← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

ကျွင်းချောင်ရှောင်းသည် ကြယ်လစားသောက်ဆိုင်၌ စားသောက်ရန်အတွက် ငွေစသုံးရာအား သုံးဖြုန်းခဲ့၏။ သို့ပေမဲ့ သူသည် မတန်ဘူးဟု မခံစားရပေ။

ထို့အပြင် သူ့တွင် ပိုက်ဆံများ အများအပြားရှိ၏။ ဤမျှကောင်းမွန်သော အရသာ အတွက် ငွေစ သုံးထောင်လောက် သုံးလိုက်သည် ဆိုလျှင်တောင်မှ ကိစ္စမရှိပေ။

"ဂိုဏ်းချုပ် ….ကျွန်မတို့ဂိုဏ်းမှာ ချက်ပြုတ်စရာ ပစ္စည်းရှိလား။ဥပမာ အိုးတွေ၊ဒယ်အိုးတွေ ၊ ဒယ်ပြားတွေ ဘာတွေညာတွေပေါ့။"

စားသောက်ဆိုင်ထဲမှ လမ်းလျှောက်ထွက်ပြီးသည့်နောက် လျိုဝမ်ရှစ် မေးလိုက်၏။

"ငါထင်တာပဲ။"

ကျွင်းချောင်ရှောင်း မသေချာသလို ပြောလိုက်မိ၏။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးနောက် သူသည် ချင်းယန်ရွာမှ အန်တီဝမ်ပေးသော ခေါက်ဆွဲကိုစားခဲ့သည်။

ဂိုဏ်းတစ်ရာလူသစ်စုဆောင်းပွဲပြီးနောက် ဂိုဏ်းသို့ပြန်ရောက်ချိန်တွင် ချက်ပြုတ်ခြင်းတာဝန်အား လီချင်းယန်က တာဝန်ယူခဲ့သည်။

"အစားအစာဆိုတာက လူတွေအတွက် အရမ်းအရေးကြီးဆုံးအရာပဲ။"

လျှိုဝမ်ရှစ် လေးလေးနက်နက်နှင့် ပြောလိုက်၏။ "အစားအစာနဲ့ပတ်သက်ရင် သတိလက်လွတ် အမှုမဲ့အမှတ်မဲ့နေလို့ မဖြစ်ဘူး။ဒီတော့ ဈေးကိုသွားပြီး တစ်ချို့အရာတွေဝယ်ကြရအောင်။"

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်းသည် သူမအား ဈေးသို့ခေါ်ဆောင်သွား၏။

ပြီးနောက် ချက်ပြုတ်ခြင်းနှင့် ပတ်သက်သော ပစ္စည်းပစ္စယများနှင့်အတူ ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်များကိုပါ တစ်ခါထဲ ဝယ်ယူလိုက်၏။

ဂိုဏ်းချုပ်ကျွင်းသည် အနည်းငယ် ပိန်လိန်နေသည်ကိုမြင်တော့ လျှိုဝမ်ရှစ် သည် မည်သို့ဝဝဖြိုးဖြိုးဖြစ်အောင် ချက်ပြုတ်ရမည်ဆိုသည်ကိုတွေးပြီး လိုအပ်သည်များကို ဝယ်ယူလျက်ရှိ၏။

"ဂိုဏ်းထဲမှာ ဟင်းသီးဟင်းရွက်စိုက်ခင်းရှိလား။"

"မရှိဘူး။"

"ဒါဆိုရင် မွေးမြူရေးခြံကော။"

"မရှိဘူး။"

"ဒါဆိုရင် ဂိုဏ်းထဲမှာ ငါးကန်ရှိလား။"

"မရှိဘူး။"

လျှိုဝမ်ရှစ် ရပ်လိုက်၏။ ပြီးနောက် မျက်လုံးတွေပေကလပ် ပေကလပ်ဖြစ်ကာ ပြောလိုက်သည်။

"ဘာတစ်ခုမှမရှိဘူးဆိုတော့ ဂိုဏ်းချုပ်နဲ့စီနီယာအစ်ကိုတွေက ဘာစားကြတာ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "တစ်ခါတစ်ရံဆိုရင် ထမင်းနဲ့ ဟင်းသီးဟင်းရွက် တွေစားတယ်။တစ်ခါတစ်လေ ခေါက်ဆွဲစားကြတယ်။"

"ဟမ်"

လျှိုဝမ်ရှစ် မျက်လုံးပြူးသွား၏။

အတော်ကြာနောက် သူမသည် သူမ၏ပါးလေးအား ဖောင်းအောင် ပြုလုပ်လိုက်၏။ ပြီးနောက် ပါးအား လက်လေးနှင့်အသာထိုးကာ ထပ်ပြောလိုက်၏။

"သိုင်းပညာကို တစ်နေကုန် ကျင့်ကြံကြတဲ့လူတွေက အာဟာရကို ဂရုစိုက်ရမယ် မဟုတ်ဘူးလား။ မဖြစ်ဘူး မဖြစ်ဘူး။"

သူမသည် ကျွင်းချောင်ရှောင်းအား တစ်ပတ်ပတ်ကာ လက်ညှိးတစ်ထောင်ထောင်ဖြင့် ပြောလိုက်၏။

"ဂိုဏ်းကိုပြန်ရောက်ပြီဆိုရင် ဂိုဏ်းမှာရှိတဲ့အစားအသောက်တွေ ပိုပြီးတိုးတက်အောင် ကျွန်မလုပ်မှဖြစ်တော့မယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ချင်းယန် ….. ဒီကောင်လေး သူဟင်းချက်တဲ့အချိန်တိုင်း ငံရင်ငံ၊မငံရင်ပေါ့၊တစ်ခါတစ်လေ တူးတောင်တူးသေးတယ်။ မင်းသာ အစားအသောက်တွေကို ပိုကောင်းအောင်လုပ်နိုင်ရင် ဒါ အောင်မြင်မှုပဲ။"

လျှိုဝမ်ရှစ် ခဏလောက်တွေးကာ ပြောလိုက်၏။

"ဒါဆိုရင် အသီးအရွက်စိုက်ဖို့ မျိုးစေ့တွေနဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အရာတွေ အရင်ဆုံးဝယ်လိုက်ကြရအောင်။"

"မင်းလိုချင်သလောက်ဝယ် ငါရှင်းမယ်။"

ချင်းယန်မြို့၏အပြင်ဘက်တွင်တော့ ရထားလုံးတစ်စီးသည် လှုပ်လီလှုပ်လဲ့ဖြင့် မောင်းလာလျှက်ရှိ၏။ ရထားလုံးထဲတွင် ထိုင်လျှက်ရှိသော ကျွင်းချောင်ရှောင်းသည် အားရပါးရ အော်ငိုချင်စိတ်ပေါက်နေမိ၏။ သို့ပေမဲ့ မျက်ရည်တော့ မကျလာခဲ့ပေ။

"ဖွီ … ဖွီ"

ရထားလုံး၏ အမိုးပေါ်တွင်တော့ ကြက်ခြံတစ်ခုတင်ထားပြီး အတွင်း၌ ကြက်မများ တစ်ဖူးဖူး နှင့် ပျံသန်းလျှက်ရှိ၏။ ကြက်မွေးများသည် သူ၏ခေါင်းပေါ်သို့ ကျဆင်းလျှက်ရှိသည်။

ခေါင်းပေါ်သို့ ကြက်မွေးများ ကျဆင်းနေသည်ကို ကျွင်းချောင်ရှောင်း အဘယ့်ကြောင့် မရှောင်သနည်း။

အဘယ့်ကြောင့်ဆိုသော် ရှောင်၍ မရသောကြောင့်ဖြစ်၏။ ရထားလုံးထဲတွင် ကြက်များ၊ ဘဲများ၊ ဘဲငန်းများ၊ မြည်းများ၊ ဆိတ်များ၊ သိုးများဖြင့် ပြည့်လျှက်ရှိပြီး သူ့တစ်ကိုယ်စာ ထိုင်နေသည်တောင်မှ ကျုံကျုံလေး ထိုင်နေရ၏။

သေးငယ်လှသော ရထားလုံးထဲတွင် လူနှစ်ယောက်နှင့်အတူ တိရစ္ဆာန်ပေါင်း မြောက်မြားစွာသည် ပြည့်ကျပ်လျှက် ရှိ၏။

လျှိုဝမ်ရှစ်သည် အဖြူရောင်ယုန်လေးတစ်ကောင်အား အသာပိုက်၍ ပွတ်ကာပြောလိုက်၏။

"ဂိုဏ်းချုပ် အရင်ဆုံး မွေးမြူရေးခြံကို အရင်ဆုံး လုပ်လိုက်ကြရအောင်။"

"ဟား ဟား"

ကျွင်းချောင်ရှောင်း ခြောက်ကပ်ကပ်နှင့် ရယ်လိုက်၏။

ပြီးနောက် သူ့နဖူးကိုယ်သူ ပြန်ရိုက်လိုက်မိ၏။ ရုတ်တရက် ဆိုသလိုပဲ လက်ဆီမှ စေးကပ်ကပ်အရသာကို ခံစားလိုက်မိသည်။

ဤအရာသည် ကြက်ချေးများပင် ဖြစ်ပေလိမ့်မည်။

နေဝင်ချိန်ရောက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်နှင့်အတူ နောက်လိုက်နောက်ပါ တိရစ္ဆာန်ပေါင်း မြောက်မြားစွာနှင့် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

သို့ပေမဲ့ သူသည် သံမဏိအရိုးဂိုဏ်းဝင်ပေါက်သို့ ရောက်ချိန်မှာတော့ ဝါးဦးထုပ်နှင့်ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် လက်တွင် ဓားမော့တစ်ချောင်းအား ပိုက်ကာ ခပ်တည်တည်နှင့် ရပ်လျှက်ရှိသည်ကို မြင်လိုက်ရ၏။

ဤလူ မည်သူနည်း။

"ဂိုဏ်းချုပ်ပြန်လာပြီ။"

ထျန်းချီ သည် ဂိုဏ်းထဲမှ မြန်မြန်ဆန်ဆန်ပဲ အပြင်သို့ ပြေးထွက်လာ၏။ ပြီးနောက် သူသည် လျှိုဝမ်ရှစ်အား အရင်ကြည့်လိုက်၏။ ထို့နောက် ဂိုဏ်းချုပ်အား ကြည့်လိုက်သည်။

မြန်မြန်ဆန်ဆန်ပဲ နှာခေါင်းအားပိတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် …..ချင်းယန်ရွာကိုသွားပြီးတော့ ကြက်ချေး ကျုံးလာတာလား။"

"မင်းကြီးတော်ကြီးကို ကြက်ချေးကျုံး။"

ကျွင်းချောင်ရှောင်းသည် အနောက်တွင်ရှိသော တိရစ္ဆာန် ခြင်းကြီးခြင်းငယ်များအား ကြည့်ကာ ပြောလိုက်သည်။

"မြန်မြန် လူတွေကိုခေါ်ပြီးတော့ … အတွင်းခြံဝန်းထဲကို မြန်မြန်ထည့်။"

"ကောင်းပါပြီ ကောင်းပါပြီ။"

ထျန်းချီသည် လှည့်ကာထွက်ရန် ပြင်လိုက်သည်။

"နေအုန်း "

ကျွင်းချောင်ရှောင်းသည် ဝါးဦးထုပ် ဝတ်ဆင်ထားသောလူအား လက်ညှိးထိုးကာ ပြောလိုက်သည်။

"သူ ဘယ်သူတုန်း။"

ထျန်းချီ သည် အသံတီးတိုးပြောလိုက်၏။"ဂိုဏ်းချုပ် သူကတော့ သူ့ကိုယ်သူ မာယုံနင်လို့ ပြောတာပဲ။ တစ်ကိုယ်တော်ဓားသမားတစ်ယောက်လို့ ပြောတယ်။ဂိုဏ်းချုပ်နဲ့ တစ်ယောက်ချင်း ယှဉ်ချင်လို့လာခဲ့တာ။ ဂိုဏ်းချုပ် ဒီမှာမရှိဘူးလို့ အစောကြီးကထဲက ပြောထားတယ်။ဒါ့ကြောင့် သူ ဒီမှာ မတ်တပ်ရပ်နေတာ ရှစ်နာရီတောင်ကြာပြီ။အခု အိပ်တောင်အိပ်ပျော်နေပြီ။"

"ခလူး …. ခလူး။"

ဟောက်သံများကို ကြားလိုက်ရ၏။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွား၏။

"မတ်တပ်ရပ်ရင်းနဲ့တောင် အိပ်တတ်တယ် ဟုတ်လား။ မြန်မြန်"

သူ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

"သွား အထဲကလူတွေ သွားခေါ်။"

"ကောင်းပါပြီ။"

ထျန်းချီ သည် မြန်မြန်ဆန်ဆန်ပဲ ဂိုဏ်းထဲလှည့်ကာ ပြေးဝင်သွား၏။

ပြီးနောက် တပည့်များအားလုံး ထွက်လာကြပြီး မွေးမြူရေးအတွက် လိုအပ်သော တိရစ္ဆာန်ခြင်းများအား မြန်မြန်ဆန်ဆန်ပဲ ခြံဝန်းထဲသို့ ပိုဆောင်ကြသည်။

အားလုံးသည် အလုပ်ရှုပ်လျှက် ဆူညံပွက်လောရိုက် သွားကြ၏။

သို့ပေမဲ့ တစ်ကိုယ်တော်ဓားသမားဖြစ်သူကတော့ တံခါးရှေ့တွင် မတ်တပ်ရပ်လျှက် မရပ်မနား ဟောက်နေတုန်းပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်း ခေါင်းကိုအသာခါရမ်းကာ ပြောလိုက်၏။

"တုတု …. လာ အထဲဝင်ရအောင်။"

"အင်း"

တုတု သည် အသာခြေဖျားထောက်ပြီး ပျော်ရွှင်စွာဖြင့် ဂိုဏ်းထဲသို့ လှမ်းဝင်လိုက်၏။

လှပ၍ ကြည့်ကောင်းလှသော ခြံဝန်းထဲအား မြင်လိုက်ချိန်မှာတော့ သူမသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်မတို့ သံမဏိအရိုးဂိုဏ်းက အရမ်းကြည့်လို့ကောင်းတာပဲ။"

ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အရင်ဆုံး ရေချိုးလိုက်၏။

ပြီးနောက် အဓိကဟောခန်း၏ ထိုင်ခုံမှာ ထိုင်လိုက်စဉ်မှာပဲ လီချင်းယန်၊လုချင်းချင်း နှင့် တစ်ခြားသောတပည့်များသည် သူတို့၏တာဝန်များကို ပြီးစီး၍ ပြန်လာကြတော့သည်။

ရှောင်ကျီ သည် အထဲသို့ လှမ်းဝင်မလာခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် သူသည် တစ်နေကုန် ချေးကျုံး ထားရသောကြောင့် ဖြစ်၏။

"ဂိုဏ်းချုပ်"

စုရှောင်မို ပြောလိုက်သည်။

"အဝါလေးကို ရှာတွေ့ပြီ။"

"တော်တယ်။"

ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်သည်။

လုချင်းချင်းသည် တံခါး၌မှီကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။

"တစ်ခြား ဘာမှမရှိတော့ဘူးဆိုရင် ကျွန်မအရင်ဆုံး သွားတော့မယ်။"

"နေအုံး။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ငါဒီနေ့ ချင်းယန်ရွာကို သွားခဲ့တယ်။မိန်းကလေးတစ်ယောက်ကို ပြန်ခေါ်လာတာ။ အတွင်းခြံဝန်းကလည်း ပြင်နေတုန်း ဖြစ်တာကြောင့် မင်းနဲ့အတူ တစ်ခန်းထဲမှာ ခဏထားမယ်။"

"မိန်းကလေး ဟုတ်လား။"

လုချင်းချင်း မျက်မှောင်ကုပ်သွား၏။

ရုတ်တရက် ဆိုသလိုပဲ သူမ၏ခါးရှိ သုံးပေအရှည်ရှိသော ဓားသည် အပြင်ဘက်သို့ ရောက်ရှိလာ၏။ အတွင်းဘက်မှထွက်လာသော မိန်းကလေးတစ်ယောက်၏ လည်ဂုတ်ပေါ်သို့ ဓားသည် ရောက်ရှိသွားသည်။

တစ်ဖက်လူသည် ရုတ်တရက် ဓားကို ဆွဲထုတ်၍ သူ၏လည်ပင်းအား ပိုင်းဖြတ်ရန် တင်လိုက်မည်ဟု မထင်သောကြောင့် လျှိုဝမ်ရှစ် ၏မျက်နှာပေါ်တွင် ပဲစေ့ခန့်အရွယ်ဖြင့် မျက်ရည်လုံးများ လှိမ့်ဆင်းလာတော့သည်။

"အစ်မကြီး … ကျွန်မကို မသတ်ပါနဲ့။ကျွန်မ ရေချိုးရုံလေးပါ။"

"ချင်းချင်း "

ကျွင်းချောင်ရှောင်း အလောတကြီးပြောလိုက်သည်။ "ဓားကို သိမ်းလိုက်။သူက ငါပြောတဲ့မိန်းကလေးပဲ။"

"သြော် "

ချင်းချင်း ပြန်ပြောပြီး သူမ၏ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။

ငိုနေတုန်းဖြစ်သော လျှိုဝမ်ရှစ်သည် ချက်ချင်းဆိုသလိုပဲ ပြုံးကာ ပြောလိုက်၏။

"အစ်မကြီး ….အစ်မကြီးက အရမ်းလှတာပဲ။နတ်သမီး ကျနေတာပဲ။"

"တုတု …."

ကျွင်းချောင်ရှောင်းသည် လက်ယက်ပြကာပြောလိုက်၏။ "ဒီကို မြန်မြန်လာ။"

"ဟုတ်ကဲ့"

လျှိုဝမ်ရှစ်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာခဲ့၏။ ရေချိုးပြီးသည့်နောက် သူမသည် ပွပွယောင်းယောင်း ဝတ်စုံအား ပြောင်းလဲဝတ်ဆင်လာခဲ့၏။

သူမ၏မျက်နှာသေးလေးသည် ဖြူဖွေး၍ သွယ်လျလှသည်။ ထို့အပြင် သူမသည် အလွန်အမင်း ချစ်ဖို့ကောင်းလှသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

"သူမနာမည်က လျှိုဝမ်ရှစ်လို့ခေါ်တယ်။မင်းတို့ သူ့ကို တုတု လို့ ခေါ်လို့ရတယ်။ အခုကစပြီး သူမက သံမဏိအရိုးဂိုဏ်းရဲ့ စားဖိုမှုးတစ်ယောက်ပဲ။ရွှေအဆင့် စားဖိုမှုး။"

လီချင်းယန် ပျော်ရွှင်သွားသည်။ ဂိုဏ်းချုပ်သည် စားဖိုမှုးတစ်ယောက်ကို အမှန်ပင်ရှာတွေ့ခဲ့လေသည်။ နောက်ဆုံးတော့ သူသည် ချက်ပြုတ်စရာမလိုတော့ပေ။

"စီနီယာအစ်ကိုတို့ …."

လျှိုဝမ်ရှစ် ဦးညွတ်ကာ ပြောလိုက်၏။ "အနာဂတ်မှာ ကျွန်မကို ဂရုစိုက်ကြပါအုံး။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

"တုတု … ငါ မင်းကို မိတ်ဆက်ပေးမယ်။တံခါးရှေ့မှာ ရပ်နေတဲ့တစ်ယောက်က အကြီးဆုံးတပည့်ကြီး လုချင်းချင်းပဲ။"

"ဒါကတော့ ဒုတိယတပည့် လီချင်းယန်၊မင်းဘေးနားမှာရှိနေတာက တတိယတပည့် စုရှောင်မို့။"

တစ်စုံတစ်ယောက်အား မိတ်ဆက်ပေးစဉ်တိုင်းတွင် လျှိုဝမ်ရှစ်သည် ဦးညွတ်ကာ အလွန်ပင် ယဉ်ကျေးသည့် ဟန်ပန်အမူအရာကို ပြသလျှက်ရှိ၏။

မိတ်ဆက်မှု ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"အတွင်းခြံဝန်းက အခုမှ ပြန်ပြီးပြင်ဆင်တုန်းရှိသေးတယ်။ဒီတော့ မင်းနဲ့ ချင်းချင်းနဲ့ အခန်းတစ်ခုထဲမှာ အရင်အတူတူနေကြ။"

"ဟုတ်ကဲ့ပါ။"

လျှိုဝမ်ရှစ်သည် ခေါင်းညိတ်၍ တောက်ပစွာ ပြုံးလိုက်သည်။

လီချင်းယန် ပြောလိုက်၏။ "ဂိုဏ်းချုပ် မှောင်နေပြီ ဟင်းမချက်ရတော့ဘူးလား။"

လျှိုဝမ်ရှစ်သည် သူမ၏ လက်သေးသေးလေးအားမြှောက်၍ အားရပါးရ ပြောလိုက်၏။

"ကျွန်မချက်မယ်။"

အဓိဟောခန်း ဘေးတစ်ဖက်တွင်တော့ စားဖိုဆောင်ရှိလေသည်။

လီချင်းယန် ပြန်လည်ပြင်ဆင်ပြီးနောက်တွင် စားဖိုဆောင်သည် အတော်အသင့် ကြည့်ကောင်းသွား၏။

လုချင်းချင်း သူမ၏ရင်ကာအား စည်းနှောင်လိုက်ပြီး စဉ်းတီတုံးပေါ်ရှိ ဓားမအား လှမ်းကိုင်လိုက်၏။

"ဂိုဏ်းချုပ်"

အပြင်ဘက်၌ မတ်တပ်ရပ်၍ ကြည့်လျှက်ရှိသော လီချင်းယန်သည် တီးတိုးပြောလိုက်၏။

"တုတု က အရမ်းငယ်သေးတယ်။ တကယ်ကော ဟင်းချက်တတ်ပါ့မလား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"သူမ ဓားကိုင်တဲ့ပုံကို ကြည့်ရတာ မင်းထက်တော့ ကျွမ်းတဲ့ပုံပဲ။"

လီချင်းယန်၏ နှလုံးသားထဲတွင် အလွန်ပဲ နာကျင်သွားရ၏။

လျှိုဝမ်ရှစ်၏ မျက်နှာအမူအရာသည် ပို၍ လေးနက်သွားသည်။

သူမသည် လက်ထဲမှ ဓားမအား ဝှေ့ယမ်းလိုက်၏။

ရုတ်တရက် ဆိုသလိုပဲ ဓားအလင်းတစ်ခုဖြစ်ပေါ်လာသည်ကို အားလုံးမြင်လိုက်ရ၏။

"ကျွမ်းကျင်သူပဲ။"

ကျွင်းချောင်ရှောင်းနှင့်လီချင်းယန်တို့သည် တစ်ပြိုင်နက်ထဲ ထအော်လိုက်မိ၏။

တော်တော်ကြာတော့ ဓားအလင်းတန်း ပျောက်ကွယ်သွားသည်။ လျှိုဝမ်ရှစ်သည် စဉ်းတီတုံးပေါ်တွင် ဓားမကြီးအား ထိုးစိုက်လိုက်သည်။

စဉ်းတီတုံးပေါ်တွင်တော့ ကြက်သွန်မြိတ်များ၊ဂျင်းများ၊ကြက်သွန်ဖြူများအားလုံးသည် ပိုင်းဖြတ်ပြီးဖြစ်နေ၏။

"ကျွမ်းကျင်သူဟ … ကျွမ်းကျင်သူ။"

"ဆရာကြီးပဲ။"

ကျွင်းချောင်ရှောင်းနှင့် လီချင်းယန်တို့သည် မျက်လုံးပြူးသွားမိ၏။

ပါဝင်ပစ္စည်းများအားလုံးသည် တိတိရိရိနှင့် လှလှပပ ပိုင်းဖြတ်ပြီးဖြစ်နေသည်။

ဤဓားအစွမ်း …။

ထိုအရာသည် အလွန်အမင်း အံ့သြဖွယ်ရာ ကောင်းလှ၏။

လျှိုဝမ်ရှစ်သည် စတင်ချက်ပြုတ်ရင်း ပြောလိုက်သည်။ "နောက်ကျနေပြီ။ဒီတော့ ထမင်းကျန်တွေကိုပဲ ကြော်ပေးလိုက်မယ်။"

"အင်း အင်း။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

ဒယ်အိုးအား အပူပေးပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ်သည် ဆီ၊ဂျင်း၊ကြက်သွန်ဖြူတိုနဲ့ တစ်ခြားပါဝင်ပစ္စည်းများကို ထည့်လိုက်၏။ နောက်ဆုံးမှာတော့ ထမင်းကိုပစ်ထည့်ကာ မွှေနှောက်တော့သည်။

ဟင်းချက်သည့်ဖြစ်စဉ်တစ်ခုလုံးသည် ချောမွေ့လွန်းလှ၏။

အချိန်အတော်ကြာပြီးနောက် ထမင်းကြော်၏အနံ့သည် မီးဖိုခန်းထဲမှ ကြိုင်သင်းစွာ ထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းနှင့် လီချင်းယန်တို့သည် နှာခေါင်းရှုံ့ကာ အသာရှူလိုက်၏။

"မွှေးလိုက်တာ။"

All Chapters