ပိုင်ရှု၏ ပြောင်းလဲမှု
Vol. 87 Ch. 1208
"..."
ဝေ့ဝူယင် စကားပြောနေသည့် အချိန်တွင် ဝူယုမှာ တိတ်တဆိတ်ပင် နားထောင် နေခဲ့သည်။ အချိန်နှင့် အမျှ သူ၏ မျက်လုံးများက နားလည် သဘောပေါက်ခြင်းများနှင့် ပိုမို လင်းလက် လာခဲ့သည်။ ရှစ်မိနစ်မျှ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်၏ မှာကြားမှုများမှာ ပြီးဆုံးသွားကာ ဝူယု၏ အမူအရာမှာလည်း စိတ်လှုပ်ရှားသည့် အငွေ့အသက်များနှင့် ထုံလွှမ်း နေခဲ့သည်။
“သွားတော့...”
ဝေ့ဝူယင်က ဆိုလိုက်၏။ ဝူယုက နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ နက်ရှိုင်းစွာဖြင့် ဦးတစ်ချက် ညွှတ်လိုက်သည်။ ထို့နောက်တွင်တော့ ကြယ်တာရာ အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ပျံသန်း ထွက်ခွာ သွားတော့၏။ သူ၏ ဦးတည်ရာကတော့ မဟာစက်ဝန်း ကြယ်ကွင်းပြင်ပင်။
မိုင်ပေါင်း သုံးသိန်းခန့် ခရီးနှင်ပြီးနောက်... ဝူယုမှာ သူ ဦးညွှတ်ခဲ့သည်ကို ပြန်လည် သတိရသွား၏။ ချက်ချင်းပင် သူ၏ မျက်လုံးများက မယုံကြည်နိုင်မှု၊ အံ့သြမှုများနှင့် ပြည့်နှက် သွားသည်။ ကြောက်ရွံ့ ထိတ်လန့်စွာပင် သူ လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ ကျင့်ကြံခြင်း သွေဖီမှု ဖြစ်ပွားလာပါက ကာကွယ်ရန် သူ အဆင်သင့် ပြင်ဆင်ထားသည်။
အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံနေသည့် လူတစ်ယောက် အနေဖြင့် အင်ပါယာ ကောင်းကင် အော်ရာ၏ လည်ပတ်ပုံကို သူ ကောင်းစွာ နးလည်ထားသည်။ အင်ပါယာ ကောင်းကင်ချီကို ကျင့်ကြံသူတိုင်းမှာ အင်ပါယာ တစ်ယောက် ဖြစ်ကို ဖြစ်လာရမည် ဖြစ်သည်။ ထို့ကြောင့်ပင် ဝူယုမှာ ထာဝရ ဧကရာဇ်၏ နောက်ကို လိုက်ပါရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း တစ်ဦး ဖြစ်လာခဲ့ပြီး နောက်တွင်တော့ ဝူယုမှာ ကိုယ့်ကိုယ်ကို အရှင်သခင် တစ်ပါး အနေဖြင့် မခံယူတော့သည့်တိုင် နိမ့်ကျသည့် ကျေးကျွန် တစ်ယောက် အဖြစ်လည်း လက်ခံ မထားခဲ့ပါချေ။ သူ ဝေ့ဝူယင် အပေါ် အကြွင်းမဲ့ လေးစားသည်မှာ မှန်သော်လည်း သူ့ထက် ပိုမို ကြီးကျယ် မြင့်မြတ်သည်ဟုတော့ ဘယ်တုန်းကမှ မတွေးခဲ့ချေ။ သူက မကြာခဏ ဆိုသလို ကိုယ့်သဘော အတိုင်း ကိုယ် လုပ်ဆောင်ခဲ့ကာ ပင်းမျိုးနွယ်၏ တပည့်ကို ရှင်းလင်းခဲ့သည်မှာလည်း မိမိ ဆန္ဒ အရသာ ဖြစ်သည်။
ထိုဝင့်ကြွားမှုနှင့် မာနတရားမှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှ တိုက်ရိုက် ဆင်းသက်လာခြင်း ဖြစ်သည်။ ဧကရာဇ် ဝိညာဉ် ပျက်သုဉ်းပါက ကျင့်ကြံခြင်းလည်း ပျက်သုဉ်းရမည်။ လမ်းစဉ်လည်း တမုဟုတ်ချင်း ပျက်စီး သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခုတွင်တော့ မိမိ အသိစိတ်ဓာတ်နှင့် မဟုတ်ပဲ သူ ဝေ့ဝူယင်ကို အလိုအလျောက် ဦးညွှတ်ခဲ့မိသည်။ ၎င်းက လေးစားမှုကို ပြသသည့် သာမန်ကာ လျှံကာ ဦးညွတ်ခြင်းမျိုး မဟုတ်ပဲ နှလုံးသား အတွင်းမှ နက်ရှိုင်းစွာ ဖြစ်ပေါ်လာသည့် လေးစားကြည်ညိုမှုမျိုးနှင့် ဖြစ်ပေသည်။ သူ၏ ထိုလုပ်ရပ်က ဧကရာဇ် လမ်းစဉ် လျှောက်လှမ်းနေသည့် ကျင့်ကြံသူ တစ်ယောက် အတွက်တော့ သွေဖီခြင်းပင်။
“...”
သို့သော်လည်း... နှစ်နာရီ ကြာမြင့်ပြီးသည် အထိ အပြောင်းအလဲ တစ်ခုမှ ဖြစ်ပေါ် မလာခဲ့ချေ။ ဝူယု၏ အမူအရာက စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက် သွားခဲ့၏။ သူ နောက်သို့ လှည့်ကာ မိုင်သိန်းပေါင်း များစွာ အကွာအဝေးမှ ပုံရိပ်ကို ကြည့်လိုက်သည်။ လူငယ်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ သူ့ကို တိတ်တဆိတ် လှမ်းကြည့် နေခဲ့၏။
ဝေ့ဝူယင်မှာ ကောင်းကင် အင်ပါယာ ချီနည်းလမ်းနှင့် အကျွမ်းဝင်ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ဝူယု မည်သည့် အရာကို စိုးရိမ်နေကြောင်း သူ ချက်ချင်း ရိပ်မိပေသည်။ သို့သော်လည်း... ကံကောင်း ထောက်မစွာပင် သူတို့ နှစ်ယောက်စလုံး စိုးရိမ်နေသည့် အရာက ဖြစ်မလာခဲ့ပါချေ။
“အဲဒါက အင်ပါယာ ဥပဒေသ မျိုးစေ့ကြောင့် ဖြစ်နိုင်တယ်... ဝူယုက ဘယ်တော့မှ ဦးညွှတ်တဲ့လူ မဟုတ်ဘူး”
ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ ဝူယုမှာ ယခုအထိ စဉ်းစား မရသေးသည့်တိုင် ဆက်လက် တုန့်ဆိုင်း မနေပါတော့ချေ။ သူက လျှင်မြန်စွာပင် ပျံသန်းကာ မြင်ကွင်း အတွင်းမှ ပျောက်ကွယ် သွားခဲ့၏။
"..."
ထိုဖြစ်ရပ်က မထင်မရှား ပမွှားလေးဟု ထင်ရသော်လည်း... ဝေ့ဝူယင်၏ စိတ်ကတော့ အမျိုးမျိုးသော အတွေးများနှင့် လှည့်ပတ် နေခဲ့လေသည်။ ထိုတစ်ခဏ ကြာပြီးနောက် သူ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
ထို့နောက်တွင်တော့ လွန်ခဲ့သည့်နှစ်များတုန်းကလိုပင် သူ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ငေးမောကာ အစီအစဉ်များကို ရေးဆွဲ ချမှတ်နေလေတော့သည်။
....
တိုက်ပွဲ အဆုံးသတ်သည်မှာ သုံးနာရီ နီးပါး ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ မိန်းကလေး ခုနစ်ယောက်မှာ မူလ နေရာတွင်ပင် ရပ်နေကြဆဲ ဖြစ်ကာ ဖြစ်စဉ်အစအဆုံးကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေကြ၏။
လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ ရောက်ရှိလာကာ ဝေ့ဝူယင်ကို ဆိုင်းမဆင့် ဗုံမဆင့် တိုက်ခိုက်ခဲ့သည်။ အတင်းပတင်း သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်ကသာလျှင် သူတို့ကို ပြန်လည် သတ်ဖြတ်နိုင်ခဲ့သည်။
ထို့နောက်တွင်တော့ ပြန်လည် ကယ်တင်ခံရကာ ဆုလာဘ်များနှင့် အတူ ပြန်လည် ထွက်ခွာ သွားခဲ့ပြန်သည်။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။ လင်းရှန်းရှန်းပင်လျှင် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
အတန်ကြာ ဆွေးနွေး ဖလှယ်ကြပြီးနောက်၌... လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ သေဆုံးပြီးနောက် ဝေ့ဝူယင်ထံ၌ လက်နက်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူတို့ မှတ်ချက်ချလိုက်ကြသည်။ ဝေ့ဝူယင်က သူတို့ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ဟန် ရသည်။ သို့သော်လည်း... သူတို့ သုံးသပ်ချက်က အမှန်တရားနှင့် အလွန် ဝေးကွာလှပေသည်။
အတန်ကြာပြီးနောက် တရှန်းက သူမ စဉ်းစားမိသည့် သီအိုရီ တစ်ခုကို ပြောပြလိုက်သည်။
“သူက သူတို့ကို သေရေးရှင်ရေးနဲ့ လေ့ကျင့်ဖို့ အတွက် သုံးခဲ့တာလား”
ထိုအရာက ပိုမို ဖြစ်နိုင်ချေ ရှိသည်ဟု တရှန်း တွေးမိသည်။ ထို့ကြောင့်ပင် ဝူယုမှာ တိုက်ပွဲ အပြီးမှ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။ ထို့အပြင်... ဝေ့ဝူယင်၏ မျက်နှာထက်မှ အလွန် လေးနက်သည့် အမူအရာကို သူတို့ တွေ့မြင်ရသည်။ ၎င်းက သူ ကိုယ်တိုင် သေသွားနိုင်သည်ဟု အဓိပ္ပာယ် ရသည်။ ဝေ့ဝူယင်မှာ သူ့ အကန့်အသတ်ကို စမ်းသပ်နေခြင်း ဖြစ်နိုင်ပေသည်။
“သေရေးရှင်ရေးနဲ့ လေ့ကျင့်တာ...”
ရှန်းလင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။ တရှန်းက ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ... ရွေးချယ်ခံတွေ လေ့ကျင့်တဲ့ ပုံစံ တစ်မျိုးပဲ... သူတို့ ပိုင်ဆိုင်ထားတဲ့ ပါရမီနဲ့ အရည်အချင်းတွေကို အဆုံးစွန် မြှင့်တင်ပေး၊ ဖော်ထုတ်ပေးနိုင်တဲ့ လေ့ကျင့်နည်း တစ်မျိုးပေါ့လေ... လူတွေရဲ့ အစစ်အမှန် အင်အားက အသက် အန္တရာယ်နှင့် ကြုံမှ ပေါ်တတ်ကြတာ မလား”
ရှန်းလင်၏ အမူအရာက ဖြူရော်သွား၏။
“အရမ်း ရက်စက်တဲ့ပုံပဲ... သူတို့ သေသွားရင် ဘယ်လိုလုပ် မလဲ”
တရှန်းက ဂရုမစိုက်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
“ဒါဆိုလည်း သေတာပေါ့”
သူမသည်လည်း ဆရာဖြစ်သူ တိုက်တန်ငရဲ ဖျက်ဆီးခြင်း ဧကရီ၏ စီစဉ်မှု အောက်တွင် အလားတူ စမ်းသပ်မှုမျိုးနှင့် ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။ သို့သော်လည်း ကျရောက်လာသည့် ကပ်ဘေးများက သူမ အသက် အန္တရာယ်ကို နှုတ်ယူနိုင်ရန် အလှမ်းကွာလွန်းခဲ့ပေသည်။
သို့သော်လည်း... ဝေ့ဝူယင်ကတော့ လျှို့ဝှက် ဝိညာဉ် အဆင့် နှစ်ယောက်၊ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်တို့နှင့် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက အချိန်သခင် တစ်ယောက် အတွက်တော့ ကြောက်မက်ဖွယ် စမ်းသပ်မှုမျိုးပင်။ သို့သော်လည်း... သူမ၏ လူ၊ ဝေ့ဝူယင်ကတော့ အောင်မြင်ခဲ့ပေသည်။
“ပုံမှန်ဆိုရင် အဲဒီလို စမ်းသပ်မှုမျိုးကို အစစ်အမှန် ရွေးချယ်ခံတွေ အတွက်ပဲ သုံးလေ့ ရှိကြတယ်... အဲဒီ အဆင့်အတန်းက အားနည်းတဲ့ လူတွေ အတွက် မဟုတ်ဘူး”
လင်းရှန်းရှန်းက တရှန်း၏ ရှင်လင်းချက်ကို ဖြည့်စွက် ပြောဆိုလိုက်၏။ သို့သော်လည်း... သူမ၏ မျက်လုံးများကတော့ ဝေ့ဝူယင်ထံမှ တစ်ချက်ပင် မခွာခဲ့ပါချေ။
မိန်းကလေး ခုနစ်ယောက် ဆက်လက်၍ ဆွေးနွေး နေကြစဉ်မှာပင် ဝေ့ဝူယင်မှာ တောက်ပသည့် အပြုံး တစ်ခုနှင့် အတူ သူတို့ထံသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ သူက မည်သည့် ဖြေရှင်းချက်ကိုမှ မပေးပါချေ။ သူတို့ကို ဦးဆောင်ကာသာ မူလ အာရုဏ်ဦး နန်းတော် အတွင်းကိုသာ ဝင်ရောက်လိုက်၏။ ဤသည်က အောင်ပွဲခံရမည့် အချိန် မဟုတ်ပါလား။
...
ဆယ့်ငါးရက် ကြာမြင့်ပြီးနောက်...
ဝေ့ဝူယင်မှာ သူ့ အဂ္ဂိရတ် ခန်းမထဲကို ဝင်လာခဲ့သည်။ အခန်း၏ အလယ်တွင်တော့ ခြောက်မြှောင့် သဏ္ဌာန် စားပွဲတစ်ခု ရှိနေကာ ကြည်လင် တောက်ပသည့် မျက်ဝန်း၊ စိမ်းပြာရောင် အသားအရေနှင့် တစ်လက်မသာသာ မိန်းမငယ်လေး တစ်ယောက်မှာလည်း စားပွဲ ထောင့်စွန်းတွင် ခြေချထိုင်နေခဲ့သည်။
သူမမှာ သေမျိုး နိုင်ငံ၏ မင်းသမီးလေး တစ်ပါးနှင့် ဆင်တူကာ ဒဏ္ဍာရီများ၊ ပုံပြင်များထဲမှ နတ်မိမယ်လေး တစ်ပါး အလား ထင်မှတ်မှားရလေသည်။ သူမကား ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ ဝိညာဉ် အသွင် ဖြစ်သည့် ပိုင်ရှုပင် ဖြစ်လေသည်။ ယခုအခါ ချူးစို့သာ မှော်သန့်စင် ဆေးအိုးမှာ ဒြပ်စင် ဥဿုံ မှော်ဆေအိုးနှင့် ပေါင်းစည်းခဲ့ပြီး ဖြစ်ကာ ကြယ်တာရာ အထွတ်အထိပ် အဆင့် မှော်သန့်စင် ဆေးအိုးမှ လျှို့ဝှက် အဆင့် မှော်ဆေးအိုးအဖြစ် အသွင်ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
သူမ၏ နောက်တွင်တော့ ပေါင်းစည်းထားသည့် မှော်သန့်စင် ဆေးအိုး ရှိနေခဲ့ပေသည်။ ၎င်းမှာ မူလ သဏ္ဌာန် ကွယ်ပျောက်ကာ အဖြူရောင် အဆင်းကို ပိုင်ဆိုင်ထားပေသည်။ ၎င်း၏ ကိုယ်ထည်ထက်တွင်တော့ နေကြယ် ဝင်္ကပါ တစ်ခု ရှိနေခဲ့၏။ နေကြယ်များမှာ မတူကွဲပြားသည့် အရောင် ခုနစ်မျိုးကို ပိုင်ဆိုင်ထားကာ အဂ္ဂိရတ် တာအို၏ လမ်းစဉ် ခုနစ်ခုနှင့် ပြီးပြည့်စုံစွာ ထပ်တူကျ နေခဲ့ပေသည်။
“ဆရာ...”
ပိုင်ရှုက ခေါ်လိုက်၏။ သူမ၏ မျက်ဝန်းများက လှပစွာ ပြုံးနေသယောင် ထင်ရသည်။ ဝေ့ဝူယင်က ထိုင်ခုံတွင် ဝင်ရောက်ကာ သက်တောင့်သက်သာ ရှိစွာဖြင့် ထိုင်လိုက်၏။
ပိုင်ရှုက ဝေ့ဝူယင်ကို တစ်ချက် စစ်ဆေးကာ နှုတ်ခမ်းကလေးကို စူလိုက်၏။ ပါးစပ်ဖြင့် ထုတ်မပြောသည့်တိုင် သူမ၏ အတွေးကို ဝေ့ဝူယင် သိပေသည်။ ပိုင်ရှုမှာ ဝေ့ဝူယင် တစ်ယောက် မကြာခဏ ဆိုသလို မိန်းမများနှင့် အိပ်စက်၍ ယန်စွမ်းအင် အလွန်အကျွံ သုံးတတ်သည့် အပေါ် အမြဲတမ်း မေးခွန်းထုတ်လေ့ ရှိသည်။
ဝေ့ဝူယင်ထံမှ သိသည် ဆိုသည့် အကြည့်ကို လက်ခံ ရရှိလိုက်ခြင်းကြောင့် ပိုင်ရှု မျက်လုံးကို လှန်လိုက်မိ၏။ ထို့နောက်တွင်တော့ သူမက ထိုင်ရာမှ ထရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဆရာ... ကျွန်မ အသန့်စင်ဆုံး မြူနှင်းတွေ အားလုံးကို အေးခဲပြီး အသွင်ပြောင်းလို့ ပြီးသွားပြီ”
***