အခန်း (၆၃)
Vol. 5 Ch. 63
ပိုမိုသန်မာအားကောင်းလာစေဖို့ ရှောင်ကျီသည် သူ၏ ကိုယ်စွမ်းရှိသမျှ အားလုံး ပေးဆပ်ကာ ကြိုးစားလျက် ရှိသည်။ ပို၍ အရေးကြီးသည်မှာ သူ့အတွက်တင်မဟုတ် ၊ ဂိုဏ်းအတွက်လည်း ဖြစ်၏။ သူသည် ဂိုဏ်းချုပ်၏ မျှော်လင့်ချက်များအား မဆုံးရှုံးစေချင်ပေ။
လုချင်းချင်း ၊ လီချင်းယန်နှင့် ကျန်သောသူများသည်လည်း အလကားမနေကြပေ။ သူတို့သည် စိတ်ဝိညာဉ်စွမ်းအင် အစီအရင် သို့မဟုတ် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲမှာ တစ်နေကုန် အချိန်ဖြုန်း၍ ကြိုးစားနေကြသည်။
ထိုငါးယောက်၏ ရူးရူးမူးမူး ကျင့်ကြံသူများသည် ဂိုဏ်းအတွင်း ပိုမို၍ လှုပ်ရှားသက်ဝင်လာစေသည်။
များပြားလှသောတပည့်များသည် ကျင့်ကြံခြင်းအရာ၌ ယခင်ကထက် ပိုမို ကြိုးစားလာကြသည်။ တစ်ချို့သော အချိန်များတွင် စားသောက်ခြင်းအမှုကိုပင် မပြုကြချေ။
ထိုသို့ဆိုလျှင် သူတို့၏ အာဟာရ ပြတ်တောက်သွားကြလိမ့်မည် မဟုတ်လော။
တစ်ခြားဂိုဏ်းများသာဆိုလျှင် ရက်အနည်းငယ်လောက် ရူးရူးမူးမူး ကျင့်ကြံပြီးနောက်တွင် စိတ်နှင့်အတူ ခန္ဓာကိုယ် မလိုက်နိုင်ဘဲ ပြိုလဲသွားမှာ သေချာ၏။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတွင်တော့ လျှိုဝမ်ရှစ် တစ်ယောက် ရှိလို့နေ၏။
ဤစားဖိုမှူးသည် သူတို့အား အာဟာရနှင့် ပတ်သက်၍ မပြတ်တောက်သွားအောင် အလုံးစုံ စီမံထားလေသည်။ သူမ၏ ဟင်းပွဲများသည် အတွဲအဖက် ညီလှပြီး ခန္ဓာကိုယ်အား ပိုမို၍ အာဟာရဖြစ်ထွန်းစေသည်။
"တုတု"
ကျွင်းချောင်ရှောင်းသည် ဟောခန်းရှေ့တွင်ထိုင်၍ အရသာရှိလှသော မုန့်များကို စားသောက်ကာ တပည့်များ ကျင့်ကြံနေသည်ကို ကြည့်ရှုလျှက် ရှိသည်။
"အစားအသောက်တွေ ပြုလုပ်ပေးတာ ကျေးဇူးပါပဲ။ မဟုတ်ရင် သူတို့တွေ လဲကျနေလောက်ပြီ။"
လျှိုဝမ်ရှစ်သည် လက်နှစ်ဘက်ကိုနောက်ပစ်ကာ တစ်ခစ်ခစ်ရယ်လိုက်သည်။ "ဂိုဏ်းချုပ် ဒါက တုတုလုပ်ကို လုပ်ရမယ့်အရာတွေလေ။"
ကျွင်းချောင်ရှောင်းသည် မုန့်ကို မြိုချလိုက်ပြီး လက်ခုပ်တီးလိုက်၏။
"အချိန်အတော်ကြာပြီးရင် ငါ မင်းကို ဂိုဏ်းထဲ ဝင်ခွင့်ပေးမယ်။"
"တကယ်လား။"
"အမှန်ပဲ။"
လျှိုဝမ်ရှစ်သည် ပျော်ရွှင်စွာပဲ ခုန်ပေါက်လိုက်၏။
သူမသည် သံမဏိအရိုးဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ဖို့ အမြဲတမ်း မျော်လင့်နေခဲ့သည်။ တကယ်တန်းတွင် ဂိုဏ်း၏ စာဖိုမှူးတစ်ယောက် ဖြစ်ချင်ခြင်း မဟုတ်ပေ။
“ဒင်။”
“ရှီလျှားဟောင်သည် မြက်ပင် ငါးရာကျော်အား ထိုးပေါက်ခဲ့ပြီး ဖြစ်၏။ ဂိုဏ်းတာဝန် ပြည့်စုံသည်။”
“ဒင်။”
ဂိုဏ်းစုဆောင်းမှတ် ၅၄/၁၀၀။
ဂိုဏ်းအောင်မြင်မှုအမှတ် ၉၁/၁၀၀။
ချင်းယန်ရွာထဲတွင်တော့ တပည့်များသည် တာဝန်များအား ပြုလုပ်လျက် ရှိ၏။
ထို့ကြောင့် ဂိုဏ်း၏ အောင်မြင်မှုအမှတ်သည် တစ်ဖြေးဖြေးနှင့် တစ်ရာနီးပါးသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။
"တာဝန်ခြောက်ခုကျန်သေးတယ်။ မနက်ဖြန်လောက်ဆိုရင် သူတို့အားလုံး ပြီးလောက်ပြီ။ ဒါဆိုရင် ဂိုဏ်းအောင်မြင်မှု အမှတ် တစ်ရာကို ရောက်သွားမှာပဲ။"
ဂိုဏ်းအောင်မြင်မှု အမှတ် ပြည့်သွားပါက ဂိုဏ်းအား အဆင့်မြှင့်တင်၍ ရပေလိမ့်မည်။
ထိုသို့ဆိုလျှင် ဂိုဏ်းတပည့်အရေအတွက်အား ပိုမို တိုးမြှင့်ရုံသာမက ဂိုဏ်း၏ ဆေးသန့်စင် ခန်းမဆောင်ကိုလည်း ရရှိနိုင်ပေလိမ့်မည်။ ထိုအရာကို ကျွင်းချောင်ရှောင်း အများကြီး မျှော်လင့်ထားမိ၏။
သိုင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှစ်ရက်သာ ရှိတော့သည်။
တပည့်များသည် ငရဲခန်းလေ့ကျင့်ရေးအား အပြင်းအထန် ပြုလုပ်လျှက်ရှိသည်။
ကျွင်းချောင်ရှောင်းသည်လည်း အလကားမနေပေ။
သူသည်လည်း ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား လေ့ကျင့်နေတော့သည်။ သူသည် အကျင့်တစ်ခုဖြစ်အောင် စီစဉ်ထားခဲ့ပြီ၏။
ထိုကြောင့် သူသည် ကျင့်ကြံခြင်းစွမ်းအင်နည်းစနစ်များ ခန္ဓာကိုယ်အတွင်းသို့ လှည့်ပတ်လျှက်ရှိသည်။ သူ၏ ခန္ဓာကိုယ် သွေးကြောနှင့် အတွင်းအင်္ဂါ အစိတ်အပိုင်းများ ပြောင်းလဲလာ၏။
သိုင်းပညာရှင်များ၏ အဆင့်တိုးတက်မှုသည် တစ်ညတည်း အသွင် ဖြစ်ပေါ်လာနိုင်သည့်အရာမဟုတ်ပေ။ ထို့ကြောင့်ပိုမိုအားကောင်းစေရန် အချိန်အတော်ကြာ လိုအပ်နေသေး၏။
“ဒင်။”
“လီချန်းဝမ်သည် ရေပုံးနှစ်ဆယ်အား သယ်ဆောင်ပြီးခဲ့ပြီး ဂိုဏ်း၏တာဝန်အား ပြီးမြောက်ပါပြီ။”
“ဒင်။”
ဂိုဏ်းစုဆောင်းမှတ် ၆၂/၁၀၀။
ဂိုဏ်းအောင်မြင်မှုအမှတ် ၁၀၀/၁၀၀။
"ပြည့်ပြီပဲ။"
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းအား ရပ်လိုက်ပြီး စနစ်အား ဖွင့်လိုက်သည်။ ပြီးနောက် ဂိုဏ်းအဆောက်အအုံ ၏နောက်တွင် အဆင့်မြှင့်တင်မည်ဟူသော ခလုတ်ကို မြင်လိုက်ရ၏။
“ဒင်။
ဂိုဏ်းအဆောက်အအုံ အဆင့်နှစ်သို့ အဆင့်မြှင့်တင်ခဲ့သည်။
ဂိုဏ်းဝင်အရည်အတွက်နှင့် ဂိုဏ်းစုဆောင်းမှတ် အကန့်အသတ် ဂိုဏ်းအောင်မြင်မှု အကန့်အသတ်များသည် တိုးမြှင့်သွားခဲ့သည်။”
“ဂိုဏ်း၏ ဆေးခန်းမဆောင်သည် ပွင့်လှစ်သွားခဲ့သည်။”
ကျွင်းချောင်ရှောင်း၏ ရှေ့တွင်တော့ စနစ်မှ မြင်ကွင်းများအားလုံးသည် ပြောင်းလဲသွားခဲ့သည်။
ဂိုဏ်းနာမည် - သံမဏိအရိုးဂိုဏ်း။
ဂိုဏ်းခေါင်းဆောင် - ကျွင်းချောင်ရှောင်း။
ဂိုဏ်း၏အဆင့် - အဆင့်ကိုး။
ဂိုဏ်းအဆောက်အဦး - အဆင့်နှစ်။
ဂိုဏ်း၏ လုပ်ဆောင်ချက် - ဆေးသန့်စင်ခြင်း ခန်းမဆောင်။
ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ် - ရီကျင်ကျင်း စဦး နတ်ဘုရားအဆင့်။
ဂိုဏ်းအဖွဲဝင် - ၁၀၀/၅၀၀။
ဂိုဏ်းစုဆောင်းမှတ် - ၆၂/၅၀၀။
ဂိုဏ်းအောင်မြင်မှုအမှတ် - ဝ/၅၀၀။
ဂိုဏ်းတာဝန်များ - မရှိသေး။
ဂိုဏ်း၏ အဓိက တာဝန် - နှစ်တစ်ရာအတွင်း .......။
ဂိုဏ်းသည် အဆင့်နှစ်သို့ ရောက်ရှိပြီးသည့်နောက်တွင် ဂိုဏ်း၏ အချက်အလက်များသည်လည်း ပြောင်းလဲသွားခဲ့သည်။
ဂိုဏ်းဝင် အရေအတွက် ဂိုဏ်းစုဆောင်မှတ် အကန့်အသတ်၊ ဂိုဏ်းအောင်မြင်မှုအမှတ် အကန့်အသတ်တို့အားလုံးသည် ၅၀၀ဆီသို့ ရောက်ရှိသွားခဲ့၏။
သို့ပေမဲ့ သူရရှိခဲ့သော ဂိုဏ်းအောင်မြင်မှု အမှတ်သည် ၀ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
“ငါ့ရဲ့ဂိုဏ်းစုဆောင်းမှတ်တွေက ပြည့်သွားမယ်ဆိုရင်တောင်မှ အလည်အလတ်စတိုးထဲမှာရှိတဲ့ ပစ္စည်းတွေကို ဝယ်ဖို့ မတတ်နိုင်သေးဘူးပဲ။”
စနစ်မှ ပြောလိုက်သည်။
“လက်ခံသူသည် ဆေးသန့်စင်ခြင်းခန်းမပေါ်တွင် အာရုံစိုက်သင့်သည်။ ထိုအရာသည် ဂိုဏ်းအဆောက်အဦး မြှင့်တင်ပြီးနောက်တွင် ရရှိသော အကြီးမားဆုံး ဆုလာဘ်တစ်ခုလည်း ဖြစ်၏။”
"မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်။"
ကျွင်းချောင်ရှောင်းသည် အတွေးတစ်ချက်နှင့်ပင် ဆေးသန့်စင်ခြင်း ခန်းမဆောင်အား ဖွင့်လိုက်၏။
သူ့ရှေ့တွင်တော့ မြင်ကွင်းသစ်တစ်ခု ပေါ်ပေါက်လာသည်။
သုံးဖက်မြင်ပုံရိပ်ဖြင့် ဘူးသီးပုံစံရှိသော ဆေးမီးဖိုတစ်ခု ပေါ်လာ၏။
ဆေးမီးဖို၏ အောက်တွင်တော့ ဆေးလုံးလေးခု ပေါ်လာသည်။
ပထမဦးဆုံးတစ်ခုကို မြင်လိုက်ချိန်မှာတော့ သူသည် ဆွံအသွားသည်။
အဘယ့်ကြောင့်ဆိုသော် စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးဟု ရေးသားထားသောကြောင့် ဖြစ်သည်။
"ဒါက စတိုးမှာ ဝယ်လို့ရတဲ့ ဆေးလုံး မဟုတ်ဘူးလား။"
စနစ်မှ ပြောလိုက်သည်။ "စတိုးမှာ ဝယ်တဲ့ဆေးလုံးကို ဆေးသန့်စင်ခြင်းခန်းမ မှာ ပြန်လည် ဖော်စပ် သန့်စင်လို့ ရနိုင်သည်။"
"ဒါ အရမ်းကောင်းတယ်။"
ကျွင်းချောင်ရှောင်း ပျော်သွားသည်။
စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသည် စာတိုးဆိုင်ထဲတွင် ဝယ်ယူ၍ ရသည်ဆိုသော်လည်း အချိန်အကန့်အသတ်ရှိ၏။
ထို့ကြောင့် သူသာ ဤဆေးလုံးအား ပြန်လည်ဖော်စပ်နိုင်မည်ဆိုလျှင် ဂိုဏ်းစုဆောင်းမှတ်များအား သုံးဖြုန်းရန် မလိုတော့ပေ။
"နေအုံး ။ ငါ ဒါကို ဘယ်လိုမျိုး သန့်စင်ရမှာလဲ။"
"ကိုယ်ဖော်စပ်ချင်တဲ့ ဆေးလုံးကို နှိပ်လိုက်ရုံပါပဲ။"
ကျွင်းချောင်ရှောင်းသည် စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးဆိုသော အကွက်အား နှိပ်လိုက်၏။
စဦးအဆင့်ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး
အစွမ်းသက်ရောက်မှု - မရီဒန် ဖွင့်ခြင်းအဆင့် ၊ သိုင်းတပည့်၊ သိုင်းဆရာ အဆင့် အားလုံး သည် အသက်ရှုနေသေးသည် ဆိုလျှင် အမြန်အဆန် ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သည်။
ပါဝင်ပစ္စည်းများ - အစိမ်းရောင်သစ်ရွက်မြက် ဝ/၃။
အနီရောင်ကြာပန်းပင် - ဝ/၃။
မြေစိမ့်ဝိညာဉ်သစ်သီး- ဝ/၁။
မီးမျိုးစေ့ - မရှိ။
နောက်ဆုံးခလုတ်မှာတော့ ဖော်စပ်သည်ဟူသော စာသားကို ရေးသားထားသည်။ သို့ပေမဲ့ အကွက်သည် ငွေရောင်ဖြစ်နေသည်။ နှိပ်၍ မရချေ။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပါဝင်ပစ္စည်းတွေကို ငါသိပြီ။ ဒါပေမဲ့ မီးမျိုးစေ့ဆိုတာ ဘာကို ပြောတာလဲ။"
စနစ်မှ ပြောလိုက်သည်။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ မီးမျိုးစေ့တွေနှင့်သာ သန့်စင်၍ ရသည်။။ လက်ခံသူအနေ နှင့် ပါဝင်ပစ္စည်းတွေကို လိုအပ်ရုံမက မီးမျိုးစေ့ကိုလည်း လိုအပ်သေးသည်။”
"မီးမျိုးစေ့ကို ဘယ်မှာသွားရှာရမှာလဲ။"
ကျွင်းချောင်ရှောင်း မေးလိုက်သည်။
စနစ်မှ ပြောလိုက်၏။ "အားကောင်းလှသော မီးမျိုးစေ့တွေသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ နေရာအနှံ့အပြားမှာ ရှိသည်။ လက်ခံသူ အနေနှင့် သူတို့ကို ရှာဖွေ ၍လည်း ရသည် သို့မဟုတ် စတိုးမှနေ၍လည်း ဝယ်ယူ၍ ရသည်။"
"ငါက ဂိုဏ်းကို ဂရုစိုက်နေရတာဆိုတော့ ဒီအရာတွေကို လိုက်ရှာဖို့ အချိန်မရှိဘူး။ စတိုးကပဲ ကျိန်းသေပေါက်ဝယ်ရမယ်။"
ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်၏။
စနစ်မှ ပြောလိုက်သည်။ "လက်ခံသူသည် ဂိုဏ်းအား အဆင့်နှစ်သို့ မြှင့်တင်ပြီး ဖြစ်သောကြောင့် မီးမျိုးစေ့ကို ရရှိပြီး ဖြစ်နေလိမ့်မည်။ ထို့ကြောင့် ဝယ်ယူနိုင်မည့် ပစ္စည်းထဲတွင် ကျေးဇူးပြု၍ စစ်ဆေး ကြည့်ရှုပါ။"
"စောစောထဲက ပြောပါလား။"
ကျွင်းချောင်ရှောင်း အလောတကြီးဆိုသလိုပဲ ဝယ်ယူနိုင်သည့်ပစ္စည်းများကို ဖွင့်ကြည့်လိုက်သည်။ အတွင်းတွင်တော့ မီးမျိုးစေ့ဟူသော ပစ္စည်းအား မြင်လိုက်ရ၏။ ဈေးနှုန်းမှာ ဂိုဏ်းစုဆောင်းမှတ် ၅၀ ဖြစ်၏။
"ဈေးကြီးလိုက်တာ။" ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားသည်။
သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ၆၂ မှတ်သာ ရှိ၏။ မီးမျိုစေ့အား ဝယ်ယူမည်ဆိုလျှင် သူ ချက်ချင်းဆိုသလိုပဲ ပြန်လည်မွဲတေသွားမှာ သေချာသည်။
စနစ်မှ ပြောလိုက်သည်။
"မီးမျိုးစေ့က ဆေးလုံးတွေကို သန့်စင်နိုင်သည်။ လက်ခံသူအား ဒီအရာကို ဝယ်ယူရန် ကြယ်ငါးပွင့်အဖြစ် ထောက်ခံပေးပါတယ်။"
"ကြယ်ငါးပွင့် ဟုတ်လား။"
ကျွင်းချောင်ရှောင်း မျက်လုံးများ ချာချာလည်သွားသည်။
စနစ်၏ ထောက်ခံပေးထားသော ပစ္စည်းများသည် အရမ်းကောင်းမွန်သည်ကို သိ၏။ သို့ပေမဲ့ သူသည် ဝယ်ယူ၍ မဖြစ်သေးချေ။ ဂိုဏ်းစုဆောင်းမှတ်များ ကုန်ဆုံးသွားမည် တစ်ခုတည်းကို စိုးရိမ်၍ မဟုတ်ပေ။
သိုင်းပြိုင်ပွဲကလည်း မကြာခင်စတင်လိမ့်မည်။ ထို့ကြောင့် သူ အရေးရယ်၊အကြောင်းရယ် အသုံးပြု၍ရအောင် ချန်ထားချင်သေး၏။
ထို့အပြင် ဝယ်ယူနိုင်သည့်ပစ္စည်းဆိုသည်မှာ ပျောက်ကွယ်သွားမည် မဟုတ်ချေ။ မည်သည့် အချိန်မဆို ဝယ်ယူနိုင်သည်။
ကျွင်းချောင်ရှောင်းသည် အခြားသော ဆေးလုံးသုံးလုံးအား ကြည့်လိုက်၏။
သုံးခုထဲမှ တစ်ခုသည် ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး ဖြစ်သည်။ နာမည်နှင့် လိုက်အောင် ခန္ဓာကိုယ်အား ပိုမိုသန်မာအောင် အသုံးပြုရခြင်း ဖြစ်၏။
ဒုတိယမြောက်ဆေးလုံးသည် ချီစုစည်းခြင်း ဆေးလုံးဖြစ်၏။ ထိုအရာသည် စတိုးထဲတွင် ဝယ်ယူ၍ ရနိုင်သည့် ပစ္စည်းနှင့် အတူတူပင်ဖြစ်သည်။
တတိယမြောက်တစ်ခုမှာတော့ ပို၍ ကောင်းသေးသည်။
ချီလေပွေဆေးလုံး ဟုခေါ်သည်။ မရီဒန်ဖွင့်ခြင်း သိုင်းပညာရှင်တစ်ယောက် အသုံးပြုမည်ဆိုလျှင် အဆင့်ချိုးဖျက်နိုင်ဖို့ အောင်မြင်မှုနှုန်းမှာ ငါးဆယ်ရာခိုင်နှုန်းထိ ပိုမိုတိုးတက်သွားပေလိမ့်မည်။
သူ့တွင် ဂိုဏ်းစုဆောင်းမှတ်များ နည်းပါးနေသည်သာ မဟုတ်လျှင် ကျွင်းချောင်ရှောင်းသည် မီးမျိုးစေ့အား ဝယ်ယူ၍ ဆေးလုံးများကို သန့်စင်မိမှာ သေချာသည်။
“ဒင်။
သီးခြား တာဝန် အသက်ဝင်သည်။”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ်များ နည်းပါးနေသည်ကို သွေးပူနေတုန်းမှာပဲ အသိပေးချက်အား ကြားလိုက်ရ၏။
ထို့ကြောင့် ရုတ်တရက်ဆိုသလိုပဲ သူသည် စနစ်အား ဖွင့်ကြည့်လိုက်သည်။
“လက်ခံသူအား လာရောက်သတ်ဖြတ်သူကို ရင်ဆိုင်ရန်။ ဝ/၃။”
“အထူးတာဝန်။”
ဘုတ်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သူ၏ ထိုင်ခုံပေါ်မှ ခုန်ချလိုက်၏။
ပြီးနောက် သူ၏ လက်တစ်ဖက်သည် ခါးကြားထဲရှိ ကန္တာရလင်းယုန် ပေါ်သို့ ရောက်ရှိသွားတော့သည်။သူ ပတ်ဝန်းကျင်အား သတိအပြည့်နှင့် ကြည့်လိုက်သည်။
ငါ့ကို သတ်ချင်တဲ့လူ လုပ်ကြံသူတွေ ရှိနေတာလား။
ဒီအချိန်မှာပဲ သူသည် သူ၏ မျက်လုံးရှေ့မှောက်ရှိ တည်နေရာတစ်ခုဆီသို့ သတိပြုမိသွား၏။
သူ ချက်ချင်းဆိုသလိုပဲ လှုပ်ရှားလိုက်တော့သည်။
ဒိုင်း။
အဓိကဟောခန်းဆီမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ပေါ်ထွက်လာတော့၏။
အပြင်ဘက်ရှိ ကျင့်ကြံနေကြသော တပည့်များအားလုံးသည် မြေပေါ်တွင် လဲကျလုမတက် အားလုံး တုန်လှုပ်သွားကြသည်။