အခန်း (၅၁)
Vol. 4 Ch. 51
"ဘုတ်"
ဝေရင်လဲ့ ၏ခေါင်းသည် သိုင်းလေ့ကျင့်ရာကွင်းပြင် အပြင်ဘက်ဆီသို့ လိမ့်ဆင်းသွားသည်။သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသေး၏။ သို့ပေမဲ့ အံ့အားသင့်သည့် အရိပ်အယောင်များလည်း ရှိလို့နေ၏။
အံ့အားသင့်မှုဆိုသည်မှာ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်များကဲ့သို့ ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ဖြစ်ပေါ်လာသော ခံစားချက်ဖြစ်သည်။
သူ့အနေနှင့် ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် စဉ်းစားလိုက်သည်။
စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် အဘယ့်ကြောင့် ဤမျှမြန်ဆန်နေရသနည်း။
သူ့မျက်လုံးသည် သူ့ကို လှည့်စားနေခြင်းသာ ဖြစ်နေလိမ့်မည်လောဟု သူစဉ်းစားနေမိသည်။ သို့ပေမဲ့ သူ၏အတွေးမဆုံးခင်မှာပဲ သေဆုံးသွားခဲ့ပြီဖြစ်၏။
သူ၏ခေါင်းသည် ခုတ်ဖြတ်ခံလိုက်ရ၏။ ထို့ကြောင့် သူ့အတွေးသည်လည်း ဆက်၍ မတွေးနိုင်တော့ပေ။ သူသည် နာကျင်မှုမရှိပဲနှင့် သေဆုံးခဲ့ခြင်းပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဝေရင်လဲ့အား သတ်ဖြတ်ခဲ့ပြီးသည့်နောက်မှာတော့ မေးလိုက်သည်။ "အကြီးအကဲဝေ ဒီဓားက အစစ်လား။"
ဤဓားမော့သည် အစစ်ဖြစ်၏။
ကံဆိုးစွာဖြင့် သေဆုံးနေပြီဖြစ်သော ဝေရင်လဲ့သည် သူ၏ပြောစကားကို မကြားနိုင်တော့ချေ။
ထို့ကြောင့် ပြန်လည်၍လည်း အဖြေမပေးနိုင်ပေ။
ခေါင်းမရှိတော့သော ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ သွေးတွေသည် ပန်း၍ ထွက်လာခဲ့လေသည်။
"တတိယညီလေး "
ဝေရင်အိုက် သည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်၏။ သူသည် သူ၏ဒေါသတရားများကို ထိန်းချုပ်ထားရ၏။
ပြီးနောက် သူ၏လှံအား ထုတ်ယူကာ ရှေ့သို့ ထိုးထည့်လိုက်သည်။
"ဝှစ် ဝှစ်"
လှံထိပ်တွင် စိတ်ဝိဉာဉ်စွမ်းအင်များနှင့် ပြည့်နှက်လျှက်ရှိ၏။
ထိုလှံနှင့်သာ ထိမိပြီဆိုပါက တို့ဖူး အား ဓါးပူပူနှင့် လှီးဖြတ်လိုက်သလိုပင် ဖြစ်သွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အေးစက်စက်နှင့် ပြုံးလိုက်၏။ ပြီးနောက် ရှေ့သို့တစ်ချက် လှမ်းတက်လိုက်၏။
ပြီးနောက် ပုံရိပ်ယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူသည် အရှိန်ကိုအနည်းငယ် လျှော့ထားခြင်းဖြစ်ပြီး ဝေရင်လဲ့အား သတ်ဖြတ်ခဲ့စဉ်တုန်းကလည်း သူသည် သူ၏ အမြန်နှုန်းအား အမြန်ဆန်ဆုံးအဖြစ်သို့ အပြည့်အဝ မထုတ်ဖော်ခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် မြို့တော်ဝန်ရှဲ့ သည် အနားတွင် ရှိနေသည် မဟုတ်လား။
သူ့အားမြင်လျှင် ပို၍ တုန်လှုပ်သွားပေလိမ့်မည်။
ထို့အပြင် ပို၍ အရေးကြီးသည်မှာ သူ၏ တိုက်ကွက်များသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းနေလျှင် တစ်ဖက်လူသည် သူ့အား သတ်ဖြတ်ရန် သတ္တိရှိလိမ့်မည် မဟုတ်ပေ။
"သေစမ်း"
တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သော ကျွင်းချောင်ရှောင်းသည် သူ၏ခန္ဓာကိုယ်မတည်ငြိမ်ခင်မှာပဲ ဝေရင်အိုက် ၏ တိုက်ခိုက်ခြင်းကို ထပ်မံခံလိုက်ရ၏။
လှံထိပ်တွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ရင်ဘတ်သို့သာ ထိုးဖောက်ခံလိုက်ရပါက ကျိန်းသေပေါက် အပေါက်ကြီးတစ်ခု ဖြစ်သွားမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ခြေလှမ်းကွက်ကား ထိန်းချုပ်လိုက်၏။
ပြီးနောက် ဘယ်ဘက်သို့ စက်ဝိုင်းပုံစံလှည့်၍ ရှောင်တိမ်းကာ နဂါးစိမ်းဓားမော့ဖြင့် ခုတ်ပိုင်းလိုက်သည်။
ဝေရင်အိုက်၏ မျက်လုံးများသည် စူးရှသွား၏။ သူ၏လက်သည် အလွန်တရာ မြန်ဆန်လှ၏။
သူသည် လှံအားကိုင်ဆောင်၍ သူ၏ရှေ့တွင် ကာလိုက်သည်။
သို့ပေမဲ့ လှံသည် ခုတ်ဖြတ်ခံလိုက်ရပြီ ဖြစ်၏။
သူ့အနေဖြင့် သူ၏လက်နက်ကို နှမြောနေဖို့ အချိန်ပင်မရှိချေ။ ချက်ချင်းဆိုသလို ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်လိုက်၏။
ပြီးနောက် ဓားမော့၏လက်အောက်မှ ရှောင်ရှားရန် ကြိုးစားလိုက်သည်။
ယခုအချိန်တွင် ဝေယင်အိုက်အား နဂါးစိမ်းဓားမော့သည် အစစ်ဖြစ်သလားဟု မေးလျှင် ကျိန်းသေပေါက် အစစ်ဖြစ်သည်ဟု ပြန်ပြောပေလိမ့်မည်။
ထို့အပြင် သူ၏လှံ အရည်အသွေးသည် အလွန်အမင်းကောင်းမွန်လှ၏။ စိတ်ဝိညာဉ်စွမ်းအင်များနှင့်လည်း ထောက်ပံ့ထားသေးသည်။ သို့ပေမဲ့ ထက်ပိုင်းအဖြတ်ခံလိုက်ရသည် မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် လက်လွှတ်မပေးနိုင်ပေ။
ရှေ့သို့လှမ်းတက်၍ သူ၏ ဓားမော့အား ခပ်ကြမ်းကြမ်းပင် ခါရမ်းလိုက်၏။
ဓားမော့သည် အောက်ခြေမှ အပေါ်ဆီသို့ ဒေါင်လိုက်ဖြတ်သန်းသွားသည်။
"မကောင်းတော့ဘူး။"
ဝေရင်အိုက်သည် မကောင်းသောခံစားချက် အငွေ့အသက်များကို ခံစားလိုက်မိ၏။
သူတွေးနေတုန်းမှာပဲ သူ၏လည်ပင်းဆီမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ပြီးနောက် သူ၏ ဦးခေါင်းသည် ခန္ဓာကိုယ်ဆီမှ လွင့်စင်သွားတော့သည်။
"ဘုတ်"
ဝေရင်အိုက်၏ဦးခေါင်းသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။
သူသည် ဝေရင်လဲ့နှင့်မတူပေ။ မသေခင်တွင် နာကျင်သည့်ခံစားချက်ကို အနည်းငယ် ခံစားလိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းမဲ့ခန္ဓာကိုယ်ကြီးရှေ့တွင် မတ်တပ်ရပ်လိုက်၏။
သူ၏ဓားမော့ဆီမှ သွေးများသည် မြေပြင်ပေါ်သို့ တစက်စက်နှင့်ကျဆင်းလျှက်ရှိသည်။
သူ အေးစက်စက် ပြောလိုက်၏။ "ကျုပ်ကိုသတ်ချင်တဲ့လူတွေကို ကျုပ်ပြန်သတ်မယ်။"
ဤစကားသည် ရိုးရှင်းလှ၏။ သို့ပေမဲ့ သူ၏ သတ်ဖြတ်လိုခြင်း အော်ရာများကလည်း အလွန်အမင်း ကြမ်းရမ်းနေသည်။
အဓိကဟောခန်း၏ရှေ့နားမှာရပ်ရင်း ကြည့်လျှက်ရှိသော မြိုတော်ဝန်ရှဲ့၏အမူအရာသည် အေးခဲသွား၏။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း၏ သိုင်းတပည့်အဆင့် အကြီးအကဲနှစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဟု သူ မထင်မှတ်ခဲ့ချေ။
"မြိုတော်ဝန် … ကျွန်တော်တို့ရဲ့ စုံစမ်းချက်အရ ကျိုးရှန်းပ နဲ့တပည့်နှစ်ရာတို့ရဲ့ သတ်ဖြတ်ခံရခြင်း အကြောင်းအရာက ထက်ရှလှတဲ့ဓားမော့နဲ့ ခေါင်းဖြတ်ခံလိုက်ရတာပဲ။"
အရင် သူ၏ စုံစမ်းထောက်လှမ်းရေးများ ပေးပို့လိုက်သည့် အချက်အလက်များကို ပြန်စဉ်းစားလိုက်မိ၏။
ထို့ကြောင့် မြိုတော်ဝန်သည် တီးတိုးရေရွတ်လိုက်မိ၏။ "သူ တကယ်ပဲ ဟေးဖေးခံတပ်ကို ဖျက်ဆီးခဲ့တာလား။"
ဘုတ်…။
ဝေရင်အိုက်၏ ဦးခေါင်းမဲ့ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ပြုတ်ကျလာ၏။
သွေးများသည်လည်း ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လျှက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့အား သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ကာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ဒီနှစ်ယောက်ရဲ့သွေးတွေနဲ့ သိုင်းလေ့ကျင့်ရေးကွင်းတော့ ညစ်ပတ်စေပြီ။"
"ဂိုဏ်းချုပ်ကျွင်း "
မြိုတော်ဝန်ရှဲ့ သည် စိတ်ဝင်တစားနဲ့ မေးလိုက်သည်။
"ခုနတုန်းက မင်းအသုံးပြုလိုက်တာ ဘယ်လိုခြေလှမ်းကွက်လဲ။ ဒါက ဆန်းကြယ်ပြီးတော့ ခန့်မှန်းလို့မရအောင် အားကောင်းလွန်းတယ်။"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"ဒါ တစ္ဆေခြေလှမ်းပါ။"
"တစ္ဆေခြေလှမ်းဟုတ်လား။ငါ ဘယ်လိုလုပ် တစ်ခါမှ မကြားဖူးတာလဲ။"
မြိုတော်ဝန်ရှဲ့ တိတ်တဆိတ်နှင့် ကြည့်လိုက်မိ၏။
ဝေရင်အိုက်နှင့် ကျိုးရှန်းပ တို၏ သေဆုံးမှုသည် အနည်းငယ် တူညီနေ၏။
သူ၏လက်ထဲမှ ဆုလာဘ်အား လုယူချင်သော ရန်သူများအား သတ်ဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏။
"မြိုတော်ဝန်ရှဲ့ … ဂိုဏ်းကိစ္စတွေ လုပ်စရာရှိသေးလို့ အရင်ဆုံး ထွက်ခွာခွင့် ပြုပါအုန်း။"
မြိုတော်ဝန်ရှဲ့ သည် ဝေရင်လဲ့နှင့် ဝေရင်အိုက်တို့၏ ခန္ဓာကိုယ်ကား ကြည့်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက အကြီးအကဲနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။ဒီအမုန်းတရားက ဖြေရှင်းလို့ ရနိုင်မှာမဟုတ်ဘူးထင်တယ်။"
"သူတို့က ကျွန်တော့်ကို အရင်ဆုံး ရန်ရှာခဲ့တာလေ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မြိုတော်ဝန်ရှဲ့ က ခေါင်းကို ခါရမ်းလိုက်သည်။
"စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းဆိုတာက နတ်စမ်းချောင်းဂိုဏ်းရဲ့ အထောက်အပံ့နဲ့ ဖြစ်တည်လာတာ။သူတို့က မင်းကို အလွတ်ပေးမယ့်ပုံမှာ မရှိဘူး။"
ကျွင်းချောင်ရှောင်း ပုခုံးကိုတွန့်ကာ ထူးမခြားနားသလို ပြောလိုက်သည်။
"ကျွန်တော် ပြဿနာဖြစ်မှာကို ကြောက်ရွံတတ်တဲ့ လူမျိုးတော့မဟုတ်ဘူး။သူတို့လာပြီးတော့ ပြဿနာရှာမယ်ဆိုရင် ကျွန်တော်ကလည်း သူတို့ကို ပြဿနာ ပြန်ပေးရလိမ့်မယ်။"
ပြဿနာ ပြန်ပေးရလိမ့်မည်ဟု ပြောလိုက်သည်နှင့် တစ်ပြိုက်နက် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းအရိပ်အယောင်တွေနှင့် ပြည့်နှက်သွားသည်။
"နှုတ်ဆက်ပါတယ်။"
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ နှုတ်ဆက်၍ ထွက်ခွာလိုက်၏။
တဖြည်းဖြည်း လျှောက်လှမ်းပျောက်ကွယ်သွားသော ကျွင်းချောင်ရှောင်းအား ကြည့်ရင်း မြို့တော်ရှဲ့ သူ၏မေးစေ့ကား ပွတ်သပ်ကာပြောလိုက်သည်။
"ဒီကောင်လေးက လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး။ ခုနကသုံးလိုက်တဲ့ ခြေလှမ်းကွက်ကိုကြည့်ရတာ သူ့ဆီမှာ အဆင့်မြင့်လက်နက်တစ်ခုခုသာ ရှိမယ်ဆိုရင် ဟေးဖေးဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးဖို့ဆိုတာ တကယ်ဖြစ်နိုင်တယ်။"
ကျွင်းချောင်ရှောင်း အဘယ့်ကြောင့် သီးခြားတာဝန်ကို ပြည့်စုံသွားခဲ့သနည်း။
အဘယ့်ကြောင့်ဆိုသော် မြိုတော်ဝန်ရှဲ့ သည် သူ၏ ပေါက်တတ်ကရ ဝိညာဉ်အကြောင်းများပြောသည်ကို ယုံကြည်သွား၍ မဟုတ်ပေ။
သို့ပေမဲ့ နဂါးစိမ်းဓါးအား မြင်လိုက်ရပြီးနောက်မှာတော့ အနှစ်ချုပ်သုံးသပ်ချက်တစ်ခုကို စိတ်ထဲတွင် ချမှတ်ခဲ့၏။
ကျွင်းချောင်ရှောင်းသည် ဟေးဖေးခံတပ်တစ်ခုလုံးကို မဖျက်ဆီးခဲ့ဘူး ဆိုလျှင်တောင်မှ ထိုဖျက်ဆီးခဲ့သောသူကိုတော့ ကျိန်းသေပေါက် သိရှိလိမ့်မည်။
လောလောလတ်လတ် သက်သေလည်းရှိနေသည်မို သူ့အနေနှင့် ဆုလာဘ်ကို ပေးလိုက်ခြင်းသာ ဖြစ်၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း တစ္ဆေခြေလှမ်းကို ထုတ်သုံးလိုက်ချိန်မှာတော့ ဟေးဖေးခံတပ်တစ်ခုလုံးကို ဖျက်ဆီးခဲ့သူမှာ ကျွင်းချောင်ရှောင်းဖြစ်နိုင်သည်ဟု မြို့တော်ဝန် ကောက်ချက်ချလိုက်မိ၏။
"ဒီကောင်လေး"
မြိုတော်ဝန်ရှဲ့ ခေါင်းခါရမ်းကာ ပြုံးလိုက်မိသည်။
"မင်းရဲ့အားအင်အစစ်အမှန်ကို မပေါ်စေဖို့ ဘိုးဘေးဝိညာဉ်တွေဘာတွေနဲ့ ငါ့ကိုလျှောက်ပြောသွားသေးတယ်။ မင်းက ဒီမြိုတော်ဝန်ကို သုံးနှစ်တာကလေးလို့များ ထင်နေတာလား။
သေချာစဉ်းစားကြည့်ရမယ်ဆိုရင် ဒီကောင်လေးက မှော်ဆန်တဲ့ ခြေလှမ်းကွက်ကိုလည်း ပိုင်ဆိုင်ပြီးတော့ သူတို့ဂိုဏ်းကလည်း ရှေးခေတ်ထဲက ဆင်းသက်လာတယ်လို့ ပြောတာ။ဒါက လျှောက်ပြောတာ မဟုတ်နိုင်ဘူး။"
"အင်း …"
"မင်း အလိမ်အညာတွေအများကြီး ပြောခဲ့တယ်ဆိုရင်တောင်မှ တစ်စုံတစ်ခုကတော့ ယုံကြည်လို့ရနိုင်သေးတယ်။"
"ရီကျင်ကျင်း"နည်းစနစ်ကို လေ့ကျင့်ပြီးသည့်နောက် လုချင်းချင်းပင်လျှင် သံမဏိအရိုးဂိုဏ်းသည် ရှေးခေတ်ကထဲက ဆင်းသက်ခဲ့သော ဂိုဏ်းတစ်ခုဖြစ်ကြောင်း ယုံကြည်သွားမိခဲ့၏။
ထို့ကြောင့် မြိုတော်ဝန်အား စဉ်းစားနိုင်မှုနည်းပါးသည်ဟူ၍ အပြစ်မဆိုသာပေ။
"ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက တစ်ဇောက်ကန်းလုပ်တတ်တယ်။သူ့ကို ရန်မရှာတာ အကောင်းဆုံးပဲ။"
မြိုတော်ဝန်ရှဲ့ သည် ကျွင်းချောင်ရှောင်းအား ကြောက်ရွံ၍ မဟုတ်ပေ။
သို့ပေမဲ့ သူသည် အလွန်ပဲ သတိကြီးသူဖြစ်သည်။ သံမဏိအရိုးဂိုဏ်းသည်သာ ရှေးယခင်ထဲက ရှိခဲ့သည့် ဂိုဏ်းတစ်ခုဆိုလျှင် ကျွင်းချောင်ရှောင်း၏ ဦးဆောင်မှုအောက်တွင် ပိုမို၍ တန်ခိုးကြီးထွားလာပေလိမ့်မည်ဟု သူယုံကြည်နေမိ၏။
ကျွင်းချောင်ရှောင်း မြိုတော်ဝန်ရှဲ့ ၏နောက်မှ ထွက်ခွာလာပြီးသည့်နောက်မှာတော့ သူသည် ချင်းရန်မြို့မှ အလောတကြီးနှင့် ထွက်ခွာမသွားပေ။
အဲဒီအစား စတိုးဆိုင်တစ်ခုထဲသို့ ဝင်၍ သူ ဟေးဖေးခံတပ်ဆီမှရရှိထားသော ရတနာများအားလုံးကို ငွေစက္ကူများနှင့် လဲလှယ်လိုက်၏။
ပထမတုန်းက ဤရတနာများသည် ငွေတစ်သောင်းလောက်သာတန်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့ပေမဲ့ တကယ်တမ်း လဲလှယ်ကြည့်ပြီးနောက်မှာတော့ သူသည် ငွေစသုံးသောင်းနီးပါးခန့် ရရှိခဲ့၏။
ထိုသည်က ရတနာများသည်သာ လဲလှယ်ခြင်းဖြစ်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲတွင် ရွှေတော်တော်များများ ရှိနေသေး၏။
ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ပြောလိုက်သည်။ "မြိုတော်ဝန်ဆီက ဆုလာဘ်အပါအဝင်ဆိုရင် ငါ့ဆီမှာ ငွေစငါးသောင်းလောက်ရှိနေပြီ။"
ငွေစငါးသောင်းဆိုသည်မှာ ငွေကြေးခိုင်မာသော မိသားစုကြီးများအတွက် ဘာမှမဟုတ်သော်လည်း သံမဏိအရိုးဂိုဏ်းလို ဆင်းရဲသောဂိုဏ်းတစ်ခုအတွက်တော့ ကျိန်းသေပေါက် များပြားသည့်ပိုက်ဆံဖြစ်၏။
စတိုးဆိုင်ထဲမှ ထွက်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်ကို အပျင်းကြောဆန့်ကာ ပြုံးကာ ပြောလိုက်၏။
"ပိုက်ဆံရှိတဲ့ ခံစားချက်က ကောင်းလိုက်တာကွာ။"
ဘုတ် …
ရုတ်တရပ်ဆိုသလိုပဲ ပိန်သေးသေးမိန်းကလေးတစ်ယောက်သည် သူ့နားမှာကပ်၍ ဖြတ်လျှောက်ထွက်သွားလေရာ သူ့အား ဝင်တိုက်လုနီးပါး ဖြစ်သွားခဲ့၏။
ကျွင်းချောင်ရှောင်း အမှတ်မထင်ဆိုသလိုပဲ သူ၏အိတ်ကပ်ကား ဖမ်းကိုင်လိုက်၏။ မည်သည့်အရာမှ ပျောက်ဆုံးမသွားကြောင်း သိရှိလိုက်ရ၏။
"ဘာလို့ အဲ့လောက်ကြီး ပြေးနေရတာလဲ။ အသက်တမျှများ အရေးကြီးနေလို့လား။"
မိန်းကလေးသည် ရုတ်တရပ် ရပ်တန့်၍ နောက်ကိုဆုတ်လိုက်သည်။
ပြီးနောက် ပျော်ရွှင်သော မျက်နှာဖြင့် ပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း "
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
"မင်း ငါ့ကို သိတယ် ဟုတ်လား။"
"ရွှစ် ရွှစ်"
ထိုအချိန်မှာပင် များပြားလှသော သိုင်းပညာရှင်များသည် လမ်းထောင့်တစ်ခုဆီမှ ထွက်ပေါ်လာသည်။
ခေါင်းဆောင်ဖြစ်သော သန်သန်မာမာ အားကောင်းကောင်းနှင့်လူက ကျိန်ဆဲလိုက်၏။
"ပြေးတယ်ပေါ့ ဟုတ်လား အမှိုက်ကလေး။ မင်းမသေချင်ဘူးဆို။"
"မင်းရော။ မင်းမသေချင်ဘူးဆို ဒီကနေ မြန်မြန်ထွက်သွား။"
သူ၏အသံသည် ရပ်တန့်သွား၏။
အဘယ့်ကြောင့်ဆိုသော် ဓားရှည်တစ်လက်သည် သူ၏ပုခုံးထက်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
ဓားရှည်သည် သူ၏ပုခုံးနှင့် အလွန်ပင် နီးစပ်လျှက်ရှိ၏။
ကျွင်းချောင်ရှောင်းပြုံးကာ ပြောလိုက်၏။
"ရောင်းရင်း ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်ဆိုတာ ကောင်းတာမဟုတ်ဘူး။မင်း မိန်းကလေးတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ်လေ။"
"ကောင်းပါပြီ ကောင်းပါပြီ။"
သူ၏လည်ပင်းနားတွင်ရှိနေသော ဓားအားကြည့်ပြီးသည့်နောက် သူ၏စိတ်ဆိုးနေသော အမူအရာများသည် ချက်ချင်းပဲ ပျောက်ကွယ်သွား၏။
ပြီးနောက် ထိုသူသည် အလောတကြီးဖြင့် ပြောလိုက်၏။
"ယဉ်ကျေးပါ့မယ် ….. ယဉ်ကျေးပါ့မယ်။"