အခန်း (၆၈)
Vol. 5 Ch. 68
ပထမအကျော့၏ ပထမပွဲသည် ထိုသို့နှင့်ပင် ပြီးဆုံးသွားခဲ့သည်။
တိုက်ခိုက်ခဲ့သည့်အချိန်သည် ဒိုင်လူကြီးဆီမှ စပြီဟု ပြောဆိုပြီး တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်အတွင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
စိတ်မရှည်လှသော စွန်းကိုင်သည် တိုက်ပွဲစင်မြင့်အောက်သို့ ရောက်ရှိချိန်မှာတော့ ဝမ်းဗိုက်ကို ဖိနှိပ်၍ အားရပါးရ အော်ဟစ်လျှက် ရှိ၏။
ကြည့်ရှုနေကြသော ပွဲကြည့်စင်မှ ပရိတ်သတ်များနှင့် တော်ဝင်နီဂိုဏ်းအကြီးအကဲသည် မျက်လုံး အပြူးသားနှင့် ဖြစ်သွားကြသည်။
တိုက်ပွဲမစခင်တွင် စွန်းကိုင်အနေဖြင့် ထျန်းချီ အား ပြင်းပြင်းထန်ထန် ရိုက်နှက်လိမ့်မည်ဟု သူတို့တွေးမိခဲ့၏။ သို့ပေမဲ့ မည်သို့ ဖြစ်ခဲ့သနည်း။ ကြည့်ခဲ့သည့် ပွဲစဉ်များ မှားနေလေသလား။
များပြားလှသော ကျင့်ကြံသူများသည် သူတို့မျက်လုံးအား သေချာပွတ်သပ်ကြည့်လိုက်ကြ၏။
မြေပေါ်တွင် လဲနေသူမှာ တော်ဝင်နီဂိုဏ်း၏တပည့် ဖြစ်နေသည်။
သူတို့၏ အမူအရာများသည် စိတ်ဝင်တစားနှင့် ဖြစ်လာကြ၏။ သံမဏိအရိုးဂိုဏ်း၏ တပည့်သည် ဤမျှ မြန်ဆန်စွာဖြင့် ပြိုင်ဘက်အား တိုက်ခိုက်နိုင်မည်ဟု သူတို့ မထင်ခဲ့ဘူးချေ။
ဒိုင်လူကြီးသည်လည်း ခဏလောက် ဆွံအသွား၏။ ပြီးနောက် ချက်ချင်းပဲ ကြေညာလိုက်သည်။
"ပထမဦးဆုံးပွဲ အနိုင်ရသူ ထျန်းချီ။"
လီချင်းယန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"ဂျူနီယာညီလေးထျန်း မင်း ဒေါသတွေ ပြေသွားပြီလား။"
ထျန်းချီ သည် နာမည်ကြားရုံဖြင့် အလှောင်အပြောင်ခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် ဒေါသတရားများအား ပြိုင်ဘက်၏ ဝမ်းဗိုက်ဆီသို့ ပို့လွှတ်လိုက်ပုံပေါ်၏။
ယခုအချိန်မှာတော့ ထျန်းချီ သည် နေသာထိုင်သာ ရှိသွားသလို ခံစားမိလိုက်၏။
“အဟား။”
စုချောင်မိုသည် စင်မြင့်နားလေးတွင် မတ်တပ်ရပ်ပြီး အပျင်းကြောဆန့်လိုက်၏။
"ဘယ်အချိန် စင်ပေါ်တက်ရမှာလဲ။"
ကျွင်းချောင်ရှောင်းသည် သူ့ဘေးနားရှိ ကြောင်အနေသော ခပ်ဝဝလူအား လက်သီးဆုပ်၍ ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ ကျုပ်တပည့်က ပိုပြီးတော့ စိတ်မရှည်ဘူး။ ခင်ဗျားဂိုဏ်းက အမှိုက်ပေါ်မှာ သူ အချိန်အရမ်းဖြုန်းချင်ပုံ မပေါ်ဘူး။"
တော်ဝင်နီဂိုဏ်း အကြီးအကဲ၏ မျက်လုံးများသည် နီနီရဲသွားသည်။
ထျန်းချီ သည် သူ၏ဂိုဏ်းအား ပထမဦးဆုံး ကိုယ်စားပြု၍ တိုက်ခိုက်ခဲ့သည်။ အမြန်ဆန်ဆုံးသော အချိန်မှာပဲ စွန်းကိုင်အား အနိုင်ယူကာဖြင့် အားလုံး၏ အံ့အားသင့်မှုကို ရရှိစေခဲ့သည်။
သို့ပေမဲ့ အလွန်အမင်း အံ့အားသင့်လှသည်တော့ မဟုတ်ချေ။
တော်ဝင်နီဂိုဏ်း၏ တပည့်သည် ပြိုင်ဘက်အား အထင်သေးခဲ့သောကြောင့် ရှုံးနိမ့်သွားတာဖြစ်လိမ့်မည်ဟု တော်တော်များများက ယုံကြည်ကြ၏။
"ဒီလောက်အားနည်းတဲ့ ပြိုင်ဘက်ကိုတောင်ရှုံးတယ်။ ဒုတိယအဆင့် ကို တက်ရင်လည်း အခွင့်အရေး ရမှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဒီကောင်လေးရဲ့ အမြန်နှုန်းက တော်တော်လေးကောင်းတယ်။ ကံဆိုးတာက မြန်ရုံပဲမြန်တာ … ငါနဲ့သာတွေ့ရင် ကျိန်းသေပေါက်ရှုံးမှာပဲ။"
တော်တော်များများသည် ထျန်းချီ ၏ အောင်မြင်မှုနှင့် ပတ်သက်၍ များများစားစား မတွေးထားကြပေ။ ကံကောင်း၍ အနိုင်ရသွားခြင်း ဖြစ်မည်ဟုသာ ထင်မှတ်ထားကြသည်။
“ပထအကျော့ ဒုတိယပွဲ လီဟယ်နဲ့ သိုင်းလော့။”
ဒိုင်လူကြီးသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။
တိုက်ခိုက်ရေးစင်မြင့် ခြောက်ခုရှိသည်ဆိုသောကြောင့် တစ်ချိန်တည်းတွင် ခြောက်ပွဲ တိုက်ခိုက်၍ ရလေသည်။
တစ်ခြားသော တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ နာမည်များပင် မအော်ရသေးခင်မှာပဲ ထျန်းချီ သည် တိုက်ပွဲအား အဆုံးသတ်ခဲ့ခြင်း ဖြစ်၏။
“ပထမအကျော့ တတိယပွဲ …ကျောင်းရင်နှင့် ဟီရန်။”
“ပထမအကျော့ စတုတ္ထပွဲ …..”
“ပထမအကျော့ ပဉ္စမပွဲ….”
ဒိုင်လူကြီးသည် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်၏။
ပြီးနောက် ယှဉ်ပြိုင်တိုက်ခိုက်သူ ဆယ်ယောက်တို့သည် စင်မြင့်ငါးခုပေါ်သို့ တက်၍ တိုက်ခိုက်ကြတော့သည်။
မဲနှိုက်၍ ပြိုင်ဘက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သောကြောင့် ကျင့်ကြံခြင်းအဆင့် ကွာဟသူများလည်း ပါဝင်ကြသည်။ ထို့ကြောင့် ပြိုင်ပွဲသည် မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားကြ၏။
အနိုင်ရသူများသည် နောက်တစ်ဆင့်သို့ တက်ရောက်သွားကြပြီး ရှုံးနိမ့်သူများမှာ ထွက်ခွာသွားကြသည်။
နောက်ထပ်ပြိုင်ပွဲဝင်ဆယ့်နှစ်ယောက်တို့သည် ပြိုင်ပွဲဝင်စင်မြင့်ခြောက်ခုပေါ်သို့ တက်၍ တိုက်ခိုက်လိုက်ကြပြန်သည်။
ပွဲကြည့်ပရိတ်သတ်များကလည်း သူတို့၏ အားပေးသူ၏ နာမည်အား အော်ဟစ်ကာ အကြီးအကျယ် အားပေးနေကြလေသည်။
ကျွင်းချောင်ရှောင်းသည် သန်းဝေ၍ သူ၏ ထိုင်ခုံအား မှီကာ တစ်ရေးအိပ်လိုက်သည်။ ဒိုင်ဆီမှ လီချင်းယန်နှင့် ဟူရောင်ဆိုသော အသံကို ကြားချိန်မှသာ သူ၏ မျက်လုံးများသည် ပြန်ပွင့်လာ၏။
“စမယ် …”
ဘန်း။
ဒိုင်လူကြီးအသံ ထွက်ပေါ်လာချင်းမှာပဲ ဟောင်ရန်ဆိုသောသူသည် လီချင်းယန်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။
သူ၏ ဒုတိယတပည့် ချက်ချင်းအနိုင်ယူသွားသည်နှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ချေ။ ထို့အပြင် သူ့တပည့်၏ ပါရမီအားအင်သည် ကောင်းလွန်းလှသည် မဟုတ်လား။
“အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ။”
လီချင်းယန်သည် လက်သီးကို အသာပြန်ရုတ်၍ ဦးညွှတ်လိုက်သည်။
ဒိုင်လူကြီး၏ နှုတ်ခမ်းထောင့်များသည် တစ်ဆတ်ဆတ် နှင့် တုန်ခါသွားသည်။ ပြီးနောက် ကြေညာလိုက်၏။
“အနိုင်ရသူ လီချင်းယန်။”
"ချင်းယန်မြိုရဲ့ နံပါတ်တစ် ပါရမီရှင် ပီသတယ်။ သူက တကယ့်ကိုပဲ အားကောင်းတာပဲ။ သူ အားကုန်မသုံးခဲ့ဖူးလို့ ငါထင်တယ်။ ဒါက ပထမအကျော့ပဲ ရှိသေးတယ်။ သူ့ပြိုင်ဘက်ကလည်း အရမ်းကြီး အားမကောင်းလွန်းဘူးလေ။ "
ပရိတ်သတ်များအားလုံးသည် အပူတပြင်းဖြင့် ဆွေးနွေးလိုက်ကြ၏။
အနိုင်ရသည်ခြင်း တူညီသည်ဆိုရင်တောင်မှ လီချင်းယန်အား ပိုမိုချီးကျူးသူ များပြားသည်။
ထို့ကြောင့် ဤကုန်းမြေတိုက်ကြီး၏လူများသည် ပါရမီနှင့် ဂုဏ်အရှိန်အဝါကို အလွန်ပင် ကိုးကွယ်လှသူများ ဖြစ်ကြောင်း သေချာလှ၏။
သိုင်းပြိုင်ပွဲသည် ဆက်လက်ကျင်းပလျှက်ရှိသည်။
ပြိုင်ပွဲဝင်များသည်လည်း ဒုတိယအဆင့်ဆီသို့ တက်လှမ်းနိုင်ရန် အလွန်အမင်း ကြိုးစားနေကြသည်။
တစ်ချို့သည် လွယ်ကူစွာနိုင်သွားကြပြီး တစ်ချို့သည် လက်ရည်တူ၍ အချိန်အကြာကြီး ယှဉ်ပြိုင်နေကြရ၏။
ပထမအကျော့၏ သုံးဆယ့်နှစ်ပွဲမြောက်မှာတော့ သံမဏိအရိုးဂိုဏ်းအား ကိုယ်စားပြုသော စုရှောင်မို သည် စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။
သူ၏ ပြိုင်ဘက်သည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်တစ်တွင် ရှိသော စွန့်ဟယ်ဖြစ်၏။
သိုင်းပြိုင်ပွဲများတွင် ချန်ပီယံမှာ သိုင်းတပည့်အဆင့်များဖြစ်ပြီး စွမ်းအင်ဖွင့်ခြင်းအဆင့်ဆယ့်တစ်ဆိုသည်မှာ သိုင်းတပည့်အဆင့်နှင့် သိပ်မကွာသော အဆင့်လည်း ဖြစ်၏။
"ကောင်လေး …"
စွန့်ဟယ်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။
"မင်းအတွက် ဘယ်ဟာကောင်းလဲဆိုတာ သိတယ်ဆိုရင် မြန်မြန်ဆန်ဆန်ပဲ အောက်ကိုခုန်ချလိုက်တော့။ ဒါဆိုရင် အချိန်လည်း မကုန်တော့ဘူး။ ပြီးတော့ အရိုက်လည်း မခံရတော့ဘူး။"
"ဟုတ်လား။"
စုရှောင်မို၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ ပြီးနောက် ပြုံးလိုက်သည်။
ဒိုင်လူကြီးမှ ကြေညာလိုက်သည်။
"စမယ်။"
စွန့်ဟယ်သည် အလျှင်လိုနေပုံပေါ်သည်။ ရုတ်တရက်ဆိုသလိုပဲ သူ၏ လက်ကို လှုပ်ရှားလိုက်သည်။ သူ၏လက်ကောက်ဝတ်တွင်တော့ အလင်းတန်းဆယ့်တစ်ခု ဖြစ်ပေါ်လာ၏။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား လက်သီးဆီသို့ ပိုလွှတ်ပြီး စတင်တိုက်ခိုက်လိုက်တော့သည်။
"ပြီးသွားပြီ။ သနားစရာပဲ။"
အားလုံးသည် ခေါင်းခါယမ်းလိုက်သည်။
ထိုအချိန်မှာပဲ စုရှောင်မို သည် ယုန်တစ်ကောင်ကဲ့သို့ လှစ်ခနဲ ရှောင်လိုက်၏။
သူ၏ ခြေပုတိုလေးများသည် အလွန်လျှင်မြန်စွာဖြင့် လှုပ်ရှားနေသည်။ သူသည် စက်ဝိုင်းပုံစံမျိုး လှည့်ပတ်ပြီး စွန့်ဟယ်၏ နောက်ဘက်သို့ ရောက်ရှိသွားသည်။ ထိုနောက် သူ၏ လက်သီးနှစ်ဘက်နှင့် ခါးနေရာဆီသို့ ထိုးလွှတ်လိုက်တော့သည်။
စွန့်ဟယ်သည် အသာရှောင်လိုက်၏။
"သွားစမ်း။"
စုရှောင်မိုသည် တစ်ဖက်မှ ဟန်ချက်ပျက်သွားသည်ကို အခွင့်ကောင်းယူ၍ လှုပ်ရှားလိုက်သည်။ ညာခြေထောက်များသည် အလွန်လျှင်မြန်စွာဖြင့် ထိုးတက်လာပြီး စွန့်ဟယ်၏ ညာဘက်မျက်နှာပြင်သို့ တိုက်ရိုက်ပဲ ကန်ချလိုက်တော့သည်။
စွန့်ဟယ်သည် ဘန်းဆိုသော အသံနှင့်အတူ တိုက်ပွဲစင်မြင့်အောက်ဆီသို့ ကျသွားတော့သည်။
"အားနည်းလိုက်တာ။"
ထိုမြင်ကွင်းကို မြင်တော့ ပွဲကြည့်ပရိတ်သတ်များအားလုံးသည် မျက်လုံးပြူးသွားကြ၏။
ထျန်းချီ အနိုင်ရခဲ့သည်ဆိုသည်မှာ ပြိုင်ဘက်သည် သူ့အား အထင်သေးခဲ့၏။ ထို့ကြောင့် အနိုင်ရရှိခြင်း ဖြစ်မည်ဟု လက်ခံ၍ ရရှိသေးသည်။
သို့ပေမဲ့ ယခုစွန့်ဟယ်သည် ပထမဦးဆုံးတိုက်ခိုက်သူဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ ရှုံးနိမ့်ခဲ့သည်ဆိုသည်မှာ လက်ခံရန် ခက်ခဲလှချေသည်။
လေ့လာစူးစမ်းတတ်သော အဘိုးအိုသည် ကြိတ်ကာ တုန်လှုပ်သွားမိသည်။ "ဒီကောင်လေးက ထျန်းချီ လိုပဲ။ စိတ်ဝိညာဉ်စွမ်းအင်တွေကို မသုံးသွားဘူး။ ဒါပေမဲ့ စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်တစ် တစ်ယောက်ကို ခြေကန်ချက်တစ်ခုတည်း နဲ့ လွင့်စင့်သွားအောင် လုပ်နိုင်တယ်။ သူ့ရဲ့ အားအင်က ဘယ်လောက်တောင်မှ ကောင်းလိုက်လဲ။"
“ပထမအကျော့ သုံးဆယ့်တစ်ပွဲမြောက် အနိုင်ရသူ စုရှောင်မို။”
ဒိုင်လူကြီးသည် ကျယ်လောင်စွာဖြင့် ကြေညာလိုက်၏။
ကျွင်းချောင်ရှောင်းသည် အားရပါးရပြုံးလိုက်မိ၏။
တပည့်ငါးယောက်မှာ သုံးယောက်သည် အဆင့်တက်သွားခဲ့ပြီဖြစ်သည်။
လုချင်းချင်းနဲ့ ရှောင်ကျီတို့သာ နိုင်မည်ဆိုလျှင် မည်သို့သောရလာဒ်များ ရခဲ့သည်ဖြစ်စေ ကျရှုံးသည်ဟု သတ်မှတ်၍ ရတော့မည် မဟုတ်ပေ။
ဘန်း … ဘန်း။
စင်မြင့်ခြောက်ခုပေါ်တွင် တိုက်ခိုက်သံများနှင့် ဆူညံလျှက် ရှိ၏။
မကြာခင်မှာပဲ လုချင်းချင်းသည် စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။
သူမ၏ အသွင်အပြင်သည် များပြားလှသော ယောကျာ်လေးများ၏ အာရုံစူးစိုက်မှုကို ဖမ်းစားထားသည်။
ထို့အပြင် သူမသည် အလွန်အမင်းလှပပြီး သွားလာသည့်နေရာတိုင်းတွင်လည်း အားလုံးသောသူတို့၏ စိတ်ဝင်စားသည့် အကြည့်များအား ဆွဲငင်နိုင်သူလည်းဖြစ်၏။
ကျန်းလီဟုခေါ်သောလူသည် စင်မြင့်ပေါ်ကို ရောက်တော့ ခေါင်းကုတ်ကာ ပြောလိုက်သည်။
"မိန်းကလေးတစ်ယောက်နဲ့ တိုက်ခိုက်ရမှာ နည်းနည်း ရှက်ဖို့ ကောင်းတယ်။"
လုချင်းချင်းက ထူးမခြားနားသလို ပြောလိုက်သည်။ "အမှိုက်ကောင်။"
"စမယ်။"
ဒိုင်လူကြီးမှ ပြောလိုက်သည်။
ကျန်းလီသည် မိန်းကလေးအား မည်သို့ ကြည့်ကောင်းအောင် အနိုင်ယူမည်ဆိုသည်ကို စဉ်းစားနေတုန်းမှာပဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲတွင် လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
မြေပြင်ပေါ်သို့ ခြေကားယား လက်ကားယား ပြုတ်ကျခဲ့ခြင်းလည်း ဖြစ်၏။
လုချင်းချင်းသည် နေရာမှာတွင် ရပ်၍ သူ၏လက်များအား အသာရုတ်လိုက်သည်။
ပြီးနောက် ဒိုင်လူကြီးအား လှည့်ကြည့်လိုက်၏။
ဒိုင်လူကြီးသည် အသိဝင်သွားပြီး ချက်ချင်း ကြေညာလိုက်သည်။
“ပထမအကျော့ ငါးဆယ့်ငါးယောက်မြောက်ပွဲ အနိုင်ရသူ လုချင်းချင်း။”
ပွဲကြည့်စင်တစ်ခုလုံး ငြိမ်သက်သွားကြသည်။
အားလုံးသည် လုချင်းချင်း ဆင်းသွားသည်ကို တုံဏှီဘာဝ နှင့် ကြည့်မိနေကြသည်။
သူမသည် လက်တစ်ချက် ယမ်းခါရုံဖြင့် တစ်ဖက်လူအား စင်မြင့်ပေါ်မှ ကျဆင်းသွားစေသည်။ ကျိန်းသေပေါက် စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုခဲ့တာ ဖြစ်ပေလိမ့်မည်။
ဒါပေမဲ့ သူမဆီမှာ စိတ်ဝိညာဉ်စွမ်းအင် မရှိသော ပုံစံမျိုး အဘယ့်ကြောင့် ပေါက်နေရသနည်း။
"ကောင်းကင်ဘုံ ….. သူမက စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်ကိုတောင်မှ တွန်းချနိုင်တယ်။ သူမရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေက တော်တော်အားကောင်းတယ်။”
အားလုံးသည်လည်း အံ့အားမိသွား၏။
ပြိုင်ပွဲဝင်နေကြသော ပြိုင်ပွဲဝင်များသည်လည်း လုချင်းချင်းအား လှမ်းကြည့်ကာ ပြောလိုက်သည်။ "အရမ်းအားကောင်းတဲ့ ပြိုင်ပွဲဝင်ပဲ။"
“ပထမအကျော့ ငါးဆယ့်ခြောက်ပွဲမြောက် ….. ရှောင်ကျီနှင့် ဝမ်လီ။”
ရုတ်တရက်ဆိုသလိုပဲ ဒိုင်လူကြီး၏ အသံပေါ်ထွက်လာ၏။
အားလုံး၏ အကြည့်များသည် စင်မြင်ပေါ်သို့ တက်လာသည့် ရှောင်ကျီ ဆီသို့ ရောက်ရှိသွား၏။
ဤအမှိုက် သည် အမှန်ပင် စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပြိုင်ဘက်အတွက်တော့ အလွန်ကောင်းမွန်သည့် ကိစ္စပင် ဖြစ်သည်။
ရှောင်ကျီ စင်ပေါ်တက်တက်ခြင်းမှာပဲ တည်နေရာတစ်ခုလုံးဆီမှ လှောင်ပြောင်ကဲ့ရဲ့သံများ ကြားလိုက်ရ၏။
သူ သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။ ပြင်ပဆီမှ အသံများကို ဂရုမစိုက်ရန် မှာကြားထားသည့် ဂိုဏ်းချုပ်၏အသံအား သူ သတိရသွားမိ၏။
ဝမ်လီသည် စင်မြင်ပေါ်သို့ ရောက်လာ၏။ ပြီးနောက် သွားဖြီးကာ ပြောလိုက်၏။
"ကျုပ် ဝမ်လီ တစ်နေ့မှာ ရှားပါးလှတဲ့ပါရမီရှင် နဲ့ တိုက်ခိုက်ရမယ်လို့ မထင်ခဲ့မိဘူး။ တကယ့်ကို ဂုဏ်ယူစရာကိစ္စပဲ။"
"စမယ်။"
ဒိုင်လူကြီးဆီမှ ကြားလိုက်သည်နှင့် ဝမ်လီသည် ချက်ချင်းဆိုသလိုပဲ ရှေ့သို့ လှမ်းတက်လိုက်ပြီး သူ၏ လက်များကို ဆုပ်ကိုင်၍ တံတောင်ရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်၏။
တံတောင်ရိုက်ချက်များသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပါဝင်လျက် ရှိပြီး ရှောင်ကျီ၏ အမဲရောင်ဆံပင်များကိုပင် လေလွင့်သွားစေသည်။
ဘန်း။
တံတောင်ရိုက်ချက်နှင့်အတူပါလာသော လေအဟုန်သည်ပင် ပြင်းထန်လွန်းလှ၏။
“ဟား … ဟား။”
ဒီအမှိုက်ကတော့ ရှောင်တောင်ရှောင်နိုင်မှာမဟုတ်ဘူး။
"အရင်တုန်းက သံမဏိအရိုးဂိုဏ်းကလူတွေ တစ်ခြားလူတွေကို ချက်ချင်း အနိုင်ယူခဲ့တယ်။ ဒီတစ်ကြိမ်တော့ သူတို့တပည့်အလှည့်ပဲ။"
အားလုံးရယ်မောလိုက်ကြ၏။
သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများသည် ပျောက်ကွယ်သွားကြတော့သည်။
သူတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကြသည်။
စင်မြင့်ပေါ်မှာတော့ …. ပေါင်ထောင်ပေါင်းများစွာ လေးလံသော တံတောင်ရိုက်ချက်နှင့် ရိုက်ချခံလိုက်ရသော ရှောင်ကျီသည် တည်နေရာတွင် ရပ်လျှက် ရှိပြီး တစ်ချက်ကလေးမှ နောက်လန်မသွားချေ။
သူ၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ဘယ်လိုဖြစ်သွားမှာလဲ။"
ဝမ်လီသည် အံ့အားသင့်သွား၏။
ရှောင်ကျီသည် လက်တစ်ဖက်အား မြှောက်၍ ဝမ်လီအား ရိုက်ချလိုက်တော့သည်။
ဝမ်လီသည် ခန္ဓာကိုယ်အား မထိန်းနိုင်တော့ပဲ တိုက်ပွဲစင်မြင့်အောက်သို့ ပြုတ်ကျသွားတော့၏။
တိုက်ပွဲတည်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့သာ ကြီးစိုးသွားကြတော့သည်။