မျှော်လင့်ချက်များ
Vol. 87 Ch. 1213
လောင်းကြေး အချိုးများမှာ ပြောင်းပြန် ဖြစ်သွားလေရာ ရွှေရောင် အသက်နန်းတော်မှာ မယုံကြည်နိုင်လောက်အောင် များပြားလှသော ငွေကြေး အမြတ်အစွန်းများကို ရရှိသွားခဲ့၏။ နောက်ပိုင်း ရှုံးနိမ့် သွားခဲ့လျှင်ပင် သူတို့ လက်ရှိ ရရှိထားသည့် အကျိုးအမြတ်များမှာ ကွာခြားလှသည့် လောင်းကြေး အချိုးများနှင့် အတူ အမြတ်အစွန်း ပမာဏ များစွာကို ရရှိနေဦးမည် ဖြစ်သည်။
လောဘကြီးသည့် လူပေါင်းများစွာကတော့ ကြွေးမြီများ အတွင်း နစ်မြုပ် သွားခဲ့ကြ၏။ ထာဝရ နတ်ဘုရား အပေါ် သူတို့၏ ယုံကြည်မှုများက တဖြည်းဖြည်း အားနည်း လာနေခဲ့ပြီ ဖြစ်လေသည်။
အဘယ်ကြောင့်နည်း။ ထာဝရ နတ်ဘုရား အတွက် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖော်စပ်ရန် အဘယ်ကြောင့် လနှင့်ချီ ကြာမြင့်ရသနည်။
အချို့ကတော့ ဝေ့ဝူယင် ပေးအပ်သည့် အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းမှာ မူယင်း အတိုင်း မဟုတ်ပဲ စီမံ ပြုပြင်ထားသည်ဟု ယူဆ နေကြသည်။ သို့သော်လည်း... ထာဝရ အစည်းအရုံးမှ လွဲ၍ မည်သူမှ ထိုဆေးညွှန်းကို မတွေ့မမြင်ဖူးလေရာ ထိုအချက်ကို မည်သူမှ အတည်မပြနိုင်ပါချေ။ သို့သော်လည်း... ထိုအရာက သူတို့၏ ရှုံးနိမ့်မှုကို ဖုံးဖိရန် ကောင်းမွန်သည့် ဆင်ခြေ တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
မကြာခင်မှာပင် ဝေဖန်သည့် အသံများမှာ ပိုမို ကျယ်လောင်လာလေရာ လောင်းကစား ဌာနများတွင် ကဓိကရုဏ်းများပင် စတင် ဖြစ်ပွားလာခဲ့သည်။ လူများမှာ အရူးမီးဝိုင်းဖြစ်လာကြကာ ရွှေရောင် အသက်နန်းတော်ထံ တရားမျှတမှုကို တောင်းဆိုလာကြသည်။
“ဆေးညွှန်းက အတုကြီးပဲ...”
သူတို့က စွပ်စွဲကြ၏။
“အာရုဏ်ဦး နေမီးတောက် ဆေးလုံးက သူတို့ ဖော်ပြထားတဲ့ အဆင့်ထက် ပိုပြီး မြင့်မားနိုင်တယ်”
သူတို့က မကျေနပ်ချက်များနှင့် အော်ဟစ်ကြ၏။ ဆန္ဒပြ တောင်းဆိုကြ၏။
ကံကောင်းထောက်မစွာပင် ရွှေရောင် အသက်နန်းတော်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး အင်အားစု တစ်ခု ဖြစ်လေရာ လောင်းကစား ဌာနများကို ကာကွယ်ရန် လျှို့ဝှက် အာဏာရှင် အဆင့်များကို ငှားယမ်း ထားနိုင်ပေသည်။ ထို့ကြောင့်ပင် မည်သည့် ထိခိုက်မှုမျိုးမှ ဖြစ်ပွားခဲ့ခြင်း မရှိပါချေ။
မည်မျှပင် ရှုံးနိမ့်နေသည် ဖြစ်စေ ထာဝရ နတ်ဘုရား မကြာခင် အောင်မြင်လိမ့်မည်ဟု မိုက်ရူးရဲ ဆန်ဆန် ယူဆကာ လောင်းကြေး ထပ်ထိုး နေကြသူများလည်း ရှိပေသေးသည်။ သူတို့ အမြင်အရ ဝေ့ဝူယင်မှာ ထူးချွန်သည်ဟု ဆိုလျှင် ထာဝရ နတ်ဘုရားမှာ ကြောက်မက်ဖွယ် ကောင်းသည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပေသည်။ သူ လုံးဝ မရှုံးနိမ့် နိုင်ပါချေ။
သူတို့ အားလုံးမှာ ထာဝရ နတ်ဘုရား အောင်မြင်ဖို့အတွက် ဆုတောင်း နေကြ၏။ သူ အောင်မြင်နိုင်ပေသည်။ စန်းလော့ယန်သည်လည်း အောင်မြင်နိုင်ပေသည်။ ထာဝရ အစည်းအရုံး အောင်မြင်နိုင်မှာ ကျိန်းသေပေသည်။
...
၁၄၈ ရက်မြောက်နေ့၊ ထာဝရ နတ်ဘုရား နယ်မြေ...
နေကြယ်ပု အရွယ် နေကြယ် တစ်စင်းနှင့် ခုနစ်ရောင်ခြယ် အလင်းရောင်ပြန် ခါးပတ်တို့၏ အလင်းရောင် အောက်တွင် ခမ်းနားထည်ဝါလှသော နန်းတော်ကြီး တစ်ခု တည်ရှိနေခဲ့၏။ ဤရှုခင်းမှာ မြင်သူတိုင်းကို အံ့အားသင့်စေကာ ကောင်းကင်ဘုံ ပန်းချီကား တစ်ချပ်နှယ် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
သို့သော်လည်း... ထိုအင်မော်တယ် ပန်းချီကား အတွင်းတွင်တော့...
ဘုန်း...
ကြောက်မက်ဖွယ် ကောင်းသည့် ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာကာ ဘေးနံရံများပေါ်သို့ ခန္ဓာကိုယ်များ ပြင်းထန်စွာ ကျဆင်းသွားသည့် အသံများမှာလည်း ထွက်ပေါ်လာခဲ့သည်။ ထိုပေါက်ကွဲမှုကား လောက အနှံ့ တုန်လှုပ်စေခဲ့သည့် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ မွေးဖွားရာ ထာဝရ အစည်းအရုံး၊ မဟာ အဂ္ဂိရတ် ခန်းမကြီး အတွင်းမှ စတင် လာခဲ့ခြင်း ဖြစ်လေသည်။
“နောက်တစ်ကြိမ် ထပ်ဖြစ်ပြန်ပြီ... သောက်သုံး မကျတဲ့ ကောင်တွေ”
ခန်းမကြီး အတွင်း၌ လူသုံးဦးတည်းသာလျှင် မားမားမတ်မတ် ရပ်တည် နေခဲ့ကာ ကျန်လူအားလုံးကတော့ နံရံများဘေး၌ ပျော့ခွေကာ လဲလျောင်း နေခဲ့ကြပေသည်။ သူတို့၏ အမူအရာများက နာကျင်မှုများနှင့် ပြည့်နှက် နေကာ ရောင်စုံသွေးများမှာ နှုတ်ခမ်းများထက်၌ စီးကျ နေခဲ့ကြ၏။ တစ်ဦး ဆိုလျှင် ခေါင်းငိုက်စိုက်ကျရာ သတိလစ်၍ပင် နေခဲ့သည်။
သူတို့ကား ထာဝရ အစည်းအရုံး၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်များပင် ဖြစ်လေသည်။ ဤသို့ဆိုလျှင်... မားမားမတ်မတ် ရပ်တည် နေကြသည့် ပုဂ္ဂိုလ်သုံးဦးကရော မည်သူနည်း။
သူတို့မှာ အင်ပါယာ မျိုးနွယ်၏ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သည့် ဟွမ်ရီကောင်း၊ ထာဝရ အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး စန်းလော့ယန်နှင့် ထာဝရ နတ်ဘုရားတို့ပင် ဖြစ်လေသည်။
ထာဝရ နတ်ဘုရားမှာ သူ ပိုင်ဆိုင်ထားသည့် ဂုဏ်သိက္ခာနှင့် ကျက်သရေတို့ကို အမြင့်မားဆုံး ဖြစ်အောင် ဖော်ပြနိုင်သည့် ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော်လည်း... သူ၏ မျက်နှာ တစ်ခုလုံးကတော့ ပြင်းထန်သည့် ဒေါသအမျက်၊ သုန်မှုန်သော စိတ်ခံစားချက်များနှင့် ပြည့်နှက်နေ၏။
ရက်ပေါင်းများစွာ ကြာမြင့်ပြီးသည့်တိုင် အာရုဏ်ဦး နေမီးတောက် ဆေးလုံး တစ်လုံးကိုမှ သူတို့ ဖန်တီးနိုင်စွမ်း မရှိပါသေးချေ။
အဘယ်ကြောင့်နည်း။ အရိုးရှင်းဆုံး အဖြေပေးရပါက အဆက်မပြတ် ပေါက်ကွဲထွက် နေသောကြောင့်ပင်။
“တစ်ခုခုတော့ လွဲနေပြီ”
ဟွမ်ရီကောင်းက သုန်မှုန်သည့် အမူအရာဖြင့် ဆိုလိုက်၏။ သူတို့၏ ကြိုးစားမှု တစ်ခုချင်းစီတိုင်းမှာ အောင်မြင်မှုနှင့် အလွန်အမင်း နီးကပ်နေခဲ့ပြီးခါမှ နောက်ဆုံးသော အခိုက်အတန့်တွင် မငြိမ်မသက် ဖြစ်လာကာ အဆက်မပြတ် ပေါက်ကွဲထွက် နေခြင်းပင် ဖြစ်သည်။
လူအိုကြီးမှာ အင်ပါယာ ကလန်သား တစ်ယောက် ဖြစ်သည့်တိုင် ရွှေရောင် အသက်နန်းတော်၏ လောင်းကြေး အကြောင်းကို သိရှိပြီး နောက်တွင် ထာဝရ အစည်းအရုံးကို အရိပ်ထဲမှ ပါဝင် ကူညီရန် အတွက် သဘောတူ ခဲ့သည်။ သို့သော်လည်း... သူ၏ ပါဝင် ကူညီမှုက လုံးဝ လျှို့ဝှက်ချက် တစ်ရပ်ဖြစ်ကာ ရွှေရောင် အသက်နန်းတော် ပင်လျှင် သိရှိထားခြင်း မရှိပါချေ။
“...”
ထာဝရ နတ်ဘုရားမှာ တိတ်ဆိတ်နေ၏။ ထိုတိတ်ဆိတ်မှုက သေမျိုး အဂ္ဂိရတ် အာဏာရှင် များစွာကို ကျောရိုးများ စိမ့်တက်သွားစေခဲ့သည်။ သူ အလွန် ဒေါသထွက်နေသည်မှာ ရှင်းလင်းပေသည်။
စန်းလော့ယန်၏ မျက်လုံးများကတော့ တဖျပ်ဖျပ် တောက်ပနေကာ ရွှေရောင် အသက်နန်းတော် အဂ္ဂိရတ် ခန်းမနှင့် ချိတ်ဆက်နေသည့် ဘဲဥ ပုံသဏ္ဌာန် ကြေးမုံကို စိုက်ကြည့် နေခဲ့သည်။ ရွှေရောင် အသက် နန်းတော်သားများ ဆေးဖော်စပ် နေကြသည့် မြင်ကွင်းကို သူတို့ တိုက်ရိုက်ပင် တွေ့မြင်နေရသည်။ လွန်ခဲ့သည့် ရက်ပေါင်း ၁၄၈ ရက် အတွင်း၌ သူတို့မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံး အတော်များများကို ဖော်စပ် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ထိုအထဲမှ တစ်ခုဆိုလျှင် အဆင့်မြင့် အရည်အသွေးကိုပင် ပိုင်ဆိုင်ခဲ့သည်။
"..."
လျှို့ဝှက် ကျိန်စာများကြောင့် ရွှေရောင် အသက်နန်းတော်မှာ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းနှင့် ရင်းမြစ်များကို ပြောင်းလဲခြင်း မရှိကြောင်း သူတို့ သိကြပေသည်။ ရွှေရောင် အသက်နန်းတော်မှာ သူတို့ အတိုင်း တူညီသည့် အရင်းမြစ်များကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။ ထို့အပြင်... အလုပ်လုပ် နေကြသူများမှာလည်း သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်များသာ ဖြစ်သည်။ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ပင်လျှင် တစ်ယောက်မှ မပါဝင်ပါချေ။
ပိုမို နိမ့်ပါးသည့် အထောက်အပံ့၊ လက်ထောက်၊ အဂ္ဂိရတ် စွမ်းအားတို့ဖြင့် ရွှေရောင် အသက်နန်းတော် အောင်မြင်နေချိန်တွင် ထာဝရ အစည်းအရုံး၏ အဆက်မပြတ် ကျရှုံးမှုများက ထာဝရ နတ်ဘုရား၏ နှလုံးသားကို ပိုမို၍ ညစ်ထေးစေသည်။ ထာဝရ နတ်ဘုရားမှာ ကိုယ်တိုင် ဖော်စပ်ရန် ကြိုးပမ်းခဲ့သော်လည်း... အဂ္ဂိရတ် သန့်စင်ခြင်း အဆင့်တွင် နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့သည်။
ဝေ့ဝူယင်မှာ ယခု စိန်ခေါ်မှုကို ဂရုတစိုက် အချိန်ယူ အစီအစဉ်ဆွဲပြီးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု စန်းလော့ယန် ခံစားလိုက်ရသည်။
“နောက်တစ်ခါ ထပ်ကြိုးစားကြမယ်”
ထာဝရ နတ်ဘုရားက အေးစက်စက် လေသံဖြင့် ဆိုလိုက်ရင်း နောက်ထပ် ရတနာ မှော်သန့်စင် ဆေးအိုး တစ်ခုကို ထုတ်ယူ လိုက်သည်။
“ပေါင်းစပ်ခြင်း နည်းလမ်းကို နဝမ မြေဆွဲအား မဏ္ဍိုင်ပြုခြင်း အစီအရင်နဲ့ ပြောင်းသုံးရအောင်”
သူ၏ စကားလုံးများက သတိလစ်နေသည့် အဂ္ဂိရတ် ပညာရှင်များကိုပင် နိုးကြားသွားစေခဲ့ကာ ကျန် အဂ္ဂိရတ် ပညာရှင်များမှာလည်း မောပန်း နွမ်းနယ်သည့် ခန္ဓာကိုယ်များနှင့် မတ်တပ်ထရပ် လိုက်ကြ၏။
ထိုအခိုက်တွင်ပင် ဘဲဥ ပုံသဏ္ဌာန် ကြေးမုံမှာ စတင်ကာ တုန်ခါလာခဲ့၏။ ထို့နောက်တွင်တော့ ရွှေရောင် အသက်နန်းတော်၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်များနှင့် အဂ္ဂိရတ် အင်ပါယာများ ပျော်ရွှင်စွာ ခုန်ပေါက် နေကြသည့် မြင်ကွင်းကို သူတို့ တွေ့လိုက်ရလေသည်။ ချက်ချင်း ဆိုသလိုပင် အားလုံး၏ မျက်နှာများက ပိုမို၍ အကျည်းတန် သွားကြ၏။
“နောက်ထပ် အရည်အသွေးမြင့် ဆေးတစ်လုံးဟေ့...”
ကြေညာချက်က ဘဲဥသဏ္ဌာန် ကြေးမုံမှ တစ်ဆင့် ထာဝရ အစည်းအရုံး၏ အဂ္ဂိရတ် ခန်းမ အတွင်း ပျံ့နှံ့လာခဲ့သည်။ ဤသည်မှာ သဘောတူညီထားသည့် စည်းမျဉ်း တစ်ခု ဖြစ်ပြီး၊ တစ်ကြိမ် တစ်ခါ အောင်မြင်တိုင်း အခြား တစ်ဖက်သို့ သတိပေးရန် ဖြစ်သည်။ ထာဝရ အစည်းအရုံးဝင်များမှာ ဝမ်းဗိုက်ကို ဓားနှင့် မွှမ်းသလိုပင် ခံစားလိုက်ကြရ၏။
အခြားတစ်ဖက်တွင်တော့... မာ့မျိုးနွယ်၏ တရားဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သည့် မာ့လဲ့ဟန်မှာ တောက်ပစွာ ပြုံးနေခဲ့သည်။ ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် တောက်ပနေသည့် ဘဲဥသဏ္ဌာန် ကြေးမုံကို လှမ်းကြည့်ရင်း သူ စိတ်ထဲမှ အေးစက်စက် ရယ်လိုက်မိ၏။
“အခြေခံ ဆေးညွှန်းနဲ့ ငါတို့ကို ယှဉ်ဖို့ တွေးနေတာက မိုက်ရူးရဲဆန်တာပဲ...”
ထာဝရ နတ်ဘုရားတို့ အဖွဲ့နှင့် ခြားနားစွာပင် သူတို့ထံ၌ ဆေးဖော်စပ်မှု လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အသေးစိတ် မှတ်စုများ ရှိနေခဲ့ပေသည်။
***