွက်လာသည်။
သူသည် ငွေဖြူရောင်ခါးပတ်ကိုပတ်ဆင်ထားပြီး သူ၏ဖိနပ်သည်လည်း အဖြူရောင်ပင်ဖြစ်၏။
ဂိုဏ်းခေါင်းဆောင်အတွက် ဖန်တီးထားသောဝတ်စုံသည် အဖြူရောင်ဖြစ်သည်။
ထို့ကြောင့် သူနှင့်အလွန် လိုက်ဖက်ညီလှပေ၏။ လူကုံထံမိသားစုမှ ပေါက်ဖွားလာသော လူကြီးလူကောင်းတစ်ယောက်နှင့်ပင် ဆင်တူနေ၏။
"မဆိုးဘူး …. မဆိုးဘူး။"
ကျွင်းချောင်ရှောင်း လမ်းလျှောက်လာပြီး သူ့ကိုယ်သူ ပြန်ချီးကျူးလိုက်၏။
"အခုမှပဲ ငါ ဂိုဏ်းခေါင်းဆောင်နဲ့တူတော့တယ်။"
ရုတ်တရက် ဆိုသလိုပဲ ဂိုဏ်း၏ဝတ်စုံကိုပြောင်းလဲဝတ်ဆင်ထားသော လုချင်းချင်းအား သူ သတိပြုလိုက်မိ၏။
သူ လက်ပိုက် မေးထောက်ကာ ပြောလိုက်သည်။ "လှပတဲ့မိန်းကလေးဆိုတာက ဘယ်လိုဝတ်စုံ ဝတ်ဝတ် လှပနေတာပဲ။"
သို့ပေမဲ့ သူ လုချင်းချင်းနှင့် မျက်လုံးချင်းဆုံလိုက်တော့ သူမ၏မျက်လုံးထဲရှိ မီးတောက်များကိုမြင်လိုက်ရ၏။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ ပါးစပ်ပိတ်လိုက်၏။
"ဂိုဏ်းချုပ် …"
လုချင်းချင်း အေးစက်စက်ပြောလိုက်သည်။
"ကျွန်မ အနီရောင်ကို မုန်းတယ်။"
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။
"အနီရောင်ဆိုတာ ပျော်ရွှင်ခြင်းနဲ့ အသက်ဝင်ခြင်းကို ကိုယ်စားပြုတာလေ။ ဒါက မင်းတို့မိန်းကလေးတွေရဲ့ အကြိုက်ဆုံးအရောင်မဟုတ်ဘူးလား။"
"ကျွန်မမုန်းတယ် … ကျွန်မမုန်းတယ်။"
လုချင်းချင်း ပြန်ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။
လက်ရှိအချိန်တွင် တပည့်များအားလုံးသည် ရှိနေသည်။ သို့ပေမဲ့ သူမသည် သူ့အား တစ်ချက်ကလေးမှ မျက်နှာသာ မပေးချေ။
သူမ၏စိတ်ခံစားချက်အား မထိန်းချုပ်နိုင်ပဲ လွတ်သွားသည်ဟု လုချင်းချင်း သတိပြုလိုက်မိ၏။
ထို့ကြောင့် အသက်ကိုပြင်းပြင်းရှူကာ ပြောလိုက်၏။ သူမ၏မျက်နှာပေါ်မှာတော့ နာကျင်နေသည့် အရိပ်အယောင်များနှင့် ပြည့်နှက်လျှက်ရှိ၏။ "ဂိုဏ်းချုပ်က ဒါကိုဝတ်ဆိုရင်လည်း ကျွန်မ နာခံရမှာပေါ့။"
သူမသည် ကျွင်းချောင်ရှောင်းကို တစ်ခါတစ်လေ ရင်နာအောင် ပြုမူလေ့ရှိသည် ဆိုသော်လည်း ဂိုဏ်း၏တပည့်တစ်ယောက်သာ ဖြစ်၏။
ထို့ကြောင့်သာမဟုတ်လျှင် ဤဂိုဏ်းဝတ်စုံအား သူမ ဘယ်တော့မှ ဝတ်ဆင်လိမ့်မည် မဟုတ်ချေ။
မိန်းကလေး၏မျက်နှာပေါ်မှ ထူးဆန်းသည့်အမူအရာကိုမြင်တော့ ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဒါက အနီရောင်ကိုမုန်းတာ မဖြစ်နိုင်ဘူး။ အနီရောင်ရဲ့နောက်ကွယ်မှာ အလွန်နာကျည်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုခု ရှိရမယ်။ဒါကို သူမ တွေးချင်ပုံလည်းမပေါ်ဘူးထင်တယ်။ ငါနားလည်ပြီ"
"ချင်းယန် တောင်အောက်ကိုဆင်းပြီး မင်းရဲ့စီနီယာအစ်မကြီးဝတ်စုံကို အဖြူရောင် ပြောင်းပေးလိုက်။"
"ကောင်းပါပြီ။"
လီချင်းယန် လှည့်ထွက်ရန် ပြင်လိုက်သည်။ ပြီးနောက် သူတွေးလိုက်မိ၏။
"စီနီယာအစ်မကြီးရဲ့ နောက်ခံက ဘာများဖြစ်မလဲမသိဘူး။"
ဤအတောအတွင်း လုချင်းချင်းသည် သီးသန့်နေထိုင်ခဲ့သည် ဆိုသော်လည်း သူမ၏အပြုအမူ ၊အနေအထိုင်ပုံစံများသည် သာမန်ထက်ပို၍ ထူးခြားနေ၏။
သူမတွင် ကျိန်းသေပေါက် ကြီးကျယ်ခမ်းနားသော နောက်ခံတစ်ခုခု ရှိပေလိမ့်မည်။ သို့ပေမဲ့ မည်သည့်အရာမှန်း သူမသိချေ။
"မင်းတို့အားလုံး ဂိုဏ်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီးပြီဆိုတော့ ဂိုဏ်းသားဘဝအနေနဲ့ တရားဝင်စတင်ပြီ။"
"ဒီတော့ မနက်ဖြန်ကနေစပြီးတော့ ဒုတိယစီနီယာအစ်ကိုက မင်းတို့ရဲ့နေ့စဉ်လေ့ကျင့်မှုကို တာဝန်ယူလိမ့် မယ်။"
ကျွင်းချောင်ရှောင်း ကြေညာလိုက်၏။
လှည့်၍ထွက်ခွာသွားရန် ပြင်နေတော့ လီချင်းယန်သည် မြေပေါ်သို့ လဲကျလုမတတ်ဖြစ်သွားသည်။
သူသည် အတွင်းနှင့်အပြင်ခြံဝန်း ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ယူရ၏။ ပြီးနောက် ဂိုဏ်း၏စည်းမျဉ်းစည်းကမ်းများအား ပြန်လည်ပြုပြင်သည့်နေရာမှာလည်း ကူညီရ၏။ ထို့အပြင် တောင်အောက် သို့ ဆင်း၍ ဂိုဏ်း၏ဝတ်စုံမှာယူခြင်းကိုလည်း တာဝန်ယူခဲ့ရ၏။
ယခု ဂိုဏ်းသားများ၏ နေ့စဉ်ကျင့်ကြံခြင်းကိစ္စရပ်များကိုလည်း သင်ကြားပေးရန် တာဝန်ယူရဦးမည်ဟုဆိုသည်။
သူသည် ဂိုဏ်း၏တပည့်တစ်ယောက်လား သို့မဟုတ် ဂိုဏ်း၏ကျေးကျွန်တစ်ယောက်လား ကိုယ့်ကိုယ်ကိုယ် မသိတော့ချေ။
"ဟင်း ….."
လီချင်းယန် သက်ပြင်းချကာ ပြောလိုက်၏။
"ကြည့်ရတာ ငါတော့ ချီးတွင်းထဲ ခုန်ချမိပြီနဲ့တူတယ်။"
……..
"ဒါပဲ"
ကျွင်းချောင်ရှောင်း လက်ကိုရမ်းခါကာ ပြောလိုက်၏။ "အားလုံးပဲ သွားလို့ရပြီ။"
"ကောင်းပါပြီ"
တပည့်များအားလုံးသည် ဂိုဏ်းချုပ်ဆီမှ အမိန့်ကိုရတော့ သက်သောင့်သက်သာဖြင့် ပြန်လည်ထွက်ခွာလိုက်ကြသည်။
"ချင်းချင်း "
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"အဓိကဟောခန်းထဲကို လာခဲ့အုံး။ငါပြောစရာရှိတယ်။"
လုချင်းချင်းသည် အဓိကဟောခန်းထဲသို့ လိုက်ပါလာ၏။
ပြီးနောက် သူမက အထဲသို့ ဝင်ဝင်ချင်း ပြောလိုက်သည်။ "ခုနတုန်းက ဂိုဏ်းခေါင်းဆောင်ကို အပြစ်လုပ်မိပါတယ်။ဒါကြောင့် အပြစ်ပေးခံရဖို့ အဆင်သင့်ပါပဲ။"
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်ထိုင်ခုံတွင် ထိုင်လိုက်သည်။
ပြီးနောက် သူ၏ညာလက်အား လက်ရန်းပေါ်တွင် ထောက်တင်ကာမေးထောက်လိုက်၏။
"ငါ မင်းကို အပြစ်ပေးချင်ရင် အပြင်မှာကတည်းကပေးမှာပေါ့။"
လုချင်းချင်း ငြိမ်သက်သွား၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
" ငါ သံမဏိအရိုးဂိုဏ်းထဲမှာရှိနေတာ အချိန်အတော်ကြာပြီ။"
"ဒါပေမဲ့ ငါ တပည့်ကြီးဖြစ်တဲ့ မင်းရဲ့ နောက်ခံကို ဘာတစ်ခုမှမသိသေးဘူး။"
"မင်းရဲ့နောက်ခံဇာတ်ကြောင်းကို ပြောပြပါအုံး။"
သူအနေနှင့် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည် ဆိုသော်လည်း သူ၏တပည့်အကြောင်းကို ဂဃနဏ တစ်ခုမှမသိချေ။ ဤအရာသည် အဓိပ္ပါယ်မရှိဟု သူခံစားမိ၏။
လုချင်းချင်းပြောလိုက်သည်။
"ကျွန်မနာမည်က လုချင်းချင်းပါ။ ဒါပါပဲ။"
ကျွင်းချောင်ရှောင်းဆွံအသွား၏။ ပြီးနောက်ပြောလိုက်သည်။
"ငါဆိုလိုတာ မင်း ဘယ်ကလာတာလဲ။ဘယ်မှာနေတာလဲ။မင်းဆီမှာမိသားစုဘယ်နှစ်ယောက်ရှိတာလဲ ။မင်း လယ်ဧကဘယ်လောက်လောက် ပိုင်ဆိုင်လဲ။ဒါတွေကို ငါသိချင်တာ။"
လုချင်းချင်းပြောလိုက်သည်။
"ကျွန်မ တစ်ခြားနေရာကလာတာ။ မိဘတွေကအကုန်လုံး သေဆုံးသွားကြပြီ။ပြီးတော့ ကျွန်မဆီမှာ ဘာပိုင်ဆိုင်မှုမှ မရှိပါဘူး။"
သူမ၏အဖြေသည် အလွန်ရိုးရှင်းလှ၏။
ကျွင်းချောင်ရှောင်း အလိုမကျသလို ဖြစ်သွားမိ၏။
"ဂိုဏ်းချုပ်"
လုချင်းချင်း သူ့အားကြည့်လိုက်သည်။
သူမ၏မျက်နှာပေါ်ရှိ အေးစက်မှုများသည် အနည်းငယ် ပျက်ပြယ်သွား၏။ ပြီးနောက် လေးလေးနက်နက်နှင့် ပြောလိုက်၏။
"တစ်ချို့သော ကိစ္စရပ်တွေကို အများကြီးသိတယ်ဆိုတာ ကောင်းတဲ့အရာတော့မဟုတ်ဘူး။ အဲဒါ ကပ်ဘေးကြီးဖြစ်လာနိုင်တယ်။"
"ကပ်ဘေးကြီး ဟုတ်လား။"
ကျွင်းချောင်ရှောင်း သူ၏နှာခေါင်းအားကုပ်လိုက်သည်။
ပြီးနောက်ပြောလိုက်၏။
"နားထောင်ရတာ ကြောက်စရာပဲ။"
"ကောင်းပြီ ကောင်းပြီ။"
လက်ကိုရမ်းခါကာပြောလိုက်၏။
"မင်းမပြောချင်ဘူးဆိုလည်း ငါ အတင်းဖိအားမပေးတော့ဘူး။ဒီတော့ ဂိုဏ်းကိစ္စကိုပဲ စပြီး ပြောကြရအောင်။"
"အမျိုးသမီးတပည့်တွေအတွက် နေ့စဉ်ကျင့်ကြံခြင်းကိစ္စနဲ့ပတ်သတ်ပြီး မင်း တာဝန်ယူလိုက်။"
"ဒုတိယဂျူနီယာမောင်လေးက အမျိုးသားတပည့်တွေကိုတာဝန်ယူတယ်။ ကျွန်မက အမျိုးသမီးတပည့် တွေကိုတာဝန်ယူရမယ်။
ဒါဆို ဂိုဏ်းချုပ်က ဘာလုပ်မှာလဲ။"
လုချင်းချင်း သူ့အားကြည့်လိုက်၏။
"အဟမ်း … အဟမ်း"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"ဟုတ်တယ် ။ ငါက အဓိကစောင့်ကြည့်အကဲဖြတ်တဲ့တာဝန်ကို ပြုလုပ်ရမှာပဲ။ တပည့်တွေရဲ့ကျင့်ကြံခြင်းမှာ ပြသနာတွေ ပေါ်လာပြီဆိုရင် ငါညွှန်ပြပေးရမယ်။ တစ်ခါတစ်လေပေါ့။"
လုချင်းချင်း သံသယရှိစွာနှင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကိုကြည့်ရတာ ပျင်းနေသလိုပဲ။ ဟုတ်တယ်မလား။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်နှင့်ပြောလိုက်၏။
"ငါ ဂိုဏ်းကို ပိုပြီးတိုးတက်အောင် လုပ်ချင်သေးတယ်။ ဒီကုန်းမြေတိုက်ကြီးမှာ သံမဏိအရိုးဂိုဏ်း အောင်မြင်ကျော်ကြားလာဖို မင်းတိုတပည့်တွေကို ငါ အားကိုးရမယ်။ ဒီတော့ မင်းတို့ တပည့်တွေ ပိုမိုတိုးတက်လာဖို့လည်း လိုအပ်နေသေးတယ်။ ဒါကို ငါကဘာလို့ ပျင်းရိနေရမှာတုန်း။"
"ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အောင်မြင်ကျော်ကြားဖို့ ဟုတ်လား။"
လုချင်းချင်းသည် နှုတ်ခမ်းကိုစူကာ အသာပြောလိုက်၏။
"အိပ်မက် ထပ်မက်နေပြန်ပြီနဲ့တူတယ်။"