အခန်း (၅၈)
Vol. 5 Ch. 58
စီးဆင်းနေသော စမ်းချောင်းလေးတစ်ခု၏အရှေ့တွင်တော့ လီချင်းယန်သည် သူ၏လက်များအား ရေထဲသို့နှိုက်၍ ဆေးကြောလျှက်ရှိ၏။
ပြီးနောက် သွေးများပေကျံလျှက်ရှိသော အအေးဓားအားလည်း ဆေးကြောလိုက်၏။
ဂိုဏ်းချုပ်ပေးထားသောဓားအား ပထဦးဆုံးအကြိမ် အသုံးပြုပြီးသည့်နောက် သူသည် အလွန်အမင်း စိတ်ကျေနပ်လျှက်ရှိ၏။
ထို့ကြောင့် ကြိတ်ကာ ပြောလိုက်သည်။ "ငါ့မှာသာ အရင်တုန်းက ဒီလို ထက်မြက်တဲ့လက်နက်တစ်ခု ရှိခဲ့မယ်ဆိုရင် သားရဲကြီးကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့မှာ မဟုတ်ဘူး။"
စုရှောင်မိုသည် ကျောက်တုံးတစ်ခုပေါ်တွင်ထိုင်၍ စီနီယာအစ်ကိုကြီး လက်ထဲတွင်ရှိသော အအေးဓားအား မနာလိုသလို ကြည့်လိုက်မိ၏။ "ငါ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ရမယ်။ ပြီးတော့ ဂိုဏ်းချုပ် ငါ့ကို သစ်သားဓားနဲ့ စီနီယာအစ်ကိုကြီးလို ဓားနဲ့ လဲပေးတဲ့အချိန်ထိရောက်အောင် ငါကြိုးစားမှဖြစ်မယ်။"
လုချင်းချင်းသည်ကတော့ သစ်ပင်တစ်ပင်ကိုမှီလျှက်ရှိ၏။
သူမ၏တောက်ပသည့် မျက်လုံးများသည် အဝေးတစ်နေရာရှိ တောတောင်ရှုခင်း၏ လှပသော မြင်ကွင်းများအား ကြည့်ရှုလျှက်ရှိ၏။ အခါအားလျှော်စွာဖြင့် သူမသည် ကျွင်းချောင်ရှောင်းအား လှည့်ကြည့်လျှက်ရှိ၏။
ကျွင်းချောင်ရှောင်း၏မျက်နှာပေါ်တွင်တော့ ဝမ်းနည်းနေသော အရိပ်အယောင်များအား မြင်နေရ၏။
သူမ ဇဝေဇဝါဖြင့် ပြောလိုက်မိ၏။ "သူ ဘာဖြစ်နေတာလဲ။"
တစ်ခြားဘာမှ ဖြစ်နေသည်တော့ မဟုတ်ပေ။ ကျွင်းချောင်ရှောင်းအနေနှင့် ပြဿနာအနည်းငယ် ကြုံနေရခြင်းဖြစ်၏။ သူသည် ကန္ဓာရလင်းယုန်အား သလင်းအမြုတေနှင့် မည်သို့ ကျည်ဆံ ပြုလုပ်ရမည်ဆိုသည်ကို မသိရှိခြင်း ဖြစ်သည်။
သိုလှောင်လက်စွပ်ထဲမှာတော့ သူ၏ သိစိတ်သည် လူသားတစ်ယောက်အသွင် ပုံစံမျိုးဖြစ်သွား၏။
ပြီးနောက် လက်တစ်ဖက်ဖြင့် သေနတ်ကိုကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် သလင်းအမြုတေအား ကိုင်ဆောင်၍ အမျိုးမျိုးစမ်းသပ်ကြည့်လိုက်သည်။ သို့ပေမဲ့ တစ်ခုမှ အလုပ်မဖြစ်ပေ။
ကျွင်းချောင်ရှောင်းသည် ဆွံအလျှက်ရှိ၏။
"ဘယ်လိုသုံးရမှန်း မသိဘူး။ဘယ်လိုသုံးရမယ်ဆိုတာလည်း မပြောဘူး။ဒီကျည်ဆံကို ငါဘယ်လိုမျိုး ထည့်ရမှာတုန်း။"
စနစ်မှပြောလိုက်သည်။
"လက်ခံသူအနေနှင့် စိတ်ဝိညာဉ်စွမ်းအားတွေကို အသုံးပြုပြီးတော့ သလင်းအမြုတေနှင့် ဆက်သွယ်ရမည်။ပြီးလျှင် စွမ်းအင်များကို ဆွဲထုတ်၍ သေနတ်၏ လက်ကိုင်အောက်တွင်ရှိသော ကျည်ဆံထည့်ရာ အပေါက်ထဲသို့ ပေါင်းစပ်ရမည်။"
"ကျည်ဆံထည့်ရာအပေါက် ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကောက်ဝတ်ကား လိမ်လိုက်ပြီး အောက်ကိုကြည့်လိုက်တော့ သေနတ်၏ လက်ကိုင်အောက်တွင် ကျည်ဆံထည့်ရာ အပေါက်တစ်ခုရှိကြောင်း မြင်လိုက်ရ၏။
သူချက်ချင်းဆိုသလိုပဲ ခြေချိတ်ထိုင်လိုက်၏။
သလင်းအမြုတေနှင့် ဆက်သွယ်ကြည့်လိုက်တော့ အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များ အများအပြား ရှိနေကြောင်း ခံစားမိလိုက်သည်။
သလင်းအမြုတေထဲတွင် ဆန်းကြယ်လှသော စိတ်ဝိဉာဉ်စွမ်းအားတစ်မျိုး တည်ရှိနေ၏။ ထိုအရာသည် ကြမ်းရမ်းလွန်းသည်။ ဆေးလုံးများဖော်စပ်ခြင်း၊လက်နက်များပြုလုပ်ခြင်းနှင့် အသုံးပြု၍ရနိုင်သော အရာမျိုးလည်း ဖြစ်၏။
ထို့ကြောင်ပင် သလင်းအမြုတေများ၏ဈေးနှုန်းသည် အလွန်ဈေးကြီးခြင်းဖြစ်သည်။ သာမာန် သိုင်းပညာရှင်များသည် ထိုအရာကို ဝယ်ယူရန် မတတ်နိုင်ချေ။
ကျွင်းချောင်ရှောင်းသည် ကြမ်းတမ်းလွန်းသော စိတ်ဝိဉာဉ်စွမ်းအားများကို ဆွဲယူပြီး ဖြည်းဖြည်းချင်း ကျည်ဆံထည့်ရာအပေါက်ဆီသို့ ပေါင်းစပ်လေသည်။
"ဒွီ"
ထိုအချိန်မှာပဲ သေနတ်၏လက်ကိုင်ဆီမှ အလင်းတန်းတစ်ခု ဖြစ်တည်လာပြီး ကျည်ဆံတစ်ခုကဲ့သို့ ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်လာ၏။
"ဒွီ ဒွီ"
စိတ်ဝိညာဉ်စွမ်းအားများသည် ကျည်ပေါက်ထဲသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ သေနတ်လက်ကိုင်ထဲတွင် ကျည်ဆံများပြည့်လာတော့သည်။
မကြာခင်မှာပဲ ကျည်ဆံခုနစ်ခုသည် အစီအရီ ဖြစ်သွားတော့၏။
ထိုအချိန်မှာတော့ စိတ်ဝိဉာဉ်စွမ်းအားများသည် ထပ်မံ၍ မဝင်ရောက်တော့ချေ။
ကျည်ဆံပြည့်စုံသွားပြီဖြစ်သောကြောင့် စိတ်ဝိညာဉ်စွမ်းအားများသည် ထပ်မံ မဝင်ရောက်ခဲ့ခြင်း ဖြစ်၏။
သို့ပေမဲ့ သလင်းအမြုတေထဲတွင်တော့ စွမ်းအင်တစ်ဝက်လောက် ကျန်ရှိနေသေး၏။
"ကျည်ဆံခုနစ်ခုက မလုံလောက်သေးဘူး။"
ကျွင်းချောင်ရှောင်းသည် သူ့အတွေးများအား ရပ်တန့်လိုက်ပြီး တီးတိုးပြောလိုက်၏။
"ငါ့ဆီမှာသာ စက်သေနတ်လိုအရာမျိုးရှိရင် ဘယ်လောက်ကောင်းမလဲ။"
သူသည် အတွေးတစ်ချက်နှင့်ပင် ကန္ဓာရလင်းယုန်အား အပြင်ဘက်ဆီသို့ ဆင့်ခေါ်လိုက်၏။ ပြီးနောက် ဂန္ဓာရလင်းယုန်သေနတ်အား လက်နှစ်ဖက်နှင့်ကိုင်၍ ကျောက်တုံးတစ်ခုကို ချိန်ကာ ပြောလိုက်သည်။
"မလှုပ်နဲ့။မင်းတို့ကို ပြည်သူ့ရဲတွေ ဝိုင်းထားတယ်။"
လုချင်းချင်းသည် ခပ်တည်တည်နှင့် ပြောလိုက်၏။ "ရူးသွားပြီနဲ့ တူတယ်။"
စုရှောင်မိုသည်လည်း ကျောက်တုံးကြီးအားမှီ၍ လှဲနေရာမှ ဂိုဏ်းချုပ်ကား လှမ်းကြည့်ကာ မေးလိုက်သည်။
"ဂိုဏ်းချုပ် … ဒါဘာကြီးလဲ။"
"ဒါကို သေနတ်လို့ ခေါ်တယ်။"
ကျွင်းချောင်ရှောင်းသည် အလျင်မြန်ပဲ သူ၏သေနတ်အား မြှောက်လိုက်၏။ မတော်တဆ ကျည်ထွက်သွားပြီး သူ၏တပည့်အား သတ်ဖြတ်မိမှာ စိုးသောကြောင့် ဖြစ်၏။
စုရှောင်မို ဆွံ့အသွား၏။ "သေနတ် ဟုတ်လား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အတိအကျပဲ။ဒါက ငါ့ရဲ့လျှိဝှက်လက်နက်လို့ ခေါ်တယ်။ဒါက ပစ်လို့ရတယ်။"
သူ၏ရှင်းပြမှုကိုကြားတော့ စုရှောင်မိုသည် ချက်ချင်းဆိုသလိုပဲ နားလည်သွားသည်။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် … ဂိုဏ်းချုပ် ပစ်ကြည့်ပါလား။ကြည့်ရအောင်။"
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းလိုက်၏။
"လျှို့ဝှက်လက်နက်ဆိုတာ အထဲမှာအများကြီးရှိတာမဟုတ်ဘူး။အရေးကိစ္စအကြောင်းကြီးငယ် မရှိရင် ဒါကို လွယ်လွယ်ကူကူ အသုံးပြုလို့ မဖြစ်ဘူး။"
"ကျွန်တော်သိပါပြီ။" စုရှောင်မိုသည် ခေါင်းကိုကုတ်ခါဖြင့် အသာနောက်ပြန် လှည့်သွား၏။
လီချင်းယန် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ….ပြည်သူ့ရဲတွေဆိုတာ ဘာလဲ။"
"ဟမ်"
ကျွင်းချောင်ရှောင်း ခပ်တည်တည်ဖြင့် ပြောလိုက်၏။ "ငါ လျှောက်ပြောနေတာ။စိတ်ထဲထားမနေနဲ့ ။"
ပြီးနောက် ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "ငါတို့ဂိုဏ်းဆီ ပြန်ကြရအောင်။မှောင်တော့မယ်။"
သူသည် ကန္ဓာရလင်းယုန်အား ခါး၌ထိုးလိုက်ပြီး ကြည့်ကောင်းလှစွာဖြင့် လမ်းလျှောက်လိုက်၏။ သူ့တွင် သေနတ်ရှိပြီဆိုသောကြောင့် လုံခြုံရေးအတွက်စိတ်ပူစရာ မလိုတော့ပေ။
"ဝူးး"
ရုတ်တရက် ဆိုသလိုပဲ ကြမ်းရမ်းလှသော သားရဲကြီးတစ်ကောင်၏အော်သံသည် ဝံပုလွေတောင်ကြားနေရာ ဆီမှ ထွက်ပေါ်လာ၏။
လီချင်းယန် မျက်မှောင်ကုတ်လိုက်မိသည်။ "ဂိုဏ်းချုပ် ဒါ ဝံပုလွေသားရဲတစ်ကောင်ရဲ့ အသံပဲ။လျှိုမြောင်ထဲမှာ မြေကမ္ဘာမီးဝံပုလွေ တစ်ကောင်ထပ်မက ရှိနေတယ်နဲ့ တူတယ်။"
"လာနေပြီ။" လုချင်းချင်းသည် သူမ၏လက်အား ဓားလက်ကိုင်ပေါ်သို့ တင်လိုက်၏။
သူမ၏ မျက်လုံးများသည် အေးစက်သွားသည်။
လီချင်းယန်နဲ့စုရှောင်မိုတို့လည်း သတိအနေအထားနှင့် ဖြစ်သွားကြ၏။
"ဆွစ်"
မကြာခင်မှာပဲ နီနီရဲလျှက်ရှိသော အရိပ်တစ်ခုသည် ခြုံပုတ်ထဲမှ ထွက်ပေါ်လာ၏။
ပြီးနောက် သူတို့လေးယောက်နှင့် မီတာအနည်းငယ်အကွာရှေ့၌ ထီးထီးကြီးပေါ်လာတော့သည်။
ထိုသားရဲသည် မြေကမ္ဘာမီးဝံပုလွေနှင့် အလွန်ဆင်တူသော သားရဲကြီးတစ်ခုဖြစ်၏။ သို့ပေမဲ့ ပို၍ ကြီးမားလေသည်။ နှစ်မီတာလောက်ပင် မြင့်မားလှ၏။
သူ၏ခြေထောက်အောက်ရှိ မီးတောက်များသည် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသည့် အသွင်သဏ္ဏာန်မျိုး ဖြစ်ပေါ်နေစေသည်။
လီချင်းယန်သည် လေးလေးနက်နက် ပြောလိုက်သည်။ "မြေကမ္ဘာ မီးဝံပုလွေဘုရင်ပဲ။"
လုချင်းချင်း မျက်မှောင်ကုတ်သွားသည်။ "ဒါက အဆင့်နိမ့် အဆင့်ခုနစ် သားရဲပဲ။"
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သားရဲများအား အဆင့်နိမ့်၊ အလယ်အလတ်အဆင့် ၊ အဆင့်မြင့်သားရဲဆိုပြီးတော့ ခွဲခြားထား၏။ အဆင့်တစ်ခုချင်းစီ တိုင်းတွင်လည်း လူသားများကဲ့သို့ တစ်မှ ကိုးအထိရှိသည်။
လုချင်းချင်းတို့တွင် ရင်ဆိုင်ခဲ့ရသော မြေကမ္ဘာမီးဝံပုလွေသည် အဆင့်နိမ့် အဆင့်နှစ်သားရဲသာဖြစ်၏။
သို့ပေမဲ့ ဤမြေကမ္ဘာမီးဝံပုလွေဘုရင်မှာတော့ အဆင့်ခုနစ်သားရဲကြီး ဖြစ်လို့နေသည်။
ဤသတ္တဝါသည် အဆင့်ခုနစ် သိုင်းတပည့်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီသော အဆင့်ရှိ၏။
အဆင့်နှစ်သားရဲနှင့် အဆင့်ခုနနစ်သားရဲဆိုသည်မှာ အဆင့်ကွာခြားချက် အလွန်ကြီးမားလှသည်။
"ငါတို့တော့ ဒုက္ခရောက်ပြီ။" လီချင်းယန် မျက်မှောင်ကုတ်သွားသည်။
ပြီးနောက် သူ၏ဓားအား ဖမ်းကိုင်ကာ အားလုံး၏ရှေ့၌ ရပ်ကာ ပြောလိုက်သည်။ "အကုန်လုံးသွားကြတော့။ကျွန်တော် ဒီမှာ တောင့်ခံထားလိုက်မယ်။"
"ဘယ်ကိုသွားရမှာတုန်း။မင်းမေကြီးတော်ကြီးရဲ့။"
ကျွင်းချောင်ရှောင်းသည် လီချင်းယန်အား အသာ နောက်သို့ဆွဲလိုက်၏။ ပြီးနောက် သူ၏တပည့်များရှေ့သို့ ထွက်ကာ ရပ်လိုက်၏။
"မှတ်ထား။သံမဏိအရိုးဂိုဏ်းရဲ့ နံပါတ်တစ်ဆောင်ပုဒ်က သေခြင်းနဲ့ ရှင်ခြင်းဆိုတာ မခြားနားဘူး။ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရမယ်။"
လီချင်းယန် ဆွံအသွား၏။
စုရှောင်မို၏ နှုတ်ခမ်းများသည်လည်း တဆတ်ဆတ်တုန်ယင်သွားသည်။
"ခေါင်းဆောင် ကျွန်တော်တို့ရဲ့ဆောင်ပုဒ်က သံမဏိအရိုးဂိုဏ်းသားဖြစ်ရန်နဲ့ သံမဏိအရိုးဂိုဏ်း၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် မဟုတ်ဘူးလား။"
"မဟုတ်ဘူး အခုပြောင်းသွားပြီ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လီချင်းယန် နှင့် စုရှောင်မိုတို့သည် လဲကျတော့မတတ်ပင် ဖြစ်သွားကြသည်။
ဂိုဏ်း၏ဆောင်ပုဒ်ကို ဤကဲ့သို့ အလွယ်တကူ ပြောင်း၍ ရလေသည်လား။
"အားလုံးပဲ နောက်ကိုဆုတ်။ဒီနေ့မှာ ငါ ဒီသားရဲကြီးကို သတ်ပစ်မယ်။"
ကျွင်းချောင်ရှောင်းသည် ကန္ဓာရလင်းယုန်အား သူ၏ခါးကြားမှ ဆွဲထုတ်လိုက်သည်။
သို့ပေမဲ့ သူ၏ တပည့်သုံးယောက်သည် သူမပြောမီကပင် နောက်သို့ခပ်လှမ်းလှမ်း ဆုတ်ပြီးပြီဖြစ်ကြောင်း သူသိရှိလိုက်ရ၏။
စုရှောင်မိုသည် အဝေးမှ လှမ်းရပ်ကာ ပြောလိုက်သည်။
"လုပ် … ဂိုဏ်းချုပ် … လုပ်သာလုပ်ပစ်လိုက်။"
ဒီစကားလုံးနှင့် ပတ်သက်၍ သူ နည်းနည်းရင်းနှီးနေသလို ခံစားမိ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာခါရမ်းပြီး မြေကမ္ဘာမီးဝံပုလွေဘုရင်အား သေနတ်ဖြင့် ချိန်လိုက်သည်။
ပြီးနောက် သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ "သားရဲကြီး မင်းမှာ ….အချိန်သိပ်မရှိတော့ဘူး။"
"ဝူးး"
မြေကမ္ဘာမီးဝံပုလွေသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏အမွှေးများကြားမှပင် မီးတောက်များ ထွက်ပေါ်လာလျှက် ရှိ၏။ ပြီးနောက် အရှေ့သို့ အားရပါးရဖြင့် တိုးဝင်လာတော့သည်။
"မင်းသေလမ်းရှာနေတာပဲ။"
ကျွင်းချောင်ရှောင်း၏လက်ညှိးသည် သေနတ်ခလုတ်ပေါ်သို့ ရောက်ရှိသွား၏။ ပြီးနောက် သူသည် ခလုတ်အား နှိပ်လိုက်တော့သည်။
"ဂျောက်"
နောက်ဆုံးမှာတော့ ဘာမှမဖြစ်ခဲ့ပေ။ ဘာဆိုဘာတစ်ခုမှ ဖြစ်မလာခဲ့ချေ။
"သေစမ်းဟဲ့ ဘာဖြစ်သွားတာလဲ။"
ကျွင်းချောင်ရှောင်းသည် နောက်ထပ်နှစ်ချက် ထပ်ပစ်လိုက်၏။
သို့ပေမဲ့ ခလုတ်ဆွဲချတိုင်း ဂျောက် …. ဂျောက် ဆိုသည့်အသံ ကြားရသော်လည်း မည်သည့်ကျည်ဆံမှ ထွက်ပေါ်မလာခဲ့ပေ။
"ဝူး"
မြေကမ္ဘာမီးဝံပုလွေသည် အရှေ့သို့ တိုးဝင်လာခဲ့ပြီ ဖြစ်၏။
သူ၏ထက်ရှလှသော လက်သည်းများသည် လက်အတွင်းပိုင်းထဲမှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ကို ဖြစ်ပေါ်စေသည်။
ကျွင်းချောင်ရှောင်း၏မျက်နှာပေါ်ရှိ မောက်မာမှုများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူ အလောတကြီးဖြင့် ညာဘက်ခြမ်းသို့ လှိမ့်ရှောင်လိုက်၏။
"ချီးတဲ့မှ ဒါက သေနတ်ကော ဟုတ်ရဲ့လား။ကစားစရာ အရုပ်ကြီးများလား မသိဘူး။"
စနစ်မှ ပြောလိုက်သည်။ "လက်ခံသူ မောင်းမတင်ရသေးပါဘူး။"
"သေစမ်းဟဲ့ …. ငါမေ့သွားတာပဲ။"
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် အနောက်ဘက်သို့ အကြိမ်ရေအနည်းငယ်လောက် လှိမ့်ထွက်လိုက်၏။
ပြီးနောက် မြေကမ္ဘာမီးဝံပုလွေ တိုက်ခိုက်မှု အရှိန်တန့်သွားသည်ကို အခွင့်ကောင်းယူ၍ သေနတ်ခလုတ်အား နှိပ်ချလိုက်၏။
"ခွေးကောင်ကြီး …. သေစမ်း။"
သူသည် မုဆိုးဒူးထောက်ထိုင်၍ သေနတ်ခလုတ်ကို ထပ်မံ၍ ဆွဲလိုက်သည်။ သို့ပေမဲ့ ကျည်ဆံသည် ထွက်မလာခဲ့ချေ။
"ဟ ဘာဖြစ်ပြန်ပြီလဲ။"
"ခေါင်းဆောင် ဘာလုပ်နေတာလဲ။သူ လျှို့ဝှက်လက်နက်နဲ့ ဘာလို့ မပစ်သေးတာလဲ။"
"ငါ … ငါထင်တာမမှားဘူးဆိုရင် ဂိုဏ်းချုပ်က ဟန်လုပ်နေတာပဲ ဖြစ်ရမယ်။ဟုတ်တယ်။"
"ဟင် သူက အဆင့်ခုနစ်သားရဲကြီးရှေ့မှာတောင်မှ ဒီလိုမျိုး ဟန်လုပ်ရဲတယ်ပေါ့။ ခေါင်းဆောင်ကိုကြည့်ရတာ အရမ်းမိုက်တာပဲ။"
စုရှောင်မို၏မျက်နှာပေါ်တွင် ချီးကျူးမှုများနှင့် ပြည့်နှက်လျှက်ရှိသည်။
"ဝူး"
မြေကမ္ဘာမီးဝံပုလွေသည် ခေါင်းကိုအသာလှည့်လိုက်၏။ ပြီးနောက် သူ၏ပါးစပ်ကိုဟ၍ ကြီးမားလှသော မီးတောက်လုံးကြီးများနှင့် ပစ်လွှတ်လိုက်၏။
ဤစွမ်းအားသည် ပထမမြေကမ္ဘာမီးဝံပုလွေထက် ပိုပြီးအားကောင်းလှသည်။
သို့ပေမဲ့ တိုက်ခိုက်မှုနှုန်းသည်ကတော့ အလွန်အမင်း နှေးကွေးနေသေး၏။
ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်သို့ အသာလှိမ့်ရှောင်လိုက်ပြီး မေးလိုက်၏။ "စနစ် ဘာတွေဖြစ်နေတာလဲ။"
"လက်ခံသူ …. လုံခြုံရေးခလုတ်ကို မဖွင့်ရသေးပါဘူး။"
"သေစမ်းဟဲ့။"
ကျွင်းချောင်ရှောင်းသည် သတိလစ်မေ့မြောသွားမလိုပင် ခံစားလိုက်မိ၏။
ပြီးနောက် သူ သေနတ်အား သေချာကြည့်လိုက်တော့ လုံခြုံရေးခလုတ်အား မဖွင့်ထားကြောင်း မြင်လိုက်ရ၏။
"ဝူးး"
မြေကမ္ဘာမီးဝံပုလွေဘုရင်သည် ထပ်မံ၍ သူ့ဆီသို့ တိုးဝင်လာခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ အလွန်တရာမြန်ဆန်သော အမြန်နှုန်းနှင့် ဝင်လာခြင်းဖြစ်၏။
ဝံပုလွေ၏ လက်သည်းများ၊သွားများ၊ခန္ဓာကိုယ်များဆီမှ မီးတောက်များသည် တဟုန်းဟုန်းနှင့် တောက်လျှက်ရှိ၏။ သူ့ရှေ့တွင်ရှိသော လူသားအား တစ်စစီဆုတ်ဖြဲရန် ဆုံးဖြတ်ပြီးသား ဖြစ်ပုံပေါ်သည်။
"ဂိုဏ်းချုပ်တော့ အန္တရာယ်များနေပြီ။"
စုရှောင်မို၏ အမူအရာသည် ပြောင်းလဲသွား၏။
"ရှလွမ် … ရှလွမ်"
လုချင်းချင်းနှင့် လီချင်းယန်တို့သည်လည်း သူတို့၏ဓားများကို အသီးသီးဆွဲထုတ်လိုက်ကြ၏။
သို့ပေမဲ့ သူတို့ရှေ့သို့ ပြေးထွက်သွားရန် ပြင်နေတုန်းမှာပဲ "ဒိုင်း"ဟူသောအသံကို ကြားလိုက်ရသည်။
သူတို့နားတွေအကုန်လုံး အူထွက်သွားတော့သည်။