အခန်း (၄၀)
Vol. 3 Ch. 40
လီချင်းယန် သည် ကယ်တင်ရန်ပြောလိုက်သည်။
သို့ပေမဲ့ လုချင်းချင်းကတော့ မကယ်တင်ရန် ပြောခဲ့သည်။
သူတို့နှစ်ယောက်သည် မတူညီသော အကျင့်စရိုက်များ ရှိသည့်အလျှောက် သူတို့၏ အတွေးများသည်လည်း အလုံးစုံ ခြားနားလျှက် ရှိသည်။
"စီနီယာအစ်မ … "
လီချင်းယန်သည် လေးလေးနက်နက် ပြောလိုက်သည်။
"လူတစ်ယောက်ရဲ့ အသက်ကိုကယ်တင်တယ်ဆိုတာက ဘုရားခုနစ်ဆူ တည်တာထက် ပိုကောင်းတယ်။"
ကျွင်းချောင်ရှောင်း ဆွံအသွားမိ၏။
သူသည်လည်း လီချင်းယန်အား ကယ်တင်စဉ်အချိန်တုန်းက ဤကဲ့သို့ တစ်ပုံစံတည်း ပြောဆိုခဲ့မိ၏။ သို့ပေမဲ့ ဤမိန်းကလေးသည် အဲတုန်းကလည်း သူ့အား အရူးတစ်ယောက်လို ကြည့်ခဲ့သည်။
လုချင်းချင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ကြယ်မြေကုန်းမြေတိုက်ကြီးမှာ နေ့စဉ်နေ့တိုင်း လူပေါင်းများစွာ သေဆုံးနေကြတယ်။ သူတို့အားလုံးကို မင်း ကယ်တင်မလို့လား။"
လီချင်းယန် ဆွံအသွားမိသည်။
လုချင်းချင်းက ဆက်၍ ပြောလိုက်သည်။
"ငါတို့က ဂိုဏ်းတစ်ခုလေ။ ဒဏ်ရာရတဲ့လူတွေ၊ သေမလိုဖြစ်နေတဲ့လူတွေကို ကယ်တင်ရတဲ့ ပရဟိတ ဆေးခန်းတစ်ခုမှ မဟုတ်တာ။ ပြီးတော့ ဂိုဏ်းချုပ်ဆီမှာလည်း ဆေးလုံးတွေ များများစားစား ရှိတာလည်း မဟုတ်ဘူး။ ဒီတော့ ငါတို့နဲ့ ဘာမှ မဆိုင်တဲ့ အပြင်လူတွေအတွက် အသုံးပြုတာထက် ငါတို့ အသုံးလိုတဲ့အခါမှာ သုံးလို့ရအောင် သိမ်းထားတာက ပိုပြီးတော့ ကောင်းတယ်။"
လီချင်းယန် ပို၍ ဆွံအသွားမိ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ ပုခုံးအား ပုတ်ကာ ပြောလိုက်သည်။
"ချင်းယန် မင်းက ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ အမှန်တရားဆိုတာက အရမ်းပဲ ရက်စက်တတ်တယ်။"
"ဂိုဏ်းချုပ် …. ကျွန်တော်။"
လီချင်းယန် တစ်ခုခုကို ပြောချင်သွားသည်။ သို့ပေမဲ့ မပြောဖြစ်လိုက်ပေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
"ငါတို့ ရှေးခေတ်ထဲကနေ အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဆေးလုံးက ဒီလောက်ထိ အကျိုးကျေးဇူးရှိလိမ့်မယ်လို့ ငါမသိခဲ့ဘူး။ ဒါ့ကြောင့်လည်း ငါ မင်းကို ပေးခဲ့တာပဲ။ အခု ငါ ဒီဆေးလုံးရဲ့ အစွမ်းသက်ရောက်မှုကို သိသွားပြီ။ ဒီတော့ ဒီဆေးလုံး ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာကိုလည်း နားလည်သွားခဲ့ပြီလို့လည်း ပြောလို့ရတယ်။ ဒီတော့ ဒါတွေကို အလဟာသ လျှောက်သုံးတာထက် သေသေချာချာ သိမ်းထားတာ ကောင်းလိမ့်မယ်။ ငါ့အနေနဲ့ တစ်စိမ်းလူတွေကို ကယ်တင်ဖို့အတွက် အသုံးပြုမှာ မဟုတ်ဘူး။"
လုချင်းချင်းကလည်း ဝင်၍ ပြောလိုက်သည်။
"နောက်ဆုံးတော့ ဂိုဏ်းချုပ် ဉာဏ်အလင်း ရသွားပြီပဲ။"
လီချင်းယန် နာနာကျင်ကျင် ပြောလိုက်သည်။
"ဂိုဏ်းချုပ် … ကျွန်တော့်ကို ဆေးလုံးပေးပြီး ကုသပေးခဲ့တဲ့အတွက် နောင်တများ ရနေသေးလား။"
ကျွင်းချောင်ရှောင်း ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"မဟုတ်ဘူး။ ငါ မင်းကို ကယ်တင်ခဲ့တယ်ဆိုတာ မင်း သံမဏိအရိုးဂိုဏ်းထဲကို ဝင်ပြီး ငါ့ရဲ့ ဒုတိယမြောက် တပည့်ဖြစ်လာမယ်လို့ ထင်ခဲ့လို့ပဲ။ ဒါကြောင့်လည်း တန်ဖိုးကြီးလွန်းတဲ့ ဆေးလုံးကို ထုတ်သုံးခဲ့တာ”
လီချင်းယန်သည် ထိုစကားကို ကြားတော့ စိတ်သက်သာရာ ရသလို ခံစားလိုက်ရ၏။
သတိမေ့နေသော လူငယ်ဆီသို့ လျှောက်လှမ်းလာပြီး ကျွင်းချောင်ရှောင်း တီးတိုး ပြောလိုက်သည်။
“ဒီ ပြန်လည်ကုစားခြင်း ဆေးလုံးက တပည့်တွေကို ရရှိအောင် ငါ့ကို ပြုလုပ်ပေးနိုင်တယ်။ ဒီတစ်ကြိမ်မှာလည်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာဖို့ ငါ မျှော်လင့်မိတယ်။”
လုချင်းချင်း ကြောင်သွားသည်။
"ဒီတော့ ဂိုဏ်းချုပ် သူ့ကို ကယ်ချင်တာလား။"
“ငါတို့ဂိုဏ်းမှာက တပည့်တစ်ယောက်က သေဆုံးသွားခဲ့ပြီလေ။ ဒီတော့ သူ့ကို ကယ်တင်ပြီး လွတ်နေတဲ့နေရာမှာ ဖြည့်ရမယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လုချင်းချင်း ဘာစကားမှ ဆက်မပြောပေ။
သို့ပေမဲ့ သူတို့သိခဲ့တာ သိပ်အကြာကြီး မဟုတ်ပေမယ့် ဂိုဏ်းချုပ် ၏ ဆုံးဖြတ်ချက်သည် သူမ ကြောင့် ပြောင်းလဲမှာ မဟုတ်ကြောင်း သူမ သိနေခဲ့သည်။
“ဒင်။
လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်ကို အသုံးပြု၍ စဦး အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို လဲလှယ်လိုက်သည်။
သိုလှောင်လက်စွပ်အတွင်းသို့ ပိုဆောင်ပြီးဖြစ်ပါသည်။”
“ဒင်။”
ဂိုဏ်းစုဆောင်းမှတ် ၂၉ / ၁၀၀။
သူ ပထမဆေးလုံး ရယူပြီးသည့်နောက် တစ်လကျော်ကြာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် နောက်ထပ်ဆေးလုံးတစ်လုံးကို ထပ်မံလဲလှယ်၍ ရနိုင်ခဲ့ပြီဖြစ်၏။
ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်ဖြင့် လဲလှယ်၍ ရရှိခဲ့သော ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသည် ဒဏ်ရာများကို မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ကောင်းမွန်စေနိုင်သည်။
ဤအရာကိုသာ အချိန်အကန့်အသတ်မရှိ ဝယ်ယူ၍ ရနိုင်မည်ဆိုလျှင် အလွန်တရာ ကောင်းမွန်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို ထုတ်ယူ၍ ဒဏ်ရာရထားသော လူငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
လုချင်းချင်းသည် အေးစက်စက် ပြောလိုက်သည်။
"ဂိုဏ်းချုပ် …. ဒုတိယဂျူနီယာမောင်လေးလို ပါရမီရှင်မျိုး တွေ့မယ်လို့ ထင်နေတာလား။"
"ကံကောင်းရင်လည်း တွေ့မှာပေါ့။"
ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်လိုက်၏။
လုချင်းချင်းသည် မျက်လုံးတွေ ချာချာလည်သွား၏။
"သူသာ ပါရမီရှင်ဆိုလိုရှိရင် ဒုတိယအဆင့် ၊ တတိယအဆင့် စွမ်းအင်ဖွင့်ခြင်း အမှိုက်လိုကောင်တွေရဲ့ ရိုက်နှက်ခြင်းကို ဘယ်လိုလုပ်ခံရမှာလဲ။"
"ဒါလည်း ဟုတ်တာပဲ။"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်၍ ပြောလိုက်သည်။
"ငါ ဘာလို့ ဒါကို မတွေးမိတာလဲ။"
အဟွတ် အဟွတ်။
ထိုအချိန်မှာပဲ သတိလစ် မေ့မျောနေသော လူငယ်သည် ဆေးလုံး၏ အစွမ်းကြောင့် ပြန်လည်၍ သတိရလာခဲ့သည်။
မျက်စိပွင့်လာပြီးနောက် လူငယ် သည် အလန့်တကြား ပြောလိုက်၏။
"ငါ …. ငါ အသက်ရှင်သေးတာပဲ။"
"ဟုတ်တယ်။ မင်း အသက်ရှင်နေသေးတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လူငယ်သည် အိပ်ယာမှ ထရပ်ပြီး သူ၏ ရှုပ်ပွနေသော ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်လိုက်၏။
သူ့ရှေ့မှ လူ၏ ပုံပန်းသဏ္ဍာန်ကို မြင်တော့ ချက်ချင်းပဲ လက်သီးဆုပ်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ် … ကျေးဇူးပြုပြီး ကျွန်တော့်ကို သံမဏိအရိုးဂိုဏ်းထဲကို ဝင်ခွင့်ပြုပါ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"မင်း ငါ့ကို သိတယ် ဟုတ်လား။"
လူငယ်ပြောလိုက်၏။
"လွန်ခဲ့တဲ့တစ်လတုန်းက ကျွန်တော် ဂိုဏ်းတစ်ရာ လူသစ် စုဆောင်းပွဲမှာ ဂိုဏ်းချုပ်ကြီးကို ကျွန်တော် တွေ့ခဲ့တယ်။ အဲ့တုန်းက သံမဏိအရိုးဂိုဏ်းထဲကိုဝင်ဖို့ အများကြီး မျော်လင့်ခဲ့တယ်။ ဂိုဏ်းချုပ်ဆီက သိုင်းပညာတွေကိုလည်း သင်ယူချင်မိတယ်။"
" ငါ သိပြီ။ မင်းနာမည် ဘယ်လိုခေါ်လဲ။ ဘယ်မှာနေတာလဲ။"
လူငယ် ခဏလောက် တန့်ခနဲဖြစ်သွား၏။
ပြီးနောက် အားတင်းကာ ပြောလိုက်သည်။
"ကျွန်တော့်နာမည်က ရှောင်ကျီ ပါ။ ကျွန်တော်က လီရန်မြို့ ရှောင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်ပဲ ဖြစ်တယ်။"
လီချင်းယန် တုန်လှုပ်သွား၏။
“မင်းက ရှောင်ကျီ ပေါ့။”
ကျွင်းချောင်ရှောင်း မေးလိုက်သည်။
"မင်း သူ့ကို သိလ့ိုလား။"
လီချင်းယန်က တည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောလိုက်၏။
"သူက အထူးစိတ်ဝိညာဉ်အမြစ် နဲ့ မွေးဖွားလာတဲ့ ရှားပါးလှတဲ့ ပါရမီရှင်ပဲ။ ချင်းရန်နိုင်ငံတစ်ခုလုံးမှာ သူ့ကို မသိတဲ့သူ မရှိဘူး။ ကျွန်တော်က ဘာလို့ သူ့ကို မသိရမှာလဲ။"
"အထူးစိတ်ဝိညာဉ်အမြစ် ဟုတ်လား။"
ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားသည်။
ဘေးတစ်ဖက်တွင်ရှိနေသော လုချင်းချင်းပင်လျှင် အံ့အားတစ်သင့်ဖြင့် လူငယ်အား ကြည့်မိလိုက်မိ၏။
အဝတ်အစားတွေ စုတ်ပြတ်သတ်နေလျှက်ရှိပြီး သူတောင်းစားနှင့်ပင်လျှင် တူညီနေသည့် ဤလူငယ်သည် အထူးစိတ်ဝိညာဉ်အမြစ် ကို ပိုင်ဆိုင်သော လူငယ်တစ်ယောက်ဖြစ်နေလေသည်။
ဤလူငယ်သည် သူ့ရဲ့ ဂျူနီယာမောင်လေးထက်ပင် ပင်ကိုယ်စွမ်းရည် ပို၍ ကောင်းမွန်နေသည်လား။
“ဟား ဟား ဟား။”
ကျွင်းချောင်ရှောင်းသည် အားရပါးရရယ်ပြီး ပြောလိုက်၏။
"ချင်းချင်း … ငါ မှန်ကန်တဲ့ အလောင်းအစားကို ထပ်ပြီး လုပ်နိုင်ခဲ့ပြီပဲ။"
ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး၏ အစွမ်းနှင့်ပဲ သူသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ရှိသော လီချင်းယန်ကို တပည့်အဖြစ် ရရှိခဲ့သည်။
ယခုလည်း ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကြောင့်ပဲ အထူးစိတ်ဝိညာဉ်အမြင့်ရှိသော လူငယ်တစ်ယောက်အား ထပ်မံ ရရှိခဲ့တော့မည်။
ဤအရာသည် ဘာကိုဆိုလိုသနည်း။
ဆိုလိုသည်မှာ ကောင်းမွန်သော အရာကို လုပ်မည်ဆိုလျှင် အကောင်းဆုံး ဆုလာဒ်များက စောင့်ကြိုနေမည်မှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ ပျော်ရွှင်မှုကို ဖိနှိပ်၍ ကြေညာလိုက်၏။
"မင်းက ငါ့တို့ သံမဏိအရိုးဂိုဏ်းရဲ့ ကိုးဆယ့်ကိုးယောက်မြောက် တပည့်ပဲ။"
ရှောင်ကျီ သည် လက်သီးဆုပ်ကာ စိတ်လှုပ်တရှားဖြင့် ပြောလိုက်သည်။
တပည့် ရှောင်ကျီ .. ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။
“အင်း။”
ကျွင်းချောင်ရှောင်း ခေါင်းညိတ် ကာ ပြောလိုက်သည်။
"ချင်းယန် သွားပြီတော့ ဝင်ခွင့်ဖောင် ယူခဲ့။"
"ကောင်းပါပြီ။"
လီချင်းယန်သည် ခေါင်းညိမ့်ကာ ပြန်ပြောလိုက်သည်။
သို့ပေမဲ့ ခဏလောက်တွန့်ဆုတ်ပြီးနောက် သူ တီးတိုး ပြောလိုက်၏။
"ဂိုဏ်းချုပ် ဒီတပည့်က ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထပ်ပြောရဦးမယ်။ ဒီလူက အရင်တုန်းက အရမ်းကို ရှားပါးတဲ့ ပါရမီရှင် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ချို့သော ကိစ္စအကြောင်းရာကြောင့် သူ့ရဲ့စိတ်ဝိညာဉ်အမြစ်က အဆင့်နိမ့်စိတ်ဝိညာဉ်အဖြစ်ကို ကျဆင်းသွားခဲ့တယ်။ သူ့ရဲ့ မရီဒန် ဆယ့်နှစ်ခုလုံးကလည်း ပျက်စီးသွားတယ်။ သူ့ရဲ့ကျင့်ကြံခြင်းတွေ တစ်ခုမှ မရှိတော့ဘူး။"
“ဟမ် …..”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ ကြွက်သားများအားလုံး တောင့်တင်းသွား၏။
အရာကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောဆိုမည်ဆိုလျှင် စောနကတည်းက ပြောဆိုတာ ပို၍ မကောင်းပေဘူးလား။ ယခု ဖွတ်ထွက်မှ တောင်ပို့မှန်း သိသည့်အခြေအနေမျိုးကို ရောက်ရှိနေသည်။
ဂိုဏ်းချုပ်ကျွင်းသည် ချက်ချင်းလိုပဲ နောင်တရမိသွား၏။
သို့ပေမဲ့ ပြောပြီးသားစကားဆိုသည်မှာ ထွေးထုတ်လိုက်သော တံတွေးနှင့် တူ၏။ ပြန်မြို၍ မဖြစ်နိုင်ပေ။
လီချင်းယန် ပြောလိုက်သည်။
"သူ့ရဲ့စိတ်ဝိညာဉ်အမြစ် ကျဆင်းသွားတာကြောင့် သူရဲ့ စေ့စပ်ထားတဲ့ ကောင်မလေးက လူတွေခေါ်ပြီး ရှောင်ကလန်ကို ရောက်လာတယ်။ ပြီးတော့ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တယ်။ ပြီးတော့ သူမက သူ့ကို ပက်ပက်စက်စက်အရှက်ခွဲခဲ့တယ်။ နောက်ဆုံးမှာ ရှောင်ကလန်က ဒီကိစ္စရှက်စရာကောင်းတယ်လို့ သတ်မှတ်ပြီးတော့ သူ့ကို ကလန်က ထုတ်ပယ်ခဲ့တာပဲ။"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ် နှင့် တုန်ရင်သွားသည်။
ပါရမီရှင်တစ်ယောက်သည် အမှိုက်တစ်စအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ စေ့စပ်ထားသည့် အမျိုးသမီးကပင် ကလန်သို့ လာရောက်၍ အရှက်ခွဲခဲ့သည်။
ဤအရာသည် သာမန်ဝတ္ထုများတွင် တွေ့ကြုံရသော ဇာတ်လမ်းဇာတ်ကွက်မျိုး ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤလူငယ်သည် အဓိက ဇာတ်ကောင်တစ်ကောင် ဖြစ်လာနိုင်၏။
ထိုသို့သော လူမျိုးကို တပည့်အဖြစ် လက်ခံခဲ့လိမ့်မည်ဟု သူ မထင်မိခဲ့ချေ။
လီချင်းယန် သည် တီးတိုးပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ ရှောင်ကျီ သည် စကားသံအားလုံးကို ကြားနေရသည်။
ထို့ကြောင့် သူသည် အသာ ခေါင်းကို ငုံထား၏။ သူ၏ နှုတ်ခမ်းထက်တွင် ရှက်ပြုံးတစ်ခုရှိနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျှက်ရှိ၏။ သူ၏ ဆုပ်ထားသော လက်သီးများသည် တင်းကျပ် လျှက်ရှိသောကြောင့် လက်သည်းများသည် လက်ဝါးများကိုပင် ထိုးစိုက်တော့မည့် ဟန်ပန်မျိုး ပေါ်ပေါက်လျှက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် ထိုအပြုအမူကို သတိပြုလိုက်မိသည်။
"သွား … ဝင်ခွင့်ဖောင်သွားယူလိုက်။"
"ကောင်းပါပြီ။"
လီချင်းယန် နောက်ဆုတ်သွား၏။
လုချင်းချင်းသည် လက်ပိုက်ကာ ထူးမခြားနားသလို ပြောလိုက်၏။
"ဂိုဏ်းချုပ် … ဒီလိုအမှိုက်။"
ကျွင်းချောင်ရှောင်း၏ မျက်နှာ တည်ငြိမ်နေသည်ကို မြင်တော့ သူမ ချက်ချင်းဆိုသလိုပဲ ပါးစပ်ပိတ်လိုက်မိ၏။
"ဂိုဏ်းချုပ်"
ရှောင်ကျီ သည် ပြောလိုက်၏။
"အမှိုက်လိုလူတစ်ယောက်ကို တကယ်ပဲ လက်ခံတော့မှာလား။"
"ငါ လက်မခံချင်ဘူး။"
ကျွင်းချောင်ရှောင်းသည် အမှန်အတိုင်းပင် ပြောလိုက်မိ၏။
ရှောင်ကျီ ချက်ချင်းပဲ ပြန်ပြောလိုက်၏။
"ကျွန်တော်က သံမဏိအရိုးဂိုဏ်းရဲ့တပည့်တစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူးဆိုတာကို သိပါတယ်။ ဂိုဏ်းချုပ်ကျွင်း … နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။"
ပြီးနောက် သူသည် ဆေးဆောင်ထဲမှ ခေါင်းငုံ့ကာ လျှောက်ထွက်သွားတော့သည်။
လီချင်းယန်သည် ဝင်ခွင့်ဖောင်ကိုယူကာ ပြန်လည် ပြေးဝင်လာခဲ့သည်။
ရှောင်ကျီထွက်ခွာသွားသည်ကို မြင်တော့ ဇဝေဇဝါနှင့် မေးလိုက်သည်။
"စီနီယာအစ်မကြီး … သူ ဘာဖြစ်သွားတာတုန်း။"
လုချင်းချင်းသည် ထူးမခြားမနားသလို ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"သူ့ကိုယ်သူ အမှိုက်တစ်ခုလို ခံစားနေရတယ်။ သူ့အနေနဲ့ ဂိုဏ်းကို ဝင်ဖို့ အရည်အချင်း မရှိဘူးလေ။ အဲ့တော့ သူ့ဟာသူ ထွက်သွားတာပဲ။"
စိတ်ဓာတ်တကျဖြင့် ထွက်ခွာသွားတော့ ရှောင်ကျီ ကိုကြည့်မိတော့ လီချင်းယန် လှမ်းအော်ကာ နှစ်သိမ့်လိုက်သည်။
"သခင်လေးရှောင် … မင်းက ရှားပါးလှတဲ့ ပါရမီရှင် ဖြစ်ခဲ့ဖူးတာပဲ။ မင်းသာ သံမဏိအရိုးဂိုဏ်းအောက်မှာ နေမယ်ဆိုရင် ဂိုဏ်းချုပ်ရဲ့ လမ်းညွှန်ပေးမှုအောက်မှာ မင်း ဆုံးရှုံးသွားတဲ့ အရာတွေအားလုံးကို ကျိန်းသေပေါက် ပြန်ပြီး ရနိုင်လိမ့်မယ်။"