အခန်း (၅၉)
Vol. 5 Ch. 59
ဒိုင်း ….
ဘုန်း။
ကြီးမားလွန်းသော မြေကမ္ဘာ မီးဝံပုလွေသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာတော့သည်။
သူ့ခြေထောက်များ ၊သွားများ ၊ လက်သည်းနှင့် ခန္ဓာကိုယ်ပေါ်ရှိ မီးများအားလုံးသည် ပျောက်ကွယ်သွားတော့သည်။ သူ၏ နဖူးထက်တွင်တော့ စပျစ်သီးတစ်လုံးအရွယ်ရှိသော အပေါက်တစ်ခု ရှိလို့နေ၏။
သွေးများသည် ထိုနေရာမှ စီးဆင်းကာ အဆက်မပြတ်ထွက်လာလျှက်ရှိသည်။
အဆင့်နှစ် အဆင့်ခုနစ်သားရဲကြီး သေဆုံးသွားခဲ့ပြီဖြစ်၏။
ဓားဆွဲထုတ်ပြီး ကျွင်းချောင်ရှောင်းအား ကူညီရန် ပြင်ဆင်နေသော လုချင်းချင်းနှင့် လီချင်းယန်တို့သည်လည်း နေရာတွင် သံမိုဆွဲထားသလို ရပ်၍ ဆွံအလျှက် ရှိ၏။
စူရှောင်မိုသည်လည်း ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားသည်။
သူတို့ မည်သည့်အရာကို မြင်ခဲ့သနည်း။
မြေကမ္ဘာမီးဝံပုလွေသည် သူတို့၏ ဂိုဏ်းချုပ်အား ခုန်၍ တိုက်ခိုက်ခဲ့သည်။
သို့ပေမဲ့ ဂိုဏ်းချုပ်၏ လက်ထဲရှိ လက်နက်ဆီမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝံပုလွေဘုရင်၏ နဖူးအား အလွန်တရာ မြန်ဆန်သောနှုန်းထားဖြင့် ဖောက်ထွင်းသွားတော့သည်။
ဘယ်လောက်မြန်သနည်း။
မည်မျှ မြန်လိုက်သနည်းဆိုသော် လက်နက်ဆီမှ ထွက်ပေါ်လာသည့်အလင်တန်းအား ဘာဆိုသည်ကိုပင် သူတို့ ကောင်းကောင်းမမြင်လိုက်ကြပေ။
"ငိုင်မနေနဲ့ …ငါ့ကို လာပြီး ကူညီကြအုံး။"
ကျွင်းချောင်ရှောင်းအသံကို သူတို့အားလုံး ကြားလိုက်ရသည်။
သုံးယောက်သား သတိဝင်လာပြီးနောက် အဝေးတစ်နေရာက ခြုံပုတ်နားဆီ လှမ်းကြည့်လိုက်သည်။
ထိုနေရောမှာတော့ သူတို့၏ ဂိုဏ်းချုပ်သည် ခြေထောက်နှစ်ဖက် ၊ လက်နှစ်ဖက်အား မြှောက်၍ ပတ်လက်ကြီး လန်ကာ လဲနေလျက်ရှိ၏။
လက်ထဲတွင်ရှိသော လက်နက်သည် အငွေ့များ ထွက်လျှက် ရှိပြီး ဂိုဏ်းချုပ် ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ဆတ်ဆတ် နှင့် တုန်ရင်နေသည်။
အဘယ့်ကြောင့် ဤကဲ့သို့ တုန်ရင်နေရသနည်း။
လက်နက်ပစ်လိုက်ပြီးနောက် ပြန်ကန်အားသည် သူ့အား လေးမီတာမှ ငါးမီတာ အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။
ပြီးနောက် လက်နက်ကိုင်ထားသောလက်သည် သူ မည်သည့်အရာမှ ခံစားလို့မရအောင် ထုံကျဉ်ပြီး ကြွက်သားများသည် တုန်ခါလျက်ရှိနေ၏
"ဒါက ပစ္စတိုသေနတ်လား ဒါမှမဟုတ် ဒုံးကျည်လား။"
အပြစ်တင်နေသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် နာကျင်မှုနှင့် ပျော်ရွှင်မှုကို တစ်ချိန်တည်းမှာပဲ ခံစားနေရသည်။
ပစ္စတိုကဲ့သို့ သေနတ်လေးတစ်ခုသည် အဆင့်ခုနစ် သိုင်းတပည့်အဆင့်ရှိသော သားရဲကြီးအား လွယ်လွယ်ကူကူပင် သတ်ဖြတ်နိုင်ခဲ့သည်။
ထိုသို့ဆိုလျှင် အနာဂတ်မှာ အဘယ့်ကြောင့် ကျင့်ကြံနေမည်နည်း။
သေနတ်တစ်လက်ကို ယူသွားပြီး ကျင့်ကြံခြင်း လောကထဲ ကျင်လည်လိုက်ရုံသာ ရှိတော့သည်။
"ဖြေးဖြေး .. ဖြေးဖြေး ….အိုက်ရိုး …ငါ့ရဲ့ လက်ကောက်ဝတ်"
လီချင်းယန်နှင့် စူချောင်မိုတို့သည် သူတို့၏ ဂိုဏ်းချုပ်အား ပြန်ထူလိုက်ကြ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ လက်သည် တန်းတန်းကြီးဖြစ်လျက် ရှိနေသည်။
ကြွက်သားများ ပျော့ပျောင်းပြီး ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းငယ် စောင့်ဆိုင်းရမည့်ပုံလည်း ပေါ်၏။
လုချင်းချင်းသည် မြေကမ္ဘာမီးဝံပုလွေ ဘုရင် ၏ အလောင်းဆီသို့ လျှောက်သွားပြီး ရင်ဘတ်အား ထိုးခွဲလိုက်၏။
နီနီရဲနေသော သလင်းဖြူတစ်ခု ထွက်ပေါ်လာ၏။ အရွယ်အစားနှင့် အရောင်ကို ကြည့်လိုက်သည်နှင့် မြေကမ္ဘာမီး ဝံပုလွေထက် ပို၍ အရေအသွေးကောင်းကြောင်း သိသာလှ၏။
"ဂိုဏ်းချုပ် သလင်းအမြုတေ ယူအုံးမလား။"
"ယူမယ် … ယူမယ်။"
ကျွင်းချောင်ရှောင်းသည် ကြွက်သားများ တောင့်တင်းနေသောကြောင့် သေနတ်ပစ်နေသည့် ခန္ဓာကိုယ် ပုံစံအတိုင်း ဂိုဏ်းဆီသို့ တောင့်တောင့်ကြီး ပြန်လာလိုက်ရသည်။
နေ့တစ်ဝက်လောက် အနားယူပြီးနောက်မှာတော့ သူ၏ တောင့်တင်းနေသော ကြွက်သားများသည် ပြေလျော့သွားရ၏။
"ဒီ ပြန်ကန်အားက တော်တော်ကြီးကို အားကောင်းတာပဲ။"
စနစ်မှ ပြောလိုက်သည်။ "စကားကို ဆင်ခြင်ပြီးတော့ ပြောပါ။ လက်ခံသူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း အားနည်းလျှက် ရှိ၏။”
ကျွင်းချောင်ရှောင်း ဆွံအသွားသည်။
"ဒါက ပစ္စတိုလေးတစ်ခုလေ။ သေနတ်သေးလေး တစ်ခု မဟုတ်ဘူလား။ ဒါမျိုးထွက်တဲ့ ကျဉ်ဆံက ဘာလို့ အမြှောက်တစ်ခုလို ဖြစ်နေရတာလဲ။ ဒီလောက်ကြီးမားတဲ့ ပြန်ကန်အားကို ဘယ်သူက ခံနိုင်မှာလဲ။"
စနစ်မှ ရှင်းပြလိုက်သည်။
“ကန္တာရလင်းယုန်သည် ဤကျင့်ကြံခြင်းလောကတွင် အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ထားခြင်းဖြစ်၏။ ထို့ကြောင့် အရင်သေနတ်များထက် ပို၍ အများကြီး အဆင့်မြင့်သည်။”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
"ဒီလိုရင် ငါ ဒုံးကျည်ကိုသာ ပစ်မယ်ဆိုရင် ငါ နျုကလီးယားဗုံး ဖောက်ခွဲလိုက်သလို ခံစားရမှာပေါ့။"
"ဤကိစ္စသည်မှာတော့ ပြောရန် ခက်ခဲလှ၏။" စနစ် ပြန်ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဆက်ပြီးတော့ ဂရုမစိုက်တော့ပေ။
သူ မြန်မြန်ဆန်ဆန်ပဲ စတိုးထဲသို့ဝင်၍ ကန္တာရလင်းယုန် ရောင်းချရာ နေရာဆီသို့ သွားကြည့်လိုက်သည်။ ဤနေရာတွင်တော့ ငွေရောင်အကွက်လွတ်ကြီးတစ်ခု ပေါ်နေသည်ကိုသာ သူ မြင်လိုက်ရ၏။ ဝယ်ယူနိုင်သည့် အချိန်သည် နှစ်လအတွင်းသို့ ကန့်သတ်ထား၏။
"အချိန်အကန့်အသတ်သာ မရှိဘူးဆိုရင် တပည့်တွေတစ်ယောက်ချင်းစီအတွက် ငါ တစ်ခုချင်းစီ ငါဝယ်ပေးတယ်။ ဒါဆိုရင် ဘာလို့ ဓားတွေနဲ့ တိုက်ခိုက်နေအုံးမှာလဲ။"
"လျို့ဝှက်လက်နက်က အဆင့်မြင်ဝံပုလွေတစ်ကောင်ကိုတောင် သတ်လိုက်နိုင်တယ်ဟုတ်လား။"
“စီနီယာအစ်ကိုစု … ဂိုဏ်းချုပ်သုံးတဲ့ လက်နက်က ဘယ်လိုမျိုးလဲ။ အရမ်း အားကောင်းတာလား။"
သိုင်းလေ့ကျင့်ရေးကွင်းမှာတော့ များပြားလှသော တပည့်များသည် စုရှောင်မိုအား ဝိုင်းပတ်၍ ဖြစ်ပျက်ခဲ့သည့်ကိစ္စများအား ဝိုင်းဝန်းမေးမြန်းလျှက် ရှိ၏။
“အဟမ့် .. အဟမ့်..”
စုချောင်မိုသည် ကျောက်တုန်းတစ်ခုပေါ်ကို ခြေတင်ကာ သေနတ်ပစ်သည့် ပုံစံမျိုး ပြုလုပ်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်အသုံးပြုတဲ့ လက်နက်က သေနတ်လို့ ခေါ်တယ်။"
"သေနတ် ဟုတ်လား။"
"ဒါက အရမ်းကြီးတဲ့ လက်နက်ကြီး မဟုတ်ဘူး။ အင်း ။ လေးခွလောက်အရွယ်အစားပဲ ရှိတယ်။ ပြီးတော့ ဒိုင်းဆိုပြီး ပစ်ထည့်လိုက်ရတာ။ ပစ်လိုက်တယ်ဆိုတာနဲ့ ဝံပုလွေဘုရင်က တစ်ခါတည်း သေသွားတာပဲ။"
စုချောင်မို၏ စကားပြောကောင်းခြင်းနှင့်အတူ အားလုံး၏ မျက်လုံးထဲတွင် ဂိုဏ်းချုပ်၏ ပုံပန်းသွင်ပြင်သည် ကြီးမားထည်ဝါစွာ ခန့်ညားလာတော့သည်။
"ကောင်းကင်ဘုံ။ ဒါကို ငါ ဒါကို တကယ်တမ်း ကိုင်ဆောင်ရလျှင် ဘယ်လောက်ကောင်းမလဲ။ ဂိုဏ်းချုပ်က အရမ်း အားကောင်းလွန်းတယ်။"
တပည့်များသည် ဤဖြစ်ရပ်အား နားထောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းအား ပိုမို၍ ယုံကြည် ကိုးစားမိကြတော့၏။
စနစ်တွင်သာ အားကိုးယုံကြည်မှု အမှတ်များ ပေးမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အမှတ် တစ်သောင်းကျော်လောက် ရနှင့်နေပြီး ဖြစ်ပေလိမ့်မည်။
ချင်းယန်မြို့တွင် ကျင့်ကြံသူများအား သိုင်းတာအိုနှင့် ဆက်စပ်သော ကျင့်ကြံခြင်းအား လမ်းညွှန်ချက်ပေးခြင်း။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အကြီးအကဲအား သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် လက်ဖြတ်ပစ်ခြင်း။ တစ်ယောက်တည်းနှင့် တောင်နက်ကြီးပေါ်တက်၍ ဟောဖေးခံတပ်၏ ဓားမြနှစ်ရာကျော်အား သတ်ဖြတ်ခြင်း။
ယခု လျှိဝှက်လက်နက်ကို ထုတ်သုံးကာ ဝံပုလွေဘုရင်အား တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့ခြင်း။
ကျွင်းချောင်ရှောင်း လုပ်ခဲ့သော ကိစ္စသည် တပည့်များ လိုက်မမှီနိုင်သော လုပ်ရပ်များ ဖြစ်ခဲ့သည်။ ထို့ကြောင့် ပို၍ ယုံကြည်အားကိုး လာကြခြင်းဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ထိုသိုကိစ္စရပ်များအားလုံး လုပ်နေသည်တောင်မှ ဂိုဏ်းချုပ်သည် သိုင်းတပည့်အဆင့်သို့ မရောက်ရှိသေးပေ။
……
နောက်တစ်နေ့မှာတော့ ကျွင်းချောင်ရှောင်းသည် တာဝန်မရသေးသော တပည့်များအား တာဝန်ပေး၍ ချင်းယန်ရွာသို့ အသီးသီး စေလွှတ်လိုက်သည်။
ပြီးနောက် သူသည် ကျင့်ကြံခြင်းအား ပိုမို အားစိုက်လိုက်တော့သည်။
လက်ထဲမှာ ကန္တာရ လင်းယုန် ရှိလျှင် လုံခြုံသည် ဆိုသော်လည်း ပြန်ကန်အားသည် အလွန်အမင်း ကြီးမားလှ၏။
သူ့အနေနှင့် ဤပြန်ကန်အားကို ပိုမို ထိန်းချုပ်ချင်သည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်း သို့မဟုတ် ခန္ဓာကိုယ်ကြံခိုင်မှု တိုးပွားအောင် လုပ်မှ ဖြစ်ပေလိမ့်မည်။
ဒင်။
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်ကို အသုံးပြု၍ ကြွက်သားတည်ဆောက်ခြင်းအခန်းအား ဝယ်ယူခဲ့သည်။
ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီး ဖြစ်၏။”
ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၅၄/၁၀၀။
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲသို့ ဝင်ကြည့်လိုက်ချိန်မှာတော့ ခရီးထွက် နားနေရာတွင် အသုံးပြုသည့် တဲပုံစံလေးတစ်ခုကို တွေ့လိုက်ရ၏။
ထိုအရာကို သူအပြင်ဘက်သို့ ချက်ချင်း ထုတ်၍ အားအင်စမ်းသပ်ခြင်းစက်၏ ရှေ့နားတွင် ထားလိုက်၏။
ကြွက်သား တည်ဆောက်ခြင်း အခန်းသည် ခန္ဓာကိုယ်အား ပိုမို အားကောင်းစေရန် ပြုလုပ်ပေးသော အထောက်အပံ့ တစ်ခု ဖြစ်၏။
သိုင်းအဆင့်များကို တိုးတက်စေသည် မဟုတ်သော်လည်း ခန္ဓာကိုယ်များ၏ ကြွက်သားများကို ပိုမို အားကောင်းစေလိမ့်မည်။
အစပထမတွင် ကျွင်းချောင်ရှောင်းသည် ဝယ်ယူရန် အစီအစဉ်မရှိပေ။ ထို့အပြင် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်ဆိုသည်မှာ အနည်းငယ် ဈေးကြီးလှ၏။
သို့ပေမဲ့ ကန္တာရ လင်းယုန် ၏ ပြန်ကန်အား ကို ခံနိုင်ဖို့ သူ၏ ခန္ဓာကိုယ်သည် အားနည်းလွန်းကြောင်း နားလည်ထားမိသည်။
“ရီကျင်ကျင်း” ကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြု၍ သူ့ခန္ဓာကိုယ် ပိုမိုသန်မာအောင် တည်ဆောက်မည်ဆိုလျှင်လည်း အလွန်တရာ နှေးကွေးလွန်းပေလိမ့်မည်။
ဖူး။
သက်ပြင်းချပြီးသည့်နောက် သူသည် ကြွက်သား တည်ဆောက်ခြင်း အခန်းတံခါးကို ဟကာ အထဲဆီသို့ ဝင်လိုက်၏။
အထဲရှိ တည်နေရာသည် လူတစ်ယောက် နေထိုင်ရန် လုံလောက်သည့် နေရာဖြစ်၏။ နံရံလေးဘက်က နူးညံ့ပျော့ပြောင်းလှသော အကာသား ဖြင့် ကာရံထားသည်။
အတွင်း၌ လှဲလောင်းလိုက်လျှင် အလွန်အမင်း သက်တောင့်သက်သာ ဖြစ်သည့် ခံစားချက်ကို ရမှာသေချာ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒါက အနှိပ်ခံပြီးတော့ ခန္ဓာကိုယ်ကို ပိုပြီးတော့ သန်မာအောင် ပြုလုပ်လို့ရတာနဲ့တူတယ်။ စိတ်ဝင်စားစရာပဲ။"
သူ တံခါးကို ပိတ်ကာ စတင်သည့် ခလုတ်ကို နှိပ်လိုက်တော့သည်။
ဘန်း .. ဘန်း … ဘန်း ။
ကြွက်သားတည်ဆောက်ခြင်းအခန်းသည် ရုတ်တရက် တုန်ခါသွား၏။ ပြီးနောက် လက်သီးထိုးသည့် အသံများ ကြားလိုက်ရ၏။
တည်နေရာအသေးလေးထဲတွင် ပိတ်ကြပ်နေသော ကျွင်းချောင်ရှောင်းသည် ဘေးနှစ်ဘက်ဆီမှ အကာသား သည် တူတစ်ခု၏ ခေါင်းပုံစံမျိုးများကဲ့သို့ ပြောင်းကာ သူ့အား ဝိုင်းဝန်း ရိုက်နက်ကြတော့သည်။
တိုက်ခိုက်ထိုးနှက်ချက် တစ်ခုချင်းစီတိုင်းသည် သူ၏ အရေပြားပေါ်သို့ ကျဆင်းနေသည်ဟု ဆိုရမည်။
"သေစမ်းဟဲ့။"
ကြွက်သားတည်ဆောက်ခြင်းအခန်းဆိုသည်မှာ အလွန်အန္တရာယ်များသော အခန်းဖြစ်ကြောင်း သူ သိရှိလိုက်ရ၏။
"ရပ်။"
သို့ပေမဲ့ ကျွင်းချောင်ရှောင်း ဘယ်လောက်ထိ အော်အော် တူဦးခေါင်းများမှာ ရပ်တန့်မည်ပုံ လုံးဝမရှိချေ။ ပို၍ ပြင်းပြင်းထန်ထန် ထိုးနှက်လျက်ရှိသည်။
စနစ်မှ ပြောလိုက်သည်။ “ကြွက်သားတည်ဆောက်ခြင်း အခန်းစပြီဆိုရင် အနည်းဆုံး နှစ်နာရီကြာပါသည်။”
"သေပါပြီဗျာ။"
ဘန်း ဘန်း ဘန်း။
“အား။”
နှစ်နာရီခန့်ကြာပြီးသည့်နောက်မှာတော့ ကြွက်သားတည်ဆောက်ခြင်းအခန်းသည် သူ့အလိုလို ပွင့်သွားသည်။
ကျွင်းချောင်ရှောင်းသည် အထဲမှ ဝမ်းယားမှောက်၍ လျောထွက်လာခဲ့သည်။ သူ၏ မျက်နှာတစ်ခုလုံး သည် ရောင်ကိုင်းလျက်ရှိပြီး ပါးစပ်ထဲမှ အမြုပ်များ ထွက်နေ၏။
"သောက် ကြွက်သားတည်ဆောက်ခြင်း အခန်းပဲ။ သောက်စနစ်။"
သူ၏ ကြွက်သားများသည် အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။
ကျွင်းချောင်ရှောင်းသည် မြေကြီးပေါ်တွင်လှဲပြီး စိတ်ပျက်လက်ပျက်ဖြင့် အနားယူလျှက် ရှိသည်။
စနစ်မှ ပြောလိုက်သည်။ "ကောင်းကင်မှ ပေးအပ်တဲ့ အခွင့်အရေးတွေကို ရယူတဲ့ လူကြီးလူကောင်းဆိုတာ အရင်ဆုံး ခံလိုက်ရသည်။ ကြွက်သားတွေ အရိုးတွေ နာကျင်ရမည်။"
"တိတ်စမ်း။"
ကျွင်းချောင်ရှောင်း အားပျော့စွာနှင့် ပြောလိုက်မိသည်။
ကြွက်သား တည်ဆောက်ခြင်း အခန်းသည် အလွန်အမင်း ကြမ်းတမ်း ရက်စက်လှသည် ဆိုသော်လည်း တစ်ညအနားယူပြီးနောက်မှတော့ သူ၏ ခန္ဓာကိုယ်သည် မည်သည့်နာကျင်မှုများမှ မခံစားရတော့ချေ။ သူ၏ ကြွက်သားများသည်လည်း မနေ့ကထက်ပို၍ အားကောင်းလာခဲ့သည်။
ကျွင်းချောင်ရှောင်း အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "အစွမ်းသက်ရောက်မှုက ဒီလောက်တောင် မြန်တာလား။"
သူ ချက်ချင်းပဲ အားအင်စမ်းသပ်ခြင်းစက်ဆီသို့ သွား၍ လက်သီးတစ်လုံး ထိုးလွှတ်လိုက်၏။
သူ၏ အားအင်သည် ၁၉၀၀ ဂျင်ဖြစ်ကြောင်း ဖော်ပြလာ၏။ မနေ့ကလေးတင် သူ စမ်းသပ်ခဲ့သည်မှာ ၁၈၀၀ ဂျင် ဖြစ်သည်။
နှစ်နာရီလောက် အကြမ်းပတမ်း ရိုက်နှက်ခံခဲ့ပြီးနောက် သူ၏ အားအင်သည် တစ်ရာတိတိ တိုးသွားခဲ့သည်။
သက်ရောက်မှုသည် အလွန်ကောင်းသည်ဟု ဆိုရမည်။
"ဆက်လုပ်ရမယ်။"
သူသည် ကြွက်သား တည်ဆောက်ခြင်း အခန်းတံခါးအား လှပ်၍ အထဲသို့ ထပ်ဝင်သွား၏။
နှစ်နာရီလောက် နှိပ်စက်ခံလိုက်ပြီးသည့်နောက် လူတစ်ကိုယ်လုံးပျော့ခွေကာ ပြန်လည်ထွက်လာခဲ့သည်။
နောက်တစ်ရက်။
နာကျင်မှုများ ပျောက်ကွယ်သွားပြီးသည့်နောက် သူသည် စွမ်းအင် ပြည့်ဝနေသလို ခံစားမိ၏။
သူ၏ ကြွက်သားများသည်လည်း ပိုမိုတောင့်တင်းလာသည်။
"ဂိုဏ်းချုပ်။"
ထိုအချိန်မှာပဲ ရှောင်ကျီသည် ခေါင်းငုံကာ ရောက်ရှိလာသည်။
"ကျွန်တော် ရီကျင်ကျင်း နည်းစနစ်ကို နားလည်သွားပါပြီ။"
"ဒါ ကောင်းတာပေါ့။ ဒါနဲ့ မင်း ဘာလို့ ဝမ်းနည်းနေတာလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ရှောင်ကျီသည် နာနာကျင်ကျင်နှင့် ပြောလိုက်သည်။
"တစ်ညလုံး စုပ်ယူပြီးနောက်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ တစ်ခုမှ မစုစည်းနိုင်ဘူး။ ကြည့်ရတာ ဒီတစ်သက် ကျင့်ကြံလို မရတော့ဘူးနဲ့ တူတယ်။"
ကျွင်းချောင်ရှောင်းသည် သူ့အား နှစ်သိမ့်လိုက်ချင်သည်။ သို့ပေမဲ့ ရုတ်တရက်ဆိုသလို အတွေးတစ်ခု ရသွား၏။
ထို့ကြောင့် ပြောလိုက်၏။ "လာ လာ ငါမင်းကို ကျင့်ကြံတဲ့ အခန်းထဲကို ခေါ်သွားမယ်။"
ပြီးနောက် သူသည် ကြွက်သားတည်ဆောက်ခြင်းအခန်းအား ဦးဆောင်ကာ ခေါ်သွားလိုက်သည်။
"ဝင် …."
“ဟုတ်ကဲ့”
ရှောင်ကျီသည် အတွင်းသို့ ဝင်ပြီး ရူးကြောင်ကြောင်နှင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ် ဒါက အိပ်ရာလား။"
“ဖောင်း …”
ကြွက်သားတည်ဆောက်ခြင်း အခန်းအား အသက်သွင်းလိုက်တော့သည်။ ဤတစ်ကြိမ်တွင်တော့ သူသည် ကြာမြင့်ချိန်အား လေးနာရီအဖြစ် သတ်မှတ်ထားလိုက်၏။
“ဖောင်း .. ဖောင်း … ဖောင်း။”
“အား … အား …. အား။”