ပိုင်ရှု၏ ပြောင်းလဲမှု (၂)
Vol. 87 Ch. 1209
“ဆရာ... ကျွန်မ အသန့်စင်ဆုံး မြူနှင်းတွေ အားလုံးကို အေးခဲပြီး အသွင်ပြောင်းလို့ ပြီးသွားပြီ”
လွန်ခဲ့သည့် ကိုးနှစ် အတွင်း၌ ပိုင်ရှုမှာ မှော်သန့်စင် ဆေးအိုး နှစ်ခုကို ပေါင်းစည်းရန် အဆက်မပြတ် အားထုတ် နေခဲ့ခြင်း ဖြစ်သည်။ ဒြပ်စင် ဥဿုံ မှော်သန့်စင် ဆေးအိုး၏ အသန့်စင်ဆုံး မြူနှင်းများမှာ အလွန်ပင် ထူထပ် လှလေရာ အချိန် ကြာမြင့်စွာ ယူခဲ့ရသည်။ ကိုးနှစ်တိုင်တိုင် ကြာမြင့်လိမ့်မည်ဟုတော့ သူမ ကိုယ်တိုင်တောင် မျှော်လင့် မထားခဲ့တာ အမှန်ပင် ဖြစ်သည်။
“ကောင်းတယ်...”
ဝေ့ဝူယင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် သွားကာ ချီးကျူးလိုက်၏။
“ဆရာ...”
ပိုင်ရှုက ဝေ့ဝူယင် အနားသို့ ပျံသန်းလာကာ လက်ကို ဆွဲခေါ်လိုက်၏။ သို့သော်လည်း... လူငယ်၏ ခန္ဓာကိုယ်က ဂြိုဟ်တစ်လုံး အလား လေးပင်လှလေရာ သူမ လှုပ်ရှားအောင်ပင် မလုပ်နိုင်ပါချေ။
“ဆရာ... ဆရာ... ဆရာ ကတိပေးထားတယ်လေ... ဖော်စပ်ကြမယ်”
ပိုင်ရှုက ကလေးလေး တစ်ယောက် အလား နှုတ်ခမ်းလေးကို စူကာ အဆက်မပြတ် ပူဆာလိုက်၏။ ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်ကာ ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချလိုက်၏။ ထို့နောက် သူမ ဆွဲခေါ်ရာနောက် လိုက်ပါကာ ဆေးအိုး အနားကို လျှောက်သွားလိုက်သည်။
“အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးက အဆင်သင့် ဖြစ်ပြီ...”
ပိုင်ရှက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ ဝေ့ဝူယင် စိတ်ဝင်စားစွာပင် မှော်ဆေးအိုးထဲကို ငုံ့ကြည့် လိုက်သည်။ ထိုအခါ... အသန့်စင်ဆုံး မြူနှင်းများမှာ ဝဲကန်တော့ တစ်ခုလိုမျိုး အတွင်းပိုင်း၌ လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ သူ တစ်ဘဝလုံး သန့်စင် စုဆောင်းခဲ့သည့် အသန့်စင်ဆုံး မြူနှင်း အကုန်လုံးပင် ဖြစ်သည်။ ၎င်းတို့၏ နယ်မြေမှာ ယခင်ကလို ပြင်ပကို ဖြာထွက်ခြင်း မရှိပါတော့ချေ။
“တွေ့လား...”
ပိုင်ရှုက မေးလိုက်၏။ ဝေ့ဝူယင် ချက်ချင်း ပြန်မဖြေပေးပဲ အခြား အပြောင်းအလဲများကို ဆက်လက် လေ့လာ လိုက်သည်။ သို့သော်လည်း... မည်သည့် ထူးခြားမှုကိုမှ သူ မတွေ့ရချေ။ သို့တည်းမဟုတ်... သူ မတွေ့မြင်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“လျှို့ဝှက် အမတေလား...”
သူ ခန့်မှန်းလိုက်၏။
“ဟုတ်တယ်...”
ပိုင်ရှုက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်ရင်း မှော်သန့်စင် ဆေးအိုး၏ နှုတ်ခမ်းသားများကို တယုတယ ထိတွေ့ ပွတ်သပ် နေခဲ့သည်။ သူမက ထိုခန္ဓာကိုယ် အသစ်ကို အလွန် သဘောကျတာ ထင်ရှားလှပေသည်။
“အဲဒါက ကျိုးပဲ့ လျှို့ဝှက် မျိုးစေ့တွေကိုပါ ဖွဲ့စည်းနိုင်ခဲ့တယ်... အဲဒါက ဘယ်လို အဓိပ္ပာယ် ရှိတယ် ဆိုတာကိုတော့ ဆရာ သိတယ် မလား... ဟင်... ဟင်”
"...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ တစ်ခဏ ကြာပြီး နောက်တွင်တော့ သူ၏ မျက်လုံးများက ရူးသွပ်မှုများနှင့် ပြည့်နှက်လာကာ ပိုင်ရှုကို ကြည့်လိုက်သည်။
“ဘာတုံး... အဲဒါက တကယ်ကြီး...”
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်..."
ဝေ့ဝူယင်မှာ မယုံကြည်နိုင်မှုကို ခံစားလိုက်ရသည်။
“ဒါပေမဲ့... အဲဒါက မဖြစ်နိုင်ဘူး မလား... ငါက ခုမှ သေမျိုးဘဝမှာပဲ ရှိသေးတာလေ”
“ဒါပေမဲ့ ဆရာ့မှာက အဂ္ဂိရတ် ဝိညာဉ် ရှိတယ်... နောက်ပြီး သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ကြယ်တာရာတွေနဲ့ ကျွန်မကိုလည်း ပိုင်ထားသေးတယ်လေ... သာလွန်ခြင်း အဆင့် ထုတ်ကုန် ဖော်စပ်တဲ့ ဆရာ့ရဲ့ ကျွမ်းကျင်မှုကလည်း တော်ရုံတန်ရုံ အဂ္ဂိရတ် ရှန့်ထိုတွေထက်တောင် အများကြီး သာနေပြီ... ကျွန်မ အများကြီး တွေ့ဖူးတယ်... ဆရာက တကယ့်ကို ပါရမီရှင်ပဲ”
"..."
“ကဲပါလေ... တွေးမနေနဲ့ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်ကို စမ်းပြီး ဖော်စပ်လိုက်ကြရအောင်...”
ဝေ့ဝူယင် ဘာဆို ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ပိုင်ရှုက ခပ်မြန်မြန် တိုက်တွန်းလိုက်လေ၏။ ဝေ့ဝူယင်မှာ ထိုမှော်ဆေးအိုး ဝိညာဉ်၏ ကလေးဆန်ပုံကို ကြည့်ကာ ပြုံးရုံသာ ပြုံးလိုက်မိလေသည်။
“တော်တော် စိတ်ပျက်စရာပဲ...”
အသိစိတ် ပင်လယ် အတွင်းတွင်တော့ ကောင်းကင် စစ်ဝိညာဉ်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် နှာခေါင်းရှုံ့ လိုက်၏။
“ပေါင်းစပ်မှု အောင်ပြီးတာမှ မကြာသေးဘူး... စွန့်စားချင်နေပြီ... အမြင်ကျဉ်းပြီး တကယ့်ကို မရင့်ကျက်တဲ့ သူငယ်နှပ်စားလေး”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ကောင်းကင် စစ်ဝိညာဉ် ပြောတာက ရာခိုင်နှုန်း တစ်ခု အထိ မှန်ပေသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပိုင်ရှုကို မေးလိုက်၏။
“အဲဒါက နည်းနည်း လောရာ မကျဘူးလား ပိုင်ရှု... ငါ ကျရှုံးသွားရင် ဆယ်စုနှစ်နဲ့ချီ စုဆောင်းထားတဲ့ အသန့်စင်ဆုံး မြူနှင်းတွေ ကုန်မှာ”
မှော်သန့်စင် ဆေးအိုး တစ်ခု၏ အသန့်စင်ဆုံးသော မြူနှင်းမှာ ဆေးဖော်စပ်မှု ဆက်တိုက် အောင်မြင်ခြင်း အပေါ်တွင် မူတည်နေပေသည်။ တစ်ကြိမ် ကျရှုံးသည်နှင့် အားလုံးကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။
ပိုင်ရှုက နှုတ်ခမ်းကလေးကို စူလိုက်သည်။ ထို့နောက် စားပွဲ ထောင့်စွန်းကို ခြေချလိုက်ရင်း ဆောင့်အောင့်ကာ ထိုင်လိုက်သည်။
“ဟိုစုန်းမကြီး ပြောတာမလား”
သူမ၏ အသံက မကျေနပ်မှု၊ စိန်ခေါ်လိုမှုများနှင့် ပြည့်နှက် နေသည်။ ထိုခံစားချက် အားလုံးက ကောင်းကင် စစ်ဝိညာဉ်ထံသို့ ဦးတည်နေခြင်းပင် ဖြစ်လေသည်။
“အဲ့စုန်းမက ကိုယ့်တာအိုကို ဂရုမစိုက်ပဲ သူများ ကိစ္စထဲ ဝင်ပါပြန်ပြီ... ဟမ့်...”
“...”
အသိစိတ် ပင်လယ်ထဲမှ ထွက်ပေါ်လာသည့် ဒေါသလှိုင်းများကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ မရှူနိုင်၊ မကယ်နိုင် ပြုံးလိုက်မိသည်။ ပိုင်ရှုမှာ သူ့ကို တရားဝင် အရှင်သခင် တစ်ယောက် အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်လေရာ အသိစိတ် ပင်လယ်နှင့် တစ်စိတ်တစ်ပိုင်း ချိတ်ဆက် နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူမနှင့် ကောင်းကင် စစ်ဝိညာဉ်တို့မှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် သိကြပေသည်။
“ဟမ့်... အလွန်အကျွံ စိတ်လှုပ်ရှားနေတဲ့ ကလေးက ချောက်ကမ်းပါးပေါ် ဖက်တက်ချင်နေတာပဲ... ပြုတ်ကျတတ်တယ် ဆိုတာကိုတောင် သိပုံ မရဘူး... ကြိုးစားကြည့်လေ... နောင်တ ဆိုတဲ့ စကားကို စာလုံးပေါင်း တတ်သွားလိမ့်မယ်”
ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင်ကို အော်ကြီးဟစ်ကျယ် ပြောနေခြင်း ဖြစ်လေရာ ပိုင်ရှုမှာ သူတို့၏ စကားဝိုင်းကို ကောင်းစွာ ကြားနိုင်ပေသည်။ သူမက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“နောင်တ ဟုတ်လား... အဂ္ဂိရတ် တာအို အကြောင်း နင် ဘယ်လောက် သိလို့လဲ”
ထို့နောက်... သူမက ဝေ့ဝူယင်ကို တည့်တည့်မတ်မတ်ပင် ကြည့်ကာ တောင်းဆိုလိုက်လေသည်။
“ဆရာ... ကျွန်မကို ယုံကြည်ပေး... အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးက...”
“အေးပါ... အေးပါ...”
ဝေ့ဝူယင် သူမကို လက်ကာ ပြလိုက်၏။ ကောင်းကင် စစ်ဝိညာဉ် ပြောသည့် အတိုင်း အတန်အသင့် စိုးရိမ်မိသည့်တိုင် သူ ကိုယ်တိုင်မှာလည်း ချို့တဲ့သူ တစ်ယောက် မဟုတ်ချေ။ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ဖော်စပ်ခြင်းနှင့် ပတ်သက်၍ သူ့ထံတွင် ဉာဏ်အလင်း တစ်ချို့ ရှိပေသည်။
ဝတ်စုံဝတ် ဝေ့ဝူယင်မှာ သူ့လိုပင် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထိုဘဝ၌ ဝေ့ဝူယင်မှာ မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့သည့် အပြင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်လည်း ဖြစ်လာခဲ့သည်။
ပိုမို၍ တိတိကျကျ ဆိုရပါက မူလ မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ဦးပင်။
ဝေ့ဝူယင် သူ့ထံမှ လျှို့ဝှက် ဘာသာစကားကို ရရှိခဲ့သည့် အပြင် လျှို့ဝှက် တာအို၊ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ဖော်စပ်ခြင်းနှင့် ပတ်သက်သောာ အတွေ့အကြုံများကိုပါ ရရှိခဲ့သည်။ အချိန်မြစ် ကြယ်တာရာ ကပ်ဘေးမှ ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာ အံ့မခန်းပင်။
“ပြဿနာက ဒီကိစ္စကို စွန့်စားသင့်လား မစွန့်စားသင့်ဘူးလားလို့ တွေဝေနေတာ မဟုတ်ဘူး... ဘာလို့ စွန့်စားသင့်တယ် ဆိုတဲ့ အကြောင်းရင်းပဲ...”
ဝေ့ဝူယင် အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးကို စိုက်ကြည့်ရင်း ဆိုလိုက်၏။ အကယ်၍ ထုတ်ကုန်များကို ဖော်စပ်နိုင်ခဲ့လျှင်ပင် ၎င်းတို့က သူ့ ကျင့်ကြံခြင်းကို အကျိုးသက်ရောက်မှု ရှိလိမ့်ဦးမည် မဟုတ်ချေ။ မည်သို့ပင် ဆိုစေ... အချိန်သခင် တစ်ယောက် အနေဖြင့် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို စားသုံးရန်မှာ အလွန်ပင် အန္တရာယ် များလွန်းသည် မဟုတ်ပါလား။
အနာဂတ် တစ်ချိန်၌ သူ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်လာနိုင်မည်မှာ မြေကြီး လက်ခတ် မလွဲသော ကိစ္စ တစ်ရပ် ဖြစ်သည်။ အဘယ်ကြောင့် ယခုလို မလိုအပ်သေးသည့် အချိန်မျိုးတွင် စွန့်စားသင့်သနည်း။
ပိုင်ရှု၏ အမူအရာက ညှိုးငယ်ခြင်းများနှင့် ပြည့်နှက်သွား၏။ ဝေ့ဝူယင် သူမကို ကြည့်ကာ ဖြူရော်စွာ ပြုံးလိုက်မိသည်။
“ကောင်းပြီလေ... ငါ ကတိပေးထားတယ် ဆိုတော့လည်း တည်ရတော့မှာပေါ့... ဒါပေမဲ့ သာလွန်ခြင်း အဆင့် အရည်အသွေးပဲ ဖြစ်ရမှာနော်... ကျိုးပဲ့ လျှို့ဝှက် မျိုးစေ့တွေနဲ့ ဆိုရင် ပိုပြီးတော့ လွယ်ကူမှာပါ”
***