အခန်း (၅၀)
Vol. 4 Ch. 50
ကျွင်းချောင်ရှောင်း ဟေးဖေးခံတပ်အား ဖျက်ဆီးပြီးနောက်တွင် ကျိုးရှန်းပ၏ နဂါးစိမ်းဓားအား သိမ်းယူခဲ့သည်။ ပထမတုန်းက ကိုယ်တိုင်သုံးဖို့ စီစဉ်ထားခြင်းဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်တွင်တော့ သက်သေအဖြစ် ပြသ နိုင်ပြီ ဖြစ်သည်။
ဝေရင်လဲ့ နှင့် ဝေရင်အိုက် တို့သည် နဂါးစိမ်းဓား အား မြင်ချိန်မှာတော့ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့သည် ဟေးဖေးခံတပ်၏ ခေါင်းဆောင်ကျိုး နှင့် တွေ့ဖူးပြီး ဖြစ်သောကြောင့် ကျားအရေခွံ လွှမ်းခြုံထားသော ထိုင်ခုံရှေ့တွင် ထားလေ့ထားထ ရှိသော ဓားမော့ရှည်ကြီးအား သတိပြုမိကြပြီး ဖြစ်၏။
ကျွင်းချောင်ရှောင်း တကယ်ပဲ ဟေးဖေးခံတပ်ကို ဖျက်ဆီးခဲ့တာလား။
မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။
စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ထိုအရာကို လုပ်နိုင်ဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မြို့တော်ဝန် ရှဲ့ … ဒီဓားကို ကျိုးရှန်ပ ပိုင်တယ်ဆိုတာ သိတယ်မလား။ ဒါကို သက်သေအဖြစ် တင်သွင်းလို့ရမလား”
မြို့တော်ဝန်ရှဲ့ စဉ်းစားလိုက်သည်။
ဤသံမဏိအရိုးဂိုဏ်း ခေါင်းဆောင် သည် ဟေးဖေးခံတပ်အား ဖျက်ဆီးခဲ့သည် ဆိုသော အချက်အား သူ ယုံကြည်ရန် ခက်ခဲသည်။ သို့ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေအရဆိုလျှင် ဟေးဖေးခံတပ် ၌ အလောင်းမှ လွဲ၍ မည်သည့်အရာမှ မကျန်ခဲ့ပေ။ ယခု နဂါးစိမ်းဓား ထွက်ပေါ်လာသည် ဆိုတော့ ဖြစ်နိုင်ဖွယ်ရာ အချက်အလက် နှစ်ခုသာ ရှိတော့သည်။
ပထမတစ်ချက်မှာ ကျွင်းချောင်ရှောင်းသည် ဟေးဖေး ခံတပ် ဖျက်ဆီးခံရပြီးနောက်တွင် တောင်နက်ကြီး ပေါ်သို့ တက်သွားမိခြင်း ဖြစ်သည်။
ဒုတိယ အချက်မှာတော့ ဟေးဖေးခံတပ် ဖျက်ဆီးခံရချိန်တွင် သူ ရှိနေခြင်း ဖြစ်သည်။ သို့ပေမဲ့ သူ မဟုတ်ဘဲ တခြား တစ်စုံတယောက်က ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ်တန်ရာ၏။
“ဂိုဏ်းချုပ်ကျွင်း …”
မြို့တော်ဝန်ရှဲ့ က ပြောလိုက်သည် “ဟေးဖေး ခံတပ်ကို ဘယ်လိုမျိုး ဖျက်ဆီးခဲ့သလဲ ဆိုတာ အသေးစိတ် ပြောပြပေးနိုင်မလား”
“ဒင် …
သီးခြားတာဝန် ပေါက်လာသည်။”
လာပြီလား။
ကျွင်းချောင်ရှောင်း စနစ် ကို ဖွင့်ကြည့်လိုက်တော့ သီးခြားတာဝန်မှာ ဟေးဖေးခံတပ် အား ဖျက်ဆီးခဲ့သူမှာ သူ ဖြစ်ကြောင်း မြို့တော်ဝန် ရှဲ့ ယုံကြည်အောင် ပြုလုပ်ရန် ဖြစ်နေ၏။
ကြည့်ရသည်မှာ နဂါးစိမ်းဓားအား ပြသနေသည်တောင်မှ လုံလောက်သည့် ယုံကြည်မှု မရပုံပေါ်သည်။
ကျွင်းချောင်ရှောင်း ခဏလောက် ငြိမ်သက်သွားသည်။ ပြီးနောက် “မြို့တော်ဝန်ရှဲ့ …တကယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဒီလောက်များပြားတဲ့ ဓာပြတွေကို တစ်ယောက်တည်း မနှိမ်နှင်း နိုင်ပါဘူး”
မြို့တော်ဝန်ရှဲ့ က ပြောလိုက်သည် “တစ်ယောက်ယောက်က ကူညီခဲ့တာလား။”
ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်သည် “လူမဟုတ်ဘူး။ ဝိညာဉ်ပဲ။”
“ဝိညာဉ် ဟုတ်လား”
မြို့တော်ဝန် ရှဲ့ ဇဝေဇဝါ ဖြစ်သွား၏။
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည် “အတိအကျ ပြောရမယ် ဆိုရင် သူရဲကောင်း ဝိညာဉ်ပဲ”
“သူရဲကောင်း ဝိညာဉ် ဟုတ်လား” မြို့တော်ဝန်ရှဲ့ ပို၍ တွေဝေလာသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မြို့တော်ဝန်ရှဲ့ … သံမဏိအရိုးဂိုဏ်းက ဟိုးတုန်းကတည်း ဆင်းသက်လာတဲ့ ရှေးဂိုဏ်းကြီးတစ်ခုဖြစ်တယ်ဆိုတာ သိရဲ့လား”
“ငါကြားဖူးတယ်။”
မြို့တော်ဝန်ရှဲ့ ထိုကိစ္စအား မကြာသေးခင်ကတင် ကြားခဲ့ရသည်။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသည် အရှေ့ပင်လယ်၏ တစ်ဖက်ခြမ်းရှိ သံမဏိအရိုးတောင်မှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းကို ကြားရချိန်မှာတော့ ပေါက်ပန်းလေးဆယ် များဟုသာ သူ မှတ်ချက်ပြုခဲ့သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ကျွန်တော်တို့ သံမဏိအရိုးဂိုဏ်းက အရင်တုန်းကလို အောင်မြင်မှုတွေ မရှိတော့ဘူး ဆိုရင်တောင်မှ ဘိုးဘေးဝိညာဉ်တွေကတော့ ရှိနေသေးတယ်။ အန္တရာယ်ကျရောက်လာချိန်မှာ ဘိုးဘေးဝိညာဉ် က ဒီကျွင်းချောင်ရှောင်း ခန္ဓာကိုယ်ကို ဝင်စီးပြီး ကြီးမားတဲ့ အားအင်အဖြစ် ထောက်ပံ့ ကူညီပါတယ်။”
မြို့တော်ဝန် ရှဲ့ အံ့အားသင့်သွားမိသည် “ဒီလို ကိစ္စမျိုးရှိလား”
“ရှိပါတယ်”
“မင်း ဆိုလိုတာက ဘိုးဘေးဝိညာဉ်က မင်းရဲ့ ခန္ဓာကိုယ်ကို ဝင်စီးတယ်။ ပြီးတော့ ဟေးဖေးဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးခဲ့တယ်။ ဒီလိုပေါ့”
“အမှန်ပါပဲ”
ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်၏။
သူသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက် ဖြစ်သည်။ ဟေးဖေး ဂိုဏ်းအား သူ တစ်ယောက်တည်း သတ်ဖြတ် ချေမှုန်းခဲ့သည်ဟု ဆိုလျှင် ဦးနှောက်ရှိသော မည်သူကမှ ယုံကြည်ကြမည် မဟုတ်ချေ။ ထို့ကြောင့် ဘိုးဘေးဝိညာဉ်အား ဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သက်သေပြစရာလည်း မလိုချေ။
မြို့တော်ဝန် ရှဲ့ ပြောလိုက်သည် “တကယ့်ကို ဆန်းကြယ်တာပဲ …”
ဝေရင်အိုက် ပြောလိုက်သည် “မြို့တော်ဝန် .. ဒီအမှိုက်ကောင် လျှောက်ပြောနေတာ။ သူ ပြောတာ မယုံနဲ့”
ဝေရင်လဲ့ ကလည်း ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ကျုပ် မေးချင်တာ ရှိတယ်။ ခင်ဗျားဆီမှာ ဘိုးဘေး ဝိညာဉ်ရှိတယ် ဆိုရင် ဘာလို့ ဂိုဏ်းက အဆင့်ကိုး ဂိုဏ်းတစ်ခု ဖြစ်နေတာလဲ”
ကျွင်းချောင်ရှောင်း ထူးမခြားနား သလို ပြောလိုက်သည် “ကျုပ်တို့ရဲ့ ပထမ ဂိုဏ်းချုပ်က ကောင်းကင်ကို ဖီဆန်မိဖို့ လက်ငါးချောင်းတောင်အောက်မှာ ဖိနှိပ် အကျဉ်းချ ခံခဲ့ရတယ်။ ဂိုဏ်းက ကောင်းကင်ရဲ့ ကျိန်စာ သက်ရောက်ပြီး ဒီနေ့လို အဖြစ်မျိုး ဖြစ်ခဲ့တာပဲ”
ငါ့ ဇာတ်လမ်းကို လာရှုပ်လို့မရဘူး။ အရှေ့ဘက်သို့ ခရီးထွက်ခြင်း ဇာတ်လမ်းကို ငါ တစ်ကားလုံး အခေါက်ငါးဆယ် လောက် ကြည့်ထားတာ။
“ပေါက်ကရတွေ ….”
“လျှောက်ပြောနေတာ သေချာတယ်”
ကျွင်းချောင်ရှောင်း မည်သို့ပင် ပြောပြော ဝေရင်လဲ့တို့ ညီအစ်ကို နှစ်ယောက်သည် လုံးဝ မယုံကြည်ကြချေ။ ဘာပြောပြော ဘက်ကန်လျက်ရှိနေသည်။
မြို့တော်ဝန်ရှဲ့ ပြုံးလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. အဲဝိညာဉ်ကို သရုပ်ပြပေးလို့ရမလား”
ကျွင်းချောင်ရှောင်း အကူအညီ မဲ့စွာ ပြောလိုက်သည် “ရှေးဘိုးဘေးရဲ့ ဝိညာဉ်ဖြစ်တာမို့ အခါအခွင့်သင့်မှ တွေ့နိုင်တာပါ။ သရုပ်မပြပေးနိုင်တဲ့ အတွက် ဒီကျွင်းမျိုးရိုးကို ခွင့်လွှတ်ပေးပါ။”
“ဟမ့်…”
ဝေရင်အိုက် ပြောလိုက်သည် “ခုထိ အကြာကြီးသာ ပြောလာတာ။ အကုန်အလိမ်တွေကြီးပဲ”
ဝေရင်လဲ့က ထပ်ပြောလိုက်သည် “သူရဲကောင်း ဝိညာဉ်ဆိုပဲ။ မင်း ဒီလိုပေါက်ကရပြောနေတာကို မြို့တော်ဝန် ယုံမယ်ထင်လား”
ကျွင်းချောင်ရှောင်း ထိုနှစ်ယောက်အား လျစ်လျူရှုပြီး ပြောလိုက်သည် “မြို့တော်ဝန်ရှဲ့ .. ဟေးဖေးခံတပ် ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဟောဒီမှာ ခေါင်းဆောင်ကျိုးရှန်းပ ရဲ့ ဓား။ ဒါကို မှ မြို့တော် မယုံဘူး ဆိုရင် ကျွန်တော် ဘာမှထပ်မပြောတော့ပါဘူး”
ကြည့်ရသည်မှာ မြို့တော်ဝန်သည် လွယ်လွယ်နှင့်ယုံကြည်တတ်သူ ဟုတ်ပုံမပေါ်ပေ။
စနစ်မှ ပြောလာသည် “သူသည် မြို့တော်ဝန်ဖြစ်သည်။ သင် ထမင်းလျှောက်ခဲ့သည်ထက် သူ ပို၍ စားသည်။ လွယ်လွယ်နှင့် ယုံကြည်လိမ့်မည် မဟုတ်”
“အမှန်ပဲ”
ဒါနဲ့ နေပါအုံး ..။ ထမင်းလျှောက်ခဲ့သည့်ထက် ပိုစားသည် ဆိုတာ ဘာလဲ။
စနစ် .. မင်း ရိုးရိုးပဲ ပြောလို့မရဘူးလား။ မင်းလျှောက်ခဲ့တဲ့ ခြေလှမ်းအရေအတွက်ထက် သူ စားခဲ့တဲ့ ထမင်းလုံး အရေအတွက် က ပိုများတယ် ဖြစ်ရမှာ မဟုတ်လား။
“ဒင် …
တာဝန် ပြည့်စုံသွားခဲ့ပီ ဖြစ်သောကြောင့် လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ် ရရှိသည်။
ဒင် ..”
ဂိုဏ်းစုဆောင်းမှတ် - ၈၆ / ၁၀၀။
စနစ် “……….”
ကျွင်းချောင်ရှောင်း “………”
မြို့တော်ဝန် ရှဲ့ ပြုံးလိုက်သည် “ဟေးဖေးခံတပ် ကို ဘယ်သူ ရှင်းလင်းခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်း အတွင်း ကျုပ် ဖြစ်နေတဲ့ ပဟေဋ္ဌိတွေက ဒီနေ့မှာတော့ ရှင်းလင်းသွားပြီ”
“ဂိုဏ်းချုပ်ကျွင်း …” သူ မတ်တပ်ထရပ်ကာ လက်သီးဆုပ်၍ ပြောလိုက်သည် “ချင်းယန်နိုင်ငံအတွက် လူတွေကို ဒုက္ခပေးနေတဲ့ ဓားပြတွေကို ရှင်းလင်းပေးတာ ကျေးဇူးတင်ပါတယ်။”
ဝေရင်လဲ့ နှင့် ဝေရင်အိုက်တို့ နှစ်ယောက်လုံး ကြောင်သွားကြသည်။
မြို့တော်ဝန်သည် ဤအဓိပ္ပာယ်မရှိသော ဝိညာဉ်ဆိုသည့်အရာအား အဘယ့်ကြောင့် ယုံကြည်ရသနည်း။
ကျွင်းချောင်ရှောင်းလည်း ခဏလောက် ဆွံ့အသွားမိသည်။ ပြီးနောက် သူ လေးလေးနက်နက် ပြောလိုက်၏ “နိုင်ငံသား တစ်ယောက် အနေနဲ့ တရားမျှတမှုကို အလေးထားရမှာပေါ့။ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်တာမို့ မကောင်းတဲ့လူတွေကို ဖယ်ရှားရမှာ သဘာဝပဲလေ။”
မြို့တော်ဝန်၏ မျက်လုံးထဲတွင် ချီးကျူးသော အရိပ်အယောင်များနှင့် ပြည့်လာသည်။ သူ လက်ကို ယမ်းခါလိုက်တော့ ရွှေစတစ်ထောင် သည် စားပွဲပေါ်၌ ပေါ်လာ၏ “တရားမျှတမှုကို ကျုပ်လည်း နှစ်သက်တယ်။ ဂိုဏ်းချုပ်ကျွင်း ဒီဆုကို လက်ခံပါ”
ကျွင်းချောင်ရှောင်း ရွှေများအား သိုလှောင်လက်စွပ်ထဲသို့ ခပ်မြန်မြန်သိမ်းလိုက်သည် “ကျေးဇူးတင်ပါတယ်”
သူသည် အားနားပါးနာဖြင့် တစ်ချက်ကလေးမှ မငြင်းခဲ့ချေ။ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာပြီးနောက်မှာတော့ သူ၏ မျက်နှာအရေပြားသည် ပို၍ ထူထဲလာ၏။
ဝေရင်အိုက် က ဝင်ပြောလိုက်သည် “ရွှေစတစ်ထောင် ဆိုတာ တော်တော်များတယ်နော်။ ဘာမှ မဟုတ်ဘဲ ယူသွားတာမျိုး မဖြစ်အောင် သတိထားရမယ်”
“အမှန်ပဲ”
ဝေရင်လဲ့ ကလည်း ပြုံးကာ ဝင်ပြောသည် “ဒီဓားမော့က နဂါးစိမ်းဓားမော့ အစစ် ဟုတ်လား၊ မဟုတ်လား ဘယ်သူ သိမှာလဲ။ ကျေးဇူးပြုပြီး သေချာစဉ်းစားပါ မြို့တော်ဝန်။”
ကျွင်းချောင်ရှောင်း အေးစက်စက် ဖြင့် ပြောလိုက်သည် “ကြည့်ရတာ ကျွန်တော် ဝင်လာတည်းက အကြီးအကဲ နှစ်ယောက် ကျွန်တော့်ကို ပစ်မှတ်ထားနေသလိုပဲ။ ကျွန်တော့်ကို အရှက်ရစေချင်တာများလား”
ဝေရင်လဲ့ ပြုံးလိုက်သည် “ဂိုဏ်းချုပ်ကျွင်း အထင်မမှားပါနဲ့။ ကျုပ်တို့က အချက်အလက်တွေအရ ပြောနေရတာပါ”
“အချက်အလက်တွေအရလား”
ကျွင်းချောင်ရှောင်း သူ၏ ဓားမော့ကို ကိုင်ကာ ပြောလိုက်သည် “ဒါက စစ်လား၊ မစစ်လား သိရအောင် ဒီဓားမော့ နဲ့ တိုက်ခိုက်ကြည့်လေ။ အဆင်ပြေလား”
“သိပ်ရတာပေါ့” ဝေရင်လဲ့ တည့်တည့်ပဲ ပြောလိုက်၏။
....
သိုင်းလေ့ကျင့်ရာ ကွင်းပြင် ......
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းဓားအား ကိုင်ဆောင်ရင်း တွေးနေမိသည် “အမြန်နှုန်း အဆောင်က ဘယ်လောက် ခံသေးလဲ”
စနစ် “မိနစ် နှစ်ဆယ်ပါ”
“မိနစ် နှစ်ဆယ်လား”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည် “ဒီနှစ်ကောင်ကို ရှင်းပြီး ဂိုဏ်းကို ပြန်ဖို့ အချိန်ရသေးတယ်”
ရွှစ် ...
ဝေရင်လဲ့ သည် သူ၏ ကိုးဆစ်ကျာပွတ်အား ထုတ်ယူပြီး မြို့တော်ဝန် ရှဲ့ အား ကြည့်လိုက်သည် “ဓားမော့ နဲ့ လက်နက်တွေမှာ မျက်စိမရှိဘူး။ တစ်ခုခု ဖြစ်သွားခဲ့ရင် အားလုံးက သေခြင်းရှင်ခြင်းဖြစ်ကြောင်း မြို့တော်ဝန် သက်သေတည်ပေးပါ”
“ကောင်းပြီ” မြို့တော်ဝန်ရှဲ့သည်လည်း နဂါးစိမ်းဓားမော့၏ အစွမ်းအား စိတ်ဝင်စားမိသည်။
မြို့တော်ဝန်ဆီမှ အဖြေကို ရရှိပြီးနောက် ဝေရင်လဲ့သည် ကျွင်းချောင်ရှောင်းအား ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တွေနှင့် ပြည့်လျက် ရှိ၏ “ဂိုဏ်းချုပ် ကျွင်း .. အဆင်သင့်ပဲလား”
“လာတော့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဝှီး ...။
ဝေရင်လဲ့သည် လက်ထဲမှ ကျာပွတ်ဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းလိုက်သည်။ ပြီးနောက် ဝေ့ယမ်းလိုက်၏။
ကျာပွတ်သည် မြေတစ်ကောင်ကဲ့သို့ တိုက်ခိုက်လိုက်သည်။ အလှည့်အပြောင်းများလှပြီး ကျာပွတ်၏ အဓိက ပစ်မှတ်သည် မည်သည့် နေရာမှန်း ခွဲခြားရန် ခက်ခဲလှသည်။ ဝေရင်လဲ့ အနေဖြင့် ကျွင်းချောင်ရှောင်းအား ပြင်းပြင်းထန်ထန် ထိခိုက်အောင် ဒါမှမဟုတ် တစ်ခါတည်း အသေသတ်ရန် စဉ်းစားထားသည်။
“သူ တကယ့်ကို တိုက်ခိုက်တာပဲ” မြို့တော်ဝန် ရှဲ့ ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
ကျင့်ကြံသူများ၏ ရန်ငြိုးအား တိုက်ခိုက်ကြသည် ဆိုသော်လည်း စစချင်းကတည်းက ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မည်ဟု သူ မထင်မိခဲ့ချေ။
ကျွင်းချောင်ရှောင်း ရှောင်တိမ်းနိုင်ပါ့မည်လား။
တွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်တွေ အဖြစ် ဖြစ်တည်လာပြီး တိုက်ခိုက်မှုအား အလွန်တရာ မြန်ဆန်လှသော အရှိန်ဖြင့် ရှောင်ရှားလိုက်၏။
“ဒါ ...”
မြို့တော်ဝန် ရှဲ့ ကြောင်သွားသည်။
ရွှစ်...။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ဝေရင်လဲ့၏ ကျောဘက်သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး လက်ထဲမှ ဓားအား လွှဲရမ်းလိုက်တော့၏။
ဘုတ် .။
မြေပြင်ပေါ် တစ်စုံတစ်ခု ပြုတ်ကျလာပြီး လိမ့်ဆင်းသွား၏။ ဝေရင်လဲ့၏ ဦးခေါင်းပြတ်ကြီးပင် ဖြစ်လေတော့သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းမရှိတော့သည့် ခန္ဓာကိုယ်ကြီးနောက်တွင် ဟန်ပါပါ နှင့် ရပ်လျက် ပြောလိုက်သည် “အကြီးအကဲဝေ ... ဒီဓားမော့က အစစ်လား၊ အတုလား။”