အခန်း (၆၄)
Vol. 5 Ch. 64
အဓိကဟောခန်း၏ အမိုးသည် ဆယ်စင်တီမီတာလောက်ရှိသော အပေါက်တစ်ခု ဖြစ်ပေါ်သွားသည်။
တိုက်ခိုက်ရန် အခွင့်အရေးကို အမိုးထက်တွင် စောင့်စားလျှက်ရှိသော အနက်ရောင်ဝတ်စုံဝတ် လူနှစ်ယောက် သည် တုန်လှုပ်မှုကြောင့် တစ်ကိုယ်လုံး တုန်ရင်သွားကြ၏။
တိုက်ခိုက်ဖို့ပြင်နေသော သူတို့၏တစ်ခြားအဖော်တစ်ယောက်သည် ရန်သူအား တိုက်ခိုက်ရန် ပြင်နေစဉ်မှာပဲ ရန်သူ၏လက်ထဲတွင် ရှိသော တောက်ပသည့် ငွေရောင်ပစ္စည်းဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့အဖော်၏ဦးခေါင်းအား ထိုးဖောက်သွားတော့သည်။
ထိုအလင်းတန်းသည် အလွန်တရာ မြန်ဆန်လွန်းလှသောကြောင့် မည်သည့်အရာဖြစ်မှန်းပင် သူတို့ မသိလိုက်ကြချေ။
အပစ်ခံလိုက်ရသော အမည်းရောင်ဝတ်စုံဝတ်လူသည် မြေပေါ်သို့ ပြုတ်ကျလာတော့သည်။ ခန္ဓာကိုယ်မှ သွေးတွေလည်း ထွက်ပေါ်လာ၏။
တစ်ချက်တည်းသော တိုက်ခိုက်မှုအတွင်းမှာပဲ ထိုသူသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
"ဒင်"
"လာရောက်သတ်ဖြတ်သော လုပ်ကြံသူအား ရှင်းလင်းခြင်း - ၁/၃"
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုလှည့်၍ မိုးပေါ်တွင်ရှိသော တစ်ခြား အမည်းရောင်ဝတ်စုံနှင့်လူအား ချိန်လိုက်၏။
ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
"ငါ့ကိုတောင်မှ လာပြီးသတ်ရဲတယ် ဟုတ်လား။မင်းတို့ရဲ့ သတ္တိက ပေါ့သေးသေးတော့မဟုတ်ဘူး။"
လက်ထဲမှာ သေနတ်ရှိပြီ ဆိုသောကြောင့် သူသည် စိုးရိမ်ပူပန်မှုများ မရှိပေ။
"ဆွစ်"
အချိန်ခံလိုက်ရသော အမည်းရောင်ဝတ်စုံဝတ်လူသည် အခြားတစ်ဖက်သို့ အလျင်အမြန်ရှောင်ရှားလိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း အရိပ်အယောင်တွေနဲ့ ပြည့်နှက်နေသည်။
လှုပ်ရှားလိုက်ချိန်မှာတော့ များပြားလှသော လက်နက်များသည် သူ၏လက်ထဲတွင် ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သေနတ်ခလုတ်အား နှိပ်လိုက်၏။
"ဒိုင်း"
သေနတ်၏ထိပ်ဖူးဝမှ ကျည်ဆံ ထပ်မံ ထွက်ပေါ်လာပြီး ထိုသူ၏ခေါင်းအား ဖောက်ထွင်းသွားတော့သည်။ အမိုးပေါ်တွင်လည်း နောက်ထပ် အပေါက်တစ်ပေါက် ထပ်ပေါ်လာ၏။
ထိုသူသည် "ဘုန်း"ဆိုသည့်အသံနှင့်အတူ မြေပေါ်သို့ ပြုတ်ကျလာတော့သည်။
"ဒင်"
"လာရောက်သတ်ဖြတ်ရန် ကြိုးစားသော လုပ်ကြံသူအား ရှင်းလင်းခြင်း - ၂/၃"
"ဆွစ်"
ကျွင်းချောင်ရှောင်းသည် သူ၏ခန္ဓာကိုယ်ကို လှည့်၍ တတိယလုပ်ကြံသူအား သေနတ်ဖြင့်ချိန်လိုက်၏။
သူ ထူးမခြားနားသလို ပြောလိုက်သည်။
"ငါ့ရဲ့လက်နက်ထက် မင်းက ပိုပြီးမြန်တယ်လို့ထင်ရင် လှုပ်ရှားကြည့်လေ။"
တိုက်ခိုက်ရန် ပြင်ဆင်နေသော အမည်းရောင်ဝတ်စုံနှင့်လူသည် တုန်ရင်သွား၏။
သူ၏မျက်လုံးထဲမှ တုန်လှုပ်မှုများသည် ပိုပြီးတိုးတက်လာသည်။ သူ၏ပထမဦးဆုံးအဖော်သည် ဘာမှန်းမသိပဲ သတ်ဖြတ်ခံလိုက်ရသည်။
သို့ပေမဲ့ ဒုတိယအဖော်မှာတော့ တိုက်ခိုက်မည်မှန်းသိသိကြီးနှင့် မရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်၏။
ထိုမြင်ကွင်းသည် သူ၏ ဒူးတစ်ခုလုံး ခွေထွက်သွားလောက်အောင် ကြောက်ရွံ့ဖို့ကောင်းလှသော လက်နက် ဖြစ်ကြောင်း သိရှိနားလည်စေ၏။
စိတ်ဝိညာဉ်အစီအရင်ထဲမှာ ရှိနေသော လုချင်းချင်းနဲ့ လီချင်းယန်တို့သည် အဓိကဟောခန်းဆီသို့ အလျင်အမြန် ပြေးလာကြ၏။
သူတို့ ရောက်ရောက်ချင်း မြင်လိုက်ရသည်က သွေးအိုင်ထဲတွင် လဲလျှက်ရှိသော အမည်းရောင်ဝတ်စုံနှင့် လူနှစ်ယောက်ကိုဖြစ်သည်။
ပြီးနောက် ဂိုဏ်းချုပ် သေနတ်ဖြင့်ချိန်ထားခြင်းခံရသော အမိုးတန်းပေါ်ရှိ တတိယမြောက် အမည်းရောင်ဝတ်စုံနှင့်လူအား သူတို မြင်လိုက်ရ၏။ ထိုသူသည် လုပ်ကြံသတ်ဖြတ်သူ ဖြစ်၏။
လုပ်ကြံသတ်ဖြတ်သူများသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော အဆိပ်ပြင်းမြွေတစ်ကောင်လိုပင် ဖြစ်သည်။
ပစ်မှတ်ကို သတိထားစောင့်ကြည့်နေပြီး အခွင့်အရေးရသည်နှင့် ရုတ်တရက်ထွက်ကာ တိုက်ခိုက်သတ်ဖြတ် တတ်ကြသည်။ သူတို့ပေါ်လာခြင်း ၊ ပြန်လည်ပျောက်ကွယ်သွားခြင်းမှာ ခန့်မှန်း၍ မရနိုင်ပေ။
သို့ပေမဲ့ လက်ရှိ အမိုးတန်းပေါ်တွင်ရပ်လျှက်ရှိသော အမည်းရောင်ဝတ်စုံဝတ်လူသည်မှာ ဆန်းကြယ်လှသည်။
ထို့ကြောင့်ပင် ဟောခန်းအောက်ထဲတွင်ရှိသော တပည့်များအားလုံးသည် ထိုသူကိုကြည့်၍ တီးတိုးပြောဆိုနေကြလေ၏။
"ဒါက လုပ်ကြံသတ်ဖြတ်သူလား။ နေ့ခင်းကြောင်တောင်ကြီး အမည်းရောင်ဝတ်စုံကို ဝတ်ထားတော့ လူသိမှာ မစိုးရိမ်ဘူးလား။"
"ကြည့်ရတာ သိုင်းတပည့်အဆင့် တစ်ယောက်တော့ ဖြစ်လိမ့်မယ်။"
အားလုံးသည် လုပ်ကြံသတ်ဖြတ်သူအား ကြည့်ရင်း ဆွေးနွေးနေကြ၏။ သူတို့သည် တိရစ္ဆာန်ရုံထဲတွင်ရှိသော မျောက်တစ်ကောင်အား ကြည့်ရှုသကဲ့သို့ ကြည့်ရှုနေကြသည်။
အမည်းရောင်ဝတ်စုံဝတ်လူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများသည် ဆူဝေလာ၏။
သွေးများသည် ရင်ဘတ်မှတစ်ဆင့်ထိုးတက်လာပြီး ပါးစပ်ထဲမှ အန်ထွက်လုမတတ်ပင် ဖြစ်လာ၏။ သို့ပေမဲ့ သူသည် မလှုပ်ရှားရဲချေ။
ရန်သူ၏လက်ထဲတွင်ရှိသော ငွေရောင်လက်နက်သည် သူ့အား ချိန်ထားသည်မဟုတ်လော။
သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် အဓိကဟောခန်းဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တည်နေရာတစ်ခုလုံးအား ပိတ်ပင်တားဆီးထားသည်ဟု ပြောလျှင် ပို၍ မှန်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်း၏လက်ထဲတွင် လက်နက်မရှိလျှင်လည်း သူ့အနေနဲ့ ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။
ကျွင်းချောင်ရှောင်းသည် အသာ ခြေချိတ်ထိုင်လိုက်၏။
"မင်း အဲဒီနေရာမှာ နေလို့ကောင်းနေတယ်လား။ဘာလို့ အောက်ကို ခုန်ဆင်းမလာတာလဲ။"
အမည်းရောင်ဝတ်စုံဝတ်လူသည် မတတ်နိုင်တော့ဘဲ အမိုးတန်းပေါ်မှ အောက်သို့ ခုန်ဆင်းလာခဲ့၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းရဲ့ အင်္ကျီလက်ထဲမှာရှိတဲ့ လက်နက်တွေ အကုန်လွှင့်ပစ်လိုက်။ပြီးတော့ ခေါင်းပေါ်ကို လက်တင်ပြီး မြေပေါ်မှာ မှောက်ထား။"
များပြားလှသော လက်နက်ပုန်းများအားလုံးသည် အပြင်ဘက်ဆီသို့ ရောက်ရှိလာသည်။
အမည်းရောင်ဝတ်စုံနှင့်လူသည် လက်နှစ်ဖက်အား ခေါင်းပေါ်တင်၍ အသာ မောက်လိုက်၏။
လီချင်းယန်သည် ခြေလှမ်းကျဲကြီးနှင့် ရှေ့သို့လျှောက်သွားပြီး ထိုသူ၏ခေါင်းပေါ်သို့ အအေးဓားဖြင့် ဖိထားလိုက်၏။
လုပ်ကြံသတ်ဖြတ်သူသည် အစောထဲက အညံ့ခံခဲ့ပြီး ဖြစ်၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ၏လက်ထဲရှိသေနတ်အား ချိန်ထားဆဲပင်ဖြစ်၏။ သတိကြီးလွန်းသောကြောင့် ရန်သူအား အခုချိန်ထိ သေနတ်ဖြင့် ချိန်ထားခြင်း မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သေနတ်အား နှစ်ခါပစ်ပြီးသည့်နောက်တွင် သူ့လက်ရှိကြွက်သားများသည် တောင့်တင်းသွားသောကြောင့် ဖြစ်၏။
ပထမတစ်ကြိမ် သေနတ်အား အသုံးပြုချိန်တုန်းက သူသည် သုံးမီတာမှ ငါးမီတာသို့ ပြန်ကန်ခဲ့၏။ ယခုနှစ်ခါပစ်ပြီးနောက်တွင် သူသည် ခန္ဓာကိုယ်အား အနည်းငယ် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်၏။ ဤအရာသည် အကြီးမားဆုံး တိုးတက်မှု ဖြစ်၏။
"ဒင်"
"သတ်ဖြတ်ရန်လာသော လုပ်ကြံသူအား ရှင်းလင်းခြင်း ၃/၃ ။အထူးတာဝန်။"
"ဒင်"
"အထူးတာဝန်အား ပြည့်စုံခဲ့သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်"
"ဂိုဏ်းစုဆောင်းမှတ် ၃၀ ရရှိသည်။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် ၉၂/၅၀၀"
လီချင်းယန်နဲ့ စုရှောင်မိုတို့သည် လုပ်ကြံသတ်ဖြတ်သူအား ကြိုးလုံးကြီးကြီးတစ်ခုယူ၍ ကောက်ညှင်းထုပ်တစ်ခုလို စည်းနှောင်လိုက်၏။
ဤအချိန်မှာတော့ အထူးတာဝန်သည် ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
ရှင်းလင်းရန် ဆိုသည့်အရာမှာ သတ်ဖြတ်ခြင်းဖြစ်နိုင်သလို ဒဏ်ရာရအောင်ပြုလုပ်ခြင်းလည်း ဖြစ်နိုင်၏။ ထို့အတူ ဖမ်းဆီးခြင်းလည်း ဖြစ်နိုင်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ နှုတ်ခမ်းများအား အသာစေ့၍ ကြိတ်ကာ ပြောလိုက်သည်။ "၃၀မှတ်တောင်ပေးတယ်ဆိုတော့ မဆိုးဘူးပဲ။"
"ဂိုဏ်းချုပ် သူ့ကို ဘာလုပ်ရမလဲ။"
လီချင်းယန် မေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် လုပ်ကြံသတ်ဖြတ်သူ၏ ရှေ့သို့ လျှောက်သွား၏။
ပြီးနောက် အမည်းရောင် ခေါင်းစွပ်အား ဖယ်လိုက်တော့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်၏ လေးထောင့်ကျကျ မျက်နှာတစ်ခု ပေါ်လာ၏။
"ကျုပ်ကိုသတ်ဖို့ ခင်ဗျားကို ဘယ်သူလွှတ်လိုက်တာလဲ။"
"လုပ်ကြံသတ်ဖြတ်သူရဲ့ ပထမဦးဆုံးစည်းမျဉ်းက အလုပ်ရှင် ဘယ်သူဆိုတာကို ထုတ်မပြောတာပဲ။"
လုပ်ကြံသတ်ဖြတ်သူသည် အံကိုတင်းတင်းကြိတ်လိုက်၏။
ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ကာ ပြောလိုက်၏။
"တကယ်တော့ ခင်ဗျားမပြောဘူးဆိုရင်တောင်မှ ပို့လိုက်တဲ့လူကို ကျုပ်သိတယ်။ စိတ်ဝိဉာဉ် စမ်းချောင်းဂိုဏ်းကပဲ ဖြစ်ရမယ်။"
လုပ်ကြံသတ်ဖြတ်သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်များ ဖြတ်သန်းသွား၏။ သို့ပေမဲ့ မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ဖုံးကွယ်သွားသည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို အလစ်အငိုက် ဖမ်းလိုက်မိ၏။ ထိုအရာသည် သူလိုချင်သော အရာပင် ဖြစ်၏။ မတ်တပ်ရပ်ကာ ပြောလိုက်သည် ။ "သူ့ရဲ့မရီဒန်တွေကို စည်းခတ်ပြီး ဖမ်းချုပ်ထားလိုက်။"
"ကောင်းပါပြီ။"
ထျန်းချီ နှင့် စုရှောင်မိုတို့သည် လုပ်ကြံသတ်ဖြတ်သူအား ခေါ်ဆောင်ကာထွက်ခွာသွားတော့သည်။
တပည့်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြ၏။
သူတို့အားလုံးသည် စောနတုန်းက ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးလျှက်ရှိကြသည်။
သူတို့သည် ဂိုဏ်းချုပ် လက်နက်ထုတ်သုံးလိုက်သည်ကို မျက်စိနှင့် မမြင်သောကြောင့် နှမြောတသ ဖြစ်မိနေကြ၏။
ကျွင်းချောင်ရှောင်းသည် သစ်သားကုလားထိုင်ခုံပေါ်တွင် ထိုင်၍ ကြိတ်ကာပြောလိုက်သည်။
"သူတို့လှုပ်ရှားမှုမရှိဘူးဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ကို ပိုက်ဆံပေးပြီးတော့ ငှားခဲ့တာကိုး။"
သူသည် မြို့တော်ဝန်၏စံအိမ်တွင် ဝေရင်လဲ့နှင့် ဝေရင်အိုက် နှစ်ယောက်လုံးကို သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် တစ်ဖက်လူသည် သူ့အား မလွဲမသွေ ပြန်လည်တုံပြန်နိုင်သည်ကို သူ သိရှိပြီးဖြစ်၏။
"ပထမဦးဆုံး ဓားပြတွေကို ပိုက်ဆံပေးပြီး ငါ့တပည့်တွေကို ပြန်ပေးဆွဲခိုင်းတယ်။အခု လုပ်ကြံသူကို ပိုက်ဆံပေးငှားပြီး ငါ့ကိုသတ်ခိုင်းပြန်တယ်။မင်းတို့ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်တွေက အဆုံးမဲ့နေပြီ။"
ကျွင်းချောင်ရှောင်း၏မျက်လုံးများထဲ သတ်ဖြတ်လိုခြင်းဆန္ဒတွေနဲ့ ပြည့်နှက်လျှက်ရှိ၏။
သူ့အနေနှင့် စည်းမျဉ်းတစ်ခုသာ ရှိသည်။ သူ့အား ပြဿနာရှာလျှင် သူသည် ကျိန်းသေပေါက် ပြဿနာပြန်လည်ပေးရပေလိမ့်မည်။
"သိုင်းပြိုင်ပွဲပြီးသွားပြီဆိုရင် ငါ့ကို ရန်စလို့မရဘူးဆိုတာ သူတို့ကို သိအောင် လုပ်ရမယ်။"
ကျွင်းချောင်ရှောင်း၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိ၏။
ပြီးနောက် သူသည် စနစ်ကိုဖွင့်၍ ဝယ်ယူနိုင်သော ပစ္စည်းများစာရင်းမှ မီးမျိုးစေ့အား နှိပ်ကာ ဝယ်ယူလိုက်၏။
"ဒင်"
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်၅၀အား အသုံးပြု၍ မီးမျိုးစေ့အားဝယ်ယူလိုက်သည်။"
"ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးဖြစ်သည်။"
"ဂိုဏ်းစုဆောင်းမှတ် -၄၂/၅၀၀"
သိုလှောင်လက်စွပ်အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် မီးတောက်တစ်ခုအား သေချာကြည့်လျှက်ရှိ၏။ ထိုအရာသည် မီးမျိုးစေ့ဖြစ်၏။
စတိုးဆီမှ ဝယ်ယူလိုက်ပြီးနောက် ထိုအရာ နှင့် သူသည် အလွယ်တကူ ပေါင်းစပ်သွားခဲ့သည်။
ဤမီးမျိုးစေ့နှင့်ဆိုလျှင် သူ့အား မီးဓာတ်အမျိုးအစား ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်၍ ရပြီဖြစ်၏။
စိတ်ဝိညာဉ်စွမ်းအားများ၏ အထောက်အပံ့နှင့် သူသည် မီးစွမ်းအားများကို ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။
ယခု သူ့တွင် မီးတောက်နဲ့ မီးမျိုးစေ့ရှိပြီ ဆိုသောကြောင့် ဆေးလုံး ဖော်စပ်၍ ရပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် တပည့်နှစ်ယောက်အား ခေါ်ယူ၍ ငွေသားနှစ်ထောင်ပေးကာ ချင်းယန်မြို့သို့ လွှတ်၍ ဖော်စပ်ရမည့် ဆေးဝါးပစ္စည်းများအား ဝယ်ယူခိုင်းလိုက်၏။
ညနေမှောင်မှောင်ချိန်မှာတော့ တပည့်များသည် ဝယ်ယူ၍ ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။
သူသည် စဦးအဆင့်ဆေးလုံး၊စဦးအဆင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး၊ ချီစုဆောင်းခြင်းဆေးလုံး၊ ချီလေပွေဆေး စသည့် အရာများအားလုံး လုံလောက်အောင်ဖော်စပ်၍ ရနိုင်ပြီ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ဆေးလုံးသန့်စင်ဆောင်အား ဖွင့်ကာ စတင်၍ ဆေးလုံးဖော်စပ်လိုက်၏။
"ဒင် ဒင် ဒင်"
မိနစ်သုံးဆယ်ကြာမြင့်ပြီးနောက်မှာတော့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးငါးလုံး၊ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးနှစ်လုံး၊ သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိလာခဲ့သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဝတ္ထုတွေထဲက အဓိကဇာတ်ကောင်တွေဆိုရင် ဆေးလုံးတစ်ခု ဖော်စပ်ဖို့အတွက် အပိုင်း နှစ်ပိုင်းလောက် ကြိုးစားပြီး ဖျော်ခဲ့ရတယ်။ငါကတော့ စနစ်ရဲ့ ဆေးလုံးသန့်စင်ဆောင် အကူအညီနဲ့ လွယ်လွယ်ကူကူ အောင်မြင်အောင် လုပ်နိုင်တာပဲ။"
ပြန်လည်ကုစားခြင်းဆေးလုံးသည် လက်ရှိအချိန်တွင် အသုံးမဝင်သောကြောင့် သူသည် ဆေးပုလင်း တစ်ခုထဲသို့ ထည့်ကာ သိမ်းထားလိုက်၏။
ပြီးနောက် သူသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးအား မြိုချလိုက်၏။
ဆေးလုံးသည် ချက်ချင်းဆိုသလိုပဲ အစွမ်းပြခဲ့သည်။
သူ၏မရီဒန်၊သွေးကြောနှင့် ကြွက်သားများအားလုံးသည် ရုတ်တရက် ပြောင်းလဲသွား၏။
"ဟော့"
ကျွင်းချောင်ရှောင်းသည် အားအင်စမ်းသပ်ခြင်း စက်ဆီသို့ လက်သီးဖြင့် ထိုးလိုက်၏။
"၂၂၀၀ ဂျင်"
မရီဒန်ဆယ့်နှစ်ခုကို ဖွင့်ပြီးနောက်မှာတော့ သူ၏ စမ်းသပ်ထားသော အားအင်သည် နှစ်ထောင်ဂျင်သာလျှင် ရှိ၏။
ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို စားသောက်ပြီးချိန်မှာတော့ နှစ်ရာဂျင် တိုးတက်လာသည်ဟု ဆိုရမည်ဖြစ်၏။
"ဘုတ်"
ထိုအချိန်မှာပဲ ရှောင်ကျီ သည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲမှ ပျော့ခွေလျှက် ထွက်လာတော့သည်။
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ ဆီသို့ လျှောက်သွားပြီး ပါးစပ်ကိုဟကာ ကျန်ရှိနေသေးသော ခန္ဓာကိုယ်တည်ဆောက်ခြင်းဆေးအား ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။
"မင်း အရမ်းကြီး အားစိုက်ခဲ့ရတာပဲ။"
ခြောက်ရက်ကြာပြီးနောက်မှာတော့ လီချင်းယန်နှင့် တစ်ခြားသော တပည့်လေးယောက်တို့သည် သူတို့၏ ငရဲခန်းလေ့ကျင့်ရေးကို ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် လေ့ကျင့်ရေးခန်းမပြင်ဘက်တွင် ရပ်တန့်၍ အပြင်ကိုသွားရောက်ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လိုက်သည်။ ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။ "ငါ့အနေနဲ့ လီရန်မြို့ကိုသွားပြီး သိုင်းပြိုင်တဲ့အချိန်မှာ တောင်းဆိုချင်တာ တစ်ခုပဲရှိတယ်။ ဒါကတော့ ထိပ်ဆုံးငါးယောက် စာရင်းကို မင်းတို့ယူကြဖိုပဲ။"
"ကောင်းပါပြီ။"
လီချင်းယန်၊စုရှောင်မို တစ်ခြားသုံးယောက်တိုသည် သံပြိုင်အော်ဟစ်လိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် လက်ဖြောက်တစ်ချက်တီးပြီး များပြားလှသော တပည့်များ၏အကြည့်အောက်မှာပဲ တံခါးမှဖြတ်ကာ ထွက်ခွာသွားတော့သည်။
သူတို့သည် သံမဏိအရိုးဂိုဏ်းအား ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ ကျော်ကြားလာစေရန် ပထမဦးဆုံးခြေလှမ်း အဖြစ် စတင်လှမ်းတော့မည်ဖြစ်သည်။