← Chapters

ချစ်ကြောင်း တစ်ကမ္ဘာလုံးသိအောင် ကြေညာခြင်း

Vol. 103 Ch. 1545

ချစ်ကြောင်း တစ်ကမ္ဘာလုံးသိအောင် ကြေညာခြင်း

Vol. 103 Ch. 1545

လင်းရီ၏ လှုပ်ရှားမှုများ လေထဲတွင် တန့်သွားခဲ့ရသည်။ လူတော်တော်များများက သူ့ကို တိုးတိုးတိတ်တိတ် တစ်ဖုံ၊ ပွင့်ပွင့်လင်းလင်း တစ်ဖုံ ဝန်ခံကြသော်လည်း ကျီချင်းရန်၏ ဖွင့်ဟ ဝန်ခံမှုသည် အစစ်မှန်ဆုံး ဖြစ်မည်မှာ သံသယ ဖြစ်ရန် မလိုချေ။

အမျိုးသမီး တစ်ယောက်က စိတ်ခံစားချက်တို့ဖြင့် ပြည့်နှက်လာသည့် အချိန်က လူကို ရင်ထဲ အထိရှစေဆုံး အခိုက်အတန့်ပင်။

“ ကိုယ်လည်း ချစ်ပါတယ်…”

ကလင် …

လင်းရီသည် ဖန်ခွက်ကို ပင့်မြှောက်၍ ကျီချင်းရန်နှင့် အသာအယာ ထိတိုက်လိုက်၏။

သူမ၏ အပြစ်ကင်းစင်မှုနှင့် သူမ၏ ရင့်ကျက်လာမှုကို ကာကွယ်ပေးရန်အတွက် သူ၏ တစ်ဘဝလုံး တိုက်ခိုက်နေရမည်ဆိုလည်း ဝန်လေးနေမိလိမ့်မည် မဟုတ်ချေ။

လင်းရီသည် ဖန်ခွက်ထဲရှိ ဝိုင်နီကို တစ်ခါတည်း အပြတ်ဖြတ်လိုက်ပြီး ကျီချင်းရန်လည်း ထိုနည်းတူစွာ ပြုလိုက်၏။

ဖယောင်းတိုင် မီးအလင်းရောင်က သူတို့နှစ်ဦး၏ မျက်နှာထက်သို့ ကျဆင်းနေကာ ၎င်းတို့၏ အရိပ်များကို ရှည်လျားသွားစေပြီး သူတို့၏ မှတ်ဉာဏ်များစွာ လောင်စာအဖြစ် အသုံးပြုကာ တငွေ့ငွေ့နှင့် လောင်ကျွမ်နေလျက် ရှိတော့၏။

သူတို့၏ ပထမဆုံး အကြိမ် ဆုံတွေ့သည့် အချိန်မှစ၍ မဝေးတော့သည့် အနာဂတ်အထိ။

အသေးစိတ် သေးသေးလေးများနှင့် အစီအစဉ်များအားလုံးကို ကျီချင်းရန်တစ်ဦးတည်းက အနုစိတ် စီစဉ်ချမှတ်ခဲ့သည်။

အနှီ မသိသာသည့် အသေးမွှားလေးတို့က သူမရင်ထဲရှိ ပျော်ရွှင်မှု၏ ပုံရိပ်ကို ဖန်တီးပြုလုပ်ပေးခဲ့သည်မှာ အတိအကျပင်။

၎င်းတို့က သေးမွှားလှသည်။ သို့ပေမယ့် အင်မတန် လှပသည့် အရာလေးများ ဖြစ်၏။

……………

ကျိုးဟိုင် ၊ ည ကိုးနာရီခွဲအချိန်။

အစိုးရ အဆောက်အအုံရှိ တစ်ခုတည်းသော ရုံးခန်းအတွင်း၌ မီးအလင်းရောင်သည် ယခုထက်ထိ မှေးမှိန်ခြင်း မရှိသေးချေ။

စားပွဲပေါ်ရှိ တောင်ပုံယာပုံ ဖြစ်နေသည့် စာရွက်စာတမ်းများနှင့် တင်ပြချက်များကို ကြည့်ရင်း လျန်ရူရွှယ် ငေးငိုင်နေမိ၏။

စားပွဲပေါ်တွင် တစ်ဝက်ကျန်နေသေးသည့် ကော်ဖီ ဖန်ခွက် တစ်ခု ရှိသည်။ သို့သော် နွေးထွေးခြင်း မရှိတော့ချေ။

ဒေါက် ဒေါက် ဒေါက် …

လျန်ရူရွှယ် ငေးငိုင်နေစဉ်မှာပဲ တစ်စုံတစ်ယောက်က ရုံးခန်းတံခါးကို လာခေါက်၏။

ရုတ်တရက်ဆိုသလို လျန်ရူရွှယ်၏ နှလုံးခုန်သံတို့ မြန်ဆန်လာသည်။ သူမ၏ အင်္ကျီအဝတ်အစားတို့ကို သေချာ ကျကျနန ဖြစ်အောင် ပြင်၍ လေးနက် ချင်ယောင် ဆောင်လိုက်သည်။

“ ဝင်ခဲ့ …”

“ အတွင်းရေးမှူးလျန်…”

ရုံးခန်းတံခါး ပွင့်ဟလာပြီး အထဲသို့ ဝင်လာသည့်လူက စာပို့အခန်းထဲက အဘိုးကြီး တစ်ဦးဖြစ်၏။

သူမ မြင်ချင်နေသည့်လူကား ရောက်လို့မလာပါချေ။ နှလုံးသားထဲရှိ စိတ်ပျက်ရိပ်တို့အား အတင်းအကြပ် ဖိနှိပ်ထားရင်း လျန်ရူရွှယ် တည်ငြိမ်စွာ မေးလိုက်သည်။

“ ဘာကူညီပေးရမလဲ …”

“ အတွင်းရေးမှူးလျန်… ည ကိုးနာရီကျော်နေပါပြီ… အဲ့လောက်လည်း အလုပ်ကြိုးစားမနေပါနဲ့ … ကိုယ့်ကျန်းမာရေးက အရေးကြီးတယ်…”

“ ကျွန်မ ပြီးခါနီးပြီ…”

“ ဟင်း … ခရစ်စမတ်နေ့ပဲဟာ … ကိုယ့်ကိုယ်ကို တစ်ရက်လောက် အနားပေးလိုက်ပါလားကွယ်… တအား အပင်ပန်း မခံပါနဲ့ …”

လျန်ရူရွှယ် ညင်သာစွာ ပြုံးလိုက်သည်။ အဘိုးကြီးပင် ယနေ့က ခရစ်စမတ်နေ့မှန်း သိ၏။

“ ကောင်းပြီ… ခုတော့ နားလိုက်တာပေါ့ … မနက်ဖြန်ကျမှ ဆက်လုပ်တာပေါ့ …”

လျန်ရူရွှယ် မတ်တပ်ရပ်၍ သူမ စားပွဲရှိ စာရွက်စာတမ်းတို့အား သိမ်းဆည်းလိုက်ကာ အဝတ်ချိတ်သည့် နေရာမှ ကုတ်အင်္ကျီနှင့် အိတ်ကို ယူလိုက်သည်။ ထို့နောက် ရုံးခန်းထဲက ထွက်လာခဲ့၏။

ဒီဇင်ဘာညက အနည်းငယ် ချမ်းသည်။ သူမကိုယ်သူမ အင်္ကျီ အဝတ်အစားတို့ဖြင့် တင်းကြပ်အောင် ပြုလုပ်၍ ကားထံသို့ လျှောက်လာခဲ့၏။

လျန်ရူရွှယ်ကဲ့သို့ အစိုးရ အရာရှိ အဆင့်တွင် ကိုယ်ပိုင် ဒရိုင်ဘာများ ရှိကြသည်။

သို့သော် ယနေ့က အထူးအားလပ်ရက် ဖြစ်သဖြင့် လျန်ရူရွှယ်သည် ဒရိုင်ဘာကို ပြန်လွှတ်လိုက်၏။

ယနေ့ ခေတ်တွင် လူတစ်ဦးက မည်မျှပင် အသက်ကြီးစေကာမူ ခရစ်စမတ်ကိုတော့ မမေ့လျော့ကြချေ။

ဤအချိန်က သူတို့ ချစ်ခင်မြတ်နိုး တန်ဖိုးထားရသူတို့၏ ဘေး၌ အချိန်အတူ ကုန်ဆုံးရသည့် အချိန်အခါ သမယ ဖြစ်သည်။

လျန်ရူရွှယ် ကားမောင်းပြီး ထွက်လာသည်။ ပုံမှန်ဆိုပါက လမ်းလေးဆုံတွင် အိမ်သို့ ပြန်ရန် ညာဘက်ချိုးရမည် ဖြစ်သော်လည်း အဆုံးတွင် တည့်တည့် ဆက်မောင်းရန်သာ သူမ ရွေးချယ်ခဲ့သည်။

လမ်းတစ်လျှောက် မောင်းနှင်လာရင်း ရန်ကျန်း မြစ်နံဘေးသို့ ရောက်ရှိလာသည်။

ထိုနေရာသို့ ရောက်သည့်အခါ ည ဆယ်နာရီ ထိုးနေပြီး ဖြစ်၏။

ကားပါကင် ထိုးပြီးသည့်နောက် လျန်ရူရွှယ်သည် သူမ၏ အနက်ရောင်ကုတ်ကို တင်းကြပ်စွာ စေ့ထားရင်း ကျိုးဟိုင်၏ လူထူထပ်လှသည့် လမ်းများတစ်လျှောက် ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

စီးဆင်းနေသည့် မြစ်၏ လှိုင်းတွန့်တို့နှင့် နှိုင်းစာသော် လျန်ရူရွှယ်၏ ခြေလှမ်းတို့က အင်မတန် နှေးကွေးနေပါသည်။ သူမက မြစ်ရေစီးကြောင်းကို ဆန့်ကျင်သည့် လူနှင့်ပင် တူနေပါတော့သည်။

အတော်လေး နောက်ကျနေပြီ ဖြစ်သော်လည်း လမ်းများအထက်ရှိ အမျိုးသား အမျိုးသမီးတို့က ကိုယ်စီ လှုပ်ရှား သွားလာနေဆဲပင်။

လူငယ်လူရွယ် စုံတွဲတို့က တွဲလက်မဖြုတ်စတမ်း လက်ချင်းချိတ်၍ လမ်းလျှောက်နေကာ တစ်ယောက်ကိုယ်တစ်ယောက် အဖော်ပြုပေးရင်း ငယ်ရွယ်မှု၏ အကောင်းဆုံး အချိန်တွင် ရှိနေကြ၏။

သက်လတ်ပိုင်း စုံတွဲတို့ကလည်း နူးညံ့သည့် လက်သေးသေးလေးများကို တစ်ဖက်စီ ကိုင်ထားကြကာ အချင်းချင်း အပြုံးမျက်ဝန်းတို့ဖြင့် တိတ်တဆိတ် စကားဖလှယ်နေကြ၏။

လူအုပ်ကြီးထဲတွင် အသက်ကြီးပိုင်းများလည်း ရှိကြပြီး ၎င်းတို့၏ မျက်ခုံးမွှေးပင် ဖြူဆွတ်နေကာ လူအုပ်ကြီးထဲတွင် သွားလာလှုပ်ရှားနေကြဆဲပင်။

ကမ္ဘာပေါ်ရှိ ချစ်ခြင်း မေတ္တာသည် သာမန်ဆန်ကောင်း ဆန်လိမ့်မည်။ သို့သော် တွဲလက်တို့ ခိုင်မြဲကာ နှစ်ပေါင်းများစွာ အတူ ဖြတ်သန်းရသည်က ပျော်ရွှင်မှုနှင့် ကျေနပ်နှစ်သက်မှုကို ဖြစ်ပေါ်စေသည်။

လျန်ရူရွှယ်သည် မြစ်နံဘေး၌ ကာရံထားသည့် လက်ရန်းကို မှီရင်း သူမရှေ့ရှိ လူတို့၏ မြင်ကွင်းက သူမနှင့် ကမ္ဘာချင်း ခြားနေသည်ဟု ခံစားနေရသည်။

လူတို့ အထီးကျန်သည်နှင့် အိမ်ကို သတိရတတ်ကြ၏။

လျန်ရူရွှယ်အတွက်လည်း ထိုနည်းလည်းကောင်းပင်။

ကလင် ကလင် ကလင်…

သူမ ဖုန်းကို ထုတ်ကြည့်လိုက်တော့ ဖုန်းဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမ အမေက ဖုန်းဆက်လာခြင်း ဖြစ်၏။

“ အမေ…”

“ နင်တို့နှစ်ယောက် ဘာတွေ လျှောက်လုပ်နေကြတာလဲ…”

“ ဟင် …”

လျန်ရူရွှယ် ကြက်သေသေသွားခဲ့ရ၏။

“ သမီးလည်း ဘာမှ မလုပ်မိပါဘူး …”

“ နင့်ဘာနင် ကြည့်တော့ ….”

ရှန်းရှုရီ ဖုန်းချသွားခဲ့သည်။

မကြာမီ သူမ၏ ဖုန်းထဲသို့ တစ်တော့ ဗွီဒီယိုများစွာ ရောက်ရှိလာသည်။

အားလုံးက အဓိက မြို့တော်ကြီးများ၏ မိုးမြင့်အဆောက်အဦးများ၌ဖြစ်ပြီး မီးအလင်းရောင်များဖြင့် စကားလုံးအကြီးကြီး တစ်ချို့ကို ဖန်တီးထား၏။

၎င်းက

“ I Love You …” ဟူ၍ပင်။

နီယွန်မီး ငါးရောင်က ဆက်တိုက် လင်းလက်နေပြီး တလက်လက် တောက်ပနေသည်။

လျန်ရူရွှယ်သည် ဖုန်းကိုင်လျက်သားရှိရင်း နေရာ၌ ငူငူငိုင်ငိုင်ကြီး ရပ်တန့်နေမိ၏။

တိုက်ဆိုင်သည်လို့ သူမ မထင်ချေ။ လင်းရီမှ လွဲ၍ အခြား မည်သူကမျှ ထိုသို့ ပြုလုပ်လိမ့်မှာ မဟုတ်ချေ။

သူမ ဖုန်းထဲရှိ ဗွီဒီယိုများကို ကြည့်ရင်း လျန်ရူရွှယ်သည် တစ်ဖက် မျက်လုံးထောင့်စွန်းရှိ မျက်ရည်များကို ဖယ်သပ်နေလျက် ရှိ၏။

ထိုအခိုက်အတန့်တွင်တော့ သူမသည် အခြားသူများကို မနာလို မဖြစ်မိတော့ချေ။

“ ကြည့် .. တစ်ယောက်ယောက် ဝန်ခံနေတယ်…”

“ ဘုရားရေ … အဲ့ဒီ LRX က ဘယ်သူပါလိမ့်နော် … သူ့ကောင်လေးက သိပ် ရိုဆန်တာပဲ… ဘယ်သူကများ အဲ့လောက်ထိ ကံကောင်းတဲ့ ကောင်မလေး ဖြစ်မလဲ မသိပါဘူး …”

“ ငါသာ အဲ့လို ကောင်လေးမျိုးနဲ့ တွေ့လို့ကတော့ လုံးဝ စဉ်းစားမနေဘူး … တစ်ခါတည်း လက်ထပ်လိုက်မယ်…”

“ အဲ့ဒီ အဆောက်အဦးမှာတင်ပဲ မဟုတ်ဘူးဟဲ့ … ဟိုမှာ ပြေးနေတဲ့ တက္ကစီမှာရောပဲ….”

လျန်ရူရွယ်သည် လမ်းမပေါ် ပြေးနေသည့် တက္ကစီကို ရှော့ခ်ရစွာ ကြည့်လိုက်မိသည်။

ကား၏ ယခင် ‘ လူလွတ်သည်’ ဆိုသည့် နေရာတွင် ‘ I Love You LRX ‘ ဆိုပြီး ဖြစ်နေသည်။

ထို့ပြင် ကားအစင်းတိုင်း၌ ရှိနေခဲ့သည်။

“ သပ … မဖြစ်နိုင်လိုက်တာ … နိုင်ငံခြားမှာလည်း ဒီလိုမျိုး ပုံစံတူတွေ ဖြစ်နေတယ်…” အာမေဋိတ်သံများ တစ်ဖန် ရိုက်ခတ်လာပြန်တော့သည်။

“ ငါ့ သူငယ်ချင်းက အမေရိကားမှာ ကျောင်းတက်နေတာ သူ ငါ့ကို ဒီ ဗွီဒီယို ပို့လာခဲ့တာပဲ…”

ဘာမျှ ဖြစ်မထားသည့်အတိုင်း လျန်ရူရွှယ်သည် ခပ်တည်တည်နှင့် ထိုကောင်မလေးနား ချဉ်းကပ်ကာ သူတို့အုပ်စုနား ဖုန်းတစ်ချက်ခိုးကြည့်လိုက်သည်။

အမေရိကားရှိ မိုးမျှော် အဆောက်အအုံများ အားလုံးနှင့် နယူးယောက်ရှိ တိုင်းစကွဲတွင်ပါ မကျန် သူမ၏ နာမည်ကို ရေးထိုးထားလေသည်။

“ အမေရိကားမှာတင် မဟုတ်ဘူး … ကြည့်ဦး ဂျပန်မှာရောပဲ… တစ်တော့မှာ လုံးဝ နာမည်ကြီးနေပြီ..”

သူမအနားရှိ စကားဝိုင်းကို ကြားတော့ လျန်ရူရွှယ် ငိုရအခက် ရယ်ရအခက် ဖြစ်နေရင်း သူမ၏ မျက်ရည်များကို တိတ်တိတ်လေး သုတ်လိုက်သည်။

နိုင်ငံတွင်း အေးချမ်းမှုကို အနှောင့်အယှက် ပေးသည်က တစ်စိတ်တစ်ဒေသ ဆိုသော်လည်းပဲ ထိုအကောင် လင်းရီက နိုင်ငံရပ်ခြား အထိပါသွားပြီး မျက်စိသွားနှောက်နေလိမ့်မည်လို့ သူမ ထင်မထားခဲ့ချေ။

ဤသည်က လုံးဝကို လင်းရီ၏ ပုံစံပင်။ ထိုအကောင်က အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်း၏။

မြို့ထဲရှိ မီးအလင်းရောင်များကို ကြည့်ရင်း လျန်ရူရွှယ်၏ မျက်ဝန်းတို့က တလက်လက် ရွှန်းစိုနေသည်။ တစ်ခုစီတွင် နာမည်တစ်လုံးချင်း ရေးထွင်းထား၏။

မီးအလင်းရောင်များ အားလုံးက သူမထံ ပြေးလာနေသည်ဟုတောင် ခံစားနေရသည်။

ကလင် ကလင် ကလင် …

ထိုအခိုက်အတန့်တွင် လျန်ရူရွှယ်၏ ဖုန်းသံ မြည်လာပြန်သည်။ ရှန်းရှုရီကပဲ ခေါ်ဆိုလာခဲ့ခြင်း ဖြစ်၏။

“ နင် မြင်ပြီလား …”

“ အွန်း …”

လျန်ရူရွှယ်၏ မျက်နှာ နီရဲနေပြီး “ သမီးမြင်တယ်… ဒါပေမယ့် အကျဉ်းချုံးလေးပဲမလား … ရေးကြီးခွင်ကျယ်လည်း မဟုတ်ဘဲနဲ့ …”

“ ရေးကြီးခွင်ကျယ် မဟုတ်တာ သိတယ်… ဒါပေမယ့် နင်တို့နှစ်ယောက် နည်းနည်းလေး တရားလွန်နေပြီလို့ မထင်ဘူးလား …” ရှန်းရှုရီ ပြောလိုက်ပြီး “ ငါတစ်ချက် ကြည့်လိုက်တာ ဟွာရှမှာတင် မကဘူး … နိုင်ငံခြားမှာလည်း ဒီလို ပုံစံ ဖြစ်နေတာပဲ … နင်တို့ လူငယ်တွေ ဘယ်လို လျှောက်လုပ်ရမလဲ ဆိုတာတော့ သိပ်သိနေကြတယ် ဟုတ်လား …”

“ ကျစ် …. ဘာလဲ … ကိုယ့်သမီးကို မနာလိုအားကျ ဖြစ်နေတာလား … “ လျန်ရူရွှယ် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီး “ သမီး နေ့ခင်းတုန်းက အဖေ့ဆီ ဖုန်းဆက်ကြည့်တော့ အဖေ နန်ရှီးကို ခရီးရောက်နေတဲ့ အသံကြားတယ်… ခု အမေ အိမ်မှာ တစ်ယောက်တည်း လက်ဆောင်ပေးမယ့်လူလည်း မရှိဘူးမလား ….”

“ သောက်ရေးမပါတာတွေ…”

“ အာ .. ဟုတ်တယ် ဟုတ်တယ် သမီး မှတ်မိပြီ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ အဖေ မနေ့က အမေ့ကို ပန်းသီး ငါးကတ်တီ ဝယ်ပေးလိုက်ဦးလို့ ပြောထားသေးတယ်… အဲ့လောက်ဆို အမေ အချိန်တစ်ခုလောက်အထိတော့ စားလို့ရတယ်…”

“ ထွက်သွားစမ်း…”

ရှန်းရှုရီ ဒေါသတကြီးနှင့် ဖုန်းချသွားခဲ့၏။

ဝူးရှ်….

လျန်ရူရွှယ်သည် အသက်ပြင်းပြင်းရှူသွင်း၍ မှုတ်ထုတ်လိုက်ကာ မျက်ရည်များလည်း အပြီးသတ် ဖယ်ရှားပစ်လိုက်သည်။ သူမ ဤနေရာ၌ ဆက်နေချင်စိတ် မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်၏။

ကားထဲရောက်တော့ လျန်ရူရွှယ်သည် ချက်ချင်း လက်ငင်း ထွက်သွားခြင်း မရှိသေးချေ။ သူမ ယာယီပိုင်ဆိုင်သည့် ထိုမီးအလင်းရောင်တို့နှင့် မခွဲနိုင် မခွာရက် ဖြစ်နေသည်။

ဒူ ဒူ ဒူ …

ထိုအခိုက် လျန်ရူရွှယ်၏ ဖုန်း တုန်ခါလာခဲ့၏။ ယင်းက ဝီချက် မက်ဆေ့ချ် ရောက်လာခဲ့ခြင်းပင်။ ထိုအထဲ စာလုံးအနည်းငယ်သာလျှင် ပါသည်။

“ မင်းကို ချစ်တယ်ဆိုတာ ကိုယ် တစ်ကမ္ဘာလုံးသိအောင် ကြေညာလိုက်ပြီ..”

စာစဉ် (၁၀၃) ပြီး၏။

All Chapters