အခန်း (၅၇)
Vol. 5 Ch. 57
စိတ်ဝိညာဉ်စွမ်းအင်များ အသက်သွင်းပြီးသည့်နောက် တပည့်များသည် အဖွဲ့လိုက် အစီအရင်ထဲသို့ ဝင်ကြသည်။ လေးနာရီသာ အချိန်ကြာမြင့်ခဲ့သည် ဆိုသော်လည်း သူတို့၏ ကျင့်ကြံခြင်းသည် တစ်ရက်တာ ထက် ပိုမို သာလွန်သည့် အကျိုးကျေးဇူးအား ရရှိခဲ့ကြသည်။ ထိုအရာသည် သူတို့အားလုံးအား အလွန်အမင်း ပျော်ရွှင်စေခဲ့သည်။
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲတွင် ခြေချိတ်ထိုင်ကာ “ရီကျင်ကျင်း” ကျင့်ကြံခြင်း နည်းစနစ် အား အသက်သွင်းလိုက်၏။
တပည့်များတွင် စိတ်ဝိညာဉ်စွမ်းအင် အစီအရင် ရှိသည်။ သို့ပေမဲ့ သူ့တွင် မရှိပေ။ ထို့ကြောင့် သူသည် နည်းလမ်းရိုးကြီးဖြင့်သာ ကျင့်ကြံရမည် ဖြစ်သည်။
“ငါ့ဆီမှာ စိတ်ဝိညာဉ်စွမ်းအင် လုံလုံလောက်လောက် ရှိမယ် ဆိုရင် မရီဒန်တွေကို ချိုးဖျက်နိုင်လောက်တယ်”
ကျွင်းချောင်ရှောင်းသည် သူ၏ မရီဒန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းပြီး နောက်ဆုံးသော မရီဒန်အား ချိုးဖျက်ရန် ကြိုးစားလိုက်၏။
သို့ပေမဲ့ … မအောင်မြင်ခဲ့ပေ။
“ဟင်း …”
သူ သက်ပြင်းချလိုက်မိသည် “င့ါဆီမှ အဆင့်တက်ဖို့ ကံတရား မရှိသေးဘူးပဲ”
စနစ်မှ ပြောလိုက်သည် “ရီကျင်ကျင်း သည် မရီဒန်ဖွင့်နိုင်ရန် ဖြစ်နိုင်ချေအား တိုးတက်စေသည် ဆိုသော်လည်း လက်ခံသူ အနေဖြင့် နောက်ဆုံး မရီဒန်အား ဖွင့်ရန် ခက်ခဲနေတုန်း ဖြစ်သည်။”
“အွန်း ….”
ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။ သူသည် ကန္တာရလင်းယုန် ကို ထုတ်ယူလိုက်၏။ သူ သေနတ်နှင့် အနည်းငယ် ကစားပြီးသည့်နောက် ပြောလိုက်သည် “ချင်းယန်မြို့ကို သွားပြီး စိတ်ဝိညာဉ်သားရဲ အမြုတေကို သွားဝယ်ရင် ကောင်းမလား”
င့ါအဆင့်က မလုံလောက်သေးဘူး။ ငါ့ အနေနဲ့ လက်နက် ကရိယာတွေကို စုဆောင်းထားနိုင်မှ ဖြစ်မယ်။
“ဟုတ်တာပဲ”
သူ နဖူးအား ပိတ်ရိုက်ပြီး ပြောလိုက်မိ၏ “မြေကမ္ဘာမီး ဝံပုလွေ ကို သတ်ဖို့ ဆိုတဲ့ တာဝန် ရှိနေတာပဲ။ ဒါက အားကောင်းတဲ့ သားရဲပဲ ဖြစ်ရမယ်။ ငါ သွားသတ်ရင် အမြူတေကို ရနိုင်တယ်။”
စနစ်မှ ပြောလိုက်သည် “ကြယ်သုံးပွင့် အဆင့် တာဝန် သည် တပည့်များ စုဆောင်းလုပ်ဆောင်သင့်သော တာဝန်မျိုးဖြစ်သည်။ တစ်ဦးချင်းသွားလျှင် မိမိကိုယ်ကိုယ် သတ်သေသည်နှင့် မခြားဖြစ်မည်”
“အဲလိုလား။”
ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားလိုက်သည်။ ပြီးနောက် လီချင်းယန်၊ လုချင်းချင်း နှင့် စုရှောင်မို တို့အား ဆင့်ခေါ်လိုက်၏ “ချင်းယန်မြို့ အပြင်ဘက်မှာ မြေကမ္ဘာမီး ဝံပုလွေတစ်ကောင် သောင်းကျန်းနေတယ်။ အဲကောင်ကို သတ်ဖို့ မင်းတို့ သုံးယောက် ငါနဲ့ လိုက်ခဲ့ရမယ်။”
“မြေကမ္ဘာမီး ဝံပုလွေလား ..” လီချင်းယန် လေးလေးနက်နက် မေးလိုက်သည် “ဂိုဏ်းချုပ် .. အဲတာ သိုင်းတပည့်အဆင့်နဲ့ ယှဉ်နိုင်တဲ့ မီးဓာတ်အမျိုးအစား သားရဲ မဟုတ်လား။ ဒါ နည်းနည်း ကြမ်းလွန်းတယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါကြောင့် မင်းတို့ သုံးယောက်ကို လိုက်ခဲ့လို့ ပြောတာပေါ့”
“ကောင်းပါပြီ ဂိုဏ်းချုပ်” လုချင်းချင်း နှင့် စုရှောင်မို တို့သည် လက်သီးဆုပ်ကာ ပြန်ပြောလိုက်ကြသည်။ လုချင်းချင်း ကတော့ အဓိက ဟောခန်းအတွင်းမှ အရင်ဆုံး ထွက်ခွာသွားနှင့်နေပြီ ဖြစ်၏။
“ဒင် ….
ဂိုဏ်းတာဝန် လက်ခံခြင်း …”
“တာဝန် မိတ်ဆက် - ချင်းယန်ရွာသွားများအား ကူညီသည့်အနေဖြင့် မြေကမ္ဘာမီး ဝံပုလွေအား ရှင်းလင်းပစ်ရန်”
“တာဝန်လက်ခံသည့် တပည့်များ - လုချင်းချင်း ၊ လီချင်းယန် ၊ စုရှောင်မို။
တာဝန် ဆုလဒ် - လက်ခံသူသည် အောင်မြင်မှုအမှတ် ငါးမှတ် နှင့် ဂိုဏ်းစုဆောင်းမှတ် ငါးမှတ်အား ရရှိမည်။”
“ငါးမှတ် ဟုတ်လား။ မနည်းဘူးပဲ”
….
ချင်းယန်ရွာ၏ အနောက်ဘက်တွင်တော့ တစ်နှစ်ပတ်လုံး မြူတွေ အုပ်ဆိုင်းလျက်ရှိသော လျှိုမြောင်ကြီး တစ်ခု ရှိလို့နေ၏။ ထိုလျှိုမြောင်ကြီးအား ဝံပုလွေလျှို ဟု ခေါ်ဆိုကြသည်။
သာမာန်ဝံပုလွေ တစ်ကောင် ဆိုလျှင် ရွာသားများသည် ကြောက်လန့်ကြမည် မဟုတ်ချေ။ သို့ပေမဲ့ နှစ်အနည်းငယ် ကြာချိန်မှာတော့ မီးများအား မှုတ်ထုတ် တိုက်ခိုက်တတ်သော မြေကမ္ဘာမီး ဝံပုလွေသည် ရွာတွေ ဆီသို့ ဝင်၍ ရွာသားများ၏ မွေးမြူရေး ၊ စိုက်ပျိုးရေးများအား ဖျက်ဆီးသွားတတ်၏။
သံမဏိအရိုးဂိုဏ်း၏ အရင်ခေါင်းဆောင်ဟောင်းဝမ်သည် ဝံပုလွေအား ဖမ်းယူ၍ နောက်ထပ် မလာအောင် သတိပေးပြောဆိုခဲ့သော်လည်း ဝံပုလွေဟူသော သတ္တဝါသည် သဘာဝ အရ ကို ရက်စက်၍ ကောက်ကျစ်သော သတ္တဝါဖြစ်သည်။ ခေါင်းဆောင်ဝမ် သေဆုံးပြီးနောက်တွင်တော့ ရွာထဲသို့ ဝင်၍ ရွာရှိမွေးမြူထားသော တိရိစ္ဆာန်များအား ဆွဲယူ စားသောက်လေတော့သည်။
ထို့ကြောင့်ပင် ယနေ့မှာတော့ သံမဏိအရိုးဂိုဏ်းအား ကိုယ်စားပြုသော တပည့် သုံးယောက်တို့သည် လျှိုမြောင်တွင်းသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ နှစ်ယောက်သည် ထက်မြ လှသော ဓားများအား ကိုင်ဆောင် ထားပြီး ကျန်တစ်ယောက်မှာတော့ သစ်သားဓားတစ်ချောင်းအား ကိုင်ဆောင်ထား၏။
သူတို့တွေသည် မြေကမ္ဘာမီး ဝံပုလွေနှင့် ထိပ်တိုက်တွေ့နေကြပြီ ဖြစ်သည်။
“လုပ်စမ်း … မင်းတို့ လုပ်နိုင်ပါတယ်”
လျှိုမြောင်ထဲရှိ သစ်ပင်တစ်ပင်ပေါ်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် အော်ဟစ်၍ သူ၏ တပည့်များအား အားပေးလိုက်၏။
“……..”
လီချင်းယန် နှင့် စုရှောင်မို တို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားရသည်။
ဂိုဏ်းချုပ် .. ဒီသတ္တဝါကို ရှင်းပစ်ဖို့ ခေါ်လာတုန်းက တိုက်ခိုက်တဲ့နေရာ မှာ ဂိုဏ်းချုပ် မပါဘူးလို့ ဘာလို့ ကြိုမပြောတာလဲ။ အခု ဂိုဏ်းချုပ် က သစ်ပင်ပေါ် တက်နေပြီး ကျွန်တော်တို့က သိုင်းတပည့် အဆင့် သတ္တဝါ နဲ့ တိုက်ခိုက်ရမှာလား
“ဝူး ….”
မြေကမ္ဘာမီး ဝံပုလွေသည် ခန္ဓာကိုယ်သွင်ပြင်အရ ကျားတစ်ကောင်ကဲ့သို့ ကြံ့ခိုင်လှပြီး ဒေါသတကြီး မာန်ဖီလိုက်ချိန်မှာတော့ ထက်ရှသော သွားစွယ်များ ပေါ်ထွက်လာသသည်။ မီးများကိုပါ မှုတ်ထုတ်နိုင်သော သားရဲ ဖြစ်သည်မို့ အလွန်ကြောက်မက် ဖွယ်ရာ ကောင်းလွန်းသည်။
“ငါ အဓိက တိုက်ခိုက်မယ်။ မင်းတို့တွေ ဘေးကနေ ငါ့ကို ကူညီကြ” လုချင်းချင်းသည် သူ၏ ဓားဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းလိုက်သည်။ ပြီးနောက် ထူးခြားလှသော လှုပ်ရှားမှု သိုင်းကွက် တစ်ခုကို ထုတ်ဖော်လိုက်၏။
သူမသည် ယခုကဲ့သို့ လေးလေးနက်နက် တိုက်ခိုက်ချိန်မှာတော့ သာမာန်ထက် ပိုသော အော်ရာတွေ ထွက်ပေါ်နေသည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့အား ပွတ်သပ်ပြီး ပြောလိုက်သည် “ဒီကောင်မလေး .. သိုင်းကွက် တစ်ချို့ကို သုံးနေတာပဲ”
ရွှစ် …။
လီချင်းယန်သည် ရှေ့သို့ လှမ်းတက်ပြီး ဝံပုလွေ၏ ဘေးဘက်သို့ တိုက်ခိုက်လိုက်သည်။ သူ နှင့် စီနီယာအစ်မကြီးတို့သည် ရှေ့နှင့် ညာဘက်အား ညှပ်၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
စုရှောင်မိုသည် မတိုက်ခိုက်ပေ။ သူ သေဆုံးမှာကို ကြောက်ရွံ၍ မဟုတ်ပေ။ အဘယ့်ကြောင့် မတိုက်ခိုက်ရသနည်း ဆိုသော် သူသည် စွမ်းအင်ဖွင့်ခြင်းအဆင့်လေး ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ့လက်ထဲတွင် အားကောင်းလှသော သစ်သားဓား ရှိနေသည် ဆိုလျှင်တောင်မှ သိုင်းတပည့်အဖြစ် နှင့်ညီမျှသော သားရဲရိုင်းကြီးအား တိုက်ခိုက်ဖို့တော့ မဝံ့ရဲချေ။
“ငါ အခွင့်အရေးရမှ တိုက်ခိုက်ရမယ်” သူ ကြိတ်ကာ စဉ်းစားလိုက်မိသည်။
“ရွှစ် …”
လုချင်းချင်း နှင့် လီချင်းယန် တို့သည် မြေကမ္ဘာမီးဝံပုလွေ အား စုပေါင်းတိုက်ခိုက်နေကြသည်။ လေထုထဲတွင် ဓားချီပေါင်း များစွာနှင့် ပြည့်နှက်လျက် ရှိ၏။
ဝူး …
မြေကမ္ဘာမီး ဝံပုလွေသည် မြေပြင်အား ခြေစုံကန်၍ လေထဲသို့ ခုန်တက်ကာ ဓားချီများအား ရှောင်တိမ်းလိုက်သည်။ သင့်တော်သော နေရာတစ်ခုဆီ ခုန်ကူးပြီးနောက်မှာတော့ ပါးစပ်ထဲမှ မီးလုံးများ နှင့် ပစ်လွှတ်တိုက်ခိုက်တော့သည်။
လုချင်းချင်း နှင့် လီချင်းယန် တို့သည် အလျှင်အမြန် ရှောင်လိုက်ကြသည်။ မီးတောက်လုံးသည် သူတို့နောက်ရှိ ကျောက်ဆောင်အား မှန်ပြီး မဲနက်နေသော အပေါက်ကြီး တစ်ပေါက်အဖြစ် ဖြစ်ပေါ်စေသည် ။ မီးတောက်သည် အလွန်ပင် အားကောင်းလှ၏ ။
ဘန်း ..ဘန်း။
မြေကမ္ဘာမီး ဝံပုလွေသည် ပါးစပ်ဟ၍ မီးတောက် နှစ်ခုကို ထပ်မံ ပစ်လွှတ်တိုက်ခိုက်ပြန်သည်။ မီးတောက်၏ အားအင်သည် အလွန်အားကောင်းလွန်းလှသော်လည်း တိုက်ခိုက်မှုမှာ နည်းကွေးလွန်းသည်မို့ လွယ်လွယ်ကူကူ ဖြင့် သူတို့ ရှောင်ရှား၍ ရနေသည်။
ဘန်း ..ဘန်း ..ဘန်း ..။
သို့ပေမဲ့ လုချင်းချင်း နှင့် လီချင်းယန် တို့ ရှောင်နေသရွေ့ မြေကမ္ဘာမီး ဝံပုလွေသည် မရပ်မနား မီးတောက်များနှင့် ပစ်လွှတ်တိုက်ခိုက်နေ၏။
“ချီးတဲ့မှ …”
ကျွင်းချောင်ရှောင်း ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ရင်သွားသည် “ပါးစပ် မညောင်းဘူးလား မသိဘူး”
များပြားလှသော မီးတောက်လုံးများနှင့် ပစ်လွှတ်တိုက်ခိုက်နေသောကြောင့် လုချင်းချင်း နှင့် လီချင်းယန်တို့ သည် ရှောင်တိမ်းရုံသာ တတ်နိုင်ကြသည်။ သူတို့တွေ ဝံပုလွေ၏ အနားသို့ မကပ်ဘဲ ဖြစ်နေကြသည်။
“အခွင့်အရေး ပေါ်လာပြီ” မြေကမ္ဘာမီး ဝံပုလွေ လုချင်းချင်း နှင့် လီချင်းယန်တို့အား အာရုံစိုက် တိုက်ခိုက်နေတုန်းမှာပဲ စုရှောင်မိုသည် အနောက်ဘက်ဆီမှ အသာလေး ပေါ်လာသည်။ သူသည်သစ်သားဓား ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းပြီ ရုတ်တရက် ရှေ့သို့ ခုတ်ပိုင်းလိုက်၏။
တောင် …။
ပေါင်တစ်ထောင်လောက်သော အားအင်ကို သယ်ဆောင်လာသော ဓားသည် မြေကမ္ဘာမီး ဝံပုလွေ၏ ကျော ပေါ် ကျဆင်းသွားချိန်မှာပဲ သံကို ထုနှက်လိုက်သလိုအသံမျိုး ထွက်ပေါ်လာသည်။ ပြန်ကန်အားကြောင့် စုရှောင်မို၏ လက်တွေတောင်မှ ထုံကျင်သွားရ၏ “ဒီကောင်ကြီးက မာလိုက်တာ။”
ချက်ချင်းဆိုသလို ပဲ မြေကမ္ဘာမီး ဝံပုလွေသည် ဒေါသတကြီးနှင့် ခေါင်းလှည့်လာသည်။
“ဟီးဟီး .. ” စုရှောင်မို ရူးကြောင်ကြောင်ဖြင့် ရယ်ပြလိုက်သည် “ငါ မင်းရဲ့ ခုခံနိုင်စွမ်းကို စမ်းကြည့်လိုက်တာ။ စိတ်ထဲမှာ မထားပါနဲ့” ပြောပြီးသည့်နောက် သူ၏ ခြေပုတိုလေးတွေ နှင့် အားကုန် ပြေးလေတော့သည် “စီနီယာ အစ်ကို နဲ့ စီနီယာအစ်မ … ကယ်ပါ။”
ဟူး …. ဟူး …
မြေကမ္ဘာမီး ဝံပုလွေသည် ပါးစပ်ဟ ၍ မီးတောက်များနှင့် ပစ်လွှတ်လိုက်တော့သည်။
ထိုအချင်းအရာကို မြင်တော့ ကျွင်းချောင်ရှောင်းသည် သစ်ပင်ပေါ်မှ လှမ်းအော်လိုက်၏ “ရှောင်မို .. ရှောင် .. ရှောင် …”
ဂိုဏ်းချုပ် ငါ့ကို ဘာလို့ လှမ်းခေါ်နေတာလဲ။ သစ်ပင်ပေါ် တက်ပြေးစေချင်တာလား။
စုရှောင်မို နားမလည်ပေမဲ့ နောက်သို့ လှည့်ကြည့်လိုက်တော့ သူနှင့် နီးကပ်နေပြီဖြစ်သော ဝံပုလွေ၏ မီးလုံးအား မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပဲ သူ ဘေးဘက်သို့ လှည့်ကာ ရှောင်လိုက်သည်။
ဘန်း …
မီးတောက်လုံးသည် အရှိန်ပြင်းပြင်းနှင့် သူ၏ ဖင်အား ပွတ်ကာ ထွက်ကာ ထွက်သွားတော့သည်။
“အား .. အား .. မီးတွေ .. မီးတွေ”
စုရှောင်မို ပြေးရင်း ဖင်မှ ထွက်ပေါ်လာသော မီးတောက်များအား ပွတ်သပ်လျှက်ရှိသည်။ မြင်ကွင်းမှာ အမှန်ပင် ရယ်ရွှင်ဖွယ်ရာ ကောင်းလွန်းလှ၏။
ရွှစ် .. ရွှစ် …။
လုချင်းချင်း နှင့် လီချင်းယန်တို့သည် အခွင့်အရေးအား အရယူပီး မြေကမ္ဘာမီး ဝံပုလွေ၏ ဦးခေါင်းနှင့် ကျောဘက်သို့ ခုတ်ချလိုက်တော့သည်။
ဝူး ..
ဝံပုလွေသည် တတ်နိုင်သလောက် ခပ်လှမ်းလှမ်းသို့ ဆုတ်လိုက်၏။
သို့ပေမဲ့ အအေးဓားသည် သူနှင့်အတူ ထပ်ကျပ်မကွာ လိုက်ပါလာသည်။ ချက်ချင်းဆိုသလိုပဲ ခန္ဓာကိုယ် အတွင်းမှာ မီးတောက်အရောင် နှင့် ဆင်တူသော သွေးများ တဖူးဖူး နှင့် ထွက်လာတော့သည်။
လီချင်းယန် တီးတိုးရေရွတ်လိုက်၏ “ဒီဓားက တကယ်ကောင်းတာပဲ”
စုရှောင်မိုသည် ခပ်တည်တည် ဖြင့် ပြန်ရောက်လာပြီး သေဆုံးနှင့်ပြီ ဖြစ်သော မြေကမ္ဘာဝံပုလွေ၏ ဦးခေါင်းထက်သို့ ခြေတင်ကာ ပြောလိုက်သည် “မင်းလားကွ။ ငါ့ ဖင်ကို မီးနဲ့ မှုတ်တာ။ ခုတော့ သေပြီ။ ဟားဟား…”
“ဒင် …
လုချင်းချင်း ၊ လီချင်းယန် နှင့် စုရှောင်မို တို့သည် မြေကမ္ဘာဝံပုလွေအား သတ်ဖြတ်ခဲ့သည်။ တာဝန် ပြည့်စုံပါပြီ။”
ဂိုဏ်းစုဆောင်းမှတ် - ၇၄ / ၁၀၀။
အောင်မြင်မှု အမှတ် - ၄၁ / ၁၀၀။
“ချင်းယန် …”
ကျွင်းချောင်ရှောင်း လှမ်းအော်လိုက်သည် “သူ့ကိုယ်ထဲမှ အမြူတေ ရှိလား ကြည့်လိုက်”
လီချင်းယန်သည် မြေကမ္ဘာမီး ဝံပုလွေ၏ ရင်ဘတ်အား ဓားဖြင့် လှီးဖြတ်လိုက်သည်။ မကြာခင်မှာပဲ အနီရောင် သလင်းအမြူတေ တစ်ခု ထွက်ပေါ်လာ၏ “ဂိုဏ်းချုပ် သလင်းအမြူတေ ရှိတယ်။”
ကျွင်းချောင်ရှောင်း သွားဖြီးကာ ပြောလိုက်သည် “ဟားဟား .. အဲတာ သေနတ် ကျည်ဆံကွ”