← Chapters

နဝမမြောက် မဟာ ပင်လယ်ပြာ ဧကရီ

Vol. 87 Ch. 1214

နဝမမြောက် မဟာ ပင်လယ်ပြာ ဧကရီ

Vol. 87 Ch. 1214

မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် အကြီးမားဆုံး၊ အထင်ရှားဆုံး အဖွဲ့အစည်း နှစ်ခု ဖြစ်သည့် ထာဝရ အစည်းအရုံးနှင့် ရွှေရောင် အသက်နန်းတော်တို့ အဂ္ဂိရတ် ခန်းမများ အတွင်း အားပြိုင်နေကြစဉ်တွင် ပြင်ပလောကကြီး တစ်ခုလုံးမှာလည်း ပြင်းပြသည့် စိတ်ခံစားမှုများနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေသည်။

လောင်းကြေးထပ်ထားကြသူများမှာ ပြင်းပြစွာ အော်ဟစ် နေကြကာ ဆန္ဒပြသူများမှာလည်း အရှိန်အဟုန်မြင့်တက် နေကြ၏။ လောကကြီး တစ်ခုလုံးမှာ ထာဝရ နယ်မြေဆီသို့ မျှော်ကြည့်နေကြကာ မေးခွန်း တစ်ခုတည်းကသာလျှင် သူတို့ စိတ်နှလုံးသားများကို စိုးမိုးထားလေသည်။

“ဘယ်တော့လဲ...”

မည်သည့် အချိန်တွင် အဂ္ဂိရတ် တာအို၏ အမြင့်ဆုံး အကန့်အသတ်ဟု ယူဆ ခံထားရသည့် ထာဝရ နတ်ဘုရားမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးနိုင်မည်နည်း။ ဆုံးရှုံးမှုများက တစ်ခုပြီး တစ်ခု စုပြုံလာခြင်းနှင့် အတူ မိသားစုများ ပျက်စီး ဆုံးရှုံးလာကာ မျက်ရည်များက လမ်းမများထက်၌ စီးဆင်း နေကြသည်။ သူတို့ ဆုံးရှုံးသွားသည့် လောင်းကြေးများက ရွှေရောင် အသက် နန်းတော် အတွက်တော့ အမြတ်ငွေများ ဖြစ်ပေသည်။

သို့သော်လည်း... သူတို့ မည်ကဲ့သို့ ရွှေရောင် အသက်နန်းတော်ကို အပြစ်တင်နိုင်မည်နည်း။ အားလုံး၏ အမျက်ဒေါသက သူတို့၏ မျှော်လင့်ချက်များ၊ ယုံကြည်မှုများကို ဖျက်ဆီးပစ်ခဲ့သည့် ထာဝရ နတ်ဘုရား အပေါ်တွင်သာ စုပြုံကာ ကျရောက်နေသည်။‌ ရွှေရောင် အသက်နန်းတော်မှာ အံ့အားသင့်ဖွယ် အခွင့်အရေး တစ်ရပ်ကို ပေးခဲ့သော်လည်း အံ့အားသင့်ဖွယ် ကောင်းစွာပင် ထာဝရ နတ်ဘုရားမှာ ဆက်လက် ရှုံးနိမ့်နေဆဲ ဖြစ်ပေသည်။

လူကြိုက်များမှုကို အခြေခံ၍ ခပ်ကြမ်းကြမ်း ပြောင်းလဲထားသည့် လောင်းကြေး အချိုးများသည် လောဘသားများစွာကို ဖြတ်လမ်းနည်းဖြင့် ချမ်းသာ ကြွယ်ဝလာစေဖို့ အိပ်မက် မက်စေခဲ့သည်။ မျှော်လင့်ချက်၊ အနာဂတ်နှင့် အိပ်မက်များ အတွက် အချို့ ဆိုလျှင် ဘဏ်များမှပင် ကြွေးမြီများ‌ ချေးယူကာ လောင်းကြေး ထပ် နေကြသည်။ တစ်နှစ်တာ ကာလ အဆုံးသတ်တွင်တော့ ရွှေရောင် အသက်နန်းတော်မှ မဟာစက်ဝန်း ကြယ်ကွင်းပြင် နေရာ များစွာမှ အမြတ်အစွန်းများကို ရယူနိုင်ခဲ့ရုံမျှသာ မက အပြောကျယ်လှသည့် ‌ကမ္ဘာကြီး အတွင်း မြေနေရာများစွာကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော်လည်း... မွှန်ထူနေကြသည့် လူများစွာကတော့ ထာဝရ အစည်းအရုံးကိုသာ ကျိန်ဆဲ နေကြပေသည်။ စုရုံး ဆန္ဒပြနေကြသူများမှာ ထာဝရ အစည်းအရုံး၏ ဌာနခွဲများသို့ပင် ရွှေ့ပြောင်း သွားကြကာ ထာဝရ နတ်ဘုရားထံမှ အဖြေတစ်ခု ရရှိဖို့ အော်ဟစ် နေကြသည်။ အချို့ အတင့်ရဲသူများ ဆိုလျှင် သူတို့ ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန်ပင် တောင်းဆိုနေကြသည်။ သူတို့က ထာဝရ အစည်းအရုံး၏ အမှောင် ဘက်ခြမ်းများကိုပင် ထုတ်ဖော် နေကြကာ မကြာသေးခင်က ထုတ်လုပ်ခဲ့သည့် ထာဝရ နယ်မြေ ဆေးလုံးကို အဓိကထား တိုက်ခိုက် နေကြသည်။

အထူးသဖြင့်... ကွဲပျက် နတ်ဘုရား ဆေးလုံး စျေးကွက်အတွင်း ဝင်ရောက်လာသည့် အခြေအနေတွင် ထာဝရ နယ်မြေဆေးလုံး၏ ဟာကွက်များမှာ ပိုမို၍ ပေါ်လာခဲ့သည်။ ကွဲပျက် နတ်ဘုရား ဆေးလုံးမှာ အဆင့်ရှစ် ဆေးလုံး တစ်ခု အနေဖြင့် ပေါ်လာခဲ့ကာ ရွှေရောင် အသက် နန်းတော် ဌာနခွဲများနှင့် ဆိုင်ခွဲများတွင် လွတ်လပ်စွာ ဝယ်ယူနိုင်ပေသည်။ ထိုအရာကပင် ရွှေရောင် အသက်နန်းတော် အတွက် မဟာ စက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြား မြေနေရာများကို ဝယ်ယူဖို့ ကြိုးစားရာတွင် ပိုမို လွယ်ကူလာခဲ့သည်။

နှစ်နှစ်ဆိုသည့် အတောအတွင်းမှာပင် ရွှေရောင် အသက်နန်းတော်မှာ စာချုပ်ပေါင်း မြောက်များစွာကို ချုပ်ဆို နိုင်ခဲ့ကာ ဌာနခွဲများမှာလည်း အရှိန်အဟုန်နှင့် ပေါများ လာခဲ့သည်။ မူလ ကိုင်းခွဲများနှင့် နှိုင်ယှဉ်လျှင် ထိုဌာနခွဲများမှာ သေးငယ်သည့်တိုင် ရွှေ‌‌ရောင် အသက်နန်းတော်၏ သြဇာ လွှမ်းမိုးမှုကို ပျံ့နှံ့စေရန် များစွာ အထောက်အကူ ပြုခဲ့ပေသည်။ သူတို့မှာ ပန်းတိုင်ကို တဖြည်းဖြည်း ချဉ်းကပ်လျှက် ရှိနေခဲ့ပေသည်။

တတိယမြောက်နှစ်တွင်တော့ ကြေညာချက် တစ်ရပ် ပေါ်ထွက်လာခဲ့၏။ ထာဝရ နတ်ဘုရား အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။

"..."

သို့သော်လည်း တုန့်ပြန်မှုများကတော့ အေးစက်မှုများနှင့်သာ ပြည့်နှက် နေခဲ့၏။

“ဘာအရည်အချင်းမှ မရှိဘူး...”

သူတို့က ဒေါသတကြီး အော်ဟစ်ကြ၏။

"ဘာအဂ္ဂိရတ် ရှန့်ထိုလဲ...”

သူတို့က လှောင်ပြောင်ကြ၏။

"အဲဒီ အဖွဲ့အစည်းဆီက နောက်တစ်ခါ ဘာမှ ထပ်မဝယ်တော့ဘူး”

အချို့ကလည်း ဒေါသတကြီး ကျိန်ဆိုကြသည်။

များစွာသော လူများမှာ ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်း ကျော်ဇော်မှုက မထိုက်တန် ဟူ၍ပင် စတင် ခံစားလာခဲ့ကြရသည်။

ခေတ်သစ်တစ်ခု၏ အကောင်းဆုံး ထုတ်ကုန်လား။ ရွှေရောင် အသက်နန်းတော်မှာ ပေးဆောင်နိုင်စွမ်း ရှိသည်။ သာမန် ကျင့်ကြံသူများ အတွက် အလိုအပ်ဆုံး ဆေးလား။ ကွဲပျက် နတ်ဘုရားဆေးမှာ ထာဝရ အစည်းအရုံး၏ ထာဝရ နယ်မြေ ဆေးလုံးထက် အဆငါးဆယ် စျေးသက်သာကာ အကျိုးသက်ရောက်မှုမှာလည်း အတူတူပင် ဖြစ်သည်။ ပြောရလျှင်... ကွဲပျက် နတ်ဘုရား ဆေးလုံးမှာ ပိုမို၍ပင် အခြေခံ ခိုင်မာမှု ရှိသေးသည်။

ဆေးလုံး၏ စျေးနှုန်းမှာ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု အတွက် အတော်လေး မြင့်မားသည့်တိုင် လူတိုင်း လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်သောကြောင့် သာမန် ပြည်သူများ အတွက် သင့်တင့်မျှတသည်ဟု ခံစားရသည်။ တစ်ချိန်တည်း၌ ထိုထိုးနှက်ချက်က ထာဝရ အစည်းအရုံး၏ မတရားလောဘကြီးမှုကို ပိုမို၍ ထင်ရှားစေသည်။

ယခုအခါ၌ ထာဝရ နတ်ဘုရား၏ အောင်မြင်မှုနှင့် အတူ ထာဝရ အစည်းအရုံးမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးများကို စတင်ကာ ရောင်ချနိုင်ပြီ ဖြစ်သည်။ ထို့အပြင်... ရွှေရောင် အသက်နန်းတော်နှင့် သဘော တူညီချက် အရ သူတို့မှာ ကွဲပျက် နတ်ဘုရား နယ်မြေ ဆေးလုံးကိုလည်း စတင် ဖန်တီးနိုင်ပြီ ဖြစ်ကာ ထိုဆေးများကို ရောင်းချ၍ ဝင်ငွေ၏ သုံးဆယ် ရာခိုင်နှုန်းကို ရယူနိုင်ပေသည်။

ထာဝရ အစည်းအရုံး၏ အကြီးအကဲများမှာ ပြင်ပ လောကသို့ ထွက်ထွက်ချင်းပင် ပြည်သူလူထုထံမှ မကောင်းသော အမြင်များကို သိရှိလိုက်ရလေရာ အလွန်ပင် အံ့အားသင့် သွားခဲ့ကြသည်။ သဘောတူညီချက် အရ... သူတို့မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံး မအောင်မြင်ခင် အချိန် အထိ ပြင်ပ လောကနှင့် ဆက်သွယ်ခွင့် မရခဲ့ချေ။ ယခုအခါတွင်တော့ လောင်းကြေးများမှ တစ်ဆင့် ဂုဏ်သတင်း ကျဆင်းမှုများကို သူတို့ သိရှိလာခဲ့ပြီ ဖြစ်သည်။

စန်းလော့ယန် အပါအဝင် အားလုံးမှာ အလွန်ပင် ဒေါသထွက် သွားကြ၏။ ဘယ်လောက်တောင် ယုတ်ညံ့လိုက်သနည်း။ သူတို့က အခွင့်အရေး ယူကာ ထာဝရ အစည်းအရုံး၏ အောက်ခြေကို အပြတ်ဖြတ်ပစ်ဖို့ ကြိုးစားလိုက်ခြင်း ဖြစ်သည်။ ယခုအခါ ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်းက အောက်ခြေ အထိ ကျဆင်း သွားခဲ့ပြီ ဖြစ်ကာ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်းကိုပင် မထီမဲ့မြင်ပြုလာကြသည်။

အံ့အားသင့်ဖို့ အကောင်းဆုံးက ရွှေရောင် အသက်နန်းတော်မှ ထွက်ရှိလာသည့် ထုတ်ကုန်များ၏ ပမာဏ ဖြစ်သည်။ ထာဝရ အစည်းအရုံး၏ ထုတ်ကုန်များမှာ ရရှိနိုင်ချေ နည်းပါးသောကြောင့်‌ စျေးနှုန်း မြင့်မားစွာ ရောင်းချလေ့ ရှိကြသော်လည်း ရွှေရောင် အသက်နန်းတော်ကတော့ စျေးနှုန်းများကို သိသိသာသာ လျော့ချကာ ရောင်းချနိုင်ကြသည်။ အမျိုးမျိုးသော စာချုပ်များနှင့် အတူ သူတို့က လျှော့စျေး အစီအစဉ်များကိုပါ ဖန်တီးပေးနေလေရာ မည်သူမှ ထာဝရ အစည်းအရုံး ရှိရာထံသို့ သွားစရာ မလိုတော့ချေ။

ထို့အပြင် ရွှေရောင် အသက်နန်းတော်မှာ မှာကြားထားသည့် အဂ္ဂိရတ် ထုတ်ကုန်များကို ဘယ်‌လောက်ပင် ကွာဝေးသည် ဖြစ်စေ သုံးရက်မှ ငါးရက် အတွင်း ပို့ဆောင်ပေးနိုင်စွမ်း ရှိသည်။ ၎င်းမှာ မယုံကြည်နိုင်စရာ ကောင်းသည့် ဝန်ဆောင်မှုမျိုး ဖြစ်သည်။ ပုံမှန် အဂ္ဂိရတ် အဖွဲ့အစည်းများ... အထူးသဖြင့် ထာဝရ အစည်းအရုံးတွင် ဆိုလျှင် သာမန် အရည်အသွေးနိမ့် အဂ္ဂိရတ် ထုတ်ကုန်များ မှာယူဖို့ အတွင်ပင် စာရင်းပေါင်း များစွာ တန်းစီ နေလေ့ ရှိသည်။

ထိုကဲ့သို့ စျေးနှုန်း ချိုသာမှု၊ အလွန် မြန်ဆန်သည့် ပို့ဆောင်မှု၊ ထာဝရ အစည်းအရုံးထက် ပိုမို များပြားသည့် ထုတ်ကုန် အမျိုးအစားများကြောင့် အနည်းစုသော လူများကသာလျှင် ထာဝရ အစည်းအရုံးထံမှ ထုတ်ကုန်များကို မှာယူဖို့ ဆုံးဖြတ်ကြတော့သည်။ ထာဝရ အစည်းအရုံး၏ စီမံ ခန့်ခွဲသူများမှာ ထိုပြဿနာကို အဖြေရှာဖို့ ကြိုးစားကြသည့်တိုင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အလုပ်များနေခဲ့သည့် အခြေအနေတွင် ရွှေရောင် အသက်နန်းတော်ကို ယှဉ်ဖို့ လုံးဝ မဖြစ်နိုင်ခဲ့ပါချေ။

စတုတ္ထမြောက် နှစ်တွင်တော့ မဟာပင်လယ်ပြာ ကြယ်တာရာ နယ်မြေ (၂၀ ခုမြောက်) ၏ တော်ဝင် ကလန်မှာ ရွှေရောင် အသက်နန်းတော်ကို ဝင်ခွင့် ပိတ်ပင်ခဲ့သည်။ အကြောင်းပြချက်ကတော့ ရွှေရောင် အသက်နန်းတော်မှာ ကြယ်တာရာ နယ်မြေသားများထံ လောင်းကစား အလေ့အထ ယူဆောင်လာခဲ့သောကြောင့်ဟု ဆိုသည်။ ထို့အပြင်... သူတို့မှာ စတင်ကာ နယ်ချဲ့ကာ ရွှေရောင် အစည်းအရုံး အပါအဝင် အခြား အဖွဲ့အစည်းများ၏ နယ်မြေများကိုပါ သိမ်းယူခဲ့သည်။

ဆုံးရှုံးသွားသည့် နယ်မြေကို ပြန်လည် သိမ်းယူခွင့် ရှိသည် အကြောင်းပြချက်ဖြင် ရွှေရောင် အသက်နန်းတော်မှာ မဟာပင်လယ်ပြာ ကြယ်တာရာ နယ်မြေကို ကျူးကျော် တိုက်ခိုက်ခဲ့သည်။ သူတို့ပိုင် နယ်မြေများကို ပြန်လည် သိမ်းယူကာ လျှို့ဝှက် အာဏာရှင် အဆင့်များကို နေရာအနှံ့ ချထားခဲ့သည်။ ထို့အပြင်... မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေနှင့် ပတ်သက်သည့် ကုန်သွယ်‌ရေးတိုင်းကို ဖြတ်တောက် ပစ်ခဲ့သည်။ ထို့အပြင်... တော်ဝင် ကလန်နှင့် ကုန်သွယ်သည့် မည်သည့် အဖွဲ့အစည်းကို မဆို ဒဏ်ခတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပဉ္စမမြောက်နှစ်တွင်တော့ မဟာပင်လယ်ပြာ ကြယ်တာရာ နယ်မြေ အတွင်း ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ကောလဟလများ အရ... တော်ဝင် ကလန် အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် အဋ္ဌမမြောက် မဟာ ပင်လယ် ဧကရာဇ်၏ မျိုးဆက် တစ်ဦးမှာ မာ့လုလင်ကို အတင်းအကြပ် လက်ထပ်ဖို့ ဖိအားပေးခဲ့တာကြောင့် ထိုပြည်တွင်းစစ် စတင်ခဲ့ခြင်းဟု ဆိုသည်။ မာ့လုလင်မှာ လက်ရှိ မဟာပင်လယ်ပြာ ကြယ်တာရာ နယ်မြေတွင် ရောက်ရှိနေထိုင်ကာ ရွှေရောင် အသက်နန်းတော် ကိုင်းခွဲ တစ်ခု၏ ဒုတိယ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ထို့အပြင် သူမမှာ လက်ရှိ လုပ်ဆောင်နေသည့် အမှုကိစ္စတိုင်းကို ကြီးကြပ်နေသူလည်း ဖြစ်ပေသည်။ ထိုကိစ္စက မှန်၊ မမှန် မသိရသည့်တိုင် ပြည်တွင်းစစ်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဖြစ်ပျက်လာခဲ့ပြီ ဖြစ်သည်။

သတ္တမမြောက်နှစ်တွင်တော့ အဋ္ဌမမြောက် မဟာ ပင်လယ်ပြာ ဧကရာဇ် ဖမ်းဆီးခံလိုက်ရသည်။ သူက ရှုံးနိမ့်မှုကို ဝန်ခံကာ အာဏာကို လက်လွှတ်ခဲ့ရသည်။ မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေကတော့ နောက်ထပ် ပင်လယ် ဧကရာဇ် တစ်ဦးကို ရရှိခဲ့ကာ၊ တစ်ခေတ်တစ်ခါက မဟာ သမုဒ္ဒရာ ဧကရီ အဖြစ် နာမည် ကျော်ကြားခဲ့သည့် သူမမှာ နဝမမြောက် မဟာ ပင်လယ် ဧကရီ ဖြစ်လာခဲ့လေတော့သည်။

***

All Chapters