← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

ကျွင်းချောင်ရှောင်းသည် တပည့်များအား ဂိုဏ်းတာဝန် နှစ်ဆယ်ကျော် ချမှတ်ပေးခဲ့ပြီ ဖြစ်ပြီး တော်တော်များများသည် သတ်မှတ်သည့် အချိန်အတောအတွင်း ပြည့်စုံသွားကြပြီ ဖြစ်သော်လည်း တစ်ချို့မှာတော့ ပြည့်စုံရန် လိုအပ်နေသေး၏။

ဂိုဏ်းထဲတွင် ရှိသော ကျွင်းချောင်ရှောင်းသည် တာဝန်ပြီးမြောက်သည့် သတိပေးချက်များကို တစ်ခုပြီးတစ်ခု ရရှိနေသည်။

ဂိုဏ်း၏ အောင်မြင်မှုအမှတ်နှင့် ဂိုဏ်းစုဆောင်းမှတ်များသည်လည်း တစ်ဖြည်းဖြည်း တိုးလာခဲ့သည်။

ဂိုဏ်းသားတော်တော်များများ၏ တာဝန်များသည် ကြယ်တစ်ပွင့် သို့မဟုတ် ကြယ်နှစ်ပွင် သတ်မှတ်ချက်များသာ ရှိသောကြောင့် တာဝန်ပြီးမြောက် ရရှိသည့် ဆုလာဒ်သည်လည်း တစ်မှတ် သို့မဟုတ် နှစ်မှတ်သာ ရရှိကြသည်။

ကျွင်းချောင်ရှောင်းသည် တိုးလာသော ဂိုဏ်းစုဆောင်းမှတ်များကို အလေးမထားပေ။ သူ ဂရုစိုက်သည်မှာ အောင်မြင်မှုအမှတ်ပင်ဖြစ်သည်။ ထိုအရာများ ပြည့်စုံလာလျှင် ဂိုဏ်းအား အဆင့်မြှင့်တင်၍ ရသည်။

ထိုသို့ဆိုလျှင် များပြားလှသော လုပ်ဆောင်ချက်များကို ရရှိလာနိုင်မှာ ဖြစ်၏။

နောက်တစ်ရက် ကုန်လွန်သွားပြီးသည့်နောက် တပည့်များ၏ တာဝန်ထမ်းဆောင်ရက်သည် ငါးရက် ရှိခဲ့ပြီ ဖြစ်သည်။

ညနေချိန်ရောက်လာချိန်မှာတော့ လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ နှင့် တစ်ခြားသူများ ပြန်လာကြ၏။ သူတို့သည် တာဝန်နှစ်ဆယ်ကျော်လုံးအား ပြီးမြောက်ခဲ့ကြပြီဖြစ်၏။

ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်းအောင်မြင်မှု အမှတ်များသည်လည်း အောက်ပါအတိုင်း ဖြစ်လို့နေသည်။

ဂိုဏ်းစုဆောင်းမှတ် ၇၀/၁၀၀။

ဂိုဏ်း၏ အောင်မြင်မှုအမှတ် ၃၆/၁၀၀။

တာဝန် နှစ်ဆယ်ကျော် ပြီးမြောက်ပြီးနောက်မှာ ဂိုဏ်း၏ အောင်မြင်မှု အမှတ် စုစုပေါင်း ၃၆ ရရှိခဲ့ပြီး ဖြစ်၏။

ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်း၏ အောင်မြင်မှုအမှတ် စုစုပေါင်း ၃၆ မှတ်စီ ရရှိခဲ့ကြသည်။

တာဝန်ပြီးမြောက်အောင် လုပ်ပေးနိုင်သော တပည့်များသည် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်စီ ရရှိခဲ့ကြ၏။

ကျွင်းချောင်ရှောင်းသည် ထိုဂိုဏ်းစုဆောင်းမှတ်များ အားလုံးကို ချီဆေးလုံးဖြင့် လဲလှယ်လိုက်သည်။

စုရှောင်မိုသည် ပထမဦးဆုံး တာဝန်ပြီးမြောက်သူ ဖြစ်သောကြောင့် သူသည် သစ်သားဓားနှင့် ချီဆေးလုံးကိုပါ လဲလှယ်ပေးထားသည်။ သို့ပေမဲ့ သူသည် မပေးရသေးချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အားလုံး တာဝန်ပြီးမြောက်ချိန်ကို စောင့်နေသောကြောင့် ဖြစ်၏။

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်များအားလုံးကို စုစည်းစေကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"လုချင်းချင်းနဲ့ ကျန်တဲ့သူတွေအားလုံးက တာဝန်ကို အထူးကျေပွန်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် မင်းတို့အားလုံးကို ငါက ချီဆေးလုံး လက်ဆောင်ပေးမယ်။"

"ချီဆေးလုံး ဟုတ်လား။"

တပည့်များအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါကို သောက်ပြီးရင် စိတ်ဝိညာဉ်စွမ်းအင် စုစည်းမှုကို ဆယ့်နှစ်ရာရီအတွင်းမှာ နှစ်ဆပိုပြီး တိုးလာလိမ့်မယ်။”

"တကယ်ကြီးလား။"

လူအားလုံးသည် မျက်လုံးပြူးသွားကြသည်။

သူတို့သည် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းပေးနိုင်သော အထောက်အပံ့များ အကြောင်းကို ကြားဖူးပြီးဖြစ်၏။ သို့ပေမဲ့ အများစုသည် ချမ်းသာပြီး အားကောင်းသော ဂိုဏ်းများတွင်သာ ရှိကြသည်။

ယခု သူတို့၏သံမဏိအရိုးဂိုဏ်းတွင် ထိုသို့သော ပစ္စည်းမျိုး ရှိနေလေသည်။

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ ချီဆေးလုံး နှစ်ဆယ်ကျော်ကို တင်ကာ ပြောလိုက်၏။ "ချီဆေးလုံး တစ်ခုချင်းစီမှာ မင်းတို့ရဲ့ နာမည်တွေကို ရေးထားတယ်။ တာဝန်ပြီးမြောက်တဲ့လူတိုင်းက ဒီကိုလာပြီး ယူလို့ရတယ်။"

လီချင်းယန်နှင့် တစ်ခြားသော သူများသည် တစ်ယောက်ချင်းစီ လျှောက်လာကြပြီး ချီဆေးလုံးအား ယူလိုက်ကြ၏။

သူတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပလျှက် ရှိသည်။

စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှုနှုန်းက နှစ်ဆပို၍ တိုးလာစေသည်ဆိုသည်မှာ သာမန်စွမ်းအင်ရှိသော လူများအတွက် အကောင်းဆုံးသော စွမ်းအင်ဆေးလုံး ပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"မင်း ဘာလို့ လာမယူတာလဲ။"

ရှောင်ကျီ သည် သူရှိနေသည့် နေရာ၌သာ ရပ်လျက် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်တော်က မရီဒန်တွေကို မဖွင့်ရသေးဘူး။ ဒီတော့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူလို့ မရသေးဘူး။ ဒါ့ကြောင့် ချီဆေးလုံးကို လိုအပ်နေတဲ့ ဂိုဏ်းတူအစ်ကိုကို ပေးလိုက်ပါ။"

ရွှီ။

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီး ချီဆေးလုံးအား လှမ်းပစ်ပေးလိုက်သည်။

"ဒါက မင်းရဲ့ ဆုလာဒ်ပဲ။ မင်း မသုံးဘူးဆိုရင်တောင် မင်း ယူကိုယူရမယ်။ တစ်ခြားသောတပည့်များအတွက် သူတို့တာဝန်ပြီးသွားရင် သူတို့ ဒါကို ရလိမ့်မယ်။"

ရှောင်ကျီ သည် ချီဆေးလုံးအား ဖမ်းယူပြီး ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ။"

"စုရှောင်မို။"

"ရှိပါတယ်။"

"မင်းက အားလုံးထက်ပို ကောင်းမွန်တဲ့ လုပ်ရပ်နဲ့ သက်သေပြခဲ့တယ်။ ဒီတော့ မင်းကို ငါ နောက်ထပ် လက်နက်တစ်ခု ဆုပေးမယ်။"

စုရှောင်မို၏ မျက်လုံးများသည် တောက်ပသွားသည်။

သို့ပေမဲ့ သူသည် ထုတ်ယူလာသော သစ်သားဓားကို မြင်တော့ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် နှင့် တုန်ရင်သွားတော့သည်။

"ဂိုဏ်းချုပ် ဒီဓားက အရမ်း မပေါ့လွန်းဘူးလား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်း သူ့ရဲ့ စွမ်းအင်ကို စမ်းကြည့်ပါအုံး"

“အင်း။”

စုရှောင်မို သည် သိုင်းလေ့ကျင့်ရေးကွင်းသို ထွက်သွားလိုက်ပြီး သူ၏ မရီဒန်လေးခုကို ဖွင့်ကာ ဓားစွမ်းရှည်ကို ထုတ်ဖော်လိုက်သည်။

ရွှီ …. ရွှီ။

ဓား၏ ခုတ်ပိုင်းချက်များနှင့် ဓား၏ အလင်းတန်းတစ်ခုလုံးသည် ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

လုချင်းချင်းတွေးလိုက်၏။ "ဒီသစ်သားဓားက အဆင့်နိမ့် လက်နက်တစ်ခုနဲ့တောင် ယှဉ်လို့ရနိုင်တာပဲ။"

“ဟား .. ဟား … ဟား။”

စွေ့ချောင်မိုသည် သစ်သားဓားထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်ပြီး ကွင်းပြင်ဘက်ရှိ ကျောက်တုံးကြီးအား ခုတ်ပိုင်းလိုက်သည်။

ဘန်းဆိုသော အသံနှင့်အတူ ကျောက်တုံးကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

"ကောင်းကင်ဘုံ …. ဒါကြီးက အရမ်း အားကောင်းလွန်း အားကြီးတယ်။"

"သစ်သားဓားရဲ့ အရည်အသွေးက ကြိမ်းသေပေါက် သာမန်မဟုတ်ဘူး။"

တပည့်များသည် ထအော်မိလိုက်ကြသည်။

ဓားကိုရရှိသော စုရှောင်မို သည်လည်း အလွန်အမင်း ပျော်ရွှင်သွားမိ၏။

သူ လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "ဓားအတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။"

သူသည် ဆင်းရဲစွာ မွေးဖွားလာပြီး ပင်ကိုယ်စွမ်းရည်လည်း ကောင်းလှသူ မဟုတ်။ ထိုသို့သော စွမ်းအားမြင့် လက်နက်တစ်ခုကို ရရှိသည်ဆိုသည်မှာ မည်သို့မှ စိတ်ကူးမယဉ်နိုင်သောအရာဖြစ်၏။

"ချင်းယန်"

ကျွင်းချောင်ရှောင်းသည် စဦးအအေးဓားအား ထုတ်ယူ၍ ပြောလိုက်သည်။

"ဒီအတောအတွင်းမှာ မင်းက လုပ်စရာရှိတာတွေအများကြီးကို လုပ်ကိုင်ပေးခဲ့တယ်။ ဒီဓားက မင်းအတွက် ဆုပဲ။"

ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲ ပြီးဆုံးပြီးသည့်နောက် လီချင်းယန်သည် အအေးဓားအား လိုချင်ကြောင်း ပြောဆိုခဲ့သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ့အား မပေးခဲ့ချေ။ ချင်းယန် ၏ အနာဂတ် လုပ်ဆောင်မှုများကို ကြည့်ရှုချင်သောကြောင့် ဖြစ်၏။

ယနေ့တွင် ပေးလိုက်သည်ဆိုခြင်းမှာ လီချင်းယန်၏ လုပ်ဆောင်မှုများသည် အလွန်အမင်း တော်လှသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

ဂိုဏ်းကို ပြန်လည်ပြင်ဆင် တည်ဆောက်ရာ၌ ကူညီခဲ့ရုံမက ဂျူနီယာ ညီလေး၏ ကျင့်ကြံခြင်းကိုလည်း ကူညီပေးခဲ့သေး၏။ ထို့အပြင် စာဖိုမှူးတစ်ယောက်အဖြစ် ထမင်းများလည်း ချက်ကျွေးခဲ့သေး၏။

ထိုကဲ့သို့သော တပည့်၏ လုပ်ဆောင်မှုသည် အဘယ်သို့မှ မကောင်းဘူး ရှိလိမ့်မည်နည်း။

လီချင်းယန်သည် ရှေ့သို့လှမ်းတက်လာပြီး အအေးဓားကို လှမ်းယူလိုက်၏။ ပြီးနောက် စိတ်လှုပ်တရှားဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။"

ကျွင်းချောင်ရှောင်းသည် ကျန်သည့်တပည့်များအားလုံးအား ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့အနေနှင့် ဂိုဏ်းကို စိတ်ရောကိုယ်ပါနှစ်ပြီး အလုပ်အကျွေး ပြုကြပါ။ မင်းတို့ ပိုပြီး ကြိုးစားမယ်။ မင်းတို့ ပိုပြီး အားကောင်းလာမယ်ဆိုရင် မင်းတို့အတွက် လက်နက်တွေ ၊အရင်းအမြစ်တွေ ၊သိုင်းပညာ နည်းစနစ်တွေအားလုံးက အဆင်သင့်ရှိတယ်။"

"ကောင်းပါပြီ။"

တပည့်များအားလုံးသည် သံပြိုင်အော်လိုက်ကြ၏။

ဂိုဏ်း၏ စားသောက်ခန်းထဲတွင် ထိုင်လျှက်ရှိသော လျိုဝမ်ရှစ် သည် မေးထောက်ကာ တီးတိုး ရေရွတ်လိုက်၏။ "ငါရော ဘယ်အချိန်မှာ သံမဏိအရိုးဂိုဏ်းရဲ့ တပည့်ဖြစ်လာမလဲ မသိဘူး။"

တပည့်များကို ပြန်လွှတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား အဓိက ဟောခန်းထဲသို့ ခေါ်ခဲ့လိုက်၏။

"မင်းရဲ့ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံတာ အခြေအနေ ဘယ်လောက်ထိ ရောက်ပြီလဲ။"

သူသည် ဤတပည့်နှင့်ပတ်သက်၍ အလွန်ပင် စိတ်ပူလျှက် ရှိ၏။ ဂိုဏ်းသို့ရောက်ခဲ့သည်မှာ ရက်အနည်းငယ်ကြာပြီး ဖြစ်သော်လည်း တစ်ခြားသူများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိဘဲ တစ်ယောက်တည်း ထီးထီးကြီး ဖြစ်လျက်ရှိသည်။

ထို့အပြင် စိတ်ဓာတ်ကျသည့် အမူအယာများလည်း ရှိပုံပေါ်သည်။

ရှောင်ကျီပြောလိုက်သည်။ "ဂိုဏ်းချုပ်ကို အစီရင်ခံပါတယ်။ ကျွန်တော် အလုံးစုံ နားမလည်သေးပါဘူး။"

"တစ်ခါတည်းနဲ့ ဖြစ်နိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူး။ စိတ်မပူနဲ့။ စိတ်အေးလက်အေးနဲ့ ဆက်ပြီးကျင့်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ရှောင်ကျီ ပြောလိုက်သည်။ "တပည့် ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ပါမယ်။"

"မင်းရဲ့ အတိတ်ကို ပြောပြပေးနိုင်မလား။ ဥပမာအားဖြင့် မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ဘာကြောင့် ကျဆင်းသွားတာလဲ။ မင်းရဲ့ စိတ်ဝိညာဉ်အမြစ်က ဘာလို့ ကျဆင်းသွားတာလဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ရှောင်ကျီ၏ မျက်လုံးထဲတွင် နာကြည်းနေသည့် အမူအယာများ ဖြစ်ပေါ်လာသည်။ ထိုအတိတ်ဆိုသည်မှာ သူ့အတွက် အိမ်မက်ဆိုးကြီးတစ်ခုပင် ဖြစ်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်း အတိတ်ကို မပြောချင်ဘူးဆိုရင်လည်း ကိစ္စမရှိဘူး။"

ရှောင်ကျီ အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။

“တပည့်က မရီဒန် ဆယ့်နှစ်ခုလုံးကို ဖွင့်ပြီးတဲ့နောက်မှာ သိုင်းတပည့်အဆင့်ကို ရောက်ဖို့အတွက် စိတ်ဝိညာဉ် စွမ်းအင်တွေကို စုစည်းပြီး အဆင့်ချိုးဖျက်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျရှုံးခဲ့တယ်။ ပြီးတော့ သတိမေ့သွားတယ်။ နိုးလာချိန်မှာတော့ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ် အမြစ်နဲ့ ကျင့်ကြံမှုတွေက လုံးဝ မရှိတော့ဘူး။"

"မင်း နာကျင်မှုကို ခံစားခဲ့ရလား။”

“နာကျင်မှုကို လုံးဝ မခံစားခဲ့ရဘူး။"

"ဒါဆိုရင် သတိမေ့မျောသွားတဲ့အချိန်မှာ မင်းနားမှာ တစ်စုံတစ်ယောက်ရှိလား။"

"တပည့်က မိသားစုရဲ့ သီးသန့်လေ့ကျင့်ရေး ခန်းမထဲမှာ ရှိနေတာ။ တစ်ခြား ဘယ်သူမှ မရှိဘူး။"

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား ပြန်လည်၍ လေ့ကျင့်ခိုင်းစေလိုက်တော့သည်။

ပြီးနောက် စဉ်းစားလိုက်၏။

“သိုင်းတပည့်အဆင့်ကို ချိုးဖောက်တုန်းက အရမ်းမြန်လွန်းတယ်ဆိုပေမဲ့ ကျရှုံးတာကလည်း သာမန်ပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်ဝိညာဉ်အမြစ်နဲ့ ကျင့်ကြံခြင်းတွေက မရှိတော့ဘူးဆိုတာက ထူးဆန်းနေတယ်။ ဘာမှန်းမသိတဲ့ ဆရာကြီးတစ်ယောက်ယောက်က ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ထဲကို ဝင်စီးနေတာလား။ မဟုတ်လောက်ဘူး။ ဆရာကြီးတစ်ယောက်ယောက်ဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်အမြစ်ကို အသုံးပြုပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်တွေ တိုးပွားအောင် စုပ်ယူနေတော့မှာပေါ့။ ပျောက်သွားအောင် ဘယ်လုပ်ပါ့မလဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က အဆိပ်ခပ်လိုက်တာလား။"

ကျွင်းချောင်ရှောင်းသည် သူဖတ်ရှူခဲ့ပြီးသော ဝတ္ထုတွေထဲမှ ဇာတ်လမ်းဇာတ်ကွက်များကို ပြန်လည်ပြီးတော့ စဉ်းစားနေ၏။

သို့ပေမဲ့ သူ စဉ်းစားကြည့်ရင်း ကြည့်ရင်း ခေါင်းပင် ကိုက်လာခဲ့၏။ ထို့ကြောင့် သူစဉ်းစားခြင်းကို ရပ်တန့်ထားလိုက်ခဲ့သည်။

"အရေးကြီးဆုံးကိစ္စက သူ့ရဲ့ အားအင်တွေ ပိုပြီးတော့ တိုးလာစေဖို့ပဲ။ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်က သူ့ရဲ့ မရီဒန်တွေကို ပြန်ပြီးတော့ ဖွင့်ဖို့ ကူညီပေးလိမ့်မယ်လို့ ငါမျှော်လင့်တယ်။"

နောက်တစ်ရက်မှာတော့ တပည့်များအားလုံးသည် သူတို့၏ နေ့စဉ် ကျင့်ကြံနေကျအတိုင်း လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ရောက်ရှိလာကြသည်။ တော်တော်များများသည် ပျော်ရွှင်နေကြ၏။

ချီဆေးလုံးအား သောက်ပြီးသည့်နောက်မှာတော့ သူတို့သည် တစ်ညတည်းနှင့် မရီဒန်တစ်ခုအား ဖွင့်နိုင်ခဲ့၏။

ဂိုဏ်းသို့ရောက်ရှိပြီး တစ်လမကြာသော အချိန်မှာပဲ မရီဒန်နှစ်ခုကို ဖွင့်နိုင်ခြင်းဆိုသည်မှာ သူတို့ စိတ်ကူးတောင် မယဉ်နိုင်သော ကိစ္စဖြစ်၏။

သို့ပေမဲ့ ပျော်နေသည်မှာ စောလွန်းလှ၏။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် စဦးတပည့်အဆင့် စိတ်ဝိညာဉ်စွမ်းအင် အစီအရင်အား ယူဆောင်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုအရာသည် စိတ်ဝိညာဉ်စွမ်းအင်စုပ်ယူမှုကို နှစ်ဆပို၍ တိုးလာနိုင်သည်ဟု ပြောဆိုလိုက်ချိန်မှာတော့ တပည့်များအားလုံးသည် စိတ်လှုပ်ရှားမှုကြောင့် ထခုန်လိုက်မိကြ၏။

လုချင်းချင်းသည် ချီဆေးလုံးအား စိတ်မဝင်စားချေ။

သို့ပေမဲ့ စိတ်ဝိညာဉ်စွမ်းအင် အစီအရင် ဆီမှ အပြာရောင် အလင်းတန်းများဖြင့် ဖြတ်ပြေးနေချိန်ကို မြင်လိုက်ချိန်မှာတော့ သူမသည် မယုံကြည်မှုများနှင့် တွေးလိုက်မိ၏။ "ဂိုဏ်းချုပ်က စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာလည်း သိတာပဲလား။"

"ဒီအစီအရင်က ခုနစ်ရက်ကို တစ်ခါဖွင့်မယ်။ တစ်ခါကို လူနှစ်ဆယ် ဝင်လို့ရတယ်။ တစ်ခါဝင်ရင် လေးနာရီကြာ လေ့ကျင့်လို့ရတယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“ဒင်။

အစီအရင်ဖွင့်လှစ်သည်။

ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်။”

“ဒင်။”

ဂိုဏ်းစုဆောင်းမှတ် ၆၉/၁၀၀။

လုချင်းချင်းသည် အစီအရင်ထဲသို့ ပထမဦးဆုံး ဝင်လိုက်၏။ အထဲသို့ရောက်ချိန်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ နှစ်ဆတိုးနေသည်ကို ခံစားလိုက်မိ၏။ သူမသည် မယုံကြည်နိုင်မှုများဖြင့် တွေးလိုက်မိသည်။ "သူတကယ်ပဲ အစီအရင်ကို ဘယ်လို တည်ဆောက်ရမလဲဆိုတာ သိတာပဲ။"

လီချင်းယန်သည်လည်း လျှောက်ဝင်ပြီးသည့်နောက် စိတ်လှုပ်တရှားဖြင် ထအော်လိုက်မိသည်။

"ဂိုဏ်းချုပ်က အစီရင်မှာလည်း ကျွမ်းကျင်လိမ့်မယ်လို့ တစ်ခါမှ မထင်မိခဲ့ဘူး။"

All Chapters