အခန်း (၆၆)
Vol. 5 Ch. 66
ရှောင်ကျီသာ မြို့ထဲလျှောက်သွားမည်ဆိုလျှင် လူများ၏မျက်လုံးများသည် သူ့အပေါ်တွင် အာရုံစိုက် ကြည့်ရှုနေမည်ဖြစ်ပြီး အမြဲတမ်း လှောင်ပြောင်နေပေလိမ့်မည်။
ထို့ကြောင့် စားသောက်ဆိုင်ထဲမှာပဲ စားသောက်ပြီး နားနားနေနေ တည်းခိုနေထိုင်ရန် ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်၏။
လုချင်းချင်း၊လီချင်းယန်နဲ့ တစ်ခြားသူများသည်ကလည်း စားသောက်ဆိုင်ထဲမှ မထွက်ခွာကြပေ။ သူတို့သည် သူတို့၏အခန်းထဲသို့ ဝင်၍ ကျင့်ကြံလျက်ရှိကြသည်။
အားလုံးသည် သဘက်ခါ၌ စတင်မည်ဖြစ်သော သိုင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်လျက်ရှိကြသည်။
ကျွင်းချောင်ရှောင်းသည် ပျင်းပျင်းရှိသောကြောင့် ဈေးသို့သွား၍ ဆေးပင်များဝယ်ယူရန် ထွက်ခွာလာခဲ့သည်။
နောက်ဆုံးမှာတော့ သူသည် စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအတွက် လိုအပ်သော ဆေးပင်များ အများအပြားကိုတွေ့ရှိခဲ့သည်။ သို့ပေမဲ့ အကုန်လုံးစာ ဖော်စပ်ရန်အတွက် လုံလောက်သည့် ဆေးပင်များတော့ မရှိချေ။
"အများကြီးထုတ်လုပ်ဖို့ဆိုတာ နည်းနည်းခက်တာပဲ။"
ချီစုစည်းခြင်းဆေးလုံး၊ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး၊ ချီလေပွေ ဆေးလုံးတို့နှင့် ပတ်သက်၍ သူ၏တပည့်များကို ပေးစွမ်းနိုင်လိမ့်မည်ဟု သူထင်မှတ်ခဲ့သည်။
"သူက သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ပဲ။သူ့ကိုကြည့်ရတာ တော်တော်ငယ်သေးတယ်။ဒါပေမဲ့ ဆိုးတာက သိပ်ပြီး ကျပ်ပြည့်ပုံမပေါ်ဘူး။"
"တပည့်တွေကိုခေါ်လာပြီးတော့ သိုင်းပြိုင်ပွဲတောင် ဝင်ပြိုင်လိုက်သေးတယ်။ပြိုင်ပွဲ … ပြိုင်ပွဲတိုင်းမှာ ဒီလိုပဲ ပေါက်တက်ကရ အသင်းတစ်ခုခုတော့ ပေါ်လာတာပဲလေ။"
"အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။"
"ဒီအချိန်မှာ တပည့်တွေအများကြီး လာပြိုင်ကြမှာ။တော်တော်များများက အဆင့်ခုနစ်စွမ်းအင်ဖွင့်ခြင့်အဆင့် ကျင့်ကြံသူတွေပဲ။သူ့လို အဆင့်ကိုးဂိုဏ်းတစ်ခုက ပထမအကျော့မှာထဲက ထုတ်ခံရမှာ သေချာတယ်။"
ရှောင်ကျီ လိုက်ပါမလာသောကြောင့် ကျွင်းချောင်ရှောင်းသည် သနားဖိုကောင်းစွာပဲ အားလုံး၏ပစ်မှတ် ဖြစ်လာခဲ့ရသည်။
"အဆင့်ကိုး ဂိုဏ်းတစ်ခုဆီမှ အမှိုက်။"
အဆင့်ကိုးဂိုဏ်းတစ်ခုဆိုသည်မှာ အမှိုက်တစ်စလိုပင်ဖြစ်၏။ သူလျှောက်လှမ်းသွားရာ လမ်းတစ်လျှောက်တွင် အားလုံးသည် သူ့အား ဝိုင်းဝန်းနှိမ်ကာ ကဲ့ရဲ့လျက်ရှိကြ၏။
ကျွင်းချောင်ရှောင်းသည် အားလုံးကို လျစ်လျှူရှုပြီး စားသောက်ဆိုင်ဆီသို့ အမြန်ပြန်လာခဲ့သည်။
သိုင်းပြိုင်ပွဲနေ့မှသာလျှင် တပည့်များနှင့်အတူ အပြင်သို့ထွက်ရန် သူဆုံးဖြတ်ချက်ချလိုက်၏။
……
သိုင်းပြိုင်ပွဲနေ့တွင်တော့ ကောင်းကင်ကြီးတစ်ခုလုံးသည် တောက်ပလျှက်ရှိပြီး လမ်းများသည်လည်း လူပေါင်းများစွာနှင့် ပြည့်ကျပ်လျှက်ရှိ၏။
သိုင်းပြိုင်ပွဲဆိုသည်မှာ နှစ်နှစ်မှတစ်ကြိမ် ကျင်းပသည်ဖြစ်သောကြောင့် များပြားလှသော ကျင့်ကြံသူများသည် စောစီးစွာပဲ ရောက်ရှိလာခဲ့ကြသည်။
"သံမဏိအရိုးဂိုဏ်းတပည့်တွေ ထွက်လာကြပြီ။"
"ကျွတ် … ကျွတ် ….သူတို့က တော်တော်ကြီးကို တောက်တောက်ပပ ဝတ်ထားတာပဲ။"
"သိုင်းပြိုင်ပွဲမစတင်ခင်မှာ ထင်ထင်ရှားရှားဖြစ်စေချင်လို့နဲ့တူတယ်။အချိန်တန်ရင် ရှုံးမှာပဲကို။"
"ရှောင်ကျီ ဆီက စိတ်ဝိညာဉ်စွမ်းအင်တွေ ဘာတစ်ခုမှ မခံစားရဘူး။"
"သူသာ စင်မြင့်ပေါ်ကိုတက်ပြီး တစ်ခြားသူတွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ကောင်းကောင်းဒုက္ခရောက်လိမ့်မယ်။ ပြီးတော့ ဟိုမိန်းကလေးကော။အဲ့မိန်းကလေးဆီမှာလည်း စိတ်ဝိညာဉ်စွမ်းအင်တွေ မရှိဘူး။"
"ဒီလိုတပည့်တွေကို သိုင်းပြိုင်ခိုင်းတယ်ဆိုတော့ ဂိုဏ်းချုပ်ဆိုတဲ့ကောင်က ရူးနေတာပဲ ဖြစ်ရမယ်။"
"ဒါက အဆင့်ကိုးဂိုဏ်းလေးတစ်ခုလေ။သူတို့အနေနဲ့ လီချင်းယန်လိုလူတစ်ယောက် ရတာနဲ့တင် လောကကြီးရဲ့ ကောင်းချီးတစ်ခု ဖြစ်နေပြီ။တစ်ခြားနာမည်ကြီးဂိုဏ်းသားတွေကို ရဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
တီးတိုး လှောင်ပြောင်ကဲ့ရဲ့သံများကို ကြားရသည့်နောက် ကျွင်းချောင်ရှောင်းသည် နားမကြားသူ တစ်ယောက်လိုပင် ခပ်တည်တည်ဖြင့် တပည့်များနှင့်အတူ ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။
သူ၏ အမူအရာသည် တည်ငြိမ်လွန်းလှ၏။
သို့ပေမဲ့ သူ၏နှလုံးသားထဲမှာတော့ ဒေါသတရားများနှင့် ပြည့်နှက်နေသည်။
သူသည် ချက်ချင်းပင် သောက်စကားများလှသော လူများအား သွား၍သတ်ဖြတ်ချင်စိတ် ပေါက်မိနေ၏။
လီချင်းယန်၊စုရှောင်မိုနဲ့ ထျန်းချီ တို့အားလုံးသည်လည်း သူတို့၏ဒေါသများကို ထိန်းချုပ်ထားရသည်။ သိုင်းပြိုင်ပွဲစတင်သည့်အချိန်တွင်မှ သူတို့၏ဒေါသကို လွှတ်ပေးရန် စဉ်းစားလိုက်ကြသည်။
…….
မြို့၏တောင်ဘက်ခြမ်းတွင်တော့ သိုင်းပြိုင်ပွဲကျင်းပရာနေရာ တည်ရှိသည်။
ကျွင်းချောင်ရှောင်း ဤနေရာသို့ စာရင်းလာပေးစဉ်က ကွင်းပြင်ကြီးတစ်ခုဖြစ်သော်လည်း ယခုအချိန်မှာတွင် စက်ဝိုင်းပုံစံ ကာရံထားပြီး ရောမမြို့၏တိုက်ခိုက်ရေးကွင်းပြင်တစ်ခုကဲ့သို့ ပြင်ဆင်ထား၏။
ထိုအပေါက်ဝတွင် များပြားလှသော သိုင်းပညာရှင်များသည် စုစည်းလျက်ရှိ၏။
ထိုနေရာတွင် စုတ်တံကိုကိုင်ဆောင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် တစ်ယောက်ချင်းစီ ဆီမှ ဝါးကဒ်ပြားများအား စစ်ဆေးလျက်ရှိသည်။
ကျွင်းချောင်ရှောင်း ရောက်ရှိလာသည်ကို မြင်သည့်အချိန်မှာတော့ သူသည် မျက်စိထောင့်ကပ်ကာ လှမ်းကြည့် လိုက်၏။ ပြီးနောက် ချက်ချင်းပဲ အပြုံးတုတစ်ခုကို ပြုံးကာကျယ်ကျယ်ပြောလိုက်၏။
"အိုး … သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ကျွင်း … ရောက်ပြီကိုး။"
သူသည် နှုတ်ဆက်သည့်ပုံ ပေါ်သော်လည်း အမှန်တကယ်တွင်မှာတော့ များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများ သတိထားမိအောင် အော်ပြောလိုက်ခြင်းပင် ဖြစ်၏။
သူ့အသံထွက်ပေါ်လာချင်းချင်းမှာပဲ အနားပတ်ဝန်းကျင်ရှိအားလုံးသည် ခေါင်းလှည့်ကာ ကြည့်လာကြသည်။
ထိုလူများ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိသော်လည်း သုတို့မျက်လုံးထဲတွင်တော့ အထင်သေး လှောင်ပြောင်ရိပ်များနဲ့ ပြည့်နှက်လျှက်ရှိ၏။
သိုင်းပြိုင်ပွဲသို့ ရောက်ရှိလာကြသော ဂိုဏ်းများသည် အနည်းဆုံး အဆင့်ရှစ်ဂိုဏ်းများသာ ဖြစ်သည်။
ထို့ကြောင့် အဆင့်ကိုးဂိုဏ်းဖြစ်သော သံမဏိအရိုးဂိုဏ်းအား အထင်သေးသည်ဆိုသည်မှာ သဘာဝပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သူ့အပေါ်အထင်သေးခြင်းအား ဂရုမစိုက်ပေ။ တပည့်များအားခေါ်၍ တပည့်များ၏သင်္ကေတပါသော ဝါးကဒ်ပြားများအား သက်လတ်ပိုင်းလူဆီ လှမ်းပေးလိုက်သည်။
များပြားလှသောဂိုဏ်းများမှ ကျင့်ကြံသူများသည် ခပ်ဝေးဝေးသို့ ဆုတ်ခွာကြ၏။ သူတို့သည ်အဆင့်ကိုးဂိုဏ်း နား၌နေလျှင် ကံဆိုးမှုများ ကူးစက်သွားမည်ဟု စိုးရွံ့နေသကဲ့ပင်။
"စီနီယာအစ်ကို … သံမဏိအရိုးဂိုဏ်းက အဆင့်ကိုးဂိုဏ်းတစ်ခုမလို့လား။ ဘာလို့သိုင်းပြိုင်ပွဲကို လာပြိုင်ရတာ။"
"သူတို့ စိတ်လှုပ်ရှားမှု တစ်ခုခုကို ရှာချင်လို့နေမှာပေါ။"
"ဟား ဟား ဟား"
"ကျွန်တော့အထင်အရ ဆိုရင်တော့ သေလမ်းလာရှာတာပဲထင်တယ်။"
များပြားလှသော ဂိုဏ်းများမှတပည့်များသည် သံမဏိအရိုးဂိုဏ်း၏ရည်ရွယ်ချက်ကို နားမလည်ကြပေ။ ဤမျှအဆင့်နိမ့်လှသော ဂိုဏ်းတစ်ခုသည် အဘယ့်ကြောင့်လာ၍ ယှဉ်ပြိုင်ရသနည်း။
ဝါးကဒ်ပြားပေါ်မှာရှိသော အချက်အလက်များကို စစ်ဆေးအတည်ပြုသည့်နောက် ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"သွားကြစို့။"
ရှောင်ကျီ သည် မထွက်ခွာပေ။ ဝင်ပေါက်ဝတည့်တည့်တွင်ရပ်၍ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလေ၏။ သူ၏မျက်လုံးထဲတွင် ဒေါသတရားအပြည့်နှင့် ဝင်ပေါက်ဆီသို့ စူးစိုက်ကြည့်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသူများသည် ထိုအရာကို သတိပြုမိသွား၏။
ရှောင်ကျီ ကြည့်ရှုနေရာဆီသို့ လှမ်းကြည့်လိုက်တော့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပိန်သွယ်သွယ် လူငယ်လေးတစ်ယောက်သည် သူတို့ရှေ့သို့ လျှောက်လာသည်ကို မြင်လိုက်ရ၏။
"တောင်းပန်ပါတယ် … ဝမ်းကွဲအစ်ကို။" လူငယ်မှ နှုတ်ဆက်လိုက်၏။
သို့သော်လည်း ရှောင်ကျီ ၏မျက်နှာပေါ်မှ အပြုံးသည် အသက်မဝင်လှချေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုကောင်လေး၏ မျက်လုံးထဲတွင်တော့ ဂုဏ်မောက်နေသည့် အမူအရာများနှင့် ပြည့်နှက်လျှက်ရှိသည်။
"ရှောင်းလင်းရီ"
"ဒါက ရှောင်မိသားစုရဲ့ လူငယ်မျိုးဆက်တွေထဲမှာ ပါရမီအကောင်းဆုံး ကျင့်ကြံသူမဟုတ်လား။"
"လွန်ခဲ့တဲ့လအနည်းငယ်တုန်းက သူ့ကို အဆင့်ခြောက်ဂိုဏ်းတစ်ခုဖြစ်တဲ့ ကျူးရင်တောင်ကြားဂိုဏ်းရဲ့ အကြီးအကဲက ကိုယ်တိုင်တပည့်အဖြစ် လက်ခံလိုက်တယ်လို့ ကြားတယ်။"
"ကျူးရင်တောင်ကြားကလည်း သိုင်းပြိုင်ပွဲအတွက် တပည့်တွေလွှတ်တာလား။" အားလုံးတီးတိုးပြောဆိုလိုက်၏။
"ရှောင်လင်းရီ ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ အသာလှည့်ကြည့်လိုက်၏။ သိုင်းစာအုပ်များတွင် ရှောင်မျိုးရိုး၊ လင်းမျိုးရိုး၊ ရီ မျိုးရိုးများသည် အားကောင်းလွန်းလှသည်။ ဤ လူငယ်၏ နာမည်သည် သုံးမျိုးလုံး ပါဝင်နေလေ၏။
ရှောင်ကျီ ပြောလိုက်သည်။ "ငါက ရှောင်မိသားစုရဲ့ မိသားစုဝင်မဟုတ်တော့ဘူး။ဒီတော့ မင်းငါ့ကို ဝမ်းကွဲအစ်ကိုလို့ ခေါ်စရာမလိုတော့ဘူး။"
ရှောင်လင်းရီပြုံးကာ ပြောလိုက်သည်။
"ခင်ဗျားသာ ကျုပ်ကို မရီဒန်တွေဖွင့်ဖို့ မကူညီခဲ့ဘူးဆိုလျှင် ကျူးရင်တောင်ကြားရဲ့ ရွေးချယ်ခြင်းကို ကျွန်တော်ခံရမှာ မဟုတ်ဘူး။ ဒီနေ့လိုမျိုး အောင်မြင်မှုမျိုးကို ကျွန်တော်ရနေမှာမဟုတ်ဘူး။ဒီတော့ ခင်ဗျား ဂိုဏ်းက ထုတ်ပယ်ခံရတာပဲ ဖြစ်ဖြစ် ၊ မိသားစုကနေ ထုတ်ပယ်ခံရတာပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲမှာတော့ ခင်ဗျားက ဝမ်းကွဲအစ်ကိုပဲ။"
ပြောလိုက်သောလူ၏မျက်လုံးထဲတွင်တော့ အနည်းငယ် ကျေးဇူးတင်ခြင်းကိုမှ ကျွင်းချောင်ရှောင်း မမြင်ရပေ။ ထိုအစား ပျက်ရယ်ပြုခြင်း အရိပ်အယောင်များသာ မြင်နေရ၏။
"ခေါင်းဆောင် … သွားကြစို့။"
ရှောင်ကျီသည် ရှောင်မိသားစုနှင့်ပတ်သက်၍မည်သို့မှ မဆက်ဆံချင်ပေ။ ထို့ကြောင့် အသာလှည့်ကာဖြင့် ထွက်ခွာဖို့ပြင်လိုက်သည်။
ရှောင်လင်းရီသည် လမ်းကိုလှမ်းပိတ်ကာ တီးတိုးပြောလိုက်၏။
"ဝမ်းကွဲအစ်ကို ….. ရှောင်မိသားစုက ထုတ်ပယ်ခံလိုက်ရတယ်ဆိုတာ မှားယွင်းကြောင်း သက်သေပြပါအုံး။မဟုတ်ရင် ကျုပ် ရှောင်လင်းရီက ရှောင်မိသားစုရဲ့ အနာဂတ်အဖြစ်ပဲ ဆက်ရှိနေမှာနော်။"
ရှောင်ကျီ သည် ခေါင်းကိုငုံလိုက်၏။ သူ၏နှလုံးသားသည် ဓားနှင့် အထိုးခံရသလို ခံစားလိုက်မိ၏။
"ရှောင်လင်းရီ"
ဤရှောင်လင်းရီဆိုသော ဝမ်းကွဲညီလေးအား သူသည် အရင်တုန်းက အလွန်အမင်း ဂရုစိုက်ခဲ့၏။ မရီဒန်များ ဖွင့်လှစ်ရန်ပင် အစွမ်းကုန် ကူညီခဲ့သေး၏။ သူတို့၏ဆက်ဆံရေးသည် တစ်ခြားသော ညီအစ်ကိုများထက်ပို၍ နီးစပ်ခဲ့လေသည်။
သို့ပေမဲ့ သူ၏စိတ်ဝိညာဉ်အမြစ် နှင့် ကျင့်ကြံခြင်းများ ပျက်စီးသွားချိန်တွင်တော့ သူ့အားအလှောင်ပြောင်ဆုံး နှင့် အနိုင်ကျင်ဆုံးသော လူသည်မှာလည်း ထိုရှောင်လင်းရီဆိုသော လူငယ်ပင် ဖြစ်လာတော့သည်။
"ဝမ်းကွဲအစ်ကို"
ရှောင်လင်းရီပြုံးကာ ပြောလိုက်သည်။
"မှတ်မိသေးရဲ့လား။ ကျုပ်ပြောခဲ့ဖူးတယ်လေ။ ကျုပ်က ခင်ဗျားထက်ပိုသာလွန်ပြီး ပိုပြီး အားကောင်းရမယ် လို့။အခု ဒီအရာတွေက အမှန်ဖြစ်လာပြီ။ပြီးတော့ ခင်ဗျားကကော …." သူ၏မျက်နှာပေါ်မှ အပြုံးသည် အသက်ဝင်သွား၏။
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိလိုက်သည်။ သူ၏တပည့်အား ယုံကြည်မှု ပြန်လည် ရရှိရန် ပြုလုပ်ခဲ့ရ သည်မှာ လွယ်ကူသည်မဟုတ်ပေ။ အဘယ့်ကြောင့် ဤလူငယ်လေးသည် ပြဿနာလာရှာနေရသနည်း။
သေနတ်ထုတ်၍ ပစ်လိုက်ရင် ကောင်းမည်လောဟု စဉ်းစားမိ၏။
ထိုအချိန်မှာပဲ ခေါင်းငုံထားသော ရှောင်ကျီသည် ပုခုံးများ လှုပ်ခါသည်ထိ အားရပါးရ ရယ်မောလိုက်သည်။
"ဝမ်းကွဲအစ်ကို ခင်ဗျား ဘာရယ်တာလဲ။"
ရှောင်လင်းရီ မေးလိုက်သည်။
ရှောင်ကျီသည် ခေါင်းကိုမော့လိုက်၏။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေ၏။ "မင်းရဲ့တုံးအ မှုကို ငါရယ်တာပဲ။"
ရှောင်လင်းရီ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များပေါ်လာ၏။
ရှောင်ကျီသည် ရှောင်လင်းရီ၏ပုခုံးအား အသာပုတ်ခါ ပြောလိုက်သည်။ "လင်းရီ မှတ်ထား။မင်းအစ်ကိုက အမြဲတမ်း မင်းရဲ့အစ်ကိုပဲ။စိတ်ဝိညာဉ်အမြစ် နဲ့ ကျင့်ကြံခြင်းမရှိတော့ဘူးဆိုရင်တာင်မှ မင်း ငါ့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။"
ပြီးနောက် သူသည် ပြိုင်ပွဲ ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် သူ့တပည့်နောက်သို့ လိုက်ရန်ပြင်လိုက်၏။ သို့ပေမဲ့ ရှောင်လင်းရီဆိုသော လူငယ်လေးရှေ့တွင်ရပ်ကာ ပြောဖြစ်အောင် ပြောလိုက်သည်။ "မင်း ကြားတယ်မလား။မင်းက ဘဝတစ်ခုလုံး မင်းအစ်ကိုရဲ့အရိပ်အောက်မှာပဲ နေရမယ်။"
"တော်စမ်း"
ရှောင်လင်းရီ၏မျက်နှာ မဲ့ရွဲ့သွား၏။
"ရှောင်ကျီ …. ဂိုဏ်းပြိုင်ပွဲရောက်ရင် ကျုပ်အကြောင်းကို ကောင်းကောင်းသိရမယ်။"
"အိပ်မက်ဆက်မက်နေပါ။"
ရှောင်ကျီအသံ ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်း သဘောတကျဖြင့် ပြုံးလိုက်၏။ ပထမတုန်းက ရှောင်ကျီ၏မိမိကိုယ်ကို ယုံကြည်မှုများ ပျောက်ကွယ်သွားမည်ကို သူစိုးရိမ်ခဲ့မိ၏။ ယခုအခြေအနေကို ကြည့်ရသည်မှာ သူအစိုးရိမ်လွန်နေခြင်းပင် ဖြစ်ပေလိမ့်မည်။
တိုက်ခိုက်ရေးပွဲ တည်နေရာသည် ရောမမြို့၏ တိုက်ခိုက်ရေးသမားများ တိုက်ခိုက်သည့် ကွင်းပြင်နှင့် ဆင်တူလှ၏။
အလယ်တည်နေရာထဲတွင် များပြားလှသော တိုက်ခိုက်ရေးစင်မြင့်များရှိပြီး ဘေးပတ်ပတ်လည်တွင်တော့ ပွဲကြည့်စင်များနှင့် ပြည့်နှက်လျှက်ရှိသည်။ စုစုပေါင်း လူဦးရေ နှစ်သိန်းကျော် ဆံ့လောက်သည်ထိ ကျယ်ပြောလှ၏။
များပြားလှသော ဂိုဏ်းများသည် တစ်ခုပြီးတစ်ခု ကိုယ့်နေရာနှင့်ကိုယ် ဝင်ထိုင်လိုက်ကြသည်။
ပွဲကြည့်စင်တစ်ခုလုံးသည် ပြည့်နှက်နေပြီဖြစ်ပြီး ကျင့်ကြံသူများအားလုံးသည် သိုင်းပြိုင်ပွဲကို စတင်ရန် မျှော်တလင့်လင့် ဖြစ်နေကြ၏။
ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များဝင်လာချိန်မှာတော့ သူတို့အားလုံးသည် မျက်စိလည်သွားကြ၏။
"ဂိုဏ်းရဲ့အကြီးအကဲတွေက ပွဲကြည့်စင်ကို သွားပါ။ဝင်ပြိုင်မဲ့တပည့်တွေကတော့ ဒီမှာနေပြီးတော့ နာမည်စာရင်း ထွက်ပေါ်တဲ့အထိ စောင့်ရမယ်။"
သက်လတ်ပိုင်းတစ်ယောက်လူတစ်ယောက်သည် ရောက်လာကာ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်ငါးယောက်ကို ကြည့်ကာ အားပေးလိုက်၏။ "ပြိုင်ပွဲအပြင်ဘက်မှာရှိတဲ့ ဆူညံသံတွေကို ဂရုမစိုက်နဲ့။ ကိုယ့်ရဲ့အကောင်းဆုံး အားအင်ကိုထုတ်ဖော်ကြ။ လွယ်လွယ်ကူကူ အရှုံးမပေးနဲ့။"
"ကောင်းပါပြီ။"
လီချင်းယန် နှင့် တစ်ခြားသူများသည် ခေါင်းညိတ်လိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည် ထိုနေရာမှ ခွာသွားပြီး မြင်ကွင်းကျယ်ကျယ် မြင်ရသော စင်မြင့်တစ်ခုပေါ်သို့ တက်၍ နေရာယူလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း"
သူထိုင်ခုံတစ်ခုကို ရှာဖွေ၍ ထိုင်လိုက်ချိန်မှာပဲ သူ့ဘေးနားတွင်ရှိသော ခပ်ဝဝအကြီးအကဲတစ်ယောက်သည် လက်သီးဆုပ်ကာဖြင့် ပြုံးလိုက်သည်။
"ကျုပ်တပည့်နဲ့ ခင်ဗျားတပည့်နဲ့ ပထမအကျော့မှာ တွေ့ပြီဆိုလျှင် ခွင့်လွှတ်ပေးအုံးနော်။ကျုပ်တပည့်က နည်းနည်းကြမ်းတယ်။"
"ဟုတ်ပါပြီ။"
ကျွင်းချောင်ရှောင်းပြောလိုက်၏။
ဘေးနှစ်ဖက်တွင်ရှိသော များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည်လည်း တီးတိုးပြောဆိုနေကြသည်။
ထိုသူတို့အားလုံးသည် သူတို၏တပည့်များအနေဖြင့် သံမဏိအရိုးဂိုဏ်းတပည့်များနှင့် ပထမအကျော့တွင် တွေ့ဆုံနိုင်ရန် မျှော်လင့်မိနေသည်။ ထိုမှသာလျှင် ဒုတိယအဆင့်သို့ လွယ်လွယ်ကူကူ တက်နိုင်မှာ မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် အသာမှီကာ ထိုင်ပြီး သူ၏လက်ချောင်းများအား ထိုင်ခုံလက်ရန်းကို တတောက်တောက်ဖြင့် ခေါက်လျှက်ရှိ၏။
သူသည် အနားပတ်ဝန်းကျင်ရှိ တီးတိုးပြောဆိုသံများအား မကြားသကဲ့သို့ပေ။
အကောင်းဆုံးပြပွဲကြီးတစ်ခုသည် မကြာခင်မှာ စတင်တော့မှာဖြစ်၏။