← Chapters

ငါနင့်ကို ချစ်တယ်

Vol. 103 Ch. 1544

ငါနင့်ကို ချစ်တယ်

Vol. 103 Ch. 1544

လင်းရီ၏ ကြက်သေသေသွားသည့် အမူအရာကိုမြင်တော့ ကျီချင်းရန်သည် ပွင့်လန်းတော့မည့် ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးလာခဲ့၏။

“ နင်ရဲ့ ရူးကြောင်ကြောင် မျက်နှာကြီးကို ကြည့်စမ်းပါဦး … ငါက ဒီတိုင်း နင့်ကို စရုံစနေတာကို …”

ပြောပြီးနောက် လင်းရီ၏ လည်ပင်းကို သူမ၏ လက်မောင်းတို့ဖြင့် တင်းကြပ်စွာ ရစ်ပတ်လိုက်ကာ နှုတ်ခမ်းချင်းတေ့လျက် အနမ်းပေးလိုက်တော့၏။

နေဝင်ဆည်းဆာ၏ အရိပ်က သူတို့နှစ်ယောက်အပေါ် ဖြာကျနေပြီး ပင်လယ်နှင့် ကမ်းခြေတို့ထက်ပင် သာလွန်ကာ လှပသည့် မြင်ကွင်းလေး တစ်ခု ဖြစ်ပေါ်လာတော့သည်။

မိနစ် အနည်းငယ်ကြာပြီးနောက် နှုတ်ခမ်းခြင်း ခွဲခွာလိုက်ကြ၏။

လင်းရီသည် ကျီချင်းရန်၏ လက်ကို တွဲထားရင်း “ အထဲဝင်ကြစို့ .. ကြိုက်မကြိုက် ကြည့်ကြည့်လိုက် ….”

“ နင်ပေးတဲ့ဟာဆိုရင် ငါက ကြိုက်ပြီးသားပဲ …”

သူတို့တွေ လက်ချင်းတွဲလျက် ကျွန်းပေါ်ရှိ ဗီလာထံသို့ ရောက်လာခဲ့ကြသည်။

ဗီလာရှေ့တွင် ဧရာမ ရေပန်းတစ်ခု ရှိနေပြီး နေဝင်ရီတရော အချိန်အခါ ဖြစ်သော်ငြား ကျလာသည့် ရေမှုန်လေးများနှင့် ပေါင်းစပ်ကာ သူတို့၏ အလာကို ကြိုဆိုနေသကဲ့သို့ သက်တံလေးတစ်ခု ဖြစ်ပေါ်နေလျက် ရှိသည်။

ဗီလာရှေ့တွင် လူဆယ်ယောက်ကျော်က မတ်တပ်ရပ်နေကြပါသည်။ သူတို့အားလုံးက အစေခံ အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး လင်းရီနှင့် ကျီချင်းရန်တို့၏ ရောက်အလာကို စောင့်ဆိုင်းနေခဲ့ကြ၏။

“ နင် သူတို့ကို ဒီခေါ်ထားတာလား..”

“ ဒါပေါ့ … မဟုတ်ရင် ဘယ်သူက ငါတို့ကို ချက်ကျွေးတော့မှာ …”

“ ဒါပေမယ့် ငါက နင်ချက်ကျွေးတာကို စားချင်တာလေဟာ …”

“ ပြဿနာ မရှိဘူး … ခဏနေကျရင် သူတို့ကို ကူခိုင်းလိုက်မယ်… ညစာကို မင်းလေး စားချင်တဲ့အတိုင်း ကိုယ်ချက်ပေးမယ်…”

“ ကျေးဇူးနော် … လူကြီးမင်းလင်း .. ကျွန်မ ရှင့်ကို အားမနာတော့ဘူး …”

သူတို့နှစ်ယောက် အထဲဝင်လာသည်ကိုမြင်တော့ အိမ်စေတို့မှ လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

ဗီလာက ကျိုကျုံးဗီလာလောက် ကြီးမားနေခြင်း မရှိချေ။ သို့သော် ဗိသုကာ လက်ရာနှင့် ဒီဇိုင်းပိုင်းတွင်တော့ အလွန်အမင်း အဆင့်အတန်း မြင့်မားလှ၏။

ဗိသုကာနှင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ကျီချင်းရန်ပင် မနေနိုင်ဘဲ လေးစားမှုကြောင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဆွဲပေးသည့် ဒီဇိုင်နာသည် ကျိန်းသေပေါက် ကမ္ဘာ့အဆင့် ထိပ်တန်း ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ရပေမည်။

“ ကျွန်းကို အရင် လိုက်ကြည့်နှင့်ဦး …. ငါ အခု ညစာ ချက်ဖို့ ပြင်လိုက်ဦးမယ်…”

“ မလုပ်နဲ့ …” ကျီချင်းရန် ခေါင်းယမ်းလိုက်ပြီး “ ညစာ စားပြီးတော့မှ ငါတို့နှစ်ယောက်တူတူ လိုက်ကြည့်ကြမယ်… နင် ငါ့ကို အဖော်မလုပ်ပေးဘူးဆိုရင် ငါတစ်ယောက်တည်းလိုက်ကြည့်လို့ ဘာ အဓိပ္ပာယ် ရှိတော့မှာ… “

“ ဒါဆိုရင်တော့ မင်း စောင့်ရမှာနော်… ခု ညစာ သွားချက်လိုက်ဦးမယ်… ပြီးရင် လမ်းလျှောက် ထွက်ကြတာပေါ့ …”

လင်းရီနှင့် အိမ်အကူတစ်ချို့မှာ မီးဖိုချောင်ထဲသို့ ဦးတည်လိုက်ကြပြီး ကျီချင်းရန်မှာတော့ အခန်းထဲတွင် ဟိုလျှောက်ကြည့် ၊ ဒီလျှောက်ကြည့် လုပ်နေသည်။

သူမအဖို့ အရာအားလုံးက စိတ်ကူးယဉ်ဆန်တော့သည်။

ဤကျွန်းကြီး တစ်ခုလုံး၏ ပိုင်ရှင်ဖြစ်လာသည်က မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

မီးဖိုချောင်ထဲတွင် လင်းရီသည် အိမ်အကူတို့အား ညစာ အတွက် အမယ်များအား ပြင်ဆင်ပေးရန် ညွှန်ကြားချက် အသီးသီး ပေးနေလျက် ရှိ၏။

ထို့နောက် ဘေးတွင်သွား၍ ထိုင်ခုံတစ်ခုံတွင် ထိုင်ကာ စာရွက်နှင့် ဖောင်တိန်ကို ထုတ်လာခဲ့သည်။ ပြီးလျှင် အာရှအမျိုးသား၏ မျက်နှာကို ပြန်လည်မြင်ယောင်ကာ ပုံကြမ်းဆွဲသည်။

၎င်း၏ ပုံရိပ်ကို ဖြည်းဖြည်းချင်း ရေးဆွဲနေပြီး နာရီဝက်ကြာပြီးနောက် ၎င်း၏ ပုံပန်းသဏ္ဌာန်ကို အပြည့်အဝ ပုံဖော်နိုင်လာခဲ့သည်။ ထို့နောက် ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူ၍ နင်ချဲ့ထံ ပို့ပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူမအား ဖုန်းဆက်လိုက်၏။

ဖုန်းက ချက်ချင်း တန်းဝင်သွားခဲ့ပြီး တစ်ဖက်ခြမ်း၌ ဆူညံနေသည့် အသံဗလံများကို လင်းရီ ကြားနေရ၏။

သီချင်းသံများ ၊ အော်ဟစ်နေသည့် အသံများနှင့် ကြည့်ရသည်မှာ တစ်ဖက်သူက ပါတီ တစ်ခုခုသို့ ရောက်နေသည့်ဟန်ပင်။

“ ငါမင်းဆီ ပုံတစ်ပုံ ပို့ထားတယ်…”

“ ခဏစောင့် … ငါတစ်ချက် ကြည့်လိုက်ဦးမယ်…” နင်ချဲ့ ပြောလိုက်ပြီး “ နင့်ရဲ့ abs ပုံတွေတော့ မဟုတ်ဘူးမလား … ဟီးဟီး … အဲ့လိုသာဆိုရင်တော့ နင်ငါ့ကို ဆာအောင် လုပ်လိုက်တာပဲ …”

“ လေးလေးနက်နက် နေစမ်း … ငါ မင်းနဲ့ အရေးကြီး ကိစ္စ ပြောမလို့ …”

“ အေးပါဟဲ့ .. ကြည့်ရအောင် ………… ဒါက ဘယ်သူကြီးလဲ …”

“ ငါလည်း မသိဘူး … ဘယ်လိုပဲ ဖြစ်ဖြစ် လူကောင်းတစ်ယောက်တော့ မဖြစ်နိုင်ဘူး … သူ့ကို ကူပြီး စုံစမ်းပေးစမ်းပါ … သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုပြီး ရနိုင်လေ ကောင်းလေပဲ … မင်းမရနိုင်ဘူးဆိုလည်း စိတ်ပူစရာ မလိုဘူး ..”

“ ငါ့ဆီက အကြောင်းပြန်မှာကို စောင့်နေလိုက် … ငါ အခု ဒီပုံကို ဘော့စ်လျိုဆီ ပို့လိုက်မယ်… ငါ့အထင် ခဏဆို တစ်ခုခု သိရလောက်ပြီ…”

“ ဘော့စ်လျိုကိုလည်း ဂိမ်းဆော့နေတာ ရပ်ပြီး အလုပ်စတော့လို့လည်း ပြောလိုက်ဦး …”

“ အိုကေ … နင့် စကားကို သူ့ဆီ ပါးပေးလိုက်မယ်…”

နင်ချဲ့နှင့် ဆက်သွယ်ပြောဆိုပြီးနောက် လင်းရီသည် ဖုန်းချကာ ညစာ အတွက် စတင် ပြင်ဆင်တော့သည်။

မကြာမီ နောက်ကနေ‌ တစ်စုံတစ်ယောက်က သူ၏ ခါးကို သိုင်းဖက်လာပြီး ကျီချင်းရန် ဖြစ်ကြောင်းကို လင်းရီ အတပ်သိလိုက်သည်။ သူမ၏ မျက်နှာလေးကို နောက်ကျော၌ အပ်ထားကာ ကိုအာလာ‌လေး တစ်ကောင်ကဲ့သို့ တွယ်ဖက်ထားနေလျက် ရှိတော့၏။

“ အိမ်ထဲ ကြည့်လို့ ပြီးပြီလား …”

“ အင်း … ပြင်ဆင် မွမ်းမံထားတာတွေက ငါစိတ်ကူးထားတာထက်တောင် ပိုကောင်းနေသေးတယ်… အိပ်ရာတွေကလည်း အရမ်း သက်တောင့်သက်သာ ဖြစ်တယ်… ငါ ဘရန်းကို မှတ်ထားပြီးပြီ… အိမ်ပြန်ရောက်ရင် ငါတို့ အိပ်ရာကိုလည်း အဲ့ဘရန်းပဲ သုံးကြစို့ …”

“ မင်း သဘောပဲ …”

“ ခစ်ခစ်… မွ…” ကျီချင်းရန်သည် လင်းရီ၏ ပါးကို အနမ်းပေးလိုက်၏။

“ ငါ ကူပေးရဦးမလား … အခုအားနေလို့…”

“ မလိုဘူး … TV သွားကြည့်နေလိုက် … ဟင်းတွေက ခဏဆို ရတော့မှာ …”

“ နင်က ငါ့ကို ဖျက်ဆီးနေတာပဲ… ဒီလိုမျိုး သုံးလေးနှစ်လောက်ဆို ငါ ငပျင်းကြီး ဖြစ်သွားတော့မှာ …”

“ အဲ့တော့ရော … အကုန်လုပ်ပေးမယ့် ငါတစ်ယောက်လုံး ရှိနေတယ် မဟုတ်ဘူးလား…” လင်းရီသည် ကျီချင်းရန်၏ နဖူးအား မွှေးကြူလိုက်ကာ “ အပြင်မှာ နားနေလိုက် … ခဏနေဆို စားလို့ရပြီ…”

“ ဒီလိုဆိုမှတော့ နင့်ရဲ့ ကမ်းလှမ်းလာမှုကို လက်ခံလိုက်ပါမယ်လေ…”

ကျီချင်းရန်သည် မီးဖိုချောင်ထဲက ပျော်ပျော်ရွှင်ရွှင်နှင့် ထွက်သွားခဲ့ပြီး လင်းရီမှာ ညစာအတွက် ဆက်ပြီး ချက်ပြုတ်သည်။

နာရီဝက်ကြာပြီးနောက် အားလုံး အဆင်သင့် ဖြစ်လာခဲ့၏။

ထိုအတောအတွင်း ကျီချင်းရန်သည် တည်ငြိမ်စွာ ထိုင်မနေပါချေ။

သူမက ဧည့်ခန်းနှင့် ထမင်းစားခန်းထဲတွင် ဗျာများနေပြီး အိမ်ထဲရှိ မီးခလုတ်တို့အား လိုက်စမ်းရင်းဖြင့် အလုပ်များနေလျက် ရှိ၏။

လင်းရီ ဘာတစ်ခုမျှ မမေးမြန်းချေ။ သူမ ယခုလို ဖျတ်လတ်တက်ကြွနေသည်ကို မြင်တော့ သူလည်း ပျော်ပါသည်။

လက်ရှိ အခြေအနေနှင့် ကိုက်ညီရန်အတွက် လင်းရီသည် အနောက်တိုင်း အစားအစာကို ပြင်ဆင်လိုက်သည်။ ကြက်ဆင်ကိုပင် ကင်ထားပြီး အခြားသော အရံ ဟင်းလျာများလည်း ပြင်ဆင်ချက်ပြုတ်ထားသည်။ စုစုပေါင်း ဟင်း ဆယ်မျိုး ကျော်သည်။

“ ဝိုင်နီကို ကြိုနွေးထားပေးပြီးသား… “ ထမင်းစား စားပွဲတွင် ထိုင်ရင်းဖြင့် ကျီချင်းရန်က ပြောလိုက်၏။ “ ငါ အမြော်အမြင် သိပ်ရှိတယ်ဟုတ်…”

“ လုပ်တာ မဆိုးဘူး … ဥက္ကဌကျီက ဘဝမှာ အောင်မြင်မှုတွေ ဖန်တီးနိုင်ခဲ့တာ သိသာလွန်းတယ်… ငါ့ထက်ကို အများကြီး သာတယ်…”

“ ဟွန့် … နင် ဘာကို ပြောချင်နေလဲဆိုတာ ငါမသိဘူးများ ထင်နေလား …”

“ ဒါပေမယ့် နင် ဒီနေ့ လုပ်တာ မဆိုးလို့ နင့်ကို ခွင့်လွှတ်ပေးလိုက်ပါမယ်လေ… ဒါပေမယ့် စားဖို့ မလောသေးနဲ့ဦး … ငါ ပိုပြီး ပြင်ဆင်ရဦးမယ်…”

ပြောပြီးနောက် ကျီချင်းရန်သည် ဘေးသို့ ပြေးသွားပြီး မီးပိတ်လိုက်သည်။ ထို့နောက် စားပွဲပေါ်တွင် ဖယောင်းတိုင်ထွန်းကာ ဖယောင်းတိုင်မီးညစာ အငွေ့အသက်လေးအား ဖန်တီးလိုက်၏။

လင်းရီ၏ အမြင်တွင်တော့ သူမ၏ ပြုမူပုံတို့က သူမ၏ အကျင့်စရိုက်နှင့် ကိုက်ညီနေသည်။

သူမက ရိုမန်တစ်ဆန်ရသည်ကို သိပ်နှစ်သက်၏။ ဒါမှမဟုတ် ယခုလို မြင်ကွင်းမျိုးက သူမ၏ အိပ်မက်ထဲတွင် အချိန်ကြာသည်အထိ မက်လာခဲ့ရသည့် အိပ်မက်မျိုး ဖြစ်နိုင်ပြီး သူမ၏ အင်နိုးစန့်ဖြစ်သည့် စိတ်၏ ထောင့်တစ်နေရာက အတွေးလေးတို့အား ရုပ်လုံးကြွအောင် ပုံဖော်နေခြင်းလည်း ဖြစ်လိမ့်မည်။

အရာအားလုံး ပြင်ဆင်ပြီးသည့်နောက် ကျီချင်းရန်သည် သူမ၏ ထိုင်ခုံနေရာသို့ ပြန်သွားကာ လင်းရီအတွက် ဝိုင်တစ်ခွက် ငဲ့ပေးလိုက်၏။ ထို့နောက် အခြား ခွက်တစ်ခုဖြင့် သူမကိုယ်သူမ ငဲ့ပေးလိုက်ကာ လေထဲသို့ ပင့်မြှောက်လိုက်သည်။

“ လူကြီးမင်းလင်း … ကျွန်မရဲ့ ဒုတိယ ခရစ်စမတ်ကို ရှင်နဲ့ အတူ ကုန်ဆုံးရမှာ ဂုဏ်ယူစရာပါပဲ … ကျွန်မအတွက် ပြင်ဆင်ခဲ့ပေးတဲ့ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်နော်…”

ကျီချင်းရန်၏ မျက်ဝန်းလှလှလေးများထဲ မှုန်ဝါးသည့် မျက်ရည်အလွှာတစ်ခုက ပြည့်နှက်နေသည်။

“ ငါ့ကိုကာကွယ်ပေးတဲ့အတွက်လည်း ကျေးဇူးပါပဲ … ငါ့ကို နှစ်နှစ်ကျော်အောင် ကာကွယ်ပေးခဲ့တယ်… ဒီဘဝမှာ နင်နဲ့ ဆုံတွေ့ခွင့်ရခဲ့တာက လုံးဝထိုက်တန်တယ်… ပြီးတော့ ငါ နောင်တမရတဲ့ တစ်ခုတည်းသော အရာပဲ…”

“ နောင်လည်း ခရစ်စမတ်နေ့တိုင်းကို နင်နဲ့ အတူတူ ကုန်ဆုံးနိုင်မယ်လို့ မျှော်လင့်တယ်… ငါတို့တွေ နွေ၊ မိုး ၊ဆောင်း အချိန်တိုင်း အတူတူ ဖြတ်ကျော်ပြီး … အတူတူ အိုမင်းကြမယ်……”

ဤအချိန်တွင်တော့ ကျီချင်းရန်သည် သူမ၏ မျက်ရည်များကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ချေ။ ကျောက်စက်ရေကဲ့သို့ ကြည်လင်သည့် မျက်ရည်စက်တို့က ပါးတစ်ဖက်ခြမ်းသို့ စီးကျလာသည်။ သို့သော် သူမ၏ အပြုံးကတော့ ဖယောင်းတိုင် မီးအလင်းနှင့် အပြိုင် တောက်ပနေလျက် ရှိပါတော့သည်။

“ ဟင် … အားလုံးလည်း အဆင်ပြေပြေနဲ့ ရှိနေတာကို ဘာလို့ ဒါတွေ လာပြောနေတာလဲ … ဒါတွေ အားလုံးက ကိုယ် လုပ်သင့်လုပ်ထိုက်တာတွေပဲ မဟုတ်ဘူးလား…”

ကျီချင်းရန်ကြောင့် လင်းရီ၏ နှလုံးသားသည် ထပ်မံ လှုပ်ခတ်သွားခဲ့ရသည်။ သို့သော် နောက်ဆုံး သူမြင်တွေ့ချင်သည့် အရာကလည်း သူမ၏ မျက်ရည်တို့သာ ဖြစ်၏။ သူမ ပျော်ရွှင်မှုကြောင့် ကျသည် ဖြစ်စေ၊ ဝမ်းနည်းမှုကြောင့်ပဲ ဖြစ်စေ ၊ သူမ မျက်ရည်ကျသည့် အချိန်တိုင်း သူ ရှိနေပေးချင်သည်။

“ လုပ်သင့် လုပ်ထိုက်တယ်ဆိုတာ မရှိဘူး … နင် ငါ့ကို ပေးတဲ့ အရာရာတိုင်းကို ငါသိပ်ပျော်တယ်… ဘာလို့ဆို ဘယ်သူကမှ ငါ့ကို ဒီလိုအရာမျိုး ပေးနိုင်မှာ မဟုတ်လို့ဘဲ …”

ကျီချင်းရန် သူမ၏ မျက်ရည်များကို အပြုံးလေးဖြင့် ပြန်သုတ်လိုက်၏။ သို့သော် ဆက်လက် ကျဆင်းနေသည့် မျက်ရည်များကိုတော့ သူမ ရပ်တန့်နိုင်ခြင်း မရှိခဲ့ချေ။

“ ငါက နင့်လောက် ထက်မြက်ချင်မှလည်း ထက်မြက်မယ်… နင့်လောက် စကားပြော ကောင်းချင်မှလည်း ကောင်းမယ်… ငါနင့်ကို ပေးနိုင်တဲ့ အရာဆိုတာ တကယ်တမ်းကျ သိပ်ရှိလှတာ မဟုတ်ဘူး … ဒီတော့ ငါနင့်ကို တစ်သက်သာလုံးအတွက် အစစ်မှန်ဆုံး ချစ်ချင်းမေတ္တာနဲ့ ကြင်နာယုယကြမယ့် အခိုက်အတန့်အားလုံးကို နင့်ဆီ ပေးချင်တယ်…”

ကလင် …

သူမ လင်းရီ၏ ဖန်ခွက်ကို ညင်သာစွာ တိုက်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင်တော့ လင်းရီ၏ ပုံရိပ်တို့ဖြင့်ပြည့်နှက်နေကာ “ ငါ နင့်ကို ချစ်တယ်…”

All Chapters