လောင်းကြေးများ
Vol. 87 Ch. 1212
ကောင်းကင် စစ်ဝိညာဉ်မှာ တစ်ခဏမျှ တိတ်ဆိတ် သွား၏။
“နင် ပြောချင်တာက ဘာလဲ...”
အတန်ကြာပြီး နောက်မှ သူမက စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်ရင်း မေးလိုက်၏။ အဂ္ဂိရတ် တာအိုတွင် မည်သည့် ကွဲပြားမှုများ ရှိနေသနည်း။ ပိုင်ရှုက အဘယ်ကြောင့် ထိုမျှ တိကျ သေချာနေရသနည်း။
ဝေ့ဝူယင် ငြိမ်သက်နေစဉ်မှာပင် ပိုင်ရှုက ပြန်လည် ဖြေကြားလိုက်၏။
“ခုနက နင် ပြောတာ မှားတယ်လို့ ငါ မငြင်းဘူး... မှန်တယ်... ဆေးလုံးကို စားရင် တာအို နှစ်ခုရဲ့ ငြင်းပယ်မှုကို ခံရနိုင်တယ်... ဒါပေမဲ့ အဲဒါကို ဖော်စပ်လို့ မရနိုင်ဘူး ဆိုတာကတော့ မှားတယ်... ဖော်စပ်လို့ ရတယ်... နောက်ပြီး သန့်စင်လို့လည်း ရတယ်... အသေအချာကို ရတယ်... ဒါပေမဲ့ စစ်မှန်တဲ့ သမားတော်တွေ အတွက်ပဲ”
"စစ်မှန်တဲ့ သမားတော်တွေ...”
ကောင်းကင် စစ်ဝိညာဉ်က တစ်ခဏမျှ စဉ်းစားလိုက်၏။
“ဆိုတော့ အဂ္ဂိရတ် ပညာရှင်တွေပေါ့... အဂ္ဂိရတ် ပညာရှင်တွေက ဘေးထွက်ဆိုးကျိုး မရှိပဲ သန့်စင်လို့ ရတယ်ပေါ့”
“ဟုတ်တယ်... ဘယ်လို ငြင်းပယ်မှုမျိုးနဲ့မှ တွေ့ရမှာ မဟုတ်ဘူး”
ပိုင်ရှုက အသေအချာ ဆိုလိုက်၏။
"...”
ဝေ့ဝူယင်မှာ တာအို ဝိညာဉ် နှစ်ခု၏ ငြင်းခုန်မှုကို တိတ်တဆိတ်ပင် နားထောင် နေခဲ့သည်။ ထိုစကားဝိုင်းက သူ့အတွက် အကျိုးများစွာ ရှိပေသည်။ နားထောင်ရင်း အကဲဖြတ်ရသလောက် ဆိုလျှင် အဂ္ဂိရတ် တာအိုမှာ နောက်ကို ခြေတစ်လှမ်း ဆုတ်ကာ နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံးကို တားမြစ် ဆေးလုံး အဖြစ် ထင်မြင်စေဖို့ ခွင့်ပြုခဲ့ဟန် ရသည်။ သို့သော်လည်း... အမှန်တကယ်တွင်တော့ ၎င်းက ဟာကွက် တစ်ကွက်ကို ချန်ထားခဲ့ဟန် ရသည်။
“အဂ္ဂိရတ် ဝိညာဉ် ရှိတဲ့ အဂ္ဂိရတ် ပညာရှင်တွေပဲလား... ဘယ်အဂ္ဂိရတ် ပညာရှင် မဆိုလား”
ဝေ့ဝူယင် အားနည်းနေသည့် လေသံဖြင့် မေးလိုက်၏။
“ဟမ်...”
ပိုင်ရှုက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဘယ်အဂ္ဂိရတ် ပညာရှင်ပဲ ဖြစ်ဖြစ် နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံးကို သန့်စင်လို့ ရတာလား”
“...”
ပိုင်ရှုမှာ သူမ နားလည်မှု လွဲသွားသည့် အရာကို ချက်ချင်းပင် ပြန်လည် သတိထားမိသွားသည်။
“အမ်... မဟုတ်ဘူး... ကျွန်မ... ဟိုဟာ...”
သူမ ရှင်းပြဖို့ ကြိုးပမ်းလိုက်သော်လည်း စကားလုံးများက လမ်းခုလတ်တွင်ပင် အထစ်ထစ် အငေါ့ငေါ့ဖြင့် ရပ်တန့် သွား၏။ သူမ၏ ပါးမို့မို့လေးများက စိမ်းပြာရောင် အလင်းများဖြင့် တောက်ပလာခဲ့သည်။
ဝေ့ဝူယင်က မျက်လုံးများကို မှေးစင်းကာ ဖွင့်ကြည့်လိုက်၏။
“ရပြီ... ကိစ္စ မရှိတော့ဘူး...”
အရိပ်အမြွက်ကို သူ ရရှိလိုက်ပြီ ဖြစ်သည်။ ပိုင်ရှုမှာ အမှန်တရားကို သိရှိပြီး ဖြစ်သော်လည်း အသေးစိတ် အချက်အလက်များကို ရှင်းပြရသည်မှာ အလွန်ခက်ခဲဟန် ရသည်။ သူ လုပ်သင့်သည့် အရာက အလွန်ပင် ရိုးရှင်းသည်။ သူမကို ယုံကြည်လိုက်ဖို့ပင်။
“...”
တာအို၏ စည်းမျဉ်းများမှာ ရှင်းပြရန် အလွန် ခက်ခဲလှသည့် အပြင် အမှန်တရားမှာလည်း ရှုပ်ထွေးလှကြောင်း သဘောပေါက်လေရာ ကောင်းကင် စစ်ဝိညာဉ်မှာလည်း ပိုင်ရှုနှင့် ထပ်မံ၍ ငြင်းဆိုခြင်း မရှိတော့ပဲ တိတ်ဆိတ် သွား၏။
"ငါ့မှာလည်း အဲဒီ ဆေးလုံးကို သုံးဖို့ အကြောင်းပြချက် မရှိပါဘူး... နောက်ပြီး သုံးနိုင်ခဲ့မယ် ဆိုရင်တောင် ငါ သုံးမှာ မဟုတ်ဘူး"
ဝေ့ဝူယင်က တုံးတိ လေသံဖြင့် ဆိုလိုက်၏။
“ဘာလို့လဲ... ဆရာ...”
ပိုင်ရှုက မေးလိုက်သည်။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် လမ်းစဉ်တွင်ရော ကျင့်ကြံခြင်း လမ်းစဉ်မှာပါ အလွန် ပါရမီ မြင့်မားသည်။ ထိုဆေးလုံးကိုသာ သန့်စင်နိုင်ပါက သူ၏ ကျင့်ကြံခြင်းက လုံးဝ ပြိုင်ဘက်ကင်း သွားလိမ့်မည် ဖြစ်သည်။
အချိန်အတိုင်းအတာ တစ်ခု အထိ အနားယူပြီး နောက်၌ ဝေ့ဝူယင်မှာ ခွန်အား တစ်ချို့ကို ပြန်လည် ရရှိလာခဲ့သည်။ သူက တောက်ပစွာပင် ပြုံးလိုက်၏။
“ဘာလို့လဲ ဆိုတော့... ပဟေဠိရဲ့ နောက်ဆုံး အပိုင်းအစကို ငါ ရှာတွေ့သွားလို့ပဲ”
ဝေ့ဝူယင် ပြောလိုက်စဉ်မှာပင် သူ၏ ဒုတိယမြောက်စိတ်မှာ နိုးထလာကာ သန့်စင်ထားသည့် စိတ်စွမ်းအင်လှိုင်းများကို အသိစိတ် ပင်လယ် အတွင်း ပို့လွှတ်လိုက်လေသည်။
လျှို့ဝှက်နှင့် သေမျိုး ဘာသာစကားတို့ ရောနှောနေသည့် ဆေးညွှန်း တစ်ခုမှာ သူ့စိတ် အတွင်း ဖွဲ့စည်း လာခဲ့၏။ ၎င်း၏ စကားလုံး တစ်လုံးချင်းစီက ချို့ယွင်းချက် ကင်းမဲ့၍ ပြီးပြည့်စုံကာ ဉာဏ်အလင်း မြူနှင်းများမှာ ပတ်လည်တွင် ဝန်းရံ နေခဲ့လေသည်။
ဝေ့ဝူယင်၏ အပြုံးက ပိုမို၍ တောက်ပလာခဲ့၏။ ခရာတို၊ ဘုရင်၊ အိုရီနှင့် ဧဒင်တို့မှာ စိတ်လှုပ်ရှားမှုများနှင့် အတူ တုန်ရီလာခဲ့ကြ၏။ ထို့နောက်တွင်တော့ သူတို့ ငါးယောက်စလုံး ပြိုင်တူပင် ရေရွတ်လိုက်လေတော့သည်။
“နောက်ဆုံးတော့...”
...
ဝေ့ဝူယင် တစ်ယောက် ဆယ်စုနှစ်များစွာ ကြိုးစားခဲ့ရသည့် ပန်းတိုင် တစ်ခုကို ရောက်ရှိဖို့ နီးကပ်နေစဉ်တွင် လွန်ခဲ့သည့် ရှစ်နှစ် အတောအတွင်း မဟာ စက်ဝန်း ကြယ်ကွင်းပြင်၌ ဖြစ်ပျက်ခဲ့သမျှမှာလည်း အလွန်ပင် များပြားခဲ့ပေသည်။ အချို့ အဖြစ်အပျက်များကတော့ ယခုတိုင် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကာ မရေမတွက်နိုင်သည့် လူများ၏ အာရုံစိုက် စောင့်ကြည့်မှုကို ခံနေရလေည်။
၎င်းတို့ အနက် လူအများ အထူး အာရုံ အစိုက်ခံရဆုံး တစ်ခုမှာ ရွှေရောင် အသက်နန်းတော်နှင့် ပူးပေါင်း၍ ကွဲပျက် နတ်ဘုရား ဆေးလုံးနှင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးတို့တို့ ဖော်စပ် သန့်စင်မည့် ထာဝရ အစည်းအရုံး၏ ပူးပေါင်း အင်အားစုပင် ဖြစ်လေသည်။ တရားဝင် ကြေညာချက် အရ ဆိုလျှင် ထိုလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ မကြာခင် ရောက်ရှိလာတော့မည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် အရည်အချင်း ရှိသည့် ပါရမီရှင်များစွာကို အရည်အသွေး ပြည့်မှီစွာ ပြင်ဆင်ပေးဖို့ ဖြစ်သည်။
သို့သော်လည်း... အမှန်တကယ် ရည်ရွယ်ချက်ကို နားလည်ကြသူများကတော့ ထိပ်တန်း ပါရမီရှင် သေမျိုး အဂ္ဂိရတ် အာဏာရှင်လေး ဝေ့ဝူယင်မှာ မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ဖြစ်တည်း ထာဝရ နတ်ဘုရားကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်ကြောင်း သိကြပေသည်။ ဝေ့ဝူယင်မှာ ထာဝရ အစည်းအရုံးနှင့် ထိုလက်ထောက် ဂိုဏ်းချုပ်တို့ကို ဆေးလုံးအား ဖော်စပ်နိုင်မည်လား စမ်းသပ်လိုက်ခြင်းပင် ဖြစ်သည်။
အချို့က ဝေ့ဝူယင်၏ စိန်ခေါ်မှုမှာ ရူးနှမ်းလွန်းသည်ဟု တွေးတောကြကာ အချို့ကတော့ စိတ်လှုပ်ရှားစရာ တစ်ခု အဖြစ် ရှုမြင်ကြသည်။ ဝေ့ဝူယင်၏ အောင်မြင်မှုများအား ထာဝရ နတ်ဘုရား မထုတ်လုပ်နိုင်ဟု တွေးထင်ကြသူ မရှိသလောက်ပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... မာ့ကလန်ပင်လျှင် စဦးပိုင်း၌ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သေမျိုး အဂ္ဂိရတ် အာဏာရှင် နှစ်ဦးတည်းဖြင့် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။ ထာဝရ နတ်ဘုရားက မည်ကဲ့သို့ ကျရှုံးလိမ့်မည်နည်း။
လူအများ အဓိက အာရုံစိုက်နေကြသည့် ပြဿနာက ထာဝရ နတ်ဘုရား ဖော်စပ်နိုင်ခြင်း၊ မဖော်စပ်နိုင်ခြင်း မဟုတ်ပဲ အချိန် အတိုင်းအတာ ဘယ်ရွေ့ ကြာမြင့်မည်ကိုသာ ဖြစ်သည်။
စီးပွားရေး နားလည်သူများ၏ အမြင်အရ ဆိုလျှင် ထိုဆေးလုံး နှစ်မျိုးကို ပွင့်ပွင့်လင်းလင်း မျှဝေဖို့ ဆုံးဖြတ်လိုက်ခြင်းမှာ လောဘတကြီး အလျင်လိုသည့် ဆုံးဖြတ်ချက်မျိုး မဟုတ်ပဲ အဂ္ဂိရတ် ပညာရှင်များကို ပိုမို စုစည်းနိုင်ဖို့ ကြိုးစားချက် တစ်ခု ဖြစ်ကာ သိသာလှသည်။ သူတို့က ဝေ့ဝူယင်၏ အစီအစဉ်ကို ချီးကျူးနေကြကာ ထာဝရ နတ်ဘုရားနှင့် ထာဝရ အစည်းအရုံးတို့ကတော့ သူတို့ အားနည်းချက်ကို လူသိရှင်ကြား ကြေညာပြသ လိုက်သလိုပင် ဖြစ်သွားခဲ့သည်။
အကျိုးဆက် အနေဖြင့်... ထာဝရ နတ်ဘုရား၏ ဂုဏ်သတင်းက ပိုမို၍ ပျက်စီးသွားကာ ကွဲပျက် နတ်ဘုရား ဆေးလုံးကတော့ သမိုင်းစာအုပ်များထဲတွင် အဓိပ္ပာယ်သစ် တစ်ခုဖြင့် ပဲ့တင်ထပ် နေခဲ့သည်။ ထာဝရ နယ်မြေ ဆေးလုံးကို အဆင့် တစ်ခုလုံး မှားယွင်းစွာ ဖော်စပ်ရန် ကြိုးပမ်းခဲ့မိသည့် ထာဝရ အစည်းအရုံး၏ ဖြစ်ရပ်က လူများစွာ၏ သံသယကို ပိုမို မြင့်တက် စေခဲ့လေသည်။
ထိုအခြေအနေကို ပိုမို အရှိန်မြှင့်တင်ရန် အတွက် ရွှေရောင် အသက်နန်းတော်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့ လောင်းကစား ဌာနများ ဖွင့်လှစ်ကာ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းအား ပိုင်ဆိုင်ခဲ့ပြီးနောက် ဖော်စပ်အောင်မြင်ရန် ထာဝရ အစည်းအရုံး အချိန် မည်မျှ ယူရမည် ဖြစ်ကြောင်း လောင်းကြေးထိုးခွင့် ပြုခဲ့သည်။
နာရီပိုင်း အတွင်းမှာပင်... မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အဂ္ဂိရတ် ရှန့်ထို သုံးဦးအနက် တစ်ဦး ဖြစ်သည့် ထာဝရ နတ်ဘုရား ကိုယ်တိုင် ဦးဆောင်၍ ထိုအဆင့်ကိုး ဆေးလုံးအား ဖော်စပ်မည် ဆိုသည့် သတင်းများ ပျံ့နှံ့ လာခဲ့သည်။ ထိုသတင်းက မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့ရှိ လောင်းကစား ဌာနပေါင်း များစွာကို လူများဖြင့် ပြည့်လျှံ သွားစေခဲ့သည်။
လောင်းကစား အချိန် သတ်မှတ်ချက် ကာလမှာ ခုနစ်မှ စတင်၍ တစ်နှစ် အထိ ရှိပေသည်။ သင့်အနေဖြင့် ထာဝရ နတ်ဘုရား ခုနစ်ရက် အတွင်း ဖော်စပ်နိုင်သည်ဟု လောင်းနိုင်သလို တစ်နှစ် အတွင်း ဖော်စပ် အောင်မြင်လိမ့်မည် ဟုလည်း လောင်းနိုင်ပေသည်။ အချိန် ကာလ သတ်မှတ်ချက် အပေါ် မူတည်၍ အဆများမှာလည်း အမျိုးမျိုး ကွဲပြားသွားပေသည်။ ဆိုလိုသည်က အချိန်ကာလ ပိုမို နီးကပ်လေလေ လောင်းကြေးဆမှာ ပိုမို မြင့်မားလေလေ ဖြစ်သည်။
လူများ အများဆုံး လောင်းကြေး ထပ်ကြသည့် အချိန်ကာလမှာ နှစ်ဆယ့်ကိုးရက်မှ သုံးဆယ့် ငါးရက် အတွင်း အချိန်ကာလ ဖြစ်သည်။ လောင်းကြေးကတော့ ၃၂ ဆ ၁ ဆ ဖြစ်သည်။ အကယ်၍ ထိုရက်များ အတွင်း ထာဝရ နတ်ဘုရားသာ အောင်မြင်လျှင် ရွှေရောင် အသက်နန်းတော် တစ်ခုလုံး မွဲပြာကျ သွားရလောက်အောင် လောင်းကြေးမှာ မြင့်မားလွန်းလှသည်။
ယခု၌ လူတိုင်း၏ မျှော်လင့်ချက်များမှာ ထာဝရ နတ်ဘုရား၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ရွှေရောင် အသက်နန်းတော်၏ ဘဏ္ဍာရေးကို လဲပြိုကျသွားအောင် အလဲထိုးနိုင်မည့် အခွင့်အရေး တစ်ခုလည်း ဖြစ်သည်။
တရားဝင် ဖော်စပ်မှု စတင်သည့် နေ့သို့ ရောက်သည့် အခါတွင်တော့ မရေမတွက်နိုင်သော လူများမှာ ထာဝရ နတ်ဘုရား၏ အောင်မြင်မှုကို အားပေးဖို့ အတွက် အသက်ရှူမှားအောင် စောင့်ဆိုင်း နေကြတော့သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ နံပတ်တစ် အဂ္ဂိရတ် အဖွဲ့အစည်းကြီး၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို မထုတ်လုပ်နိုင်ဘူး ဆိုတာ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ထို့အပြင်... သူ့ထံတွင် လုပ်ငန်းစဉ် ပြီးမြောက်အောင် ကူညီနိုင်သည့် လက်ထောက်အကူ သေမျိုး အဂ္ဂိရတ် အာဏာရှင်များလည်း မရေမတွက်နိုင်အောင် ရှိနေပေသည်။
စန်းလော့ယန်ပါ ပါဝင်မည် ဖြစ်ကြောင်း ကြေညာလိုက်သော အခါတွင်တော့ လောင်းကစား ဌာနများစွာမှာ ထပ်မံ၍ အရူးမီးဝိုင်းဖြစ်သွားကြကာ ပထမ ရက်တစ်ရာ အတွင်း အောင်မြင်မည် ဆိုသည့် လောင်းကြေးများမှာလည်း ခုန်ပေါက် တိုးတက်လာခဲ့လေသည်။ အမြင့်ဆုံး လျော်ကြေးကို လွဲချော်သွားလျှင်ပင် ပထမ ရက်တစ်ရာ အတွင်း အောင်မြင်မည် ဆိုသည့် ယခု လောင်ကြေးများကပင် ထာဝရ အစည်းအရုံး၏ စီးပွားရေကို ဆယ်စုနှစ်ပေါင်း များစွာတိုင် ပြိုလဲ သွားစေနိုင်သည် အထိ များပြားလှပေသည်။ ၎င်းက မည်မျှ အထိ ကြမ်းတမ်းသည့် လောင်းကြေးစနစ် ဖြစ်ကြောင်း ရှင်းလင်းစွာပင် ဖော်ပြနေခဲ့သည်။
ပထမ တစ်ပတ် ကုန်ဆုံးသွား၏။ အောင်မြင်ကြောင်း မည်သည့် ကြေညာချက်မှ ထွက်ပေါ် မလာလေရာ လူအများမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သို့သော်လည်း... ကာလ အမျိုးမျိုး အတွက် လောင်းကြေး ထိုးခွင့်များ ရှိနေလေရာ မရေမတွက်နိုင်သော လူများမှာ ထိုအတွက် စိတ်မရှိကြပါချေ။ ထို့အပြင်... ၎င်းမှာ လူကြိုက် အနည်းဆုံး လောင်းကြေး တစ်ခု ဖြစ်ပေသည်။
ထို့နောက် ဒုတိယမြောက် တစ်ပတ် ကုန်ဆုံးသွား၏။ ထာဝရ အစည်းအရုံးမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ထို့နောက် တတိယမြောက် အပတ်...။
"..."
မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြားရှိ လူများမှာ ထာဝရ နယ်မြေရှိရာကို လှမ်းကာ ကြည့်နေမိကြ၏။ သူတို့၏ မျက်ဝန်းများက မျှော်လင့်ချက်၊ ဆုတောင်းများနှင့် ပြည့်နှက်နေသည်။
“ထာဝရ နတ်ဘုရား... ခင်ဗျား လုပ်နိုင်ပါတယ်”
သို့သော်လည်း... လေးပတ်မြောက် ကြာသည် အထိ ကမ္ဘာလောကကြီးကတော့ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်လေတော့သည်။
***