အခန်း (၅၅)
Vol. 4 Ch. 55
လုချင်းချင်း၊ လီချင်းယန်နှင့် တစ်ခြားသော တပည့်များသည် ချင်းယန်ရွာသို့သွား၍ သူတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်လျှက်ရှိသည်။
တစ်ခြားသူများသည် သူတို့၏နေ့စဉ်ကျင့်ကြံခြင်း နည်းစနစ်များကို စတင် ကျင့်ကြံနေကြသည်။ သို့ပေမဲ့ လေ့ကျင့်ရေး ကွင်းမျက်နှာပြင်ပေါ်တွင် ကျင့်ကြံခြင်းတော့မဟုတ်ပေ။ အဲအစား တစ်ခြားခပ်ဝေးဝေးရှိ နေရာလွတ်တစ်ခု၌ သွား၍ ကျင့်ကြံနေကြ၏။
အဘယ့်ကြောင့်နည်း။
အဘယ့်ကြောင့်ဆိုသော် တစ်ကိုယ်တော်ဓားသမားဟုခေါ်သော မာယုံနင်သည် လေ့ကျင့်ရေး ကွင်းပြင်ထက် တွင် ဒူးထောက်ထိုင်လျှက်ရှိပြီး လက်ထဲတွင် သူ၏ဓားကိုကိုင်ကာ ငူငူကြီး ထိုင်လျှက်ရှိနေသောကြောင့်ပင် ဖြစ်သည်။
မွန်းတည့်ချိန်ဖြစ်သောကြောင့် နေသည် ခြစ်ခြစ်တောက်ပူလျှက်ရှိ၏။ သို့ပေမဲ့ မာယုံနင်သည် တစ်ချက်ကလေးမှ မလှုပ်ရှားပေ။
မာယုံနင်၏ဓားသည် အဆင့်မြင့်အရည်အသွေးရှိသော ဓားတော့မဟုတ်ပေ။
သို့ပေမဲ့ ဓားသမားတစ်ယောက်အတွက် သူသည် ဓားအား အသက်နှင့်အမျှ တန်ဖိုးထားသည်။ ယခု ဓားကျိုးသွားခဲ့ပြီဆိုသည်မှာ သူ၏ အသက် တစ်ဝက်နီးပါးခန့် ဆုံးရှုံးသွားခဲ့သည်ဟု အဓိပ္ပါယ်သက်ရောက်သည် မဟုတ်လား။
"ဂိုဏ်းချုပ်"
စုရှောင်မိုသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဒီလူတော်တော် သနားစရာကောင်းတယ်။သူ့နားကိုသွားပြီးတော့ ထီး မိုးပေးထားလိုက်ရမလား။"
ကျွင်းချောင်ရှောင်းသည် ကျိုးပျက်နေသော တံခါးအား လက်ညှိးထိုးကာ ပြောလိုက်သည်။
"ငါ့တံခါးက ပိုပြီးတော့တောင် သနားစရာ ကောင်းသေးတယ်။ တံခါးက သူ့ဘာသူ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းအောင်နေနေတာ။အခု ကန်ချိုးခံလိုက်ရတယ်မဟုတ်လား။"
ဤအချိန်မှာပဲ မာယုံနင်သည် သူ၏ဓားကျိုးအား လက်ဖြင့်ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် လေးလေးနက်နက် ပြောလိုက်သည်။ "ငါ မင်းကို ဒီနေ့မှာ ရှုံးသွားခဲ့တယ်။ဒါက ငါမင်းလောက် အရည်အချင်းမရှိလို့ပဲ။ဒါပေမဲ့ အနာဂတ်မှာ ငါမင်းကို လာပြီးတော့ စိန်ခေါ်အုံးမယ်။"
"နှုတ်ဆက်ပါတယ်။" ပြောပြီးသည့်နောက် သူသည် ဝါးဦးထုပ်ကား ဆောင်းကာ သူ၏ဓားကျိုးအားကိုင်၍ ထွက်ခွာသွားတော့သည်။
သူ၏အသက်လောက် တန်ဖိုးထားရသော ဓားကျိုးသွားခဲ့သည်ဆိုသော်လည်း သူသည် ရန်ငြိုးဟူ၍ တကူးတက မသတ်မှတ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ မကျွမ်းကျင်သောကြောင့် ရှုံးနှိမ့်ခဲ့ရခြင်း ဖြစ်သည်မို သူ၏အရှုံးအား သူလက်ခံနိုင်၏။
မာယုံနင် အော်လိုက်သည်။
"အရှက်တရားဆိုတဲ့အရာကို သိပြီးတဲ့နောက်မှာ အစစ်အမှန်ဓားသမားတွေက ပိုပြီး သတ္တိကောင်းလာတယ်။"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွား၏။
"ဒီလူ ဦးနှောက်ကော ကောင်းရဲ့လား မသိဘူး။"
မာယုံနင် တစ်ဖြည်းဖြည်းနဲ့ ထွက်ခွာသွားပြီး ပျောက်ကွယ်သွားတော့သည်။
မာယုံနင် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ တပည့်များသည် လေ့ကျင့်ရေးကွင်းဆီသို့ ရောက်ရှိလာကာ သူတို့၏ ကျင့်ကြံခြင်းများကို ဆက်လက်ပြုလုပ်လျှက် ရှိကြ၏။
လျိုဝမ်ရှစ် ပြုလုပ်ပေးသော နေ့လည်စာကို စားသုံးပြီးနောက်မှာတော့ သူတို့အားလုံး၏ဘဝသည် အလွန်တရာ လှပလွန်းလှသည်ဟု ခံစားမိလိုက်ကြသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အတွင်းခြံဝန်းထဲမှာ နေရာလွတ်တစ်ခုရှိတယ်။မင်း အဲ့ဒီနေရာကို စိုက်ခင်းတွေ မွေးမြူရေးခြံတွေ လုပ်လို့ရတယ်။ဂိုဏ်းရဲ့ စားဖိုဆောင်ကို အနာဂတ်မှာ မင်းရဲ့လက်ကို အပ်လိုက်ပြီ။"
လျိုဝမ်ရှစ် ခေါင်းညိတ်လိုက်သည်။ သူမ၏မျက်လုံးများသည် တောက်ပလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းဆီသို့ ပြန်ရောက်လာသည်။
ပြီးနောက် သူသည် "ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ်ကား ကျင့်ကြံခြင်းမှာ စနစ်ကား ဖွင့်ကြည့်လိုက်၏။
"ဂိုဏ်းစုဆောင်းမှတ် - ၈၆မှတ် … ဒါတွေကို ငါဘယ်လိုသုံးရမလဲ။"
သူသည် ဝယ်ယူနိုင်သောပစ္စည်းများကို ဖွင့်ကြည့်လိုက်သည့်အခါမှာတော့ စဦးအဆင့် အသိအမြင်အဆောင်သည် ဝယ်ယူ၍ ရနိုင်သည်ဆိုသည်ကို မြင်လိုက်ရ၏။
ထို့ကြောင့် တစ်ချက်လေးမှ နှောင့်နှေးခြင်းမရှိပဲ ချက်ချင်း ဝယ်ယူလိုက်၏။
ဤအရာသည် တပည့်များအတွက် အလွန်အကျိုးရှိသောအရာဖြစ်သလို သူ့အတွက်လည်း အလွန်တရာ အရေးကြီးသော အဆောင်ဖြစ်၏။ တစ်ခြားသူများ၏ ကျင့်ကြံခြင်း နည်းစနစ်ကိုလည်း သူ့အနေနှင့် ခိုးယူ၍ ရနိုင်သေး၏။ များများရလေ သူ့အတွက်ကောင်းလေ ဖြစ်သည်။
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။
"လက်ဆောင်ထုပ်ထဲမှာပါတဲ့ အဆောင်ဆိုလို့ ထွက်ပြေးလွတ်မြောက်ခြင်း အဆောင်တစ်ခုပဲ ရှိတယ်။ ကျွမ်းကျင်တဲ့လူ တစ်ယောက်ယောက်နဲ့တွေ့ရင် ငါ ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး။ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆောင်အနည်းငယ် ဝယ်ရမယ်။"
ပြီးနောက် သူသည် စတိုးထဲသို့ဝင်၍ ပစ္စည်းများ ရှာဖွေကြည့်လိုက်တော့သည်။ သို့ပေမဲ့ အချိန်အတော်ကြာ ရှာဖွေကြည့်ပြီးနောက်မှာတော့ မည်သည့်အဆောင်များကိုမှ မတွေ့ရှိပေ။
အဲဒီအစား လှပသောနာမည်များဖြင့် ပစ္စည်းတစ်ချို့ကိုသာ တွေ့လိုက်ရ၏။ သို့ပေမဲ့ အရာအားလုံးသည် ကြောင်တောင်တောင်နိုင်လှပြီး အသုံးမဝင်လှပေ။
ဥပမာအားဖြင့် ဂိုဏ်းစုဆောင်းမှတ်ဆယ်မှတ် ကုန်ဆုံးနိုင်သော သေးအိုးတစ်ခုလည်း ရှိသေး၏။
မိတ်ဆက်ထားသည့် အချက်အလက်များအရဆိုလျှင် အသုံးပြုသူအနေ နှင့် သေးအိုးအား ပြန်လည်သွန်စရာမလိုပေ။ ထို့အပြင် သူ့အလိုလို သန့်ရှင်းသည့် လုပ်ဆောင်ချက်လည်း ပါဝင်သည်မို့ မည်သည့်အနံ့အသက်မှလည်း ကျန်ရှိနေမည် မဟုတ်ချေ။
ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်သာ ကုန်ဆုံးမည်ဆိုလျှင် ထိုအရာအား ကျွင်းချောင်ရှောင်း ဝယ်ယူရန် စဉ်းစားသင့်စဉ်းစားနိုင်၏။ ထို့အပြင် သူ့အနေနှင့် သေးအိုးထသွန်ရသည့် အလုပ်ကလည်း ကရိကထ များလွန်းလှသည် မဟုတ်လား။
ဆိုင်အတွင်း၌ ထူးဆန်းလှသော ပစ္စည်းများ တော်တော်များများ ရှိသေးသည်။
သို့ပေမဲ့ အရာအားလုံးသည် ဝယ်ယူရန် ထိုက်တန်လှသည်တော့ မဟုတ်ပေ။
စနစ်မှ ပြောလိုက်သည်။ "စတိုးထဲမှာ ပစ္စည်းတွေအများကြီး ရှိပါသေးတယ်။ တစ်ချိုအရာတွေသည် သင်၏ အားအင်အဆင့်နှင့် အကူအညီဖြစ်စေနိုင်မှာ မဟုတ်ပါ။လက်ခံသူအနေနှင့် သဘောမတွေ့ဘူးဆိုလျှင် စတိုးအား refresh လုပ်နိုင်ပါသည်။"
"ဂိုဏ်းစုဆောင်းမှတ်တွေကို ထပ်ပြီး သုံးစေချင်နေတာမလား။"
စနစ် ဘာကို စဉ်းစားနေသည် ဆိုသည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ သို့ပေမဲ့ သူသည် သေချာ စဉ်းစားပြီးသည့်နောက် စနစ်မှ အကြံပြုသည့်အတိုင်း ပြုလုပ်လိုက်၏။
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၆၆/၁၀၀"
ဂိုဏ်းစုဆောင်းမှတ်ဆယ်မှတ်ကို အသုံးပြုပြီးနောက်မှာတော့ စဦးစတိုးထဲတွင် ပစ္စည်းအသစ်တစ်ခု ပေါ်လာတော့သည်။
ကျွင်းချောင်ရှောင်းသည် တစ်ချက် လှမ်းကြည့်လိုက်တော့ ……
"စဦးအဆင့် အားအင်တိုးတက်ခြင်းအဆောင်"
ဈေးနှုန်းသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်မှတ်ဖြစ်၏။
"ဈေးကြီးလိုက်တာ။"
သူ အသေးစိတ်ကို ထောက်ကြည့်လိုက်၏။
ပစ္စည်း - စဦးအဆင့် အားအင်တိုးတက်ခြင်းအဆောင်။
အစွမ်းသက်ရောက်မှု - အသုံးပြုပြီးသည့်နောက် အသုံးပြုသူ၏ အားအင်သည် မူလအခြေခံမှ ငါးဆအထိ ပို၍ တိုးလာနိုင်သည်။
ကြာမြင့်ချိန် - ၆၀မိနစ်
အားနည်းချက် - အသုံးပြုသူ၏ ခန္ဓာကိုယ်အခြေခံသည် အလွန်အမင်း သန်မာအားကောင်းနေရန် လိုအပ်သည်။ မဟုတ်လျှင် အသုံးပြုပြီးသည့်နောက် အသုံးပြုသူ၏ ကြွက်သားနှင့် အရိုးများသည် နာကျင်ပေလိမ့်မည်။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀
"အားအင်ကို ငါးဆပိုပြီးတိုးလာစေတယ် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွား၏။
ပြီးနောက် ပြောလိုက်သည်။ "ငါ့ရဲ့ အားအင်က ဂျင် နှစ်ထောင်နီးပါးရှိတယ်။ဒါကိုသုံးပြီးရင် ငါ့ရဲ့ အားအင် အဆင့်က ဂျင်တစ်သောင်းထိ ရောက်သွားမယ်လို့ ဆိုလိုတာ မဟုတ်လား။"
"ဝယ်မယ်။"
တစ်ချက်လေးမှ တွန့်ဆုတ်မှုမရှိပဲ သူ ဝယ်ယူလိုက်သည်။
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀အား အသုံးပြု၍ စဦးအားအင် တိုးတက်ခြင်းအဆောင်အား ရရှိခဲ့သည်။ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီး ဖြစ်သည်။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၄၆/၁၀၀"
ဂိုဏ်းစုဆောင်းမှတ် ၈၆မှတ်ရှိရာမှာ သူသည် အဆောင်နှစ်ခုကို ဝယ်ယူခဲ့သည်။ ထို့အပြင် စတိုးအား refreshတစ်ကြိမ် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ သူသည် ဂိုဏ်းစုဆောင်းမှတ်၄၀အား အသုံးပြုခဲ့ပြီးဖြစ်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဂရုမစိုက်ပေ။
ထို့အပြင် ဂိုဏ်း၏စုဆောင်းမှတ်များဆိုသည်မှာ သုံးဖြုန်းရန်အတွက်ပင် မဟုတ်လော။
"စဦးအဆောင်ပဲ ရှိသေးတယ်။အလယ်အလတ်နှင့် အဆင့်မြင့်အဆောင်လည်း ရှိနိုင်သေးတယ်။ အားအင်တိုးတက်လာတာနဲ့အမျှ ပိုပြီး ကြောက်ဖို့ကောင်းတဲ့အရာတွေ ပေါ်လာနိုင်တယ်။"
ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် အလယ်အလတ်အဆင့် စတိုးထဲသို့ ဝင်ကြည့်လိုက်၏။
သူ ပထဦးဆုံးတွေ့လိုက်သော ပစ္စည်း၏တန်ဖိုးသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ဖြစ်နေသည်ကို မြင်လိုက်ရချိန်မှာတော့ ချက်ချင်းပဲ အလယ်အလတ်စတိုးထဲမှထွက်၍ စဦးစတိုးထဲသို့ ပြန်ဝင်လိုက်သည်။
သူ၏နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်လျှက်ရှိ၏။
"ဘယ်လောက်ဈေးကြီးလိုက်တာလဲကွာ။ အထိအတွေ့တောင်မခံနိုင်တဲ့ အရာတွေပါလား။"
စနစ်မှပြောလိုက်သည်။
"လက်ခံသူ၏ လက်ရှိကျင့်ကြံခြင်း အခြေခံ၊ဂိုဏ်း၊ အဆောက်အဦး၊ အဆင့်အရ အလယ်အလတ်စတိုးထဲမှ ပစ္စည်းများကို ဝယ်ယူမည်ဆိုလျှင်တောင်မှ အသုံးပြု၍ ရနိုင်မည် မဟုတ်ပေ။"
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုပြီး စဦးစတိုးထဲမှ ပစ္စည်းများအား ဆက်လက်မွှေနှောက် ရှာဖွေလိုက်၏။
သူသည် ပစ္စည်းတစ်ခုကို မြင်လိုက်ချိန်မှာတော့ ရုတ်တရက် ထိုင်ခုံပေါ်မှထခုန်လုမတတ် ဖြစ်သွား၏။
"ငါဘာကို မြင်လိုက်တာလဲ။"
မှောနည်းစနစ်ဖြင့် အဆင့်မြှင့်တင်ထားသော ကန္ဓာရလင်းယုန်ဆိုသော စာလုံးနှင့်အတူ သေနတ်တစ်လက်အား သူ မြင်လိုက်ရသည်။
"ဒါ တကယ်သေနတ်ကြီးလား။"
ကျွင်းချောင်ရှောင်းသည် ပါးစပ် အဟောင်းသား ဖြစ်သွား၏။
သူသည် စနစ်အား refreshလုပ်လိုက်သည် ဆိုသည်မှာ ပစ္စည်းသစ်များကို မြင်ချင်၍ ဖြစ်၏။ သို့ပေမဲ့ သေနတ်ပေါ်လာလိမ့်မည်ဟုတော့ သူ တစ်ချက်လေးမှ မတွေးခဲ့ဖူးပေ။
သူ သေနတ်၏အသေးစိတ်အချက်အလက်များကို ထောက်ကြည့်လိုက်၏။
ပစ္စည်း - မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ကန္ဓာရလင်းယုန်။
မိတ်ဆက် - အစ္စရေးမှထုတ်လုပ်သော 0.357 ကလီဗာ ပစ္စတိုသေနတ်ဖြစ်၏။ အဆင့်မြှင့်တင်ပြီးသည့်နောက်တွင် အဆင့်မြင့်သိုင်းပညာရှင်များ၏ ကမ္ဘာတွင် အသုံးပြုနိုင်သော ပစ္စည်းတစ်ခု ဖြစ်လာခဲ့၏။ ဤသေနတ်အား အသုံးပြုရန်အတွက် သလင်းအမြုတေများကို စွမ်းအင်အဖြစ် ဖွဲ့တည်၍ ကျည်ဆံအဖြစ် ဖြစ်တည်အောင် ပြုလုပ်ရမည်။ ပြီးနောက်မှ ပစ်၍ရသည်။
အစွမ်းသက်ရောက်မှု - အမြန်အဆန် ပစ်နိုင်ခြင်း။ အားကောင်းလှသော ထိုးဖောက်ခြင်း စွမ်းအား။
ကြာချိန် - ထာဝရ
အားနည်းချက် - အဆင့်မြှင့်တင်ထားသည် ဆိုသော်လည်း လက်နက်၏သဘောသဘာဝအရ အလွန်ဝေးသော နေရာများမှ တိုက်ခိုက်ရန် မသင့်တော်ပေ။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀မှတ်
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။
"ဒါက ကျည်ဆံလောက်တော့အားမကောင်းဘူး။ဒါပေမဲ့ သလင်းအမြုတေနဲ့ သုံးရမှာပဲ။"
သူ့ရဲ့ မူလလက်ဟောင်း ကျွင်းချောင်ရှောင်းမှတ်ဉာဏ်တွေအရ ဆိုလျှင် သလင်းအမြုတေနဲ့ပတ်သက်သည့် အကြောင်းအရာများကို သူ သိရှိနေ၏။
သလင်းအမြုတေဆိုသည်မှာ သားရဲတို့၏ခန္ဓာကိုယ်တွင် တည်ရှိသည့် အရာဖြစ်ပြီး အဆင့်နိမ့်သလင်းအမြုတေဆိုလျှင်တောင်မှ ဈေးကွက်ထဲတွင် ငွေစတစ်ထောင်တန်ကြေးရှိ၏။
"ဒါကိုဝယ်သင့်လား၊ မဝယ်သင့်လား။"
ကျွင်းချောင်ရှောင်းတွန့်ဆုတ်နေမိသည်။
သေနတ်သည် ပြန်လည် အဆင့်မြှင့်တင်ထားသည်ဆိုသော်လည်း အမှန်တကယ်ပင် အားကောင်းသည်လား မကောင်းသည်လားဆိုသည်ကို သူသေချာမသိပေ။
တော်ကြာ သူသေနတ်နှင့်ပစ်လိုက်၍ တစ်ခြားသောတစ်စုံတစ်ယောက်သည် ကျည်ဆံအား လက်နှစ်ဖက်နှင့် လှမ်းဖမ်းလိုက်မည်ဆိုလျှင် တော်တော်ကြောင်တောင်တောင် နိုင်ပေလိမ့်မည်။
ခဏလောက်တွန့်ဆုတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဝယ်ယူသည့်ခလုတ်ကိုသာ နှိပ်လိုက်မိ၏။
သူသည် ကမ္ဘာမြေ ဂြိုဟ်ပြာကြီးဆီမှ ရောက်ရှိလာသူဖြစ်သောကြောင့် ငယ်ရွယ်စဉ်ကတည်းက သေနတ်နှင့်ပတ်သက်၍ ထူးခြားသောခံစားချက်မျိုး ရှိနှင့်နေသူဖြစ်၏။
"ဒင်"
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်ဆယ်မှတ်ကို အသုံးပြု၍ ကန္ဓာရလင်းယုန် ဝယ်ယူခဲ့သည်။"
"ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ လွှဲပြောင်းပေးလိုက်ပါပြီ။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၃၆/၁၀၀"
သတိပေးသံမဆုံးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန် သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်လိုက်၏။
ပြီးနောက် ငွေဖြူရောင်တောက်လျှက်ရှိသော ကန္ဓာရလင်းယုန်အား လက်ထဲမှာကိုင်လိုက်၏။
"လေးလိုက်တာ။ ဒါက ငါကစားနေကျ အရုပ်သေနတ်တွေထက်တော့ ပိုကောင်းမယ်ထင်တာပဲ။"
"ရွှစ်"
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း"
သူသည် လက်တစ်ဖက်နှင့် သေနတ်ကိုကိုင်ကာ လေဟာနယ်ထဲသို့ချိန်၍ ပါးစပ်ဖြင့် ပစ်ကြည့်လိုက်သည်။
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
ပြီးနောက် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ဆောရီးပဲ … ငါ့ဆီမှာ သေနတ်ရှိတယ်။"
"ဟား ဟား ဟား ဟား ဟား"
ကျွင်းချောင်ရှောင်းသည် ကလေးတစ်ယောက်ကဲ့သို့ သေနတ်နှင့် ကစားလျှက်ရှိ၏။
ထိုအချိန်မှာပဲ သူ၏နားထဲ၌ စနစ်မှ သတိပေးသံများ ပေါ်လာသည်။
"ဒင်"
"ဂိုဏ်းတာဝန်ပြီးမြောက်ပြီ။"
"ဒင်"
"ဂိုဏ်းအောင်မြင်မှုအမှတ် - ၃/၁၀၀"
"ဂိုဏ်းစုဆောင်းမှတ် - ၃၇/၁၀၀"