အခန်း (၇၀)
Vol. 5 Ch. 70
ဘန်း … ဘန်း ..။
တိုက်ခိုက်ရေး တည်နေရာထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာပြီး ကြီးမားလှသော လက်ဝါးရာကြီး တစ်ခု ပေါ်လာ၏။
“ဒါ ရှုပ်ထွေးလက်ဝါး နည်းစနစ်ပဲ။ အသုံးပြုလိုက်ရင် လက်ဝါးရာကြီးပေါ်လာတယ်။ ကျရောက်လာမယ့် နေရာကို မှန်းရလည်း ခက်တယ်” သက်ကြီးကျင့်ကြံသူ တစ်ယောက်က ပြောလိုက်သည်။
ထိုသို့သော တိုက်ခိုက်ရေးနည်းစနစ်ကိုပင် ထုတ်သုံးလေသည်လား ။
သံမဏိအရိုးဂိုဏ်းသည် ကျိန်းသေပေါက် ရှုံးနိမ့်ပေလိမ့်မည်။
သို့ပေမဲ့ ရီတာရှစ်၏ တိုက်ခိုက်မှုကို ခံရချိန်မှာတော့ ထျန်းချီသည် နည်းနည်းလေးမှ မစိုးရွံ့ချေ။ သူ၏ လက်နှစ်ဖက် နှင့် ခြေထောက်များအား အသုံးပြုကာ မတူညီသော နေရာများမှ ကျဆင်းလာသည့် လက်ဝါး ရိုက်ချက်များအား ခုခံလိုက်သည်။
ပွဲကြည့်စင်ပေါ်ရှိ အဆင့်မြင့် ကျင့်ကြံသူများသည် တိုက်ပွဲအား ကြည့်ရှုရင်း အံ့အားသင့်မိနေကြသည်။ သံမဏိအရိုးဂိုဏ်းတပည့်သည် တစ်ဖက်၏ တိုက်ခိုက်မှုကို အလစ်ငိုက် ခံလိုက်ရည် ဆိုသော်လည်း လက်ရှိ အချိန်ထိ စိတ်ဝိညာဉ်စွမ်းအင်များအား ထုတ်မသုံးသေးချေ။ ခန္ဓာကိုယ် အားအင်ကြီး သက်သက်ဖြင့် ပြန်လည် တိုက်ခိုက်လျက်ရှိ၏။
“ရီတာရှစ် တိုက်ခိုက်တဲ့ လက်ဝါးရိုက်ချက် တစ်ခုချင်းစီတိုင်းက ဂျင် ထောင့်ငါးရာလောက် လေးလံတယ်။ သူ ဘယ်လိုကြောင့် ခန္ဓာကိုယ် အားအင် သက်သက်နဲ့ ခုခံနေနိုင်တာလဲ”
“ဒါက လွန်လွန်းအားကြီးတယ်”
ဝှစ် … ဝှစ် ..။
ထိုအချိန်မှာပဲ ထျန်းချီသည် တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်အား ခုခံပြီးနောက် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
သူ၏ ညာလက်ပေါ်တွင် အလင်းကွင်း ဆယ်ခု ပေါ်လာ၏။ စိတ်ဝိညာဉ်စွမ်းအင်များသည် လက်သီးတွင်းသို့ စီးဝင်သွားပြီး လက်ဝါးရိုက်ချက်အား ချိုးဖျက်ကာ တစ်ဖက်လူ၏ ရင်ဘတ်အား ထိုးနှက်လိုက်တော့၏။
မြန်ဆန်သည်၊ တိကျသည် ၊ ကြမ်းရမ်းလွန်းသည်။
ဖြောင်း …။
ရီတာရှစ်သည် ရင်ဘတ်ကို ထိမှန်ခံလိုက်ရချိန်မှာတော့ နောက်သို့လွင့်စင်ကာ တိုက်ပွဲစင်မြင့်ပေါ်မှ ကျဆင်းသွားတော့သည်။ သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းလိုက်နိုင်ချိန်မှာတော့ မျက်နှာတစ်ခုလုံး ဖြူရော်ကာ ပါးစပ်မှ သွေးတွေ အန်ထွက်လာတော့သည်။
ဒိုင်မှ ပြောလိုက်သည် “ဒုတိယအကျော့ .. လေးပွဲမြောက်၏ အနိုင်ရရှိသူ … ထျန်းချီ”
“သူ .. သူ နိုင်ပြန်ပြီလား”
“ဒီကောင့်လက်မှာ အလင်းကွင်း ဆယ်ခုပဲ ရှိတာမလား။ ဘယ်လိုလုပ် စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ် ကျင့်ကြံသူကို တစ်ချက်တည်းနဲ့ လွင့်စင်အောင် ထိုးနိုင်ရတာလဲ”
ပွဲကြည်စင်ပေါ်ရှိ ကျင့်ကြံသူများ တွေဝေစွာ စဉ်းစားရခက်နေတုန်းမှာပဲ ထျန်းချီသည် တိုက်ပွဲ တည်နေရာဆီမှ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ သူသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခံယူပြီးမှ ပြန်လည်တိုက်ခိုက်အနိုင်ယူ ခဲ့ခြင်း ဖြစ်သည်။ ပထမ တစ်ကြိမ်တုန်းကလို ကံကောင်း၍ ဖြစ်ကြောင်း မည်သူမှ မတွေးရဲတော့ချေ။
“ဟင်း …”
ကျွင်းချောင်ရှောင်း လှည့်ကာ ပြုံးလိုက်သည် “ခင်ဗျား တပည့် ကျုပ်တပည့် ဆီမှာ ရှုံးတာ သိက္ခာတော့ မကျပါဘူး။ ဟုတ်တယ်မလား”
တော်ဝင်နီဂိုဏ်း အကြီးအကဲသည် ဆွံ့အသွားမိ၏။
လက်ရှိအချိန်တွင်တော့ သူသည် ပြိုင်ပွဲမစတင်ခင်စဉ်ကလို မတက်ကြွဗတာ့ချေ။ သူ၏ တပည့်သည် ပထမအကျော့မှာတင် ထွက်ခွာခဲ့ရသည် မဟုတ်လား။ လက်ရှိပြိုင်ပွဲ ဝင်နေသူ ဆို၍ အဖွဲလေး တွင် သူ၏ တပည့် တစ်ယောက် သာ ကျန်တော့သည်။ ကျန်သော တပည့်များ အားလုံးသည် ထွက်ခွာသွားခဲ့ရပြီ ဖြစ်သည်။
“ဟမ် …”
တော်ဝင်နီအကြီးအကဲ က ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ဒါ ဒုတိယအကျော့ပဲ ရှိသေးတယ်။ တိုက်ပွဲတွေ အများကြီး ကျန်နေသေးတယ်။ အပျော်စောမနေနဲ့”
ကျွင်းချောင်ရှောင်း ပခုံးတွန့်လိုက်မိသည်။ သူသည် မျက်စိမှိတ်ကာ ကျင့်ကြံလျက်ရှိသော ရှောင်မိသားစု အကြီးအကဲအား တစ်ချက်လှမ်း၍ အကဲခတ်လိုက်မိ၏။
……
တိုက်ခိုက်ပွဲများသည် ဆက်လက်၍ ကျင်းပလျက်ရှိသည်။ အခြေအနေကို ကြည့်ရလျှင် ပထမအကျော့ထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ တော်တော်များများသည် ၎င်းတို့၏ သိုင်းစွမ်းရည်များအား ထုတ်ဖော်လာကြသည်။
ထိုသိုင်းစွမ်းရည်တွင် သံမဏိအရိုးဂိုဏ်းမှာ လစ်ဟင်းလျက်ရှိ၏။
အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်များအား ငရဲခန်းလေ့ကျင့်မှုကိုသာ ဖြတ်သန်းစေခဲ့ပြီး မည်သည့် သိုင်းနည်းစနစ်ကိုမှ မပေးခဲ့ချေ။
ကျွင်းချောင်ရှောင်း၏ အဆိုအရဆိုလျှင် စွမ်းအင်ဖွင့်ခြင်းအဆင့်မှ သိုင်းတပည့်အဆင့်ထိသည် အားအင်ကောင်းမွန်နေရန်သာ လိုအပ်သည် ဆို၏။
“ဒုတိယအကျော့ … ဆယ်ပွဲမြောက် … ကျန်းဟယ် နှင့် လီချင်းယန်”
“စမယ်။”
“ဘန်း”
ဒိုင်လူကြီး ပြောပြီးပြီးချင်းမှာပဲ ကျန်းဟယ်သည် တိုက်ပွဲစင်မြင့်ပေါ်မှ ပြုတ်ကျသွားတော့သည်။ လီချင်းယန်သည် လက်သီးချက် တစ်ချက်ကိုသာ ရိုးရိုးလေး ထုတ်ဖော်ခဲ့၏။
“ဒုတိယ အကျော့ .. ဆယ်ပွဲမြောက်ပွဲ … အနိုင်ရသူ .. လီချင်းယန်”
အားလုံး၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် ဖြင့် တုန်ခါသွားသည်။
…..
“ဒုတိယအကျော့ .. နှစ်ဆယ့်ခြောက်ပွဲမြောက် .. စုရှောင်မို နှင့် လင်းဖန်”
“စမယ်”
ရွှစ် .. ရွှစ်. .။
မြန်ဆန်လှသော စုရှောင်မိုသည် ချက်ချင်းပဲ ရှေ့သို့ လှမ်းတက်လိုက်သည်။ ပြီးနောက် တစ်ဖက်လူ၏ နောက်ဘက်သို့ စက်ဝိုင်းပုံစံ လှည့်ကာ နေရာယူလိုက်ပြီး ဖင်အား ဆောင့်ကန်လိုက်၏။
“ဒုတိယ အကျော့ …. နှစ်ဆယ့်ခြောက်ပွဲမြောက် . .. အနိုင်ရသူ .. စုရှောင်မို”
အားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားပြန်သည်။
…….
“ဒုတိယ အကျော့ .. လေးဆယ့်နှစ်ပွဲမြောက် … သံမဏိလင်းယုန် နှင့် လုချင်းချင်း”
“စမယ်။”
“ဖောင်း”
သံမဏိလင်းယုန်သည်လည်း ဟူယောင်ကဲ့သို့ပင် တွန်းထုတ်ခံလိုက်ရပြီး တိုက်ပွဲ စင်မြင့်ပေါ်မှ ကျဆင်းသွားရ၏။
ပွဲကြည့်ပရိသတ်များသည် သည်းမခံနိုင်ကြတော့ချေ။
ပထမ အကျော့မှာတုန်း က မြန်ဆန်စွာဖြင့် တိုက်ခိုက်ကာ ပွဲဖြတ်ခဲ့သည်ကို သူတို့ နားလည်ပေးနိုင်သည်။ သို့ပေမဲ့ ဒုတိယ အကျော့ ဆိုသည်မှာ စွမ်းရည်တစ်ချို့ကို ပိုင်ဆိုင်သော ပြိုင်ပွဲဝင်တွေကြီး မဟုတ်လား။ တစ်ဖက်လူများအား လေးစားမှု ပေးသင့်သည် ဟု သူတို့ ထင်မိကြ၏။
လေးစားမှု ဆိုသည်မှာ တောင်းယူရသည့် အရာမဟုတ်ပေ။ ကိုယ်တိုင် ရှာဖွေရသည့် အရာဖြစ်လေသည်။ ကျွင်းချောင်ရှောင်းသည် သူ့အား ၊ သူ့ဂိုဏ်းအား လေးစားမှု ပေးရန် ဘယ်သောအခါကမှ မတောင်းဆိုခဲ့ချေ။ သူကိုယ်တိုင် တိုက်ခိုက်၍ လေးစားမှုကို ရယူခဲ့သူဖြစ်သည်။
ယခု ပြိုင်ပွဲတွင် ဂိုဏ်းချုပ်ဝင်တိုက်ခိုက်၍ မရသောကြောင့် သံမဏိအရိုးဂိုဏ်းအား လူလေးစားစေရန် လုပ်ဆောင်ရမည့် သူများမှာ လုချင်းချင်း နှင့် သူမ၏ ဂိုဏ်းတူ မောင်လေးများ တာဝန် ဖြစ်၍ လာခဲ့သည်။
ယှဉ်ပြိုင်ပွဲသည် ဆက်လက်၍ ကျင်းပလျက်ရှိသည်။
ခြောက်ဆယ့်လေးပွဲမြောက်မှာတော့ ရှောင်ကျီ နှင့် ဟွာယုံ တို့၏ တိုက်ပွဲ ရောက်ခဲ့လာခဲ့၏။
“သူ လာပြီ ။ သူ လာပြီ”
“အစိမ်းရောင်မြစ်ဂိုဏ်း ရဲ့ ဟွာယုံ က စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ်ပဲ။ ကျိန်းသေပေါက် အမှိုက်ကို ရိုက်နှက် နိုင်လိမ့်မယ်”
သေချာပေ၏။ တိုက်ပွဲ စသည် ဆိုသည်နှင့် ဟွာယုံ သည် သူ၏ လက်ဝါးတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်က လက်ဝါးအား ဓားအဖြစ် အသုံးပြု၍ ရှောင်ကျီ အား ရက်ရက်စက်စက် တိုက်ခိုက်တော့၏။
ဘန်း …ဘန်း …
ဓားကဲ့သို့သော လက်ဝါးစောင်းခုတ်ချက်များသည် ရှောင်ကျီ၏ ပခုံး၊ ရင်ဘတ်၊ လက်မောင်း နှင့် ဝမ်းဗိုက်များ ပေါ်သို့ ကျဆင်းနေသည်။
သို့ပေမဲ့ ဟွာယုံ မည်သို့ပင် တိုက်ခိုက်သည်ဖြစ်စေ ရှောင်ကျီသည် တစ်ချက်ကလေးမှ နာကျင်မှု မပြသလို ရှောင်လည်း မရှောင်ချေ။
“ဒါ .. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဒီလို ခံနိုင်ဖို့ ခန္ဓာကိုယ်က ဘယ်လောက်ထိ အားကောင်းဖို့ လိုမလဲ”
ပွဲကြည့်ပရိသတ်အားလုံး ကြောင်နေကြသည်။
“သေစမ်း ..”
ဟွာယုံ ဒေါသထွက်လာသည်။ သူ လက်ဝါးစောင်းအား မြှောက်၍ ရှောင်ကျီ၏ လည်ပင်းအား ခုတ်ပိုင်းလိုက်တော့သည်။ တိုက်ခိုက်လိုက်စဉ် အတွင်းမှာလည်း သူသည် စိတ်ဝိညာဉ်စွမ်းအင် များဖြင့် အစွမ်းကုန် အားဖြည့်လိုက်၏။
ဘုတ်။
ထိုအချိန်မှာပဲ ရှောင်ကျီ၏ လက်သည် လေထဲတွင် ပေါ်လာပြီး ဟွာယုံ၏ လက်ဝါးစောင်းအား ပြုတ်တူ နှင့် ညှပ်သလို ဖမ်းညှပ်ကိုင်ထားလိုက်၏ “သိုင်းပြိုင်ပွဲလေး တစ်ခုကို ဘာလို့ အဲလောက် ကြမ်းတမ်းရတာလဲ”
ရှောင်ကျီသည် တစ်ဖက်လူ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထား၏။ ဟွာယုံသည် လွတ်အောင် မရုန်းနိုင်ချေ။
“သူ့ဆီမှာ စိတ်ဝိညာဉ် စွမ်းအင်တွေမှ မရှိတာ။ ဘာလို့ အဲလို လုပ်နိုင်တာလဲ။”
ရှောင်ကျီသည် စိတ်ဝိညာဉ် အမြစ် နှင့် ကျင့်ကြံခြင်း အဆင့် ရှိသူ မဟုတ်ပေ။ သို့ပေမဲ့ သူသည် ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့ဖူးသည် ဆိုသည်ကို မေ့ပစ်၍တော့ မဖြစ်ချေ။ တိုက်ခိုက်ရေးနှင့် ပတ်သက်၍ သူ၏ လက်များသည် အလိုလို အကျင့်အတိုင်း လှုပ်ရှားနေနိုင်သည်။
သူသည်သဲအိတ်ကဲ့သို့ အတိုက်ခိုက်ခံနေခြင်းမဟုတ်ပေ။ တကယ်တန်းမှာတော့ အခွင့်အရေးအား စောင့်နေပြီး ဟွာယုံ၏ မရီဒန်အား ပိတ်ပစ်ရန် လမ်းအား စောင့်နေခြင်းဖြစ်တော့၏။
ယခု ထင်ထားသည့်အတိုင်းပင် ဟွာယုံ၏ လက်အား ဖမ်းကိုင်ပြီး မရီဒန်စွမ်းအင်များ သွားရာ လမ်းအား ပိတ်လိုက်သည်။
မရီဒန် ဆီမှ စွမ်းအင်များမရရှိတော့သောကြောင့် ဟွာယုံသည် မည်သို့ ပြန်လည်တိုက်ခိုက်မည်နည်း။ ယုန်တစ်ကောင်သည်ပင် ထွက်ပြေးနိုင်စွမ်းရှိသေး၏။ ဟွာယုံမှာတော့ မည်သို့မှ မတတ်နိုင်တော့ချေ။
ရှောင်ကျီသည် ဟွာယုံအား လက်မှ ဆွဲကိုင်ပြီး တိုက်ပွဲစင်မြင့် အစပ်ဆီ ခေါ်လာကာ ဝမ်းဗိုက်အား ကန်ချလိုက်တော့သည်။
ဟွာယုံသည် ဝမ်းဗိုက်အား ဆုပ်ကိုင်ပြီး မြေပြင်ပေါ်တွင် လူးလွန့်လျက်ရှိ၏။
ကျွင်းချောင်ရှောင်း ရယ်လိုက်သည် “ဒီကန်ချက်က နည်းနည်းပြင်းတယ်”
အချိန်အတော်ကြာတော့ ….
ဒိုင်လူကြီးမှ ကြေညာလာသည် “ဒုတိယအကျော့ .. ခြောက်ဆယ့်လေးပွဲမြောက် .. အနိုင်ရသူ ရှောင်ကျီ”
“ဒင် …”
“တပည့်ငါးယောက်လုံးသည် တတိယအဆင့်သို့ တက်လှမ်းသွားသောကြောင့် အထူးတာဝန်၏ နှစ်ဆယ်ရာခိုင်နှုန်း ပြည့်စုံသည်။ ဂိုဏ်းစုဆောင်းမှတ် ၂၀ ရရှိသည်။”
ဒင် ..
ဂိုဏ်းစုဆောင်းမှတ် - ၈၂ / ၅၀၀။
ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ စဉ်းစားလိုက်သည်။ ဆုလဒ်က တော်တော်ကြီးတာပဲ။
….
ရှောင်ကျီသည် အနိုင်ရသူများ၏ နေရာသို့ ပြန်လာလိုက်သည်။
ပွဲကြည့်စင်ပေါ်ရှိ လူအားလုံးသည် သူတို့၏ ပါးစပ်အား ပိတ်ကာ ငြိမ်သက်နေကြပြီ ဖြစ်သည်။
ရှောင်မိသားစု မျိုးဆက်များ၏ မျက်နှာသည် ချေးစားထားမိသလို ဖြစ်လျက်ရှိ၏။ သူတို့၏ နှလုံးသားများအား အပ်တစ်ခု နှင့် ထိုးဖောက်နေသလို ပင် ခံစားနေရ၏။
“ရှောင်မိသားစု က နှင်ထုတ်ခံရတဲ့ တပည့်က စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် ကျင့်ကြံသူကိုတောင် အနိုင်ယူနိုင်တာပဲ”
“သူ ဒီနှစ်အတွင်း ဘယ်လိုများ ဒီလောက်အားကောင်းတဲ့ ခန္ဓာကိုယ် ပိုင်အောင် ကျင့်ခဲလဲ”
“ပါရမီရှင် ဆိုတာ ပါရမီရှင်ပဲ။ စိတ်ဝိညာဉ်အမြစ် မရှိတာတောင်မှ ကိုယ့်ကိုယ်ကိုယ် အားကောင်းအောင် လုပ်နိုင်သေးတယ်”
“ရှောင်မိသားစု က သူ့ကို ထုတ်ပယ်လိုက်တာ နောင်တရနေလောက်ပြီ”
ပွဲကြည့်စင်ပေါ်မှာတော့ ရှောင်မိသားစု အကြီးအကဲ၏ မျက်နှာသည် လငပုတ်ဖမ်းသလိုဖြစ်နေသည်။ သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း ဆန္ဒတွေနှင့် ဖြစ်နေသည်။
အဝေးတစ်နေရာတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် တီးတိုးပြောလိုက်၏ “အဘိုးကြီး .. လျှောက်မလုပ်နဲ့။ ကျုပ် မပစ်ချင်ဘူး”
သူ၏ တပည့်အား ထိခိုက်အောင် ပြုလုပ်မည့် မည်သူ့ကို မဆို သူ ရှင်းပစ်မှာ သေချာသည်။