အခန်း (၄၅)
Vol. 4 Ch. 45
"အမှန်ပါပဲ"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
"ကျုပ်က ခင်ဗျားတို့မိသားစုရဲ့သွေးမျိုးဆက်ကို ရိုက်နှက်ခဲ့တဲ့လူပါပဲ။"
အိုက်ရှန်းကီ ၏ မျက်နှာတစ်ခုလုံး မှောင်မည်းသွားသည်။ သူ၏မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာ၏။
သူသည် လွန်ခဲ့သည့် နှစ်ရက်အတွင်းက မြို့မှထွက်ခွာလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ လွန်ခဲ့သည့်ညက သူတို့မိသားစုမှ အိုက်ရှီ ရိုက်နှက်ခံလိုက်ရသည်ဟူသော သတင်းစကား သူ့ဆီသို့ ရောက်ရှိလာခဲ့၏။
ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ အသေးစိတ်အချက်အလက်များအား သူသေချာမသိရှိပေ။
သံမဏိအရိုးဂိုဏ်းမှ တပည့်တစ်ယောက်ယောက်သာ ရိုက်နှက်ခဲ့သည်ဆိုလျှင် အိုက်ရှန်းကီ နားလည်ပေးနိုင်သေး၏။
ထို့အပြင် လူငယ်များသည် သွေးဆူလွယ်သည်မဟုတ်လား။ထို့ကြောင့် ပဋိပက္ခများသည် ရှောင်လွှဲ၍ မရနိုင်ပေ။
သို့ပေမဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် အဘယ့်ကြောင့် ဂုဏ်သိက္ခာ ကျဆင်းမှာကို မကြောက်ရွံ့ရသနည်း။
အမှိုက်ဂိုဏ်းတစ်ခု၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သောကြောင့် ဂုဏ်သိက္ခာတရားကို ထည့်မတွက်တာလည်း ဖြစ်နိုင်၏။
တွေးကြည့်ပြီးသည့်နောက် အိုက်ရှန်းကီ ၏မျက်လုံးထဲတွင် အထင်သေးမှုအရိပ်အယောင်များ ထွက်ပေါ်လာ၏။
"ဂိုဏ်းချုပ်ကျွင်း … ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းက ငါတို့အိုက်မိသားစုရဲ့ တိုက်ရိုက်သွေးမျိုးဆက်ကို ရိုက်နှက်ခဲ့တယ်။ဒါက နည်းနည်းမများလွန်းဘူးလား။"
ကျွင်းချောင်ရှောင်း ပုခုံးတွန့်လိုက်၏။
"ခင်ဗျားတို့မိသားစုရဲ့ သွေးမျိုးဆက်က ကျုပ်ရဲ့ဂိုဏ်းသားကို လူတွေခေါ်လာပြီး ရိုက်နှက်ခဲ့တယ်။ ကျုပ်ရဲ့တံခါးဝထိတောင် ရောက်ခဲ့သေးတယ်။"
"ဒါ့ကြောင့် သူ့ကိုသင်ခန်းစာပေးဖို့ လုံလောက်တယ်လို့ ထင်တယ်။"
"ကျုပ်တို့အိုက်မိသားစုရဲ့ဆေးလုံးကို လာပြီးခိုးတဲ့လူက မင်းတိုသံမဏိအရိုးဂိုဏ်းသား ဖြစ်နေတာကိုး။"
အိုက်ရှန်းကီ ၏မျက်နှာသည် ပိုမို၍ မည်းမှောင်သွား၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"အမှန်ပါပဲ။"
အိုက်ရှန်းကီ အေးစက်စက်နှင့် ပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း … ခင်ဗျားရဲ့တပည့်က ကျုပ်တို့မိသားစုရဲ့ဆေးလုံးကို ခိုးခဲ့တယ်။ပြီးတော့ ခင်ဗျားကလည်း ကျုပ်တို့ရဲ့တိုက်ရိုက်သွေးမျိုးဆက်ကို ရိုက်နှက်ခဲ့သေးတယ်။ဒါ ကိစ္စကြီးနှစ်ခု ဖြစ်သွားပြီ။"
ပတ်ဝန်းကျင်၏လေထုသည် ငြိမ်သက်သွား၏။
"အကြီးအကဲအိုက် … ခင်ဗျားကဒီကိုလာတာ အကြွေးလာဆပ်ခိုင်းတာလား။"
ကျွင်းချောင်ရှောင်း၏မျက်နှာသည် ပြုံးနေတုန်းပဲဖြစ်၏။ အရိုက်ခံချင်လို့လာတာလားဆိုသော မျက်နှာပေးနှင့် အိုက်ရှန်းကီအားကြည့်လျှက်ရှိသည်။
အထူးတာဝန်သာ မရှိခဲ့ဘူးဆိုလျှင် သူသည် ပြေလည်ရာပြေလည်ကြောင်း ဖြေရှင်းလိုက်မည်ဖြစ်၏။ သို့ပေမဲ့ ယခုအချိန်မှာ အထူးတာဝန်ရှိနေပြီဖြစ်သောကြောင့် သေခြင်းရှင်ခြင်းများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် သူ လက်ခံရလိမ့်မည်။ ထို့ကြောင့် မဖြစ်မနေ တိုက်ခိုက်မှဖြစ်မည်။
အိုက်ရှန်းကီ ထူးမခြားနားသလိုပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း မင်းက ကျုပ်တို့မိသားစုရဲ့တိုက်ရိုက်သွေးမျိုးဆက်ကို နာကျင်အောင်ပြုလုပ်ခဲ့တယ်။ပြီးတော့ ကျုပ်တို့ရဲ့ဆေးလုံးကိုလည်း ခိုးခဲ့တယ်။ဒီတော့ မင်းဆီကနေ ဖြေရှင်းချက်ကို လိုချင်တယ်။"
"သေချာတာပေါ့။"
ကျွင်းချောင်ရှောင်းသည် ငွေတစ်စကိုယူ၍ လှမ်း၍ ပစ်ပေးလိုက်သည်။
"ဒါက လျော်ကြေးပဲ။ကျုပ်တို့ဂိုဏ်းနဲ့ ခင်ဗျားတိုမိသားစုကြားမှာရှိတဲ့ ရန်ကြွေးတွေအားလုံး ဖြေရှင်းပြီးပြီ။"
အိုက်ရှန်းကီသည် ငွေစကို မဖမ်းယူပေ။
ထို့ကြောင့် သူ၏ခြေထောက်နားသို ငွေစသည် ကျဆင်းသွားသည်။ သူ၏မျက်လုံးများသည် အေးစက်သွား၏။
"ဂိုဏ်းချုပ်ကျွင်း မင်း … ငါနဲ့ ငါတို့အိုက်မိသားစုကို အရှက်ခွဲချင်တာလား။"
ငွေတစ်စဆိုသည်မှာ ဆင်းရဲသူများအတွက်တော့ နည်းပါးသည့် ပိုက်ဆံတစ်ခုမဟုတ်ပေ။ သို့ပေမဲ့ ဆေးပင်လုပ်ငန်းများကို လုပ်ကိုင်နေသော အိုက်မိသားစုအတွက်တော့ ဂရုစိုက်စရာ မဟုတ်ပေ။
ထို့အပြင် ကျွင်းချောင်ရှောင်းသည် မလေးမစားဖြင့် ပစ်ပေးခဲ့ခြင်းဖြစ်၏။ ထိုအရာသည် သက်သက်အနိုင်ကျင့်ခြင်းနှင့်ပင် ဆင်တူလှသည်။
"ခင်ဗျားကို ကျွန်တော်က လျှော်ကြေးပေးတာလေ။ဒါကို ဘယ်လိုလုပ် အရှက်ခွဲတယ်လို့ထင်နေတာလဲ။ ဒီလိုထင်ပြီဆိုမှတော့ ကျုပ်လည်းဘာမှမတတ်နိုင်ဘူး။"
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကိုဖြန့်ပြီး မည်သို့မှမတတ်နိုင်ဆိုသော အမူအရာမျိုး ပြုလုပ်ပြနေသည်။
သူ့အား ကြည့်ရသည်မှာ အရင်ကထပ်ပို၍ စိတ်တိုချင်စရာကောင်းလှ၏။
အိုက်ရှန်းကီသည် သူ၏ဒေါသကို မထိန်းထားနိုင်တော့ပေ။ ထို့ကြောင့်အေးစက်စက်ပြောလိုက်သည်။
"ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ရဲ့ မျက်နှာကြောင့် ငါမင်းကို ဂိုဏ်းချုပ်ကျွင်းလို့ လေးလေးစားစားခေါ်ခဲ့တာ။ဒါကို ကိုယ့်ကိုယ်ကို သိပ်ပြီးတော့ မာန်တက်မနေနဲ့။"
"လိုရင်းကိုပြောရအောင်။"
ကျွင်းချောင်ရှောင်းသည် အသာပြောလိုက်၏။
"ခင်ဗျား တိုက်ခိုက်ချင်တာလား။"
အိုက်ရှန်းကီသည် တိုက်ခိုက်ချင်သည်။
ထို့အပြင် သူသည် အိုက်မိသားစု၏ခေါင်းဆောင် အကြီးအကဲတစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် လက်သီးကိုဆုပ်၍ လေးလေးစားစားနှင့် ပြန်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်းက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းရဲ့အကြီးအကဲကို အနိုင်ယူခဲ့တယ်လို့ ကျုပ် ကြားခဲ့တယ်။ ဒီတော့ ကျုပ် … အိုက်ရှန်းကီ ကလည်း ဂိုဏ်းချုပ်ကျွင်းဆီက အတွေ့အကြုံယူချင်ပါတယ်။"
"ဒါဆိုရင်လာလေ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အိုက်ရှန်းကီသည် အသာပြုံးကာ ပြောလိုက်၏။
"ဒီနေရာက တိုက်ခိုက်လို့ကောင်းတဲ့နေရာမဟုတ်ဘူး။မင်းတို့ဂိုဏ်းရဲ့ လေ့ကျင့်ရေးကွင်းပြင်ကို သွားပြီးတော့ ယှဉ်ပြိုင်ကြရအောင်။"
ဤလူသည် သူ့အား ဂိုဏ်းတပည့်များ၏ မျက်စိရှေ့တွင် သင်ခန်းစာပေးရန် ကြိုးစားနေခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်း ဒီအချက်ကို ကောင်းကောင်းစဉ်းစားမိ၏။
သို့ပေမဲ့ သူသည် ဘေးတစ်ဖက်သိုလှည့်၍ လက်ကိုမြှောက်ကာ ပြောလိုက်သည်။
"ဒါဆိုလည်း ကျေးဇူးပြုပြီးကြွပါ။"
ငွေတစ်စပေးသည်ကို မလိုချင်လျှင် လက်သီးသာ ရရှိပေလိမ့်မည်။
လေ့ကျင့်ရေးကွင်းထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် အိုက်ရှန်းကီ တို့သည် ဆယ်ပေအကွာ၌ ရပ်ပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်လျှက်ရှိ၏။
ပတ်ဝန်းကျင်ရှိလေထုတစ်ခုလုံးသည် ငြိမ်သက်လျှက်ရှိပြီး အကြီးအကျယ် မုန်တိုင်းထန်တော့မည့် ပုံပန်းသွင်ပြင်မျိုးလည်း ဖြစ်ပေါ်နေ၏။
"ဒီလူက အိုက်မိသားစုရဲ့ အကြီးအကဲလား။"
"သူ့ဆီကထွက်ပေါ်နေတဲ့ အရှိန်အဝါတွေကိုကြည့်ရတာ သိုင်းတပည့်အဆင့်တစ်ယောက် ဖြစ်နိုင်တယ်။"
လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာတော့ မည့်သည့်တာဝန်မှ မရရှိကြသော တပည့်များသည် တီးတိုးဆွေးနွေးနေကြ၏။
သူတို့၏မျက်လုံးများထဲတွင်လည်း ကြောက်လန့်မှုများနှင့် ပြည့်နှက်နေသည်။
သိုင်းတပည့်အဆင့်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဒုတိယတန်းစားသိုင်းပညာရှင်အဆင့်ဖြစ်ပြီး အားကောင်းလှသော ကျင့်ကြံသူများ၏ရှေ့တွင် ဘာကောင်မှမဟုတ်သော်လည်း စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူများအတွက်တော့ ကြီးကျယ်ခမ်းနားလှသော လူတစ်ယောက်ဖြစ်သည်။
"ဂိုဏ်းချုပ် သူ့ကို နိုင်ပါ့မလား။"
"တောင်နက်ကြီးမှာရှိတဲ့ ဓားပြတွေအကုန်လုံးအပြင် သိုင်းတပည့်အဆင့်ရှိတဲ့ ခေါင်းဆောင်ကိုတောင် ငါတို့ဂိုဏ်းချုပ်က သတ်ခဲ့တာလေ။ သူ့ကိုအနိုင်ယူဖို့အတွက်ကတော့ ပြဿနာကြီးမဟုတ်လောက်ဘူး။"
"ဟုတ်တယ်။အဲဒါလည်းဟုတ်တာပဲ။"
အားလုံး စိတ်သက်သာရာ ရမိသွား၏။
အိုက်ရှန်းကီသည် သံမဏိအရိုးဂိုဏ်းသားများ၏ ဆွေးနွေးနေသံကိုကြားတော့ ကြောင်အအ အမူအရာဖြင့် ပြောလိုက်သည်။
"တောင်နက်ကြီးမှာရှိတဲ့ ဓားပြတွေကို မင်းသတ်ခဲ့တာ ဟုတ်လား။"
"အဲတာနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ပြဿနာရှိသည်။အမှန်ပင် ပြဿနာကြီးဖြစ်၏။
မကြာသေးသော အချိန်ကာလတုန်းက အစိုးရနဲ့ များပြားလှသောဂိုဏ်းများမှ ကျင့်ကြံသူများသည် အားအင်လူသူစုဆောင်း၍ တောင်နက်ကြီးပေါ်ရှိ ဟေးဖေးခံတပ်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြ၏။
သူတို့ တောင်နက်ကြီးပေါ်ကို တက်သွားချိန်မှာတော့ အရာဝတ္ထုအားလုံးသည် ပြာကျလျှက်ဖြစ်ပြီး ဓားပြနှစ်ရာကျော်၏ မီးလောင်ထားသောအရိုးများကိုသာ မြင်ခဲ့ကြရ၏။
ထို့ကြောင့် အားလုံး ဆွံအသွားကြ၏။
အချိန်အတော်ကြာပြီးနောက်မှာတော့ ဟေးဖေးခံတပ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း အားလုံးသိရှိလိုက်ကြရသည်။
အချိန်တိုအတွင်းမှာပဲ ဤသတင်းသည် ချင်းယန်နိုင်ငံတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။
မြို့ပေါင်းများစွာရှိလူများသည် လမ်းပေါ်ထွက်၍ အောင်ပွဲခံသည့်ကိစ္စရပ်များကိုပင် ပြုလုပ်ခဲ့ကြသေးသည်။
နှစ်ပေါင်းများစွာကြာ လူပေါင်းများစွာကို ဒုက္ခပေးလျှက်ရှိသော ဟေးဖေးခံတပ်အား မည်သူကဝင်ရောက်ရှင်းလင်းခဲ့သည် ဆိုသည်နှင့် ပတ်သက်၍ အားလုံးသည် အပြင်းအထန်ဆွေးစေုံစမ်းလျှက်ရှိကြ၏။
တစ်ချို့သော သိုင်းပညာရှင်များက ဆရာကြီးတစ်ယောက်ယောက် ရောက်လာပြီး ဖြေရှင်းခဲ့တာဖြစ်မည်ဟု ခန့်မှန်းမိကြသည်။
တစ်ချို့သော သိုင်းပညာရှင်များသည် အင်အားကြီးအဖွဲ့တစ်ခုရောက်လာပြီး တိုက်ခိုက်ခဲ့တာဖြစ်မည်ဟု ခန့်မှန်းခဲ့ကြ၏။
သို့ပေမဲ့ အစိုးရနှင့်များပြားသောဂိုဏ်းများသည် ဤအတောအတွင်း တောင်နက်ကြီးတစ်ဝိုက်သို့ လူပေါင်းများစွာ ရောက်ရှိလာခြင်းမရှိကြောင်း စုံစမ်းသိရှိခဲ့ကြသောကြောင့် ထိုအချက်ကို ပယ်ချခဲ့၏။
ဖြစ်နိုင်သည်မှာ လူတစ်ယောက် ဒါမှမဟုတ် လူအနည်းငယ်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရက်အနည်းငယ်တွင်းမှာပဲ ကောလဟာလသတင်းများစွာ ဖြစ်ပေါ်ခဲ့ရ၏။
ဥပမာအားဖြင့် တောင်နက်ကြီးဆီသို့ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာပြီး အတွေးတစ်ချက်နှင့်ပင် ဓားပြအားလုံးကို သတ်ဖြတ်ခဲ့သည်ဟု သတင်းများပင် ပါဝင်နေသည်။
တစ်ချို့သောလူများက ပြောဆိုကြသည်မှာ တောင်နက်ကြီးပေါ်ရှိ ဟေးဖေးဂိုဏ်းသားများသည် မကောင်းသည့် ကိစ္စရပ်များကို ပြုလုပ်သောကြောင့် ကောင်းကင်၏ဒေါသထွက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ကောင်းကင်ပေါ်မှ အင်မော်တယ်တစ်ယောက်ဆင်းသက်လာပြီး အားလုံးကို သတ်ဖြတ်သွားခဲ့ကြသည်ဟုလည်း ဆို၏။
သတင်းသည် ပုံပန်းသွင်ပြင်အမျိုးမျိုးဖြင့် ချင်းယန်မြို့ ၌ ပျံ့နှံ့လျှက်ရှိသည်။
သိုင်းပညာရှင်များတင်မက သာမန်လူများသည်ပါ ထိုကိစ္စအား ပြောဆိုဆွေးနွေးနေကြ၏။
ချင်းယန်နိုင်ငံ၏ မြိုတော်ဝန်သည် ဓားပြများသေဆုံးသွားခဲ့ပြီကို သိရှိပြီးသည့်နောက် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
ထိုဓားပြများကို ကူညီ၍ သတ်ဖြတ်သွားခဲ့သောလူသည် ရွှေတစ်ထောင်တေးလ် လက်ဆောင်အဖြစ်ရရှိမည်ဟု ကြေညာခဲ့ခြင်း ဖြစ်၏။
ရွှေတစ်တေးလ်သည် ငွေဆယ်တေးလ်နှင့် ညီမျှ၏။ ထို့ကြောင့် ရွှေတစ်ထောင်တေးလ်သည် ငွေတစ်သောင်းတေးလ်ဟု ဆိုရမည် ဖြစ်သည်။
ပိုက်ဆံကြောင့် စုံလုံးကန်းကာ လိုချင်လောဘ၌ရှိကြသော သိုင်းပညာရှင်များသည် ဟေးဖေးဂိုဏ်းအား သတ်ဖြတ်ခဲ့သူ အယောင်ဆောင်၍ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထိုသူများအားလုံးသည် ထောင်ထဲသို့ ပိုဆောင်ခြင်းသာ ခံခဲ့ရ၏။
ဟေးဖေးခံတပ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည့် သတင်းသည် အလွန်ကြီးမားသည်။
ပုံမှန်အားဖြင့် အိုက်ရှန်းကီ သည်လည်း ထိုသတင်းကို ကြားရှိခဲ့၏။ ထို့အပြင် သူသည် ကလန်၏အကြီးအကဲများနှင့်ပါ ထိုကိစ္စ ဆွေးနွေးခဲ့သေး၏။
ထို့ကြောင့် ဟေးဖေးခံတပ်တစ်ခုလုံးအား သတ်ဖြတ်ခဲ့သူဆိုသူမှာ အနည်းဆုံးသိုင်းဆရာအဆင့် ဖြစ်လိမ့်မည်ဟု သူယုံကြည်နေမိသည်။
သို့ပေမဲ့ ယခု ဘယ်လိုနည်း။
ဤသို့ ဟေးဖေးခံတပ်တစ်ခုလုံးကို သတ်ဖြတ်ခဲ့သူမှာ သူတို့၏ဂိုဏ်းချုပ်ဖြစ်သည်ဟု သံမဏိအရိုးဂိုဏ်းသားများက ပြောဆိုလျှက်ရှိနေသည်။
"ဟမ့်"
အိုက်ရှန်းကီ သည် ခပ်တည်တည်နှင့် ပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း ဓားပြတွေကို သတ်ဖြတ်ခဲ့တာ မင်းလို့ ပြောရဲတယ်ပေါ့။ ရွှေတစ်ထောင်တေးလ် ကို လိုချင်တာနဲ့ဘဲ ဘာမှတောင်မမြင်တော့ဘူးပေါ့။ဟုတ်လား။"
သာမန်ဦးနှောက်ရှိသည့်လူဆိုလျှင် မရီဒန် အဆင့်ဖွင့်ခြင်းအဆင့်သာရှိသော ကျွင်းချောင်ရှောင်းသည် ဟေးဖေးခံတပ်တစ်ခုလုံးကို သတ်ဖြတ်လိုက်သည်ဆိုသည့် ကိစ္စအား မယုံရေးချ မယုံကြမှာ သေချာ၏။
"ရွှေတစ်ထောင်တေးလ်အတွက် အယောင်ဆောင်တယ် ဟုတ်လား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဘာကိုဆိုလိုတာလဲ။"
အိုက်ရှန်းကီ သည် ထူးမခြားနားသလို ပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း … ငါတို့က အရွယ်ရောက်ပြီးသားလူတွေပဲ။မင်း ဟန်ဆောင်နေစရာ မလိုပါဘူး။"
ကျွင်းချောင်ရှောင်း ဆွံအသွားမိ၏။
ချီးတဲ့မှ။ငါ ဘာကို ဟန်ဆောင်နေမိတာတုန်း။
သို့ပေမဲ့ ဓားပြများ သေဆုံးသွားခဲ့ပြီးနောက် ဆုငွေအနေဖြင့် ရွှေတစ်ထောင်တေးလ်ပေးတာဖြစ်ကြောင်း သူ အကြမ်းဖျဉ်းနားလည်လိုက်မိ၏။
"ငါ အချိန်ရရင် ချင်းယန်မြို့ကို သွားကြည့်ရမယ်။"
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအား ပိုမိုတိုးတက်စေချင်၏။ စနစ်သည် သူ့အား အများအပြား ကူညီပေးနိုင်သော်လည်း ပိုက်ဆံသည်လည်း အရေးကြီးသည့်အရာဖြစ်၏။
ထို့ကြောင့် များများရလေ ကောင်းလေ မဟုတ်လော။
အိုက်ရှန်းကီသည် လက်ကို ရမ်းခါလိုက်တော့ သုံးပေခန့်ရှိသော ဓားရှည်တစ်ချောင်းသည် သူ၏လက်ထဲတွင် ပေါ်လာ၏။
သူသည် ထူးမခြားနားသလို ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းဆီမှာ အရည်အသွေးမြင့်တဲ့ဓားတစ်ချောင်းရှိတယ်လို့ ငါကြားထားတယ်။ ဒီတော့ အဲ့ဓားနဲ့ ရင်ဆိုင်ချင်တယ်။"
အိုက်ရှန်းကီ၏ ဓါးကိုယ်ထည်ပေါ်တွင် အသက်ဝင်နေသော နဂါးသားရဲတစ်ကောင်ပုံအား ထွင်းထုထားသည်။
ဓားတွင်အလွန်ထက်ရှသည့် အော်ရာများထုတ်ဖော်လျှက်ရှိပြီး တစ်ချက်ကြည့်လိုက်သည်နှင့် အရည်အသွေး မနိမ့်ကျကြောင်း သိရှိနိုင်၏။
"သဘောပါပဲ။"
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းလိုက်တော့ စဦးအအေးဓားတစ်ခု သူ၏လက်ထဲတွင် ပေါ်လာ၏။
သိုင်းလေ့ကျင့်ရာ ကွင်းပြင်တစ်ခုလုံး အေးစက်သည့် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။
"ဓါးကောင်းတစ်လက်ပဲ။"
"အင်း"
"ခင်ဗျားဓားလောက်တော့ ဈေးမပေါဘူးပေါ့။"