အခန်း (၄၉)
Vol. 4 Ch. 49
“ဂိုဏ်းချုပ်ကျွင်း .. ခင်ဗျား စကားကို လျှောက်မပြောနဲ့။ အဲလို ဟန်ဆောင်လို့ မဖြစ်ဘူး”
“……..”
“ဂိုဏ်းချုပ်ကျွင်း .. ဒီရက်အတွင်း အဲလို ဟန်ဆောင်တဲ့သူတွေ အများကြီးပဲ။ စစ်ဆေးပြီးနောက်မှာ တော်တော်များများက ထောင်ထဲ ရောက်သွားတယ်။ တစ်ချို့ဆိုရင် ခေါင်းတောင် အဖြတ်ခံလိုက်ရသေးတယ်။”
“…….”
“ဂိုဏ်းချုပ်ကျွင်း .. ကျုပ်အကြံပေးတာ နားထောင်ပါ။ မြို့တော်ဝင် စံအိမ်ဆီ မသွားဘဲ ပြန်တော့”
“ဟင်း ….”
ကျွင်းချောင်ရှောင်း ရပ်တန့်ကာ လေးလေးနက်နက် ပြောလိုက်သည် “လီခေါင်းဆောင် .. ကျုပ် ထပ်ပြောမယ်။ ဟေးဖေး ခံတပ် ကို ဖျက်ဆီးခဲ့သူက ကျုပ်ပဲ”
လီခေါင်းဆောင် ပြောလိုက်၏ “ဟေးဖေး ခံတပ် ခေါင်းဆောင်က ဂိုဏ်းချုပ်ကျွင်းထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်တယ်။ ဒါကို မပြောနဲ့အုံး။ ဂိုဏ်းချုပ်ကျွင်း အနေနဲ့ဆိုရင် တောင်ပေါ် တက်ဖို့တောင် မလွယ်ဘူး”
“ကျုပ် ….”
ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။
သူ မည်သို့ပဲ ရှင်းပြရှင်းပြ မည်သူမှ သူ့အား မယုံကြချေ။ ထို့ကြောင့် ဆက်၍ မရှင်းပြတော့ရန် ဆုံးဖြတ်လိုက်၏။
လီခေါင်းဆောင် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ရွှေလေး တစ်ထောင်စ ဆိုတာ ဘာမှမဟုတ်ပါဘူး။ ပြီးတော့ မြို့တော်ဝန် စံအိမ်ကို သွားမယ်ဆိုရင် ဟေးဖေးခံတပ်ကို ဖျက်ဆီးခဲ့ကြောင်း ခိုင်မာတဲ့ သက်သေ ရှိရမယ်။ မဟုတ်ရင် အလကားပဲ”
သူသည် လေးလေးနက်နက် နှင့် ကျွင်းချောင်ရှောင်းအား နှစ်သိမ့်နေမိသည်။
ထို့အပြင် လူလိမ်ပေါင်းများစွာ လာရောက်နေသည့်အတွက် မြို့တော်ဝန် စိတ်ဆိုးနေသည်ဟု သူ သတင်းကြားထား၏။ ဂိုဏ်းချုပ်ကျွင်းသာ အဲနေရာဆီ ထပ်ရောက်သွားလျှင် ကျိန်းသေပေါက် ပြဿနာ တက်မှာ သေချာ၏။
“ကောင်းပြီ” ကျွင်းချောင်ရှောင်း တွေးလိုက်သည်။
တော်တော်ကြာတော့ သူ၏ မျက်လုံးများသည် လင်းလက်သွား၏ “လီခေါင်းဆောင် …. ကျုပ်ဆီမှာ သက်သေရှိတယ်”
“ဘာသက်သေလဲ”
“မမေးနဲ့ .. လာသာလာခဲ့…”
ယုံကြည်ချက် မြင့်မားနေသော ကျွင်းချောင်ရှောင်းအား ကြည့်၍ လီခေါင်းဆောင် တွေးလိုက်မိသည် “ဟေးဖေးခံတပ်ကို သူ တကယ်ပဲ ဖျက်ဆီးခဲ့တာလား။ မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး။ ဒါက ယုတ္တိမရှိဘူး”
…..
မြို့တော်ဝန်၏ စံအိမ်သည် ချင်းယန်မြို့၏ အရှေ့ဘက် အစွန်းတွင် တည်ရှိပြီး အလွန်ကြီးမား ခန့်ညားလွန်းသော အိမ်တော်ကြီးလည်း ဖြစ်သည်။ အဝင်ဝ တံခါးရှေ့ ဘယ်ညာတွင် ကျောက်ခြင်္သေ့ကြီးနှစ်ကောင် ဘယ်ညာရပ်၍ တည်ရှိနေသည်။
“ဂိုဏ်းချုပ်ကျွင်း .. ပြန်ကြပါစို့” လီခေါင်းဆောင်သည် ကျွင်းချောင်ရှောင်းအား အတင်း ဆွဲခေါ်နေသည်။
ကျွင်းချောင်ရှောင်းသည် သူ့အား ဂရုမစိုက်ဘဲ ခြေလှမ်းကျဲကြီးတွေနှင့် မြို့တော်ဝန် စံအိမ် တံခါးပေါက်ဆီ လှမ်းလျှောက်သွား၏။
“ရပ် ….”
အစောင့်တစ်ယောက်သည် ဓားမြှောက်ကာ အော်လိုက်သည် “မင်း ဘယ်သူလဲ”
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်အား နောက်ပစ်ကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းချုပ် လာတယ်လို့ မြို့တော်ဝန် ဆီ အကြောင်းကြားလိုက်”
အဝေးတစ်နေရာတွင် နားထောင်နေသော လီခေါင်းဆောင်သည် ကျွင်းချောင်ရှောင်း ပြောသည်ကို ကြားတော့ စိတ်သက်သာရာ ရသွားသည်။ “တော်သေးတယ်။ ဆုငွေ ထုတ်ဖို့အကြောင်းမပြောလို့”
“ခင်ဗျားက သံမဏိအရိုးဂိုဏ်းချုပ်လား” အစောင့်၏ နှုတ်ခမ်းထောင့်တွင် ပြောင်လှောင်ချင်သော အပြုံးတစ်ခု ဖြစ်တည်လာသည် “မြို့တော်ဝန် ဆီမှာ စည်းမျဉ်းတစ်ခု ရှိတယ်။ အဆင့်ရှစ် အောက် ဘယ်ဂိုဏ်းနဲ့မှ မတွေ့ဘူး။”
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွားမိသည်။
ဂိတ်စောင့်သည်ပင် ဤမျှမောက်မာလွန်းနေသည်။ ဤကမ္ဘာကြီးသည် ရက်စက်လွန်းလှ၏။
သူ ကြေညာစာရွက်အား ထုတ်ယူကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည် “ဆုငွေလာထုတ်တာလို့ မြို့တော်ဝန် ကို ပြောလိုက်”
လီခေါင်းဆောင် တုန်လှုပ်သွား၏။ “ဒီစာရွက်ကို ဘယ်တုန်းက ဆွဲခွာလာတာလဲ”
သူနှင့်အတူတူ နှစ်ယောက်သား ထွက်လာခြင်းဖြစ်သည်။ ဂိုဏ်းချုပ်ကျွင်း မည်သည့်အချိန်က ဤစာရွက်အား ဆွဲခွာလာကြောင်း သူ မသိရှိလိုက်ပေ။ ထူးဆန်းလှချေသည်။
အစောင့်က မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည် “ဟေးဖေး ခံတပ်ကို ခင်ဗျားတို့ ဖျက်ဆီးခဲ့တာလား”
“ပေါက်ကရတွေ မပြောနဲ့”
ကျွင်းချောင်ရှောင်း ခပ်တည်တည်ဖြင့် ပြောလိုက်သည် “မြန်မြန် .. သတင်းသွားပို့လိုက်”
အစောင့်က နှာခေါင်းရှုံ့လိုက်သည် “သေချာ စဉ်းစားအုံးနော်။ အဖမ်းခံနေရမယ်။”
“စိတ်မပူနဲ့” ကျွင်းချောင်ရှောင်း လက်နှစ်ဖက် နောက်ပစ်ကာ ခပ်တည်တည်ဖြင့် ရပ်လျက်ရှိသည်။။
အစောင့်သည် ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “ဒီခေတ်ကြီးမှာ ခွေးလေး၊ ကြောင်လေးလို နုနယ်တဲ့သူတွေတောင် ဂိုဏ်းချုပ်ဖြစ်နေတာပဲ။”
ပြောပြီးနောက် စံအိမ်ထဲ လှည့်ဝင်သွား၏။
အချိန်အတော်ကြာပြီးနောက် ပြန်ထွက်လာသည် “ဝင်သွား”
ကျွင်းချောင်ရှောင်း ခြေလှမ်းကျဲကြီးဖြင့် လျှောက်ဝင်လာသည်။ သူ့အား ကျော်ဖြတ်သွားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တီးတိုးပြောလိုက်၏ “အိမ်စောင့်ခွေး ဆိုတာ ဘာလဲ သိလား။ တခြားသူတွေကို ခွေးမျက်လုံးနဲ့ ကြည့်ပြီး အထင်သေးတတ်တဲ့ သတ္တဝါမျိုးပဲ”
“ခင်ဗျား …” အစောင့် ၏ မျက်လုံးထဲတွင် ဒေါသမီးတွေ ပေါ်လာ၏။
“ဆက်စောင့် .. ဆက်စောင့် …” ကျွင်းချောင်ရှောင်း လက်ကို ခါယမ်းကာ ဆက်လျှောက်သွားလိုက်၏။
……
မြို့တော်ဝန်၏ အပြင်ဘက် ခြံဝန်းသည်တောင်မှ သူတို့ သံမဏိအရိုးဂိုဏ်းထက် ပို၍ ကြီးမားနေသည်ကို မြင်လိုက်ရသည်။ ခြေထောက်အောက်ရှိ ကျောက်တုံးများမှာလည်း အရည်အသွေးမြင့် ကျောက်တုံးများ အသုံးပြုကာ ခင်းထားခြင်း ဖြစ်ကြောင်း ကြည့်ရုံဖြင့် သိနိုင်၏။
သူ၏ ရှေ့တွင် သိုင်းလေ့ကျင့်ရာကွင်းပြင် တစ်ခု ရှိနေပြီး လမ်း၏ တစ်ဖက် တစ်ချက်တွင်တော့ အဆောက်အဦ ငယ်လေးများဖြင့် အလှဆင်ထားသည်။
ကျွင်းချောင်ရှောင်း နှာခေါင်းကို ကုတ်ကာ ပြောလိုက်သည် “ပိုက်ဆံရှိရင် မြို့တော်ဝန် စံအိမ်ထက် ပိုကောင်းအောင် ဆောက်ရမယ်။”
မကြာမီမှာပဲ အဓိက ဟောခန်းရှေ့သို့ရောက်ရှိလာ၏။
ပန်းပွင့်ချိတ် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထွက်လာသည်။ ထိုသူ၏ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်သည်နှင့် အဆင့်အတန်းမြင့်မားသော လူတစ်ယောက် ဖြစ်ကြောင်း သိသာနေသည်။
လီခေါင်းဆောင်ဆီမှ ကြားထားသော အချက်အလက်များအရ ဆိုလျှင် ထိုသူမှာ မြို့တော်ဝန် ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိရှိလိုက်၏ “သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း .. မြို့တော်ဝန်ကို ဂါရဝပြုပါတယ်။”
“ဟားဟား …”
မြို့တော်ဝင် ရှဲ့ သည် နှစ်ထောင်းအားရစွာဖြင့် ရယ်မောလိုက်သည် “ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက သတင်းကို ကျုပ်ကြားခဲ့တယ်။ ကံဆိုးစွာနဲ့ တံခါးပိတ် ကျင့်ကြံတဲ့အချိန်နဲ့ တိုက်ဆိုင်တာမို့ ပွဲမတက်ဖြစ်လိုက်ဘူး။ ဒါကြောင့် ဂိုဏ်းချုပ်ကျွင်းကို စံအိမ်ဆီ လာလည်ဖို့တောင် မဖိတ်လိုက်ရဘူး”
ကြည့်ရသည်မှာ ပြောဆိုဆက်ဆံရ လွယ်ကူသည့်ပုံပေါ်သော်လည်း ကျွင်းချောင်ရှောင်းသည် ဖိအား တစ်ချို့ဖြင့် ရင်ဆိုင်နေရ၏ “သူ ဘယ်လောက် အားကောင်းလဲ”
စနစ်မှ ပြောလိုက်သည် “တောင်ပြာဂိုဏ်းအကြီးအကဲထက် ပိုပြီး အားကောင်းတယ်”
“သိုင်းစစ်သူကြီး အဆင့်လား”
ကျွင်းချောင်ရှောင်း ကြိတ်ကာ တွေးလိုက်သည် “ဒါကြောင့် ဖိအားတွေ ခံစားနေရတာပဲ”
“ဂိုဏ်းချုပ်ကျွင်း …”
မြို့တော်ဝန်ရှဲ့က ပြုံးလိုက်သည် “အထဲကို ကြွပါ”
…..
ကျွင်းချောင်ရှောင်း အဓိက ဟောခန်းထဲ ဝင်လိုက်တော့ အေးစက်စူးရှသည့် မျက်ဝန်း နှစ်စုံက သူ့အား ကြည့်နေကြောင်း သတိပြုလိုက်မိသည်။
“ဂိုဏ်းချုပ်ကျွင်း …”
မြို့တော်ဝန်ရှဲ့က မိတ်ဆက်ပေးလိုက်သည် “စိတ်ဝိညာဉ် စမ်းချောင်း ဂိုဏ်း က အကြီးအကဲ နှစ်ယောက်ပဲ။ ညာဘက်က တစ်ယောက်က ဝေရင်အိုက် ၊ ဘယ်ဘက်က ဝေရင်လဲ့ ပဲ”
သေစမ်းဟ။
ကျွင်းချောင်ရှောင်း စိတ်ထဲက ကြိတ်ကာ ဆဲလိုက်မိ၏။ အပြင်ဘက်တွင်တော့ ပြုံးကာ လက်သီးဆုပ်လိုက်၏ “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ရဲ့ အကြီးအကဲ နှစ်ယောက်ကိုး။ ကျုပ်ကြားဖူးပါတယ်။ ဟားဟား”
“ဟမ့် …”
ဝေရင်လဲ့ နှင့် ဝေရင်အိုက် တို့က အေးစက်စက် ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူတို့၏ စတုတ္ထညီငယ်လေး၏ ညာလက်မောင်းအား ဤမအေပေး ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မျက်နှာသာ မပေးရန် သူတို့ ဆုံးဖြတ်ထား၏။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ မထားဘဲ ခုံတစ်လုံးတွင် ဝင်ထိုင်ကာ ထိုင်ခုံ လက်ရန်းအား တတောက်တောက် ခေါက်လျက်ရှိ၏။ ရန်သူတွေမှ လာတွေ့ကြတာကိုး။
ဝေရင်လဲ့ နှင့် ဝေရင်အိုက်တို့သည် သူ့အား မုန်းတီးနေကြသလို သူကလည်း စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား စပ်ဆုပ်မုန်းတီးမိ၏။ ထို့အပြင် ထိုဂိုဏ်းသည် ဟေးဖေးဂိုဏ်းအား ငွေပေးကာ ပြန်ပေးဆွဲစေသောဂိုဏ်း မဟုတ်လား။
“ဂိုဏ်းချုပ်ကျွင်း …”
မြို့တော်ဝန်ရှဲ့ က ပြုံးလိုက်သည် “ဆုငွေ လာထုတ်တာဆို”
“အမှန်ပါပဲ”
ကျွင်းချောင်ရှောင်း ကြေညာစာရွက်အား ထုတ်ပြလိုက်သည်။
“ဟမ့် …”
ဝေရင်အိုက်က ဝင်ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ရဲ့ အရည်အချင်းနဲ့ ဘယ်လိုလုပ် ဟေးဖေးခံတပ်ကို ဖျက်ဆီးနိုင်မှာလဲ။ အဓိပ္ပာယ်မရှိတာကို”
“ဂိုဏ်းချုပ်ကျွင်း ပိုက်ဆံပြတ်နေလို့ ငွေလာလိမ်ပုံပဲ” ဝေရင်လဲ့ ပြုံးလိုက်သည်။ သူ၏ အပြုံးသည် ကျားတစ်ကောင် ကဲ့သို့ပင်။
ကျွင်းချောင်ရှောင်း ပြန်ပြောဖို့ ပြင်နေတုန်းမှာပဲ မြို့တော်ဝန် ရှဲ့က ဖြတ်ပြောလာသည် “ဂိုဏ်းချုပ်ကျွင်း .. သက်သေပါရဲ့လား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မြို့တော်ဝန်ကို မထိမ်ချန်တော့ပါဘူး။ ကျုပ် တစ်ယောက်တည်း သွားပြီး အားလုံးကို ရှင်းပစ်ခဲ့တာပါ။ ဒါပေမဲ့ မျက်မြင်သက်သေတော့ မရှိဘူး”
မြို့တော်ဝန်၏ မျက်နှာတစ်ခုလုံးမှောင်မဲသွား၏။
“ဘယ်သူမှ မမြင်ဘဲ ဘယ်လို သက်သေပြမှာလဲ”
ဝေရင်လဲ့ ဝင်ပြောလိုက်သည် “မြို့တော်ဝန် သူ .. လာလိမ်တာပဲ”
ဝေရင်အိုက်ကလည်း ထပ်ပြောလိုက်၏ “ဂိုဏ်းချုပ် တစ်ယောက်ဖြစ်ပြီး မလျော်ကန်တဲ့အလုပ်ကို လုပ်တယ်။ သူ့ကြောင့် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့တော့ မျက်နှာပျက်ရတော့မယ်”
“အရူး နှစ်ကောင်” ကျွင်းချောင်ရှောင်း တီးတိုးပြောလိုက်သည်။
“ဖောင်း ..”
ဝေရင်လဲ့ နှင့် ဝေရင်အိုက် တို့သည် သူတို့၏ ထိုင်ခုံလက်ရန်းအား ဒေါသတကြီးဖြင့် ရိုက်နှက်လိုက်ကြသည် “အမှိုက်ကောင် .. မင်း ဘာပြောလိုက်တယ်။”
ကျွင်းချောင်ရှောင်းသည် ထိုနှစ်ယောက်အား လျစ်လျူရှုပြီး ပြုံးလိုက်သည် “မြို့တော်ဝန်ရှဲ့ … ကျုပ် ဆီမှာ သက်သေပြစရာ ပစ္စည်းတစ်ခုတော့ ရှိတယ်”
“ဘာပစ္စည်းလဲ” မြို့တော်ဝန် ရှဲ့ ပြန်မေးလိုက်သည်။
ကျွင်းချောင်ရှောင်း လက်ဖျောက်တစ်ချက် တီးလိုက်တော့ ကြီးမားလှသော ဓားမော့ တစ်ချောင်းသည် လေထုထဲတွင် ပေါ်လာတော့သည်။ ဓားမော့၏ မျက်နှာပြင်တွင် ကြီးမားလှသော စိမ်းပြာရောင် နဂါးတစ်ကောင်၏ ပုံကို ထွင်းထုထား၏။
ထိုအရာကို မြင်တော့ မြို့တော်ဝန်ရှဲ့ တုန်လှုပ်သွားတော့သည် “ဒါ .. ကျိုးရှန်းပ ရဲ့ နဂါးစိမ်း ဓားမော့ပဲ”