အာဏာရှင် အဖွဲ့ဝင်သစ်များ
Vol. 87 Ch. 1206
“ငါတို့ သေသွားခဲ့တာလား...”
တိမ်ပြာ၊ ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့ သုံးယောက် ဝေဝေဝါးဝါး တွေးလိုက်မိကြ၏။ ဟုတ်သည်။ သူတို့ သေဆုံးသွားခဲ့သည်။ လူငယ်၏ ဓားချက် အောက်၌ ခေါင်းများ ပြတ်ထွက် သွားသည်ကို သူတို့ ကိုယ်တိုင် မြင်ခဲ့ရသည်။
သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လာကာ ဝေ့ဝူယင်ကို လှမ်းကာ ကြည့်လိုက်ကြ၏။ လူငယ်မှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ ကျောထက်ရှိ ဒဏ်ရာ သုံးခုကတော့ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အမူအရာကတော့ မူလက အတိုင်း အပြောင်းမလဲ တည်ငြိမ်နေ၏။
လွန်ခဲ့သည့် သုံးရက် အတွင်း ဝေ့ဝူယင်နှင့် တိုက်ခိုက်ရန် အတွက် သူတို့ များစွာ ကြိုးစားခဲ့သည်။ အစီအစဉ်များစွာ ချမှတ်ခဲ့သည်။ လှည့်ကွက်များစွာဖြင့် ကစားဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း... အဆုံးသတ်တွင်တော့ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အားသာချက်များမှာ လူငယ်၏ ဓားချက် သုံးချက် အောက်မှာပင် ပျက်ပြယ် သွားခဲ့ရသည်။
“အရှင်ဝေ့...”
တိမ်ပြာက တုန်ရီစွာဖြင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။ ဝူယု ရောက်ရှိလာပြီ ဖြစ်လေရာ တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သူ ရိပ်မိပေသည်။ သို့သော်လည်း... ဝေ့ဝူယင်က စိတ်ပြောင်းကာ သူတို့ကို နောက်တစ်ကြိမ် တိုက်ခိုက်မည်ကိုတော့ စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်သည်။
“ခင်ဗျားတို့ သုံးယောက်စလုံး တော်ကြပါတယ်”
ဝေ့ဝူယင် ပြုံးလိုက်ရင်း ချီးကျူးလိုက်၏။ သူတို့မှာ အမိန့်အတိုင်း လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ပြီး သူ့ကို ခြောက်ကြိမ် တိုင်တိုင် သတ်ဖြတ်နိုင်ခဲ့သည်။ အကယ်၍ သူတို့သာ အမှန်တကယ် မတိုက်ခိုက်ဘူး ဆိုလျှင် ဝေ့ဝူယင် ကိုယ့်အကန့်အသတ်ကို ဘယ်တော့မှ စစ်ဆေးနိုင်လိမ့်မည် မဟုတ်ပါချေ။
အကန့်အသတ်...
ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ ဘုရင်နှင့် ဒြပ်စင်တို့သာ မရှိပါက ဝေ့ဝူယင်၏ လက်ရှိ ခွန်အားမှာ ပျမ်းမျှ လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့်သာ ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။ သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက်နှင့် ယှဉ်တိုက်ဖို့ အတွက်တော့ သူ့ထံတွင် အခွင့်အလမ်းပင် ရှိလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း... ထိုနှိုင်းယှဉ်ချက်မှာ ခွန်အားချင်း သီးသန့် အပေါ်တွင်သာ အခြေခံ ပေသည်။ ဝေ့ဝူယင်မှာ ဘယ်တုန်းကမှ ကျင့်ကြံခြင်း အခြေခံ တစ်ခုတည်းပေါ်တွင်သာ မှီခိုခြင်း မရှိခဲ့ချေ။ သူက သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါချေ။ သူက သေမျိုး အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်သည့် အပြင် များလှစွာသော ရတနာများကို ကိုယ်နှင့် မကွာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ့ထံတွင် သေမျိုးတစ်ပိုင်း အရှင် အဆင့်များ လက်မှ လွတ်မြောက်အောင် ပြေးရန် သို့မဟုတ် သူတို့ကို အသေသတ်ရန် နည်းလမ်းပေါင်းများစွာ ရှိပေသည်။
အကယ်၍ ဝေ့ဝူယင်သာ သူ၏ ကျင့်ကြံခြင်း အကန့်အသတ် အပေါ် မကျေနပ်နေကြောင်း အခြားလူများ သိပါက သူတို့ကိုယ် သူတို့ အရှက်ရစွာဖြင့် သတ်သေမိလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်မှာ ယခုမှ အချိန်သခင် တစ်ယောက်မျှသာ ဖြစ်သည်။ သေမျိုး ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည်။ သို့သော်လည်း သမာရိုးကျ အစဉ်အလာများကို ချိုးဖျက်ကာ သေမျိုးတာအို အလွန်ရှိ ကျင့်ကြံသူများကို ယှဉ်တိုက်နိုင်နေပြီ ဖြစ်သည်။ သူ့ကို သေမျိုးတာအို အတွင်း ပြိုင်ဘက်ကင်း တစ်ယောက်ဟုပင် သတ်မှတ်နေနိုင်ပြီ ဖြစ်သည်။ သို့တိုင်အောင် သူက မကျေနပ် နေသေးသည်လား။
အခြားတစ်ဖက်တွင်တော့...
ခွန်ရီမင်မှာ သူမ လည်ပင်းကို ပြန်လည် ထိကြည့်လိုက်မိ၏။ ဝူယု၏ ကယ်တင်မှုကို ခံထားရသည့်တိုင် မည်ကဲ့သို့ သေဆုံးရသည်ကို သူမ မှတ်မိနေဆဲ ဖြစ်သည်။ သေဆုံးခြင်းက အများသူငါ ထင်မှတ်ထားသလို မမြန်ပါချေ။ ထို့အပြင်... သူမမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်လေရာ သူမ၏ အတွေးဖြစ်စဉ်မှာ လျှပ်စီး ကဲ့သို့ လျှင်မြန်ပေသည်။ ခေါင်းပြတ်သွားကာ မသေဆုံးခင် အချိန် အတွင်း ထောင်နှင့်ချီသော အတွေးများကို သူမ တွေးမိခဲ့ပေသည်။ ရာနှင့်ချီသည့် ကိစ္စရပ်များ အပေါ် နောင်တရခဲ့ရသည်။
သူက ခပ်ဖွဖွ သက်ပြင်းချလိုက်ရင်း တွေဝေကာ ရပ်နေသည့် ခုတ်ပိုင်းခြင်းဓားဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူမက သူ့ လက်ကို ဆုပ်ကိုင်လိုက်၏။ ခုတ်ပိုင်းခြင်းဓားက သူမကို ကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
ခွန်ရီမင် သူ့ကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်၏။
“ယောကျ်ား... ကျွန်မ ကလေး လိုချင်တယ်”
သေခြင်းတရားနှင့် ရင်ဆိုင်ရပြီး နောက်တွင် လူတစ်ယောက်၏ ဦးစားပေး ကိစ္စများမှာ အမြဲတမ်း ပြောင်းလဲ သွားတတ်ပေသည်။
“...”
ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများက အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုများနှင့် တောက်ပသွားခဲ့၏။ ထို့နောက်တွင်တော့ ၎င်းတို့က နွေးထွေးသည့် ခံစားချက်များ အဖြစ် အသွင်ပြောင်း သွားခဲ့သည်။ သူ ခိုင်မာစွာပင် ခေါင်းညိတ်လိုက်၏။
“အင်း...”
“...”
ဝေ့ဝူယင် ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့ ကြားမှ စိတ်ခံစားချက် အပြောင်းအလဲကို သတိထားမိလေရာ ပြုံးလိုက်မိ၏။ သူက တည်ငြိမ်စွာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒီမှာ မင်းတို့ အတွက် ဆုလာဒ်တွေ...”
ရှန့်ထို လက်စွပ် သုံးကွင်းမှာ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်ထံသို့ လွင့်မြော သွားခဲ့၏။ သူတို့က မတုန့်မဆိုင်းပ်င ဖမ်းယူကာ အတွင်းပိုင်းကို ဝိညာဉ်အာရုံများနှင့် စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ သူတို့ မျက်လုံးများက ပြူးကျယ် သွားခဲ့လေ၏။
ခွန်ရီမင်ကတော့ တစ်ခုခု မှားယွင်းနေမှာကို စိုးရိမ်သည့် အလား မယုံကြည်နိုင်စွာပင် အပြန်ပြန် အလှန်လှန် ထပ်မံ စစ်ဆေး နေခဲ့လေသည်။ စောစောလေးက ကလေး လိုချင်သည့် ဆန္ဒကိုပင် သူမ တဒင်္ဂမျှ မေ့လျော့ သွားခဲ့ပြီ ဖြစ်လေသည်။
“ဒါက အရမ်းများလွန်းတယ်... အရှင်ဝေ့...”
တိမ်ပြာက ဝေ့ဝူယင်ကို ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ ဝေ့ဝူယင်က အသာအယာပင် ခေါင်းကို ခါယမ်းလိုက်သည်။
“အာဏာရှင် အဖွဲ့ဝင်သစ်တွေ အတွက်တော့ မများပါဘူး”
“အာဏာရှင် အဖွဲ့...”
လျှို့ဝှက် အာဏာရှင် သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ထိုနာမည်ကို သူတို့ ကြားဖူးသည်။
၎င်းက ထာဝရ ကြယ်တာရာ နယ်မြေ ပျက်သုဉ်းပြီးနောက် နှစ်အနည်းငယ် အကြာတွင် ပေါ်လာသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ သူတို့မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြားရှိ သေးငယ်ပြီး မထင်ရှားသည့် ဂြိုဟ်လေးကို လွှမ်းမိုးထားသည်။ သူတို့၏ ဇစ်မြစ်နှင့် နောက်ခံက အလွန်ပင် လျှို့ဝှက်ကာ ထိပ်သီး ပါရမီရှင်များနှင့် ဖွဲ့စည်းထားသည် ဟုသာ သိရသည်။
လွန်ခဲ့သည့် လေးနှစ်ခန့်တုန်းက လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်မှာ သူတို့၏ တည်ရှိမှုကို သတိထားမိကာ ရန်ငြိုးများ ဖွဲ့ခဲ့မိသည်။ ထို့နောက် မကြာခင်မှာပင် သူ အသတ်ခံခဲ့ရသည်။ သူ့ကို ကာကွယ်ရန် ကြိုးပမ်းခဲ့သည့် ကလန် တစ်ခုလုံးမှာလည်း သုတ်သင်ခံခဲ့ရသည်။ ကလန် အခြေစိုက်ရာ နေရာ တစ်ခုလုံး မီးလောင်တိုက် အသွင်းခံခဲ့ရကာ “အာဏာရှင် အဖွဲ့” ဆိုသည့် သင်္ကေတ တစ်ခုသာလျှင် ကျန်ရစ်ခဲ့ပေသည်။
ထိုဖြစ်ရပ် ပြီးနောက်တွင် မရေမတွက်နိုင်သည့် ကောလဟလများ ထွက်ပေါ်လာခဲ့ကာ အချို့က “အာဏာရှင် အဖွဲ့” မှာ ဝေ့ဝူယင်၏ လက်အောက်ခံ အဖွဲ့အစည်းဟု အခိုင်အမာ ဆိုကြသည်။ ဝေ့ဝူယင် တစ်ယောက်သာလျှင် ထိုမျှ ထူးချွန်သည့် လူများကို မွေးထုတ်ပေးနိုင်သည် မဟုတ်ပါလား။
ယခုတွင်တော့ ထိုကောလဟလများ အမှန်တကယ် ဖြစ်ကြောင်း သူတို့ သိရှိလိုက်ပြီ ဖြစ်သည်။
ဝေ့ဝူယင် အနည်းငယ် ပြုံးရင်း လက်အောက်ငယ်သား သုံးယောက်ကို ကြည့်လိုက်၏။
“ခင်ဗျားတို့ လွတ်လွတ်လပ်လပ် နေချင်တယ် ဆိုလည်း ကျုပ် မတားပါဘူး”
“မဟုတ်... မဟုတ်ပါဘူး... ကျုပ်တို့ ဝင်ချင်ပါတယ်... အခွင့်အရေး ပေးတဲ့ ကျေးဇူးတင်ပါတယ် အရှင်ဝေ့...”
တိမ်ပြာမှာ ဝေ့ဝူယင် စိတ်ပြောင်းသွားမည်ကို စိုးရိမ်လေရာ ကပျာကယာပင် အဖြေပေးလိုက်၏။ ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့ကလည်း အလားတူပင် ကျေးဇူးတင်စကားများ ဆိုလိုက်ကြသည်။ ထိုအရာက သူတို့ အတွက် အခွင့်အရေး ဖြစ်ပေသည်။
ဝေ့ဝူယင်က ကျေနပ်စွာပင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လေးနက်သည့် လေသံဖြင့် သတိပေး လိုက်သည်။
“ကောင်းတယ်... ဒါပေမဲ့ သတိ မပေါ့ကြနဲ့... ပြင်ဆင်ထားကြ... ကစဉ့်ကလျား အခြေအနေတွေက မကြာခင် လာတော့မယ်... ကျုပ်တို့ အဆင်သင့် ဖြစ်နေမှ ရမယ်”
***