အခန်း (၄၈)
Vol. 4 Ch. 48
အသစ်ပွင့်လာသော တပည့်များအတွက် စတိုးထဲရှိ ပစ္စည်းများသည် ဈေးပေါလွန်းသောကြောင့် အစွမ်းသက်ရောက်မှုကလည်း စိတ်ကျေနပ်လောက်စရာ မဟုတ်ပေ။
ဥပမာအားဖြင့် ချီဆေးလုံး ဆိုသည့်ဆေးလုံးသည် ကျွင်းချောင်ရှောင်း၏ ချီစုစည်းခြင်းဆေးလုံး နှင့် အမြင်အားဖြင့် ဘာမှမကွာခြားသော်လည်း စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူမှုတွင် နှစ်ဆသာ တိုးတက်ပြီး ဆယ့်နှစ်နာရီသာ ခံသော ဆေးလုံးဖြစ်နေသည်။
“ပစ္စည်းတွေ တော်တော်တော့ များတာပဲ”
ကျွင်းချောင်ရှောင်းသည် ခေါင်းခါယမ်းပြီး ပစ္စည်းများအား ဆက်ကာ ကြည့်လိုက်သည်။
မကြာမီမှာပဲ စဦးအဆင့် သစ်သားဓားဟု ခေါ်ဆိုသော လက်နက်တစ်ခုကို မြင်လိုက်ရချိန်မှာတော့ အလုံးစုံ ဆွံ့အသွားမိသည် “သစ်သားဓား လား။ ဒါကို ဂိုဏ်းစုဆောင်းမှတ် တစ်မှတ် ဆိုတာ မများဘူးလား”
သို့ပေမဲ့ သူ၏ စဦးအဆင့် အအေးဓား အကြောင်း စဉ်းစားမိလိုက်တော့ သစ်သားနှင့် ပြုလုပ်ထားသော ဓားဖြစ်သည် ဆိုလျှင်တောင်မှ အစွမ်းသည် အဆင့်နိမ့် နှင့် အဆင့်လတ် လက်နက် များနှင့် နှိုင်းယှဉ်နိုင်လောက်သည်။
ကျွင်းချောင်ရှောင်းသည် ပစ္စည်းတော်တော်များများကို ကြည့်ပြီးသည့်နောက် တစ်ချိန်တည်းမှာပဲ အကုန်လုံး နီးပါးသည် အသုံးဝင်သော ပစ္စည်းများ မဟုတ်ကြောင်း မြင်လိုက်ရ၏။ ထို့ကြောင့် သူ ချီဆေးလုံး နှင့် သစ်သားဓား ကို ဝယ်ယူလိုက်၏။
ပစ္စည်းများ သိုလှောင်လက်စွပ်ထဲ ပေါ်လာချိန်မှာတော့ စုရှောင်မို၏ ဂိုဏ်းစုဆောင်းမှတ်သည် သုံည အဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။
“ဘာလို့ သတိပေးသံ ထွက်မလာတာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်မိ၏။
စနစ် မှ ပြန်ပြောလာသည် “တပည့်တွေ အတွက် ပစ္စည်းဝယ်ယူမှု ပြုလုပ်ချိန်မှာ သတိပေးသံ ထွက်ပေါ်မှုကို ပိတ်ပင်ထားပါသည်။ လက်ခံသူ အနေဖြင့် ဒင် .. ဒင် .. ဆိုသော အသံအား သဘောကျလျှင် အသက်သွင်းနိုင်သည်။”
“ရတယ်။ အဲတိုင်း ဆက်ပြီး တားဆီးထားလိုက်”
ကျွင်းချောင်ရှောင်းသည် အရာအားလုံး အတွက် သတိပေးသံ ထွက်ပေါ်နေခြင်းကို သဘောမကျချေ။ ထိုအရာသည် စိတ်ရှုပ်စရာ ကောင်းသည် မဟုတ်လား။
“ငါ ပစ္စည်းဝယ်ရင်ရော သတိပေးချက်ကို ပိတ်ပင်ထားလို့ရမလား”
“အခုချိန်မှာ လက်ခံသူ အနေဖြင့် ထိုသို့ ပြုလုပ်၍ မရနိုင်သေးပါ”
“အခုချိန် ဟုတ်လား” ကျွင်းချောင်ရှောင်း ဆက်မေးလိုက်သည် “ဘာကို ဆိုလိုတာလဲ”
စနစ်မှ ပြောလိုက်သည် “လက်ခံသူ၏ အဆင့် မြင့်တက်လာသည်နှင့် အမျှ စနစ်သည်လည်း ပို၍ လုပ်ဆောင်နိုင်မှု များလာပေလိမ့်မည်။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါပိုပြီးအားကောင်းလာရင် မင်းလည်း အားကောင်းလာမယ် အဲလိုလား….”
“ထိုသို့ တွက်ချက်နိုင်ပါသည်” စနစ်မှ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်သည် စိတ်သက်သာရာ ရသလို ပြောလိုက်၏ “ဒါနဲ့ အမြန်နှုန်းအဆောင် ရဲ့ အစွမ်းက အချိန်ဘယ်လောက်ကျန်သေးလဲ”
“လေးဆယ့်ငါးမိနစ်ပါ” စနစ်မှ ပြောလိုက်၏။
ကျွင်းချောင်ရှောင်း သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “ငါ လက်ကျန် အချိန်ကို အကျိုးရှိရှိ အသုံးပြုတဲ့ အနေနဲ့ ချင်းယန်မြို့ကို သွားပြီး ဆုငွေ သွားထုတ်ရမယ်”
“ထျန်းချီ ..”
“ရှိပါတယ်”
“ငါ အပြင်သွားလိုက်အုံးမယ်။ မင်းတို့ သေချာ လေ့ကျင့်ထားကြ”
“ကောင်းပါပြီ”
အမြန်နှုန်းအဆောင် တွင် အချိန်သိပ်မကျန်သောကြောင့် ကျွင်းချောင်ရှောင်း အချိန်မဖြုန်းချင်ပေ။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းအပေါက်ဝ မှာ ရပ်တန့်ပြီးနောက် စတင်ပြေးလွှားလိုက်သည် ။ ဝင်ပေါက်ဝတွင် ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်း ပုံရိပ်သည် ခဏအကြာမှာတော့ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
မျက်စိတမှိတ်အတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် တောင်ခြေ သို့ ရောက်ရှိသွားခဲ့သည်။
“ခရီးထွက်ဖို့ဆိုရင် ဒီလို အဆောင်ရှိတာ တော်တော် သိသာတာပဲ”
“ဆိုးတာက ကုန်သွယ်စတိုးမှာ ဝယ်လို့မရတာပဲ။ မဟုတ်ရင် ငါ များများစားစား ဝယ်ထားလိုက်တယ်။”
ပြောနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူ ရပ်တန့်နေရာ နေရာကနေ ပျောက်ကွယ်သွားပြီး ချင်းယန်မြို့ ရှိရာသို့ ဦးတည် ပြေးလွှားသွားလိုက်၏။
….
တောထဲမှာတော့ ..
မိန်းကလေး တစ်ယောက်သည် သစ်ပင်တစ်ပင်အား မှီကာ ရှက်ရွံ့သလို ပြောလိုက်သည် “အစ်ကိုလီ .. ပေါက်ကရတွေ လျှောက်မလုပ်နဲ့ကွာ။ တခြားသူတွေ မြင်ကုန်မယ်”
အစ်ကိုလီဟု ခေါ်သော လူငယ်သည် မိန်းကလေး၏ မျက်နှာအား အသာပွတ်ပြီး ပြုံးကာ ပြောလိုက်၏ “မေ့မေ့ .. ဒီမှာ တစ်ယောက်မှ မရှိဘူး။ မင်းကို ကိုယ်မတွေ့ရတာ တော်တော်ကြာခဲ့ပြီ။ ထမင်းမစားနိုင်တဲ့အထိကို လွမ်းနေခဲ့တာ”
“ဟင့်”
မိန်းကလေးသည် ဦးခေါင်းအား ငုံ့က ခြင်တစ်ကောင်၏ အသံကဲ့သို့ တိုးညှင်းစွာ ပြောလိုက်သည် “ကျွန်မ ရောပဲ …”
နှစ်ယောက်သာား ပွေ့ဖက်ပြီး စိတ်အားထက်သန်စွာနှင့် နမ်းရှိုက်လိုက်ကြသည်။ သို့ပေမဲ့ မေ့မေ့ ဟု ခေါ်သော မိန်းကလေးသည် မျက်စိကစားကြည့်လိုက်တော့ သူမ၏ ရှေ့သစ်ပင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ စပ်ဖြီးဖြီး ဖြင့် ကြည့်နေသော လူငယ်တစ်ယောက်အား မြင်လိုက်ရ၏
“အား …..”
တောနက်ထဲမှာတော့ ကြောက်လန့်တကြား အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာသည်။
“မေ့မေ့ … ဘာဖြစ်တာလဲ” အစ်ကိုလီ မြန်မြန်ပဲ မေးလိုက်၏။
မိန်းကလေးသည် သစ်ပင်အောက် နေရာဆီသို့ လက်ညိုးထိုးကာ ပြောလိုက်သည် “ဟိုမှာ . ဟိုမှာ လူတစ်ယောက်ရှိတယ်”
အစ်ကိုလီ လှမ်းကြည့်လိုက်တော့ လူငယ်တစ်ယောက်ရှိနေကြောင်း မြင်လိုက်ရ၏။
“အမ် ….” ကျွင်းချောင်ရှောင်း ခေါင်းကုတ်ကာ ပြောလိုက်သည် “နှစ်ယောက်သားကို နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။”
အစ်ကိုလီ ဒေါသတကြီးနှင့် ပြောလိုက်သည် “မင်း ဘယ်သူလဲ . .. ဘယ်တုန်းကတည်းက ရောက်နေ ……”
သူ ပြော၍ မပြီးသေးခင်မှာပဲ သစ်ပင်အောက်မှ လူငယ်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ ကြောက်လန့်တကြားဖြင့် မြေပေါ် ဖင်ထိုင်ကျသွားရသည်။ “ချီးတဲ့မှ .. သရဲ .. သရဲ …”
တခြားမည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ သူ မေ့မေ့ကို ဆွဲကာ ရွာဆီသို့ သုတ်ချေတင် တော့သည်။
ကျွင်းချောင်ရှောင်းသည် တောထဲကနေ လှမ်းကြည့်လိုက်တော့ မိန်းကလေးအား မထားခဲ့ဘဲ ဆွဲကာ ပြေးသွားသော အစ်ကိုလီ ဆိုသူကို မြင်နေရ၏ “နှစ်ယောက်သား အချစ်စစ်နဲ့ ချစ်ကြတာပဲ။ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးတယ် … ဟင်း ..”
သူ တစ်ယောက်တည်း FA ဖြစ်နေသေးသည်ကို တွေးမိတော့ စိတ်ထဲတွင် ခံစားသွားမိသည် “အသက်လည်း ဆယ့်ရှစ်နှစ် ပြည့်တော့မယ်။ ဘာလို့ ငါ တစ်ယောက်တည်း ဖြစ်နေရတာလဲ”
မတူညီသော ကမ္ဘာတစ်ခုဆီသို့ ရောက်ရှိလာပြီး ပျင်းရိစရာကောင်းသော ဂိုဏ်းထူထောင်ခြင်း လုပ်ငန်းစဉ် ကို လုပ်ကိုင်နေရသောကြောင့် စိတ်ပြေလက်ပျောက် အချစ်ဆိုသောအရာနှင့် သူထိတွေ့မိချင်သည်။ ထို့ကြောင့်ပင် သူ အတွဲချောင်းမိနေခြင်း ဖြစ်၏။
ချင်းချင်းရော … ။
မဖြစ်ဘူး ။ မဖြစ်ဘူး။ ဒီမိန်းကလေးက တကယ့်ကို မလွယ်ဘူး
……….
ချင်းယန်မြို့ …
ကျွင်းချောင်ရှောင်းသည် ဂိတ်တံခါးဝတွင် ရပ်လိုက်သည်။
သူ့အနေနှင့် သံမဏိ အရိုးဂိုဏ်း မှ ချင်းယန်မြို့သို့ လာရာတွင် အချိန်ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ ထိုအရာတောင်မှ အတွဲဝင်ချောင်းသည့် အချိန်ကို ထည့်တွက်ထားခြင်း ဖြစ်သည်။
“အမ် …”
“ဒီနားမှာ ဘယ်လိုလုပ် လူတစ်ယောက် ရောက်လာတာလဲ”
“သံမဏိ အရိုးဂိုဏ်း ခေါင်းဆောင်ပဲ။ ဘယ်လိုလုပ် ရောက်လာတာလဲ။”
မြို့ထဲသို့ ဝင်ထွက်သွားလာနေကြသူများသည် ကျွင်းချောင်ရှောင်းအား တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေကြသည်။
“ဂိုဏ်းချုပ်ကျွင်း ….”
ကျင့်ကြံသူတစ်ယောက်သည် အလောတကြီးဖြင့် ရောက်ရှိလာပြီး ပြုံးကာ ဆို၏ “ကျုပ် ဆီမှာ သိုင်းပညာ နဲ့ ပတ်သက်တဲ့ အခက်အခဲ ရှိနေတယ်။ ငွေ နှစ်ရာ ပေးပါမယ်။ လမ်းညွှန်ပေးပါလား”
“အချိန်မရှိဘူး”
ကျွင်းချောင်ရှောင်း မြို့ထဲသို့ လှမ်းဝင်လိုက်၏။
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတွင် သူသည် အနည်းငယ် နာမည်ကျော်ကြားသွားခဲ့သည်။ မြို့ထဲသို့ သူ ဝင်လာချိန်မှာတော့ အားလုံးက သူ့အား အာရုံစိုက် ကြည့်ရှုနေကြသည်။
ကျွင်းချောင်ရှောင်း ထိုသူတို့၏ အကြည့်အား လျစ်လျူရှုပြီး လမ်းထောင့်တစ်ခုရှိ ကြေညာစာရွက် အား ကြည့်လိုက်မိသည်။ သူ၏ မျက်လုံးတွေသည် လင်းလက်သွား၏။
စံတရုတ်ဘာသာ စကားဖြင့် ရေးသားထားသော စာလုံးများ၏ အဓိပ္ပာယ်မှာ မြို့တော်ဝန် အနေဖြင့် ဟေးဖေးခံတပ် ဓားပြဂိုဏ်းအား အမြစ်ပြတ် ရှင်းလင်းခဲ့သူအား ကျေးဇူးတင်နေသည်။ ထို့ကြောင့် ဆုငွေ ရွှေတစ်ထောင် ပေးမည်ဟု ရေးသားထားသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခံတပ်ကို ဖျက်ဆီးပြီးတာတောင်မှ ဆုငွေ ထပ်ရအုံးမယ်လို့ မထင်မိခဲ့ဘူး”
ဟင် ….
တစ်လမ်းလုံး တိတ်ဆိတ်သွားသည်။
ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခု မှားယွင်းသွားသလို ခံစားလိုက်မိသည်။ ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်တော့ အားလုံးက သူ့အား အံ့အားတသင့်ဖြင့် ကြည့်နေကြကြောင်းကို မြင်လိုက်ရ၏။
ပထမဆုံး သတိပြန်ဝင်လာသော ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ခင်ဗျား ဟေးဖေး ခံတပ်ကို ဖျက်ဆီးခဲ့တာလား”
“ဟုတ်တာပေါ့” ကျွင်းချောင်ရှောင်း အမှန်တိုင်း ပြောလိုက်သည်။
“……..”
ရှိရှိသမျှသော လူအားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွား၏။
အရင်ယှဉ်ပြိုင်ပွဲတုန်းက အနိုင်ရရှိခဲ့ခြင်းသည် သံမဏိအရိုးဂိုဏ်း ခေါင်းဆောင် အနေဖြင့် အဆင့်မြင့် လက်နက်ကို ထုတ်ဖော်အသုံးပြုခဲ့၍ ဖြစ်ကြောင်း အားလုံးက ယုံကြည်ထားကြသည်။
ဟေးဖေး ခံတပ်ကို ဖျက်ဆီးတယ် ဟုတ်လား။ ပေါက်ပန်းလေးဆယ်တွေ …..။
“ကိုယ့်လူတို့ …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မြို့တော်ဝန် အိမ် ဘယ်မှာလဲ”
ကျင့်ကြံသူ တစ်ယောက်က တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ဆုငွေ သွားထုတ်မလို့လား”
ကျွင်းချောင်ရှောင်းသည် ကြေညာစာရွက်အား လက်ညိုးထိုးပြကာ ပြောလိုက်၏ “ဟိုမှာ ရေးထားတဲ့အတိုင်းပဲလေ။ ဟေးဖေးခံတပ်ကို ဖျက်ဆီးခဲ့သူက ဆုငွေ ရမယ် မဟုတ်လား”
ကျင့်ကြံသူတစ်ယောက်က လေသံကို နိမ့်ကာ တီးတိုး ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း အယောင်ဆောင်ပြီး ဆုငွေ သွားထုတ်ရင် အပေါ့ဆုံး ပြစ်ဒဏ်က ထောင်ကျတာ ဖြစ်ပြီး အကြီးဆုံး ပြစ်ဒဏ် က ခေါင်းဖြတ်ခံရတာပဲနော်”
“ဘာလို့ ကျုပ်က ဟန်ဆောင်ရမှာလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဟေးဖေး ခံတပ်ကို ကျုပ်ကိုယ်တိုင် ဖျက်ဆီးခဲ့တာပဲ”
“ဟင်း …”
ကျင့်ကြံသူက ခေါင်းခါယမ်းလိုက်သည် “ပိုက်ဆံ အတွက် တစ်ယောက်ကတော့ မိုက်လုံးကြီးနေပြီ”
ဖြတ်သွားဖြတ်လာများ နှင့် အနားရှိ လူအားလုံးတို့သည် ခေါင်းတခါခါ ဖြင့် ဖြစ်သွားကြသည်။
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။
လူများသည် ကိုယ်ပိုင်မျက်လုံးနှင့် မမြင်လျှင် မယုံကြည်ကြသည်ကို သူ တွေ့ကြုံနားလည်လိုက်မိ၏။
သူ့နေရာတွင် တောင်ပြာဂိုဏ်း ဂိုဏ်းချုပ်သာ ဖြစ်နေလျှင် အားလုံးက ယုံယုံကြည်ကြည် နှင့် လက်ခုပ်တီး အားပေးကြမှာ မလွဲပေ။
“ဂိုဏ်းချုပ်ကျွင်း …”
မလှမ်းမကမ်းဆီမှ အသံတစ်ခု ထွက်ပေါ်လာပြီး လီမိသားစု ခေါင်းဆောင် လျှောက်ဝင်လာသည်။ သူ ပြုံး၍ လက်သီးဆုပ်ကာ ပြောလိုက်သည် “ချင်းယန်မြို့ကို လာလည်ဖို့ အချိန်ရတယ်ပေါ့ ဂိုဏ်းချုပ်”
တစ်လလောက်မတွေ့ရတာ ကြာမြင့်ပြီးနောက်မှာတော့ လီခေါင်းဆောင်၏ အော်ရာများသည် ပြောင်းလဲသွားသည်။ သူ၏ လမ်းညွှန်မှုကို ရရှိပြီးနောက် အကောင်းဆုံး ကျင့်ကြံနိုင်ခဲ့ရာ တော်တော်ပင် ခရီးရောက် ခဲ့ဟန်ရှိ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခေါင်းဆောင်လီ .. ရောက်လာတာ အတော်ပဲ။ မြို့တော်ဝင် စံအိမ်ကို လမ်းညွှန်ပေးပါအုံး”
လီခေါင်းဆောင် ကြောင်သွား၏ “မြို့တော်ဝင် စံအိမ်ကို ဘာသွားလုပ်မလို့လဲ”
“ဆုငွေ သွားထုတ်မလို့လေ” ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။
ခေါင်းဆောင်လီ၏ အပြုံးသည် အေးခဲသွား၏။
တော်တော်ကြာတော့ သူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွား၏ “ဟေးဖေးခံတပ်ကို ဖျက်ဆီးပစ်တာ ခင်ဗျားလို့တော့ မပြောနဲ့နော်”
“ကျုပ် ဖျက်တာပါ”
ကျွင်းချောင်ရှောင်း ဒေါသတကြီး ပြောလိုက်သည် “အဲခံတပ်ကို ဖျက်ဆီးတာ ကျုပ်ပဲ။ ခင်ဗျား ယုံချင်ယုံ ၊ မယုံချင်နေ .. အရင်ဆုံး ကျုပ်ကို မြို့တော်ဝန် စံအိမ်ဆီ ခေါ်သွားပေး”