အခန်း (၃၇)
Vol. 3 Ch. 37
သူ၏ အိပ်ခန်းထဲသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာနှင့် ကခုန်လိုက်၏။ “ဒီလောက်များပြားလှတဲ့ တပည့်တွေ မရိဒန်ဖွင့်ခြင်း အဆင့်တွေတောင် အောင်မြင်သွားကြတယ်ဆိုတော့ သံမဏိအရိုးဂိုဏ်းက ပိုပြီး အားကောင်းလာတဲ့ အခြေအနေကို ရောက်ဖို့ သိပ်မကြာလောက်ဘူး။”
သူသည် လီချင်းယန် အား ဤကဲ့သို့သော ကိစ္စနှင့် ပတ်သက်၍ အသားကျရန် မှာကြားလိုက်သည် ဆိုသော်လည်း တကယ်တမ်း စိတ်လှုပ်ရှားနေသူမှာ သူသာ လျှင် ဖြစ်၏။
ထိုသို့သော အဖြစ်အပျက်အား သူ အဘယ့်ကြောင့် စိတ်မလှုပ်ရှားဘဲ နေရမည်နည်း။
တပည့်များ ပို၍ အားကောင်းလာသည်ဆိုလျှင် ဂိုဏ်းသည်လည်း ပို၍ အားကောင်းလာပေလိမ့်မည်။ ဂိုဏ်းသာ ပို၍ အားကောင်းလာသည်ဆိုလျှင် သူ၏ အဓိကတာဝန်သည်လည်း ပြည့်စုံသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချိန်ကိုက်ပုံးသည်လည်း ဖယ်ရှားသွားပေလိမ့်မည်။
သူ့တွင် ဒီသောက်ရေးမပါသော အဓိကတာဝန်နှင့် ချိန်ကိုက်ဗုံးသာ တားဆီးမထားဘူးဆိုလျှင် သံမဏိအရိုးဂိုဏ်း ဖွံဖြိုးတိုးတက်ရန်အတွက် အာရုံစိုက်နေစရာ လိုလိမ့်မည်မဟုတ်ပေ။ သူ့ဘာသာပဲ တကိုယ်တည်း ကြိုးကြိုးစားစားနှင့် အောင်မြင်အောင် ကျင့်ကြံပေနေလိမ့်မည်။
“ငါ သာ နောက်ထပ်တစ်ညလောက် ကျင့်ကြံလိုက်မည်ဆိုလျှင် ငါ့ရဲ့ မရီဒန် ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြည့်စုံတဲ့ အဆင့် ချိုးဖြတ်နိုင်လိမ့်မယ်။ ဒါဆိုရင် အဆင့်တစ်ဆယ့် စွမ်းအင်ဖွင့်ခြင်းအဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မယ်။
သူ ထပ်မံ၍ ခြေချိတ်ထိုင်ကာ ဆက်လက်ကျင့်ကြံလိုက်၏။
ဂိုဏ်စုဆောင်းခြင်း ငါးဆယ်မှတ်။ ကျွင်းချောင်ရှောင်းသည် ဤစုဆောင်းမှတ်များနှင့် ကုန်ပစ္စည်းများ လဲလှယ်ရန် စိတ်ကူးမရှိပေ။ ပထမဦးဆုံးအနေနှင့် သူသည် လဲလှယ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ဒုတိယအနေနှင့် သူ၏ မရီဒန် များ ဖွင့်ရန်အတွက် သူ့ကိုယ်သူ အားကိုးချင်သောကြောင့် ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ မရီဒန် များ ဖွင့်ဖို့အတွက် သူ့ကိုယ်သူ အားကိုးလျှင် အကောင်းဆုံးဖြစ်သည်ဟု အလိုလို ခံစားမိနေသည်။ ထိုသို့ဆိုလျှင် ဖုံးကွယ်ထားသော တာဝန်များ ပြည့်စုံသွားပြီး ဂိုဏ်းစုဆောင်းမှတ်လည်း သင့်တော်သည့် ပမာဏတစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
တစ်ညတာ ကျင့်ကြံပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး သူ၏ မရီဒန် အား ဖွင့်ရန် စတင်ကြိုးစားလိုက်၏။
…….
နောက်တစ်နေ့မနက်ခင်း၌ သူသည် စိတ်တက်ကြွစွာနှင့် လမ်းလျှောက်လျှက်ရှိသည်။
အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။ "ဒီလောက်များပြားတဲ့ အောင်မြင်မှု ရာခိုင်နှုန်းရှိနေတာတောင်မှ ငါဒီလောက်မအောင်မြင်သေးဘူး။ ဘယ်လိုလုပ်ရမတုန်း။ ငါရဲ့ ကျင့်ကြံခြင်းနည်းစနစ်အပေါ် နားလည်မှုက တော်တော်ကြီးကို အားကောင်းလာပြီ။ စိတ်ဝိညာဉ်စွမ်းအင်တွေ စုစည်းဖို့က နှစ်ရက်ကနေ သုံးရက်ပဲ ကြာတော့တယ်။ ဒီတော့ နောက်တစ်ကြိမ်ဆိုရင် ကြိမ်းသေပေါက် အောင်မြင်နိုင်မယ် ထင်တယ်။"
ကျွင်းချောင်ရှောင်း သူ့ကိုယ်သူ နှစ်သိမ့်ပြီး အဓိက ဟောခန်းထဲသို့ ဝင်လိုက်သည်။
ခဏလောက် ကြာပြီးသည့်နောက် လီချင်းယန်သည် လျှောက်ဝင်လာပြီး စိတ်ဓာတ်တကျနဲ့ ပြောလိုက်သည်။
"ဂိုဏ်းချုပ် …. ကျွန်တော် အဆင့်ဆယ့်တစ်ကို ချိုးဖြတ်ပြီးသွားပြီ။"
"ဪ အဲ့လိုလား မဆိုးဘူးပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ စိတ်ထဲမှာတော့ ကြိတ်ကာ မနာလို ဖြစ်မိနေ၏။
"အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်စွမ်းရည်တွေကို ပိုင်ဆိုင်တဲ့သူတွေ က မနာလိုစရာကောင်းလိုက်တာ။"
လီချင်းယန် သည် မနေ့က တပည့်များ စွမ်းအင်ချိုးဖြတ်ခြင်း အဆင့်ကို အောင်မြင်သွားကြကြောင်း သတင်းပို့ခဲ့သည်။
မနေ့ညက စုစုပေါင်း လူနှစ်ဆယ် ဆယ့်နှစ်ယောက်သည် အောင်မြင်၍ ရှစ်ယောက်သည် ကျရှုံးခဲ့လေသည်။
မနေ့တုန်းက ဂိုဏ်းချုပ်ပြောခဲ့သည် စကားအရပင် ဖြစ်ပေလိမ့်မည်။ သူသည် အဆင့်တက်ခြင်း ဆိုသော အရာနှင့် တော်တော်ပင် အသားကျလျှက်ရှိ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မရီဒန် ဖွင့်ဖို ကျရှုံးတဲ့ တပည့်တွေကို ပြောလိုက်။ ဒါက အမြဲတမ်း ကျရှုံးနေမှာ မဟုတ်ဘူး။ သေသေချာချာတာ ကြိုးစားမယ်ဆိုရင် ကျိန်းသေပေါက် အောင်မြင်လိမ့်မယ်။"
သူ ထိုသို့ပြောလိုက်သည် ဆိုသော်လည်း ဤစကားသည် ကိုယ့်ကိုကိုယ် နှစ်သိမ့်နေသည့် စကားနှင့်ပင် ဆင်တူလျှက်ရှိ၏။
ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ “ရီကျင်ကျင်း” ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံကြသော တပည့်များသည် တိုးတက်လာခဲ့သည်။
တစ်ဂိုဏ်းလုံးနည်းပါး တိုးတက်သွားခဲ့ခြင်း ဖြစ်၏။
“စွမ်းအင်ဖွင့်ခြင်းအဆင့်ကို ဒီလောက်လွယ်ကူလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဂိုဏ်းချုပ်က တကယ်ပဲ နတ်ဘုရား အဆင့် ကျင့်ကြံခြင်း နည်းစနစ်ကို ဖန်တီးခဲ့တာပဲ။”
စွမ်းအင်ဖွင့်ခြင်း အဆင့်ကို အောင်မြင်သွားကြသော တပည့်များသည် အလွန်တရာ စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ကျွင်းချောင်ရှောင်းအား ထိုင်ရှစ်ခိုးတော့မတက် ကိုးကွယ်မိကြတော့သည်။
သို့ပေမဲ့ တပည့်များ ပျော်ရွှင်နေချိန်မှာတော့ ဂိုဏ်းချုပ်ဖြစ်သေည့် ကျွင်းချောင်ရှောင်းသည် အလွန်ပင် စိတ်ဓာတ်ကျလျှက်ရှိသည်။
အဘယ့်ကြောင့်ဆိုသော် စွမ်းအင်ဖွင့်ခြင်းအဆင့် ချိုးဖြတ်ဖို့အတွက် သူ၏ ဒုတိယအကြိမ်မြောက်ကြိုးစားမှုသည် ထပ်မံကျရှုံးခဲ့သောကြောင့် ဖြစ်၏။
သူသည် ထိုင်ခုံပေါ်တွင် ထိုင်၍စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ "ငါ နှစ်ကြိမ်တိတိကျရှုံးပြီးသွားပြီ။ ငါ့ရဲ့ ကံတရားက ဒီကျင့်ကြံခြင်း နည်းစနစ်ကိုရဖို့အတွက် ရှိရှိသမျှသော ကံကောင်းခြင်းတွေကို အလုံးစုံပုံပြီး သုံးလိုက်သလားတောင် မှတ်ရတယ်။ နောက်ထပ်အဆင့် တက်ဖို့အတွက် ဘာ ကံမှတောင် မရှိဘူး။"
သူသည် နှစ်ကြိမ်တိုင်တိုင် မဆင့်မချိုးဖြတ်နိုင်သော်လည်း အကျိုးကျေးဇူးတစ်ချိုတစ်လေတော့ ရှိသေး၏။
ကျွင်းချောင်ရှောင်း၏ မရီဒန်၊ ကြွက်သားများနှင့် အတွင်းအင်္ဂါများသည် ပိုမို၍ ကြံခိုင်လာသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ယခင်ကထက်ပို၍ သန်မာ တောင့်တင်းလာသည်ကိုလည်း အာရုံခံစား မိ၏။
"ဂိုဏ်းချုပ် ….." လီချင်းယန် လျှောက်ဝင်လာပြီး ပြောလိုက်သည်။ “ကျွန်တော် လက်သမားဆရာတွေနဲ့ ဆက်သွယ်ထားတယ်။ အတွင်းခြံဝင်းကို ဘယ်အချိန်လောက် ဆောက်ချင်လဲ။”
"ဒီနေ့ …."
"ကောင်းပါပြီ။"
အတွင်းခြံဝင်း ပြန်လည်ပြင်ဆင်နေချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲမှာပဲ ပြောင်းရွေ့ နေထိုင်လိုက်၏။
လုချင်းချင်းသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာသည်။
သူမသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံပြီးတဲ့နောက်မှာတော့ ခန္ဓာကိုယ် ပိုမိုသန့်စင်ကာ လှပလာ၏။ ခြေထောက်များသည်လည်း ပို၍ သွယ်လျှလာ၏။ သူမသည် အစောကတည်းက အလွန်လှပသော မိန်းကလေးဖြစ်၏။ ယခုအချိန်မှာတော့ သေသေချာချာထွင်းထုထားသော ကျောက်စစ်ပန်းပုကဲ့သို့ပင် လှပလွန်းနေ၏။
သူမသာ ကျွင်းချောင်ရှောင်း၏ အရင်ကမ္ဘာတုန်းကလိုဆိုလျှင် စူပါမော်ဒယ်များ၊ ကျော်ကြားလှသော မိန်းကလေးဆယ်လီများ နှင့် အရာအားလုံးကို ကျော်ဖြတ်၍ အလှဆုံးသော မိန်းကလေးဆုကို ရမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်၏။ "လောကကြီးမှာ ပွင့်နေတဲ့ ပန်းတွေအကုန်လုံးကို အရှုံးပေးရလောက်အောင် လှနေတာပဲ။"
လုချင်းချင်းသည် သူမအား စူးစိုက်ကြည့်နေသော ဂိုဏ်းချုပ်ကို မြင်တော့ မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ယောကျာ်းတွေက မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်ကို ဒီလိုပဲ ဂရုစိုက်တတ်ကြလား။"
"ကျိန်းသေတာပေါ့။" ကျွင်းချောင်ရှောင်း ရိုးသားစွာပင် ပြန်ပြောလိုက်၏။
ယောကျာ်းမှန်သမျှသည် မိန်းကလေးများအား နှစ်သက်ရပေလိမ့်မည်။ ယောကျာ်းဖြစ်လျှက်နှင့် မိန်းကလေးကို မနှစ်သက်ဖူးဆိုသည်ကသာ ပြဿနာတစ်ခု ဖြစ်ပေလိမ့်မည်။
လုချင်းချင်း ငြိမ်သက်သွား၏။
ဂိုဏ်းချုပ်သည် ပေါ်ပေါ်ထင်ထင်ပဲ ထုတ်ဖော်ပြောဆိုလျှက်ရှိ၏။
“ချင်းချင်း”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
" မင်းနဲ့ ငါနဲ့က အသက်တူနည်းပါးလောက်ပဲ။ ဒီတော့ ငါတို့ ဒိတ်ကြမလား။"
လှပသော မိန်းကလေးတစ်ယောက်ကို ရည်းစားအဖြစ်ရရှိရန် ဆိုသည်မှာ သူ၏ ရည်မှန်းချက်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အခွင့်အရေးရတုန်း ကြိုးစားလိုက်ခြင်းပင် ဖြစ်၏။
"ဒိတ်တာ ဟုတ်လား။ ဒိတ်တယ်ဆိုတာ ဘာကို ပြောတာလဲ။"
"ငါဆိုလိုတဲ့ ဒိတ်တယ်ဆိုတာ မဟုတ်သေးဘူး မဟုတ်သေးဘူး။ ကြယ်မြေကုန်းမြေတိုက်ကြီးရဲ့စကားအရ ပြောရမယ်ဆိုရင် ငါတို့ရဲ့ ဆက်ဆံရေးက တစ်ဆင့်ပိုတက်သွားတာမျိုးပဲ။"
"ရှင် အချစ်အကြောင်းကို ပြောနေတာလား။"
"မှန်တယ် မှန်တယ်။ ငါဆိုလိုတဲ့ ဒိတ်တယ်ဆိုတာ အဲ့ဒါကို ပြောတာပဲ။"
သို့ပေမဲ့ သူ အချစ်ဆိုသည့် စကားကိုပင် ပြီးဆုံးအောင် မပြောရသေးခင်မှာပဲ လုချင်းချင်း၏ လှပသော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တွေ ပြည့်နှက်သွားသည်ကို မြင်လိုက်ရ၏။
ကျွင်းချောင်ရှောင်း ပုခုံးတွန့်ပြီး သူ၏ စကားများ အားလုံးကို မြိုချလိုက်၏။ ပြီးနောက် လေးလေးနက်နက်နဲ့ ပြောလိုက်သည်။ "ပြော မင်း ဘာလို့ ငါ့ကို လာရှာတာလဲ။"
လုချင်းချင်းသည် သူမ၏ သတ်ဖြတ်လိုခြင်းဆန္ဒများကို ထိန်းသိမ်းလိုက်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ် အခုထိ အဆင့်မတက်သေးဘူးလား။"
သူမသည် အခွင့်အရေးရတုန်း သူမ၏ ဂိုဏ်းချုပ် ရင်နာအောင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ရင်ဘတ်ကို အသာဖိပြီး နာကျင်ခံစားရသော မျက်နှာအမူအယာဖြင့် ပြောလိုက်သည်။ "ချင်းချင်း မင်း တကယ်ပဲ ငါ့ကို ရင်နာအောင် ခဏ ခဏ လုပ်နေမှာလား။"
လုချင်းချင်း ပြောလိုက်သည်။
"ရှင်က ဂိုဏ်းချုပ်တစ်ယောက်လေ။ သံမဏိ အရိုးဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ ရှင့်ရဲ့ ကျင့်ကြံခြင်းက မတိုးတက်ဘူးဆိုရင် ကိုယ့်ထက်ပိုပြီး အားကောင်းတဲ့ တပည့်တွေကို ဘယ်လိုလုပ် ဦးဆောင်နိုင်မှာလဲ။"
"စိတ်မပူနဲ့ ငါတကယ်လို့ ငါသာ ကျင့်ကြံခြင်းကို တိုးချင်တယ်ဆိုရင် တစ်စက္ကန့်မှာပဲ တိုးလိုက်လို့ရတယ်။"
သူ ကြွားဝါပြီး ပြောဆိုနေခြင်း မဟုတ်ပေ။ သူ့တွင် ဂိုဏ်စုဆောင်းမှတ် များ ရှိနေ၏။
ထိုအရာများအားလုံးအား ကျင့်ကြံခြင်း အမှတ် နှင့် လဲလှယ်လိုက်မည်ဆိုလျှင် သူသည် သိုင်းတပည့်အဆင့်သို့ မချိုးဖြတ်နိုင်ဘူးဆိုလျှင်တောင်မှ အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်း အဆင့်ကိုတော့ လွယ်လွယ်ကူကူ ရောက်ရှိသွားနိုင်သည်။
လုချင်းချင်းသည် ကျွင်းချောင်ရှောင်း၏ အရှက်မရှိ ကြွားဝါခြင်းများကို အသားကျပြီး ဖြစ်၏။ ထို့ကြောင့် ပြောလိုက်၏။
“ရှင် မလုပ်နိုင်ဘူးဆိုရင်လည်း ဂိုဏ်းချုပ်နေရာကို ကျွန်မကို ပေးပါ။ ကျွန်မ သံမဏိအရိုးဂိုဏ်းတစ်ခုလုံးကို ချင်းယန်နိုင်ငံတစ်ခုလုံးမှာ ကျော်ကြားသွားအောင် လုပ်ပေးနိုင်တယ်။"
ဤ မိန်းကလေးသည် သူ၏ ဂိုဏ်းချုပ်ရာထူးအား မျက်စိကျနေကြောင်း သူ ပို၍ သေချာသွားသည်။
ကျွင်းချောင်းရှောင်း မတ်တပ်ရပ်ကာ သူမအနီးသို့ လျှောက်သွားသည် ။ ပြီးနောက် သူမအရှေ့ တစ်မီတာလောက်အကွာရှေ့၌ရပ်ကာ သူမအား ငုံကြည့်လိုက်၏။
"ချင်းယန် နိုင်ငံကို ကျော်ကြားဖို့ ဟုတ်လား။ ဒါက ကိစ္စအသေးလေးတစ်ခုပဲ။ ငါက ကြယ်ကြွေ ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ ကျော်ကြားအောင် လုပ်ချင်တာ။"
နီးကပ်လာသော အကွာအဝေးကြောင့် ချင်းချင်း၏ ကိုယ်သင်းနံ့များသည် သူ၏ နှာခေါင်းထဲသို့ တိုးဝင်လျှက်ရှိ၏။
ဟွန့်။
လုချင်းချင်း အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
သို့ပေမဲ့ သူမသည် ကျွင်းချောင်ရှောင်းအား ပြန်မကြည့်ဘဲ ခေါင်းရှောင်ကာ ပြောလိုက်သည်။
"နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုထဲနဲ့ ဂိုဏ်းကို တိုးတက်အောင် လုပ်ဖို့ လုံလောက်ပြီလို့ ထင်နေတာလား။"
“ဘာတွေ လိုအပ်နေသေးလဲ။”
"အားကောင်းလှတဲ့ ဂိုဏ်းတွေဆိုတာ ပြည့်စုံတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေအပြင် အရမ်းတော်လွန်းတဲ့ အကြီးအကဲတို့ရဲ့ သင်ပြပေးမှု၊ ပြီးတော့ သိုင်းပညာနဲ့ ပတ်သက်တဲ့ များပြားလှတဲ့ အရင်းအမြစ်တွေ ၊သိုင်း နည်းစနစ်တွေ ၊ဆေးလုံးတွေ ၊ဒါတွေ အားလုံး ဂိုဏ်းချုပ်ဆီမှာ ရှိလို့လား။"
"မရှိဘူး။"
ကျွင်းချောင်ရှောင်း လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ဒါတွေအားလုံးကို မင်း အနာဂတ်မှာ ရလိမ့်မယ်။"
"ကျွန်မလည်း ဒီလိုပဲ မျှော်လင့်မိပါတယ်။" လုချင်းချင်း ပြောလိုက်သည်။ "ဒါဆိုလည်း သွားတော့မယ်။ တပည့်တွေကို ခေါ်ပြီး ကျင့်ကြံဖို့ စီစဉ်လိုက်ဦးမယ်။"
ဟူး....
အဓိက ဟောခန်းထဲမှ ထွက်ပြီးနောက် သူမ သက်ပြင်း အရှည်ကြီး ချလိုက်မိသည်။
ပြီးနောက် သူမ သူမဘာသာ စဉ်းစားလိုက်မိ၏။
"ဂိုဏ်းချုပ်ရဲ့အဆင့်က ငါ့လောက်တောင် မြင့်တာမဟုတ်ဘူး။ ဒါပေမဲ့ သူ့နားကို ကပ်သွားချိန်မှာ ငါ ဘာလို့ ကြောက်ရွံမှုကို ခံစားရတာလဲ။ ကြည့်ရတာ ထိုက်ရွှမ် အအေးနှလုံးသား နည်းစနစ်အပေါ် ငါ့ရဲ့ နားလည်မှုက လိုအပ်သေးတယ်နဲ့တူတယ်။ ဒါ့ကြောင့် ငါ့ရဲ့ စိတ်တွေက မတည်ငြိမ်သေးတာပဲ။