← Chapters

အခန်း (၄၃)

Vol. 4 Ch. 43

အခန်း (၄၃)

Vol. 4 Ch. 43

လီချင်းယန်၊ လုချင်းချင်းနှင့် အခြားသောတပည့်များသည် ဂိုဏ်း၏ တာဝန်များကို လက်ခံခဲ့ပြီးနောက် ချင်းယန်ရွာသို့ ထွက်ခွာသွားခဲ့ကြသည်။

သူတို့သည် သူတို့ထမ်းဆောင်ရမည် အိမ်ရှိရာဆီသို့ ရှာဖွေသွားကြသည်။

"သံမဏိအရိုးဂိုဏ်းတပည့်တွေ ဟုတ်လား။"

"ခွေး …. ကျွင်းချောင်ရှောင်း ဘယ်တုန်းက ဒီလောက်များပြားတဲ့ တပည့်တွေကို ခေါ်ယူလိုက်တာလဲ။"

"ဟိုး သစ်ပင်အောက်မှာ ရှိတဲ့ မိန်းကလေးနဲ့တူတဲ့ ကောင်လေးတစ်ယောက်ပြောတာတော့ သူက စာသင်သားကျောက် အစား ငါတို့ကို စာတွေ ကူရေးပေးမယ်လို့ ပြောတယ်။ "

ချင်းယန်ရွာထိပ်တွင်တော့ ရွာသူရွာသားများသည် စုဝေးကာ တိုင်ပင်နေကြ၏။

သစ်ပင်ကြီးအောက်တွင် ထိုင်လျှက်ရှိသော လီချင်းယန် သည် သူ့အား မိန်းကလေးတစ်ယောက်ဟု ပြောဆိုနေသံကို ကြားတော့ ရင်ထဲမှာ နာကျင်သွားမိ၏။

တကယ်တော့ သူသည် တော်တော်လေး ချောမောသည်ဟု ပြောရမှာဖြစ်သည်။ ခန္ဓာကိုယ် အချိုးအစားမှာလည်း တောင့်တင်း ခိုင်မာလှသည်။

သူ့အား မိန်းမငယ်လေးဟု ခေါ်ဆိုရခြင်းမှာ သူ၏ တောက်ပလှလွန်းသော ဂိုဏ်းဝတ်စုံကြောင့်ပင် ဖြစ်ရလိမ့်မည်။

မကြာခင်မှာပဲ ဆံပင်တွေ တစ်ခေါင်းလုံးဖြူနေသော အဘွားအိုသည် လမ်းလျှောက်တုတ်ကို ကိုင်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။

လီချင်းယန်ပြောလိုက်သည်။ "အဘွား စာရေးစေချင်လို့လား။"

အဘွားအိုသည် ခေါင်းကို စောင်းကာပြောလိုက်သည်။ "ကောင်လေး မင်း ခုနတုန်းက ဘာပြောလိုက်တာတုန်း။"

"ကျွန်တော့်ပြောတာ ဒီကိုစာရေးချင်လို့ လာတာလားလို့ မေးတာပါ။"

လီချင်းယန်သည် အသံကို မြှင့်ကာ ပြောလိုက်သည်။

သို့ပေမဲ့ အဘွားအိုသည် ရှင်းရှင်းလင်းလင်း မကြားရသေးချေ။

ထို့ကြောင့် သူမ၏ ပိန်လီနေသော လက်အား ခါယမ်းကာ သူမ၏နားဆီသို့ လက်ညိုးညွှန်လိုက်၏။

"ငါက အရမ်းကို အိုမင်းနေပြီ။ ဒါကြောင့် နားတွေလည်း မကောင်းတော့ဘူး။ အခုလည်း ရှင်းရှင်းလင်းလင်း မကြားရဘူး။"

လီချင်းယန်သည် ရွေးချယ်စရာ မရှိတော့ချေ။

ထို့ကြောင့် စာရွက်တစ်ရွက်ပေါ်တွင် ရေးသားလိုက်၏။

"စာရေးစေချင်လို ဒီကိုလာတာလားလို့။"

တိုက်ဆိုင်စွာနှင့်ပင် ချီးပုံးနှစ်ပုံးအား ထမ်းပိုးဖြင့် ထမ်းကာ ထွက်လာသော ရှောင်ကျီ သည် သူ၏ ဒုတိယ စီနီယာအစ်ကို လုပ်ရပ်ကိုမြင်တော့ မြေပေါ်တွင် လဲကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။

လီချင်းယန်သည်လည်း ဆူညံသံများကို ကြားသောကြောင့် လှမ်းကြည့်လိုက်၏။

"ဂျူနီယာ ညီလေး ဘာဖြစ်လို့တုန်း။"

ရှောင်ကျီ သည် သူ၏ ပုခုံးထက်တွင်ရှိသော ထမ်းပိုးအား မနည်းတည်ငြိမ်အောင် ထိန်းလိုက်ရသည်။ ပြီးနောက် “စီနီယာအစ်ကို … ဒီအဘွားကို စာဖတ်တတ်တယ် ထင်လို့လား။"

လီချင်းယန်သည် သူ့နဖူးသူ အားရပါးရ ရိုက်လိုက်မိ၏။

"ငါ မေ့သွားတယ်။ ဒီချင်းယန်ရွာမှာရှိတဲ့ လူတော်တော်များများ စာမှမတတ်တာ။ ငါ ရေးပေးလည်း နားမလည်ဘူးပဲ။"

ပြီးနောက် သူသည် သူ၏ ဒန်ထျန်ထဲမှာရှိသော စွမ်းအင်များကို ထိန်းချုပ်ပြီး အော်ပြောလိုက်မိ၏။ "စာရေးစေချင်လို့ ဒီကို လာတာလား။"

အဘွားအိုသည် ဒီတစ်ကြိမ်မှာတော့ သူ၏ စကားကိုတော့ ကြားသွားခဲ့ပြီဖြစ်၏။

သို့ပေမဲ့ သူမသည် သူမ၏ လမ်းလျှောက်တုတ်ဖြင့် လီချင်းယန်၏ ခေါင်းအား ခေါက်လိုက်၏။ "ကောင်လေး မင်း အသံကိုနှိမ့်ပြီး ပြောလို့မရဘူးလား။ ငါ့နားတွေကန်းကုန်တော့မှာပဲ။"

ဖူး ….။

လီချင်းယန်သည် ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ပင် ထိုင်ချလိုက်၏။

…….

ခြံဝင်းတစ်ခုထဲမှာတော့ ကြွေကျနေသော သစ်ရွက်များ အပြည့်နှင့် ဖြစ်နေသည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုချင်းချင်းသည် ရေထဲမှာရှိနေသော ကြာပန်းတစ်ခုလိုပင် ကြည့်ကောင်းလှစွာဖြင့် ရပ်လျှက်ရှိသည်။

သူမ၏ နူးညံ့ပျော့ပျောင်းလာသော လက်လေးတွေဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်ကို ခပ်ဖျော့ဖျော့ မြင်နေရ၏။

ဂျွတ်။

သူမ လက်ကို လှုပ်ရှားလိုက်၏။

သို့ပေမဲ့ သူမလက်ထဲမှာရှိသော ဝါးတံမြက်စည်းသည် မည်သို့မှ မခံနိုင်သည့်ဟန်ဖြင့် ထက်ပိုင်းကျိုးသွားသည်။

လုချင်းချင်း မျက်မှောင်ကုတ်သွားသည်။

ဘာလို့ ကျိုးသွားပြန်တာလဲ။

အနားကိုကြည့်လိုက်တော့ သူမ၏ ခြေထောက်နားတွေ ကျိုးနေသော တံမြက်စည်းသုံးခု ရှိနေပြီဖြစ်၏။

"မိန်းကလေး … မိန်းကလေး။"

အဝေးတစ်နေရာတွင် ပုန်းအောင်းနေသော အဒေါ်ဝမ်သည် ခေါင်းလေး ပြူးထွက်လာပြီး ကြောက်လန့်တကြားဖြင့် ပြန်ပြောလိုက်၏။

"ဒီကို တံမြက်စည်းလှည်းပေးဖို့ လာတာလား။ လူလာသတ်တာလား။"

ဟမ့် ..။

လုချင်းချင်းသည် ကျိုးနေသော တံမြက်စည်းအား မြေပြင်ပေါ်သို့ လွှတ်ပစ်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"အစောကြီးကတည်းက ပြောသားပဲ ဘယ်လိုမျိုး လှဲရမယ်ဆိုတာ ကျွန်မ မသိပါဘူးဆို။ ဒါပေမဲ့ ဂိုဏ်းချုပ်က ဒါကို အတင်းလုပ်ခိုင်းတယ်။"

"ဂိုဏ်းချုပ် ဟုတ်လား။"

အန်တီဝါသည် ကျွင်းချောင်ရှောင်းအား စဉ်းစားလိုက်မိ၏။

ပြီးနောက် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်သေးတယ်။

"ခွေးလေး။ ဒါ မင်း လုပ်ခိုင်းတာပေါ့ ဟုတ်လား။"

ဟူး ဟူး ဟူး။

ရုတ်တရက်ဆိုသလိုပဲ လေပြင်းများ တိုက်ခိုက်လာ၏။

အဒေါ်ဝမ်သည် အလောတကြီးဖြင့် ဝါးခြင်းတောင်းကို မြှောက်၍ သူမကိုယ်သူမ ကာကွယ်ကာ လှမ်းကြည့်လိုက်၏။

ပြီးနောက် နတ်သမီးကဲ့သို့ လှပသော မိန်းကလေးသည် လေထဲတွင် လက်ကိုယမ်းခါပြီး မြေပေါ်တွင်ရှိသော သစ်ရွက်များကို စွမ်းအင်များနှင့် စုစည်းနေသည်ကို တွေ့လိုက်ရ၏။

“ဒါက တံမြက်စည်းနဲ့လှည်းရတာထက် ပိုကောင်းတယ်။”

လုချင်းချင်းသည် အေးစက်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဟေ့ .. ဒီအမှိုက်တွေ ဘယ်နေရာကို ပစ်ရမှာလဲ။"

"အပြင်ဘက် "

အဒေါ်ဝမ်သည် အလောတကြီးဖြင့် ခြံဝင်းအပြင်ဘက်ကို လက်ညိုး ထိုးပြလိုက်၏။

ဝူး။

လုချင်းချင်း၏ ခြေထောက်များသည် လှုပ်ရှားသွား၏။

သူမသည် ကခုန်နေသကဲ့သို့ပင် သူမ၏ ကျောက်စိမ်းကဲ့သို လှပသည့် ခြေထောက်များသည် လေထဲတွင် လှုပ်ရှားလျှက်ရှိ၏။

စုစည်းထားသော သစ်ရွက်ခြောက်များသည် နံရံမှကျော်၍ အပြင်ဘက်ဆီသို့ လွှင့်စင်သွားတော့သည်။

ဟူး။

ရွာထဲတွင် အဝါလေးကို လိုက်ရှာနေသော စုရှောင်မို သည် အိမ်ရှေ့မှ ဖြတ်သွားရင်း ရုတ်တရက်ဆိုသလို ဦးခေါင်းပေါ်သို့ များပြားလှသော သစ်ရွက်နှင့် သစ်ကိုင်းခြောက်များဖြင့် လာရောက်ထိမှန်သောကြောင့် ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။ သူ၏ တစ်ကိုယ်လုံး ညစ်ပတ်ပေရေသွား၏။

“ဝါး.. ဟား …ဟား…”

အနားပတ်ဝန်းကျင်ရှိ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်နေကြသော ဂျုနီယာညီလေးများသည် စုရှောင်မို ၏ အဖြစ်အပျက်ကိုမြင်တော့ မနေနိုင်ဘဲ ရယ်မိလိုက်ကြ၏။

“ဖယ် …. ဖယ် …. ဖယ်။”

ထိုအချိန်မှာပဲ ချေးပုံးနှစ်ပုံးအား ထမ်းပိုးဖြင့် ထမ်းထားသော ရှောင်ကျီ သည် တောင်စောင်းအတိုင်း အမြန်အဆန် ဆင်းသက်လာ၏။

သို့ပေမဲ့ သူသည် ထမ်းပိုးအား ကောင်းကောင်းမထိန်းနိုင်သောကြောင့် ချီးပုံးများသည် ယမ်းခါပြီး စင်ထွက်ကာ ရယ်နေသော ဂိုဏ်းသားများ၏ မျက်နှာပေါ်သို့ ပေကုန်တော့သည်။

“ဟား …ဟား … ဟား။”

စုရှောင်မို သည် ဂျူနီယာညီလေးများ၏ မျက်နှာတွင် ချေးများပေကုန်သည်ကိုမြင်တော့ အားရပါးရ ထရယ်လိုက်မိ၏။

တောင်စောင်းအဆုံးနားသို့ ရောက်ရှိပြီးသည့်နောက် ရှောင်ကျီ သည် ချီးပုံးနှစ်ပုံးအား ဟန်ချက်ညီအောင် ပြန်လည် ထိန်းနိုင်ခဲ့ပြီဖြစ်သည်။ ပြီးနောက် သူသည် ခေါင်းလှည့်၍ ကြောင်အအဖြင့် ပြောလိုက်သည်။ "စီနီယာအစ်ကိုတို့ တောင်းပန်ပါတယ်။"

မျက်နှာပေါ်တွင် ချေးများပေနေသော တပည့်နှစ်ယောက်သည် မျက်လုံးများ နီမြန်းစွာဖြင့် ရှောင်ကျီနားသို့ ချဉ်းကပ်သွား၏။

ပြီးနောက် ရှောင်းကျီ ထမ်းနေသော ချေးပုံးထဲသို့ လက်နှိက်ကာ ရှောင်ကျီ၏ မျက်နှာအား သုတ်ကာ ပြန်လည် ထွက်ပြေးသွားကြတော့သည်။

“ဟား ဟား ဟား။”

စုရှောင်မို သည် မျက်ရည်များ ထွက်လုမတက် ရယ်မောမိသည်။

ထိုအချိန်မှာပဲ များပြားလှသော သစ်ကိုင်းခြောက်များသည် ခြံဝင်းအတွင်းမှ ထွက်ပေါ်လာပြီး သူ၏ ကိုယ်ပေါ်သို့ ပြုတ်ကျလာတော့သည်။

ဘုတ်။

ချင်းယန်ရွာတွင် လူအများအစား ရှိလှသည် မဟုတ်ပေ။ တစ်ရာနည်းပါးလောက်သာ ရှိ၏။ ရွာ၏ အားကောင်းလှသော ယောကျာ်းများသည် အလုပ်လုပ်ရန်အတွက် တစ်ခြားနေရာသို့ ထွက်ခွာသွားကြသည်။

လူအိုများ၊ အားနည်းသောသူများဖြစ်သော အမျိုးသမီး နှင့် ကဘေးများ သာလျှင် ရွာထဲ၌ ကျန်ရှိခဲ့၏။ ထို့ကြောင့် ရွာသည် အလွန်အမင်း ပျင်းရိစရာ ကောင်းလှ၏။

သံမဏိအရိုးဂိုဏ်းမှ လူများ ရောက်ရှိလာပြီး နောက်မှာတော့ ရွာလေးသည် ပိုမို၍ အသက်ဝင်လာကြသည်။

ရွာသားများသည် ကုန်းရှန် သူ၏ ဂိုဏ်းသားများအား သူတို့ဆီသို့လွှတ်ကာ စေသနာ့ဝန်ထမ်း အလုပ်များ လုပ်ကိုင်တာဖြစ်ကြောင်း သိရှိသောကြောင့် ပျော်ပျော်ရွှင်ရွှင်နှင့်ပဲ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။

“လူကြီးမင်းလီ ကျုပ် စာတစ်စောင်လောက် ရေးချင်တယ်။”

သစ်ပင်ကြီး တစ်ခု၏ အောက်တွင် အသက်ခုနစ်ဆယ်နီးပါးခန့်ရှိသော အဘိုအိုသည် ပြုံးကာ ပြောလိုက်သည်။

"မြို့မှာရှိတဲ့ ငါ့ရဲ့ဝမ်အာလေးဆီကို စာပေးချင်တာ။ သူ့ကို စာပေလေ့လာတဲ့နေရာမှာ အားစိုက်စေဖို့နဲ့ အလကားနေ လျှောက်ဆော့မနေစေဖို့ ပြောပေးပါအုံး။"

လီချင်းယန်သည် စုတ်တံကို ကောက်ယူ၍ စတင်ရေးသားတော့သည်။

နာရီအနည်းငယ်ကြာပြီးနောက်မှာတော့ သူသည် ရွာသားငါးယောက်အတွက် စာကို ရေးသားခဲ့ပြီး ဖြစ်သည်။

တစ်ချို့သည် သူတို့၏ သားများဆီ၊ တစ်ချို့ကတော့ သူတို့၏ အဝေးမှာရှိသော အမျိုးများဆီ ရေးသားကြခြင်း ဖြစ်သည်။ အကြောင်းအရာများမှာ နေ့စဉ် တာဝန်ဝတ္တရားများသာ ဖြစ်သည်။ ရိုးရှင်းလှသည်ဆိုသော်လည်း ရိုးသားလှသည့် စိတ်နေစိတ်ထားများကို သူ မြင်တွေ့နေရ၏။

စာတစ်စောင် ရေးသားပြီးသည့်နောက်တွင်တော့ လီချင်းယန်သည် တွေးတွေးဆဆ ပြောလိုက်သည်။

"ငါ အခုနားလည်ပြီဲ။ ဂိုဏ်းချုပ်က ရွာထဲမှာ ရှိတဲ့ လူတွေရဲ့ အတွင်းစိတ်သဘောထားကို နားလည်စေချင်တာပဲ။ ဒီကနေပြီးတော့ ငါတစ်ခုခုကို နားလည်ဖို့ သူ မျှော်လင့်မိနေတာ ဖြစ်မယ်။"

……….

ဖြောင်း ဖြောင်း။

ခြံဝင်းထဲတွင်တော့ လုချင်းချင်းသည် လက်ခုပ်တီးကာ ပြောလိုက်သည်။

"ပြီးခါနီးပြီ။"

ခြံဝင်းထဲတွင်တော့ သစ်ရွက်တစ်ရွက်၊ ဖုန်တစ်စက်တောင် မရှိတော့ချေ။

ဝါးတံမြက်စည်းကို အသုံးပြုသည်ထက်ပင် ပို၍ သန့်ရှင်းသွားခဲ့ပြီဖြစ်သည်။

ဧည့်ခန်းတံခါးဝဆီမှ လှမ်းကြည့်ပြီးသည့်နောက် အဒေါ်ဝမ်သည် ငိုချင်စိတ်ပင် ပေါက်သွားမိသည်။ သို့ပေမဲ့ သူမဆီမှ မျက်ရည်များတော့ ကျဆင်းမလာချေ။

ခြံဝင်းတစ်ခုလုံးရှင်းလင်းပြီး ဖုန်တွေ ကင်းစင်သွားခဲ့သည်။ မည်မျှ ရှင်းလင်းသွားခဲ့သည် ဆိုသော် ခြံထဲတွင်စိုက်ထားသော သစ်ပင်များ အားလုံးသည်လည်း မရှိတော့။

သစ်ပင်ကြီးများအားလုံးသည် သစ်ကိုင်း သစ်ရွက်များရော တစ်ခုမှ မရှိတော့ချေ။ ပင်စည်တွေသာလျှင် ကျန်ရှိတော့သည်။

ထိုသည်မှာ အဓိက မဟုတ်ပေ။

အဓိကသည် ခြံဝင်းထဲတွင် စိုက်ထားသော ဟင်းသီးဟင်းရွက်များသည် အမြစ်မှနေ၍ထွက်ကာ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။

"အခန်းကို သန့်ရှင်းစေချင်သေးလား။"

ဘုတ်။

အဒေါ်ဝမ်သည် သူမရှိနေရာမှ ခုန်ချလိုက်ပြီး တံခါးကို အလျှင်အမြန်ကာလိုက်၏။

"မိန်းကလေး … ဒီအခန်းကိုတော့ ငါ့ဘာငါ ရှင်းပါ့မယ်။ မင်းကို ဒုက္ခမပေးချင်ပါဘူး။"

"မရဘူး။"

လုချင်းချင်း ပြောလိုက်သည်။

“အိမ်အလုပ်တွေကိုလည်း ကူညီဖို့ ဂိုဏ်းချုပ်က မှာလိုက်တယ်။”

လုချင်းချင်း သည် လက်ကိုဆန့်တန်းပြီး အဒေါ်ဝမ်အား အပြင်ဘက်ဆီသို့ ဆွဲထုတ်လိုက်၏။

အဒေါ်ဝမ်သည် စိတ်ဓာတ်တကျဖြင့် ဧည့်ခန်းထဲမှ ထွက်၍ အပြင်ဘက်၌ ဆောင့်ဆောင့်ထိုင်၍ မှိုင်တွေနေမိသည်။

ချက်ချင်းဆိုသလိုပဲ ဧည့်ခန်းအတွင်းမှ လက်ဖက်ရည်ခွက်များ၊ ပန်းကန်များ ကျကွဲသံများကို ကြားလိုက်ရ၏။

“အား…….”

အဒေါ်ဝမ်သည် သူမ၏ ခေါင်းကိုကိုင်ပြီး မိုးကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ကျိန်ဆဲလိုက်တော့သည်။

"မင်း ငါ့ကို နှိပ်စက်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေလွှတ်လိုက်တာ မဟုတ်လား။"

……

မှောင်စပျိုးချိန်ကို ရောက်ရှိလာခဲ့သည်။

သံမဏိအရိုးဂိုဏ်း၏ ဧည့်ခန်းထဲမှာတော့ ကြက်ချေးနံ့များဖြင့် ပြည့်နှက်လျှက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ပိတ်ကာ ပြောလိုက်သည်။

"သွား မင်းတို့ ရေသွားချိုးကြတော့။"

မကြာခင်မှာပဲ ရှောင်ကျီ နှင့် တစ်ခြားသူများ အားလုံးသည် ပျောက်ကွယ်သွားကြတော့သည်။

ချင်းယန်က ပြောလိုက်၏။

"ဂျူနီယာညီလေးတွေအားလုံး မိမိတာဝန်ကို ကျေပွန်အောင် လုပ်နိုင်ခဲ့ကြတယ်။"

ကျွင်းချောင်ရှောင်း ကြောင်သွား၏။

"မင်းအသံက ဘာဖြစ်နေတာလဲ။"

လီချင်းယန်သည် ထိုမေးခွန်းကိုကြားတော့ ငိုချင်စိတ်ပင် ပေါက်သွားမိသည်။

"ကျွန်တော့်ဆီ လာတဲ့လူတွေ အကုန်လုံးက အဘိုးအို အဘွားအိုတွေချည်းပဲ။ သူတို့အားလုံးက နားကောင်းကောင်း မကြားကြဖူးလေ။ ဒါ့ကြောင့် အော်ပြောရင်းနဲ့ ကျွန်တော် အသံတွေ ဝင်ကုန်တာပဲ။"

“အင်း။”

ကျွင်းချောင်ရှောင်းသည် သူ၏ ပုခုံးအား ပုတ်တာ ပြောလိုက်သည်။

"မင်း အကောင်းဆုံး ကြိုးစားခဲ့တာပဲ။"

ပြီးနောက် သူသည် တပည့်များကို ကြည့်ကာ ပြောလိုက်သည်။

"ချင်းချင်း ဘယ်မှာလဲ။ ဘာလို့ ပြန်မလာသေးတာလဲ။"

ဘုန်း …. ဘုန်း။

ရုတ်တရက်ဆိုသလိုပဲ မြေတစ်ခုလုံး တုန်ခါသွားလေသည်။

ကျွင်းချောင်ရှောင်းသည် မော့ကြည့်လိုက်မိတော့ ဂိုဏ်း၏ အမိုးဆီမှ ဖုန်တွေကျဆင်းလာသည်ကို မြင်လိုက်ရ၏။

"ငလျှင် လုပ်တာလား။"

"ခွေးကောင်လေး … အခုထွက်ခဲ့စမ်း။"

ရုတ်တရက်ဆိုသလိုပဲ ဟောခန်း၏ အပြင်ဘက်ဆီမှ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရ၏။

"အဒေါ်ဝမ်လား။"

ကျွင်းချောင်ရှောင်း အလောတကြီးနှင့် ထွက်သွားလိုက်သည်။

သို့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ သူ အနောက်သို့ ချက်ချင်းပြန်ဆုတ်လိုက်မိ၏။

လေ့ကျင်ရေးကွင်းထဲမှာတော့ အဒေါ်ဝမ် သည် လက်တစ်ဖက်က မီးဖိုချောင်သုံးဓားကို ကိုင်၍ လက်တစ်ဖက်မှာ ငရုတ်ကျည်ပွေ့အား ကိုင်ကာ ဝင်လာသည်။

သူမ၏ သတ်ဖြတ်လိုခြင်းဆန္ဒတွေကို အပြည့်အဝ ထုတ်ဖော်လျှက် ရှိသည်။ သူမ၏ ခြေလှမ်းတစ်လှမ်းတိုင်းသည် မြေပြင်တစ်ခုလုံး တုန်ခါလျှက် ရှိ၏။

"ဂိုဏ်းချုပ် …."

လုချင်းချင်းသည် တံခါး၏ ထောင့်တစ်နေရာ၌ ရပ်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"သူက ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်တယ်ဆိုပြီး ရောက်လာတာပဲ။ သူမကို မတားဆီးလိုက်နိုင်ဘူး။"

ဂလု။

ကျွင်းချောင်ရှောင်း အလောတကြီး တံတွေးမြိုချကာ ပြောလိုက်၏။

"အန်တီဝါ ကျွန်တော် ကျွန်တော် ပြောစရာရှိတယ်။ အား.... အဒေါ်ဝမ်လူသတ်ဖို့ ကြံနေပါတယ်ဗျို့။"

All Chapters