← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းနာမည်အား ထုတ်ဖော်ပြောဆိုလိုက်ချိန်မှာတော့ ပတ်ဝန်းကျင်တွင် ရှိနေကြသော ကျင့်ကြံသူများက သူ့အား ကြည့်ကာ တီးတိုးဝေဖန် ပြောဆိုနေလျက်ရှိသည်။ ထိုသူတို့၏ စကားလုံးများသည် ထုံးစံအတိုင်း အထင်သေး ကဲ့ရဲ့မှုများနှင့် ပြည့်နှက်လျက် ရှိသည်။

ထိုအရာသည် သာမာန်ပင်ဖြစ်၏။

သိုင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသူများမှာ အဆင့်ရှစ် နှင့် အထက် ဂိုဏ်းများမှ ဖြစ်သည်။ ထို့ကြောင့် အဆင့်ကိုး ဂိုဏ်းတစ်ခု လာရောက်၍ စာရင်းပေးသွင်းသည်မှာ အားလုံးအတွက် ထူးဆန်းသလို ဖြစ်နေ၏။

“ဟင်း …”

ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်သည်။

သူသည် အထင်သေးလှောင်ပြောင်စရာ မျက်နှာပေးနှင့် မွေးဖွားလာသူလား မပြောတတ်တော့ပေ။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကျင့်ကြံသူများသည် ရက်စက်မှုများနှင့် ဖုံးလွှမ်းနေသူများ ဖြစ်ကြသည်။ နိမ့်ပါးသော သူများအတွက် နေရာမရှိပေ။

ရှေးတုန်းကတည်းက ယခုထိ လူတန်းစား ခွဲခြားမှုမှာ တည်ရှိနေ၏။

ကျေးကျွန်များ၊ အိမ်စေများသည် အနိမ့်ကျဆုံး လူသားများဖြစ်ပြီး ထိုသူတို့နှင့် နှိုင်းယှဉ်၍ ရသော အဆင့်ကိုး ဂိုဏ်းတစ်ခု ဖြစ်သည့် သံမဏိအရိုးဂိုဏ်းသည် မည်သူ၏ ယုံကြည်မှုကိုမှ မရရှိသည်မှာ ထူးဆန်းသော အရာတစ်ခုတော့ မဟုတ်တာ သေချာသည်။

နေအုံး ။

င့ါဂိုဏ်းကို ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ အတောက်ပဆုံး ဂိုဏ်းတစ်ခု ဖြစ်အောင် လုပ်ပြီး အားလုံး အထင်ကြီးစေရမယ်။။

ကျွင်းချောင်ရှောင်းသည် လောကကြီး၏ အထင်သေးသည့် မျက်လုံးများအား ဂရုမစိုက်ချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတစ်ခု တည်ထောင်ရန် သူ့အနေဖြင့် အလုပ်ကြိုးစားရမည်။

စုတ်တံအား ကိုင်ဆောင်ထားသည့် သက်လတ်ပိုင်း လူသည် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည် “သိုင်းပြိုင်ပွဲ အတွက် သတ်မှတ်ချက် နဲ့တော့ ကိုက်ညီတယ်။ ဒါပေမဲ့ လာပြီး စာရင်းသွင်းတဲ့ သူက ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ယောက် ဖြစ်ရမယ်လေ။ မင်းလို တပည့်က ဘာလာလုပ်တာလဲ။”

ဘုတ်။

ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းချုပ် အမှတ်အသား တံဆိပ်တုံးအား ထုတ်ယူ၍ စားပွဲပေါ် ချလိုက်သည် “ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း”

သူသည် အလွန်တရာ မောက်မာ၍ မာနကြီးလှ၏။

တခြားသူများ သူ့အား အထင်သေးနေလျှင် သူကလည်း မည်သူ့ကိုမှ ထောက်ထား ညှာတာ နေမည် မဟုတ်ချေ။

သက်လတ်ပိုင်းလူသည် စာရွက်ပေါ်မှ စည်းတံဆိပ်အား ယူကြည့်၍ ထူးမခြားနားသလို ခပ်တည်တည် ဖြင့် ပြောလိုက်သည် “ဒီလိုဆို ဂိုဏ်းချုပ်ကျွင်းပေါ့။ မလေးမစားပြုမူမိတာ တောင်းပန်ပါတယ်။”

“သူက ချင်းယန်မြို့မှာ တောင်ပြာဂိုဏ်းအကြီးအကဲကို သိုင်းပညာနဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးခဲ့တဲ့ သူ ဆိုတာလား။”

“ဒီလောက် ငယ်မယ်လို့ မထင်မိဘူး”

“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က စွမ်းအင်ဖွင့်ခြင်းအဆင့် လေး ဒါမှမဟုတ် ငါးလောက်ပဲ ရှိတယ် လို့ ကြားတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အကြီးအကဲ ကို လက်ဖြတ်ပစ်နိုင်တယ်တဲ့”

“စွမ်းအင်ဖွင့်ခြင်း အဆင့်လေး တစ်ယောက်က ဘယ်လိုလုပ် စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ် အကြီးအကဲကို နိုင်မှာလဲ။ မဖြစ်နိုင်တာ။”

လီရန်မြို့မှ ကျင့်ကြံသူများသည် ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက ဖြစ်စဉ်က ကြားခဲ့ဖူးကြသည်။ သို့ပေမဲ့ ထိုအရာသည် ဆင့်ကား ကြီးထွားလာသော ကောလဟာလ သာ ဖြစ်လိမ့်မည် ဟု သူတို့တွေ ထင်မှတ်ထားခဲ့ကြ၏။

ကျွင်းချောင်ရှောင်းသည် အားလုံးကို လျစ်လျူရှုပြီး ပြောလိုက်သည် “အဆင့်ကိုး ဂိုဏ်းတစ်ခု ဝင်မပါရဘူးဆိုတဲ့ စည်းမျဉ်းမရှိဘူးမလား။ ဒါဆိုရင် ဘာတွေ တွေဝေနေတာလဲ။ မြန်မြန်မေးတော့လေ။ စာရင်းသွင်းမယ်။ ဒီမှာထိုင်ပြီး ရေနွေးကြမ်း ထိုင်သောက်ချင်နေတာလား”

သက်လတ်ပိုင်းလူ၏ မျက်နှာသည် ချက်ချင်းပဲ မဲမှောင်သွားသည်။ သို့ပေမဲ့ သူ၏ အလုပ်နေရာတွင် ဖြစ်နေသည်မို့ ဒေါသကို ဖိနှိပ်ကာ ခပ်တင်းတင်း ပြန်မေးလိုက်သည် “တပည့် ဘယ်နှစ်ယောက် ဝင်ပြိုင်မှာလဲ”

“ငါးယောက် ….”

“နာမည် .. အသက်”

“လုချင်းချင်း - ၁၆ နှစ် ၊ လီချင်းယန် - ၁၇ နှစ် ၊ စုရှောင်မို - ၁၆ နှစ် ၊ ထျန်းရှီ - ၁၈ နှစ် ၊ ရှောင်ကျီ - ၁၇ နှစ်”

သက်လတ်ပိုင်းလူသည် ဆွံ့အသွားသည်။ ပြီးနောက် ပြန်မေးလိုက်၏ “နောက်ဆုံး တစ်ယောက်က ဘယ်သူ”

“ရှောင်ကျီ” ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်သည်။

“ရှောင်ကျီ ဟုတ်လား”

အဝေးတစ်နေရာတွင် ရပ်နေသော ကျင့်ကြံသူတစ်ယောက်က ပြုံးလိုက်သည် “ရှောင်ကလန်ကနေ နှင်ထုတ်ခံရတဲ့ အမှိုက်ပဲ”

ကျွင်းချောင်ရှောင်းသည် ခေါင်းလှည့်ကာ အေးစက်စက် ပြောလိုက်သည် “အဲစကားကို ထပ်ပြောကြည့်စမ်း”

သူ၏ မျက်လုံးများသည် အေးစက်လွန်းစည်။ အတင်းပြောနေသော ကျင့်ကြံသူသည် ကျွင်းချောင်ရှောင်း၏ မျက်လုံးနှင့် ဆုံလိုက်ချိန်မှာတော့ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေပင် ထသွားမိ၏။

သက်လတ်ပိုင်းလူသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည် “ရှောင်ကလန်ရဲ့ အရင် သွေးမျိုးဆက် .. ရှောင်ကျီ”

“ရှောင်ကလန်ရဲ့ အရင် သွေးမျိုးဆက် ဆိုတာ ဖျက်လိုက်ပါ။ သူ့ နာမည် ရှောင်ကျီ ပဲ။” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

မိသားစု တစ်ခုလုံး၏ ဂုဏ်ယူရသော ပါရမီရှင်ဟောင်းသည် စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ်ကို ကျော်ဖြတ်ပြီးချိန်မှာတော့ ကျင့်ကြံခြင်း တစ်ခုလုံး ပျက်ဆီးသွားခဲ့သည်။ ထိုအရာကို ဝိုင်းဝန်း မထောက်ပံ့ကြသည့် အပြင် နှင်ပါ ထုတ်ခဲ့သော မိသားစု သည် သူ၏ တပည့် နှင့် မထိုက်တန်ချေ။

သက်လတ်ပိုင်းလူသည် နာမည်စာရင်းများ ရေးထိုးပြီးသည့်နောက် ဝါးပြား ငါးခုအား ပစ်ပေးလိုက်သည် “ပြိုင်ပွဲနေ့မှာ တပည့်တွေ အားလုံး ရောက်ပြီး ဖြစ်ရမယ်။ မဟုတ်ရင် ပယ်ခံရမယ်”

ကျွင်းချောင်ရှောင်းသည် ဝါးပြားအား ယူကာ လှည့်ထွက်လိုက်၏။

သို့ပေမဲ့ စောနက အတင်းပြောသော ကျင့်ကြံသူရှေ့သို့ ရောက်ချိန်မှာတော့ ရပ်တန့်ကာ မှုန်ကုတ်ကုတ် ဖြင့် ပြောလိုက်သည် “ငါ့ တပည့်ကို နောင်အမှိုက်လို့ ထပ်ခေါ်မယ် ဆိုရင် မင်းကို မလွှတ်ပေးတော့ဘူး ..”

ထိုရောင်းရင်းသည် လန့်ဖျန့်ပြီး မြေပေါ်ပင် လဲကျသွားသည်။

ဟမ့် …

ကျွင်းချောင်ရှောင်း အထင်သေးသလို ပြောလိုက်သည် “မင်းကျတော့ ကြောက်လန့်နေပြီ။ တခြားသူကို အမှိုက်လို့ ခေါ်ဖို့ မင်းကမထိုက်တန်ဘူး”

“ဘာကွ”

ကျင့်ကြံသူသည် ရှက်ယမ်း ယမ်းလိုက်မိသည်။ သို့ပေမဲ့ သူသည် မြို့တွင်း၌ မတိုက်ခိုက်ရဲချေ။ ထို့အပြင် ကျွင်ချောင်ရှောင်း၏ မျက်လုံးအကြည့်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ကျွင်းချောင်ရှောင်း လှည့်ကာ ထွက်ခွာသွားလိုက်သည်။

သူ ထွက်သွားပြီးပြီးချင်းမှာပဲ စာရင်းပေးသွင်းရာ နေရာတွင် ဆူညံစွာ ကျန်ရစ်ခဲ့လေ၏။

……….

လီရန်မြို့ … ရှောင်ကလန်သည် နှစ်ရာပေါင်းများစွာ သမိုင်းကြောင်း ရှိသော ကလန်ကြီးတစ်ခု ဖြစ်သည်။ သူတို့၏ လူသူနှင့် အရင်းအမြစ် အားအင်သည် ချင်းယန်မြို့ရှိ လီကလန် ထက်ပင် ပို၍ သာနေသေးသည်။

ယနေ့မှာတော့ ရှောင်ကလန်၏ အကြီးအကဲသည် ဒေါသတကြီးနှင့် ဟောခန်းမထဲ ခပ်သုတ်သုတ် လျှောက်ဝင်လာ၏။

ရှောင်ကလန် ခေါင်းဆောင်သည် စားပွဲခုံ တစ်ခု ထိပ်တွင် ထိုင်၍ ရေနွေးသောက်နေရင်းမှ ပြောလိုက်၏ “အကြီးအကဲ .. ဘာဖြစ်လာတာလဲ”

အကြီးအကဲသည် ဒေါသတကြီး ပြောလိုက်သည် “ငါတို့ ကလန်က ထုတ်လိုက်တဲ့ အမှိုက်ကောင်က သိုင်းပြိုင်ပွဲ အတွက် စာရင်းပေးခဲ့တယ်လို့ ကြားတယ်။”

“ဟမ်”

ရှောင်ကလန် ခေါင်းဆောင် ဆွံ့အသွားသည်။

အကြီးအကဲသည် ဒေါသထွက်လွန်းသောကြောင့် စားပွဲခုံကိုပင် ထုမိတော့မတတ် ဖြစ်သွားမိ၏ “ငါတို့ ရှောင်ကလန်က နှစ်နှစ်ရာကျော် လီရန်မြို့မှာ ကျော်ကြားခဲ့တာ။ အခြေခံအရ ကို အဆင့်ရှစ် ဂိုဏ်းတွေနဲ့ နှိုင်းယှဉ်လို့ ရနေပြီ။ အဲအမှိုက်က အဆင့်ကိုး ဂိုဏ်းတစ်ခုဆီ ဝင်ပြီး ငါတို့ ရှောင်ကလန် မျက်နှာကို အိုးမဲသုတ်နေတယ်”

ရှောင်ကလန် ခေါင်းဆောင်သည် ရေနွေးတစ်ခွက်အား ကောက်မော့လိုက်ပြီး “သူ့ကို မိသားစုက ထုတ်ပြီးပြီ မဟုတ်လား။ သူ သူတောင်းစားဖြစ်နေရင်တောင်မှ မိသားစု နဲ့မှမဆိုင်တော့တာ။ စဉ်းစားနေစရာ မလိုပါဘူး”

“ဒါတော့ အမှန်ပဲ။ ဒါပေမဲ့ မြို့ထဲက ပြိုင်ဘက် မိသားစုတွေက ငါတို့ အရှက်ကွဲအောင် တမင် သတင်းတွေ လွှင့်ပြီး ဟာသလုပ်နေကြတယ်။ အစောကတည်းက အဆိပ်တိုက်ပြီး သူ့ မိဘတွေ နောက် လိုက်ခိုင်းလိုက် ပြီးတာပဲကို။”

ရှောင်ကလန် ခေါင်းဆောင်သည် သူ၏ ညာလက်သူကြွယ်ရှိ လက်စွပ်အား ပွတ်သပ်ပြီး ပြံးလိုက်သည် “ဒီအမှိုက်က လွယ်လွယ်နဲ့ သေလို့မရဘူး။ ပြီးတော့ အကြီးအကဲလည်း ဒီလောက်ကြီး စိတ်တိုနေစရာ မလိုပါဘူး။”

….

ရှောင်ကလန်၏ အတွင်း ခြံဝန်းထဲမှာတော့ …

“ရှောင်ကျီ .. အဲအမှိုက် သိုင်းပြိုင်ပွဲ ဝင်မယ် ဆိုတဲ့ သတင်းကြားပြီးပြီလား။ သူ မကြာခင် လီရန်မြို့ကို လာလိမ့်မယ်”

“သူ့ဆီမှာ ကျင့်ကြံခြင်းမှ မရှိတော့တာ။ လီရန်မြိုကို လာရဲသေးတယ်ပေါ့”

“မိသားစုက ဝမ်းကွဲ အစ်ကိုတွေလည်း သိုင်းပြိုင်ပွဲ ဝင်နေတယ်။ သူတို့ ဒီအမှိုက်နဲ့ ရင်ဆိုင်တွေ့မလား မသိဘူးနော်”

“လူများတော့ တွေ့ဖို့တော့ ခက်တာပေါ့။။ ဒါပေမဲ့ ပြိုင်ပွဲရောက်ရင် သွားကြည့်မယ်။ ငါ အမှိုက်ကောင်ကို မတွေ့ရတာ ကြာပြီ။ နည်းနည်း လွမ်းသလိုတောင် ခံစားမိနေတယ်။”

“ဟားဟာ .. မင်း သူ့ကို ထပ်ပြီး အနိုင်ကျင့်ချင်နေပြန်ပြီလား”

ရှောင်ကလန်၏ လူငယ်များသည် ရှောင်ကျီ အကြောင်း ဆွေးနွေးနေကြ၏။

သူတို့ လုံးဝ မသိသည်မှာ သူတို့ပြောဆိုနေသော အမှိုက်ကောင်သည် သံမဏိအရိုးဂိုဏ်း၏ ကြွက်သား တည်ဆောက်ခြင်း အခန်းထဲတွင် အရက်စက်ဆုံးသော နည်းလမ်းဖြင့် မိမိကိုယ်ကိုယ် တိုးတက်အောင် ပြုလုပ်လျက် ရှိနေသည် ဆိုခြင်းပင်။

ပင်ကိုယ်ပါရမီ မရှိတော့တာလား ၊ ပိုမို ကြိုးစားပစ်လိုက်မည်။

ပို၍ အားကောင်းလာရမည်။

ညနက်ချိန်မှာတော့ ရှောင်ကျီသည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲတွင် ထုနှက်ခံနေစဉ်မှာပဲ “ရီကျင်ကျင်း” ကျင့်ကြံခြင်း နည်းစနစ် အား ရူးရူးမူးမူး လှည့်ပတ်လိုက်သည်။ သူ၏ နဖူးပေါ်ရှိ ချွေးစက် နှင့် သွေးစက်များသည် လက်ခုံပေါ်သို့ တပေါက်ပေါက် ကျလျက်ရှိ၏။

အဓိက ဟောခန်း၏ အမိုးပေါ်တွင် ထိုင်နေသော ကျွင်းချောင်ရှောင်းသည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲမှ ထိုးနှက် ထုရိုက်သံများကို နားထောင်ရင်းကနေ တီးတိုးပြောလိုက်သည် “သိုင်းပြိုင်ပွဲနေ့ ရောက်တဲ့အထိ အနှိပ်စက်ခံလိုက်ကြအုံး။”

All Chapters