← Chapters

နတ်ဘုရား ပုံသွင်းခြင်း

Vol. 87 Ch. 1210

နတ်ဘုရား ပုံသွင်းခြင်း

Vol. 87 Ch. 1210

“ကောင်းပြီလေ... ငါ ကတိပေးထားတယ် ဆိုတော့လည်း တည်ရတော့မှာပေါ့... ဒါပေမဲ့ သာလွန်ခြင်း အဆင့် အရည်အသွေးပဲ ဖြစ်ရမှာနော်... ကျိုးပဲ့ လျှို့ဝှက် မျိုးစေ့တွေနဲ့ ဆိုရင် ပိုပြီးတော့ လွယ်ကူမှာပါ”

ဝေ့ဝူယင် ပိုင်ရှု၏ ဆန္ဒကို လိုက်လျောဖို့ ဆုံးဖြတ်လိုက်သည်။ ကောင်းကင် စစ်ဝိညာဉ်မှာ နှာခေါင်းတစ်ချက် ရှုံ့ကာ တိတ်ဆိတ် သွားခဲ့သည်။ သို့သော်လည်း... သူမ အတွက်တော့ သူမ မရှုံးပါချေ။ ဝေ့ဝူယင်မှာ ထိုဆုံးဖြတ်ချက်ကို အကြောင်းမဲ့သက်သက် ချမှတ်ခြင်း မဖြစ်နိုင်ချေ။

“ဆရာ... ဆရာ့ရဲ့ ကျင့်ကြံခြင်း အခြေခံ အတွက် ကောင်းကင်ကို ဆန့်ကျင်၊ လောကကို တုန်လှုပ်၊ သမာရိုးကျ အစဉ်အလာတွေကို ဖျက်ဆီးပြီး ခေတ်သစ် တစ်ခုကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်တဲ့ အဂ္ဂိရတ် ထုတ်ကုန်မျိုး မလိုချင်ဘူးလား”

ပိုင်ရှုက တက်ကြွစွာပင် မေးလိုက်၏။ သူမ၏ လှပ ကြည်လင်သော မျက်ဝန်းလေးများက ဝမ်းသာ မျက်ရည်များနှင့် တလက်လက် တောက်ပနေခဲ့သည်။

“ဟမ်...”

ဝေ့ဝူယင် အံ့သြသွားခဲ့၏။ သူ နားကို မယုံကြည်နိုင်စွာဖြင့် ပိုင်ရှု ပြောသည့် စကားကို လိုက်လံ ရေရွတ် လိုက်သည်။

“ကောင်းကင်ကို ဆန့်ကျင်...”

“အင်း...”

ပိုင်ရှုက တိကျသေချာစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“လောကကို တုန်လှုပ်...”

“ဒါပေါ့...”

ပိုင်ရှုက ပခုံးတွန့် ပြလိုက်၏။

“သမာရိုးကျ အစဉ်အလာတွေကို ချိုးဖျက်...”

"အကုန်လုံးကိုပါ ချိုးဖျက်မှာ...”

ပိုင်ရှု၏ လေသံက ရာနှုန်းပြည့် သေချာနေ၏။ ဝေ့ဝူယင် လက်လျှော့လိုက်ဟန်ဖြင့် ခေါင်းကို ခါယမ်း လိုက်မိသည်။

"ထားပါတော့လေ... ဒါနဲ့ နင်ပြောတဲ့ နောက်ဆုံး တစ်ခုက ဘာတဲ့... ခေတ်သစ် တစ်ခုကို အဓိပ္ပာယ် ဖွင့်ဆို ဟုတ်တယ်မလား... ဘယ်ခေတ်လဲ”

"အဲဒါက...”

ပိုင်ရှု၏ အမူအရာက အနည်းငယ် တွေဝေသွားကာ စဉ်းစားလိုက်သည်။ ထို့နောက် သူမက သေချာစွာဖြင့် အဖြေပေးလိုက်သည်။

“ကြယ်တာရာ ခေတ်တစ်ခေတ်‌ပေါ့... နည်းနည်း ရှေးကျတဲ့ ခေတ်တစ်ခု”

“ကြယ်တာရာခေတ်...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ကြယ်တစ်လုံး ဟု နာမည် ပေးထားသည့် ကြယ်တာရာခေတ် တစ်ခု အကြောင်းကို အချို့ အဂ္ဂိရတ် သမိုင်း မှတ်စုစာအုပ်များထဲတွင် ဖော်ပြထားသည်ကို သူ တွေ့ဖူးပေသည်။ ၎င်းမှာ သီအိုရီ တစ်ခု အနေဖြင့် တည်ရှိနေခြင်း ဖြစ်ကာ အကြမ်းဖျဉ်းအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သန်းခန့်က ဖြစ်ပျက်ခဲ့ခြင်း ဟု ဆိုကြသည်။

ကြယ်တစ်လုံး ကြယ်တာရာခေတ်အကြောင်း သိရှိရသည်မှာ အနည်းငယ်သာ ရှိကာ အလွန်တရာ ကြီးမားလှသည့် အကြွင်းမဲ့ ကြယ်တာရာကြီး တစ်ခုကသာလျှင် ကြယ်ကွင်းပြင် တစ်ခုလုံးကို အုပ်မိုးတည်ရှိသည်ဟု ဆိုသည်။ ၎င်းကို သမိုင်းတစ်လျှောက် အကြီးမားဆုံး ကြယ်တာရာ နယ်မြေကြီး အဖြစ် ယူဆထားသည်။ ထိုအကြွင်းမဲ့ ကြယ်တာရာမှာ အကြီးမားဆုံးသော ဧရာမ နေကြယ်များထက်ပင် အဆ တစ်ထောင်ခန့် ပိုမို ကြီးမားကာ ကြယ်ဇုန် တစ်ခုလုံးကိုပင် အလင်းပေးနိုင်သည်ဟု ဆိုသည်။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ဧရာမ အရွယ် နေကြယ် တစ်ခုကို ပိုင်ဆိုင်ထားပေသည်။ သို့သော်လည်း... မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အပြင်ဘက်တွင်တော့ ၎င်းကို အသေးဆုံး ဧရာမ အရွယ် နေကြယ် တစ်ခု အဖြစ် ယူဆ ရလိမ့်မည် ဖြစ်သည်။ အကြီးမားဆုံးသော ဧရာမ အရွယ် နေကြယ်များထက်ပင် အဆတစ်ထောင်ခန့် ပိုမို ကြီးမားသည် ဆိုပါက ၎င်း၏ ခမ်းနားပုံကို မှန်းဆ၍ ရပေသည်။

ဝေ့ဝူယင် သိရှိရသလောက် ဆိုလျှင် အလွှာ အပြင်က လောကမှာ ကြယ်တစ်လုံး ကြယ်တာရာခေတ် အပြီးတွင်မှ ဖြစ်ပေါ်လာခဲ့ခြင်းဟု ဆိုသည်။ ကြယ်တစ်လုံး ကြယ်တာရာခေတ် အကြောင်း ဆက်စပ် စဉ်းစားရုံဖြင့်ပင် ပိုင်ရှု ဆိုလိုချင်သည့် အဂ္ဂိရတ် ထုတ်ကုန်ကို ဝေ့ဝူယင် နားလည် သွားခဲ့ပြီ ဖြစ်သည်။

“နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက်သန့်စင်ဆေးလား...”

ဝေ့ဝူယင် မေးလိုက်၏။

“...”

ပိုင်ရှုက ဝေ့ဝူယင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

“ဆရာ သိတာလား...”

"နင်ကရော ဘယ်လိုသိတာလဲ...”

ဝေ့ဝူယင်က ပြန်လည် မေးခွန်းထုတ် လိုက်၏။ သူ ခံစားနေရသည့် အံ့သြ ထိတ်လန့်မှုများမှာလည်း ပိုင်ရှုထက် လျော့နည်းခြင်း မရှိပါချေ။

“ကျွန်မလား... အဲဒီ ဆေးလုံးကို တီထွင်ခဲ့တုန်းက ကျွန်မ ဘေးမှာ ရှိနေခဲ့တာလေ”

ပိုင်ရှုက ဂုဏ်ယူ ဝင့်ကြွားစွာပင် ပြောလိုက်၏။

"ဒါဆို ဆေးညွှန်းကို နင် သိတယ်ပေါ့”

"ဒါပေါ့... သိတာပေါ့...”

ပိုင်ရှုက မည်သည့် အရာကိုမှ သိုဝှက်ထားခြင်း မပြုပါချေ။ ချက်ချင်းပင် ဆေးညွှန်းကို ဝေ့ဝူယင်ထံ လွှဲပြောင်း ပေးလိုက်လေသည်။

အခြားတစ်ဖက်၌ ကောင်းကင် စစ်ဝိညာဉ်မှာ တိတ်ဆိတ် နေခဲ့၏။ ထိုထုတ်ကုန်က အဘယ်ကြောင့် ကောင်းကင်ကို ဆန့်ကျင်နိုင်သနည်း။ လောကို တုန်လှုပ်စေနိုင်သနည်း။ သမာရိုးကျ အစဉ်အလာများကို ချိုးဖျက်နိုင်သနည်း။ ကောင်းကင် စစ်ဝိညာဉ် တစ်ယောက် အနေဖြင့် အဖြေကို သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။

အဂ္ဂိရတ် တာအိုမှာ အကန့်အသတ် ကင်းမဲ့လှသည်။ ၎င်းမှာ ငြင်းဆိုရန် ခက်ခဲလှသည့် အမှန်တရား တစ်ခု ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ... အဂ္ဂိရတ် တာအိုပင်လျှင် ကျော်လွှားရန် အလွန်တရာမှ ခက်ခဲလှသည့် ကန့်သတ်ချက် တစ်ချို့တော့ ရှိနေစမြဲ ဖြစ်သည်။

သို့‌သော်လည်း... နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံးမှာ မဖြစ်နိုင်လောက်အောင် ခက်ခဲပါသည် ဆိုသည့် အတားအဆီးများအား ကျော်လွှားနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် အနည်းငယ်ထဲမှ တစ်ခု ဖြစ်ပေသည်။ ၎င်းတွင် အကျိုးသက်ရောက်မှု တစ်ခုသာ ရှိသည်။

မှန်၏။ တစ်ခုတည်း...။

၎င်းမှာ ကျင့်ကြံသူ တစ်ယောက်၏ သေမျိုး မူဘောင်ကို လျှို့ဝှက် အာဏာရှင် အဆင့် မူဘောင် အဖြစ် အသွင် ပြောင်းလဲပေးနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံး အဖြစ် ရည်ညွှန်းခြင်း ဖြစ်သည်။

ဧဒင် နန်းတော် အတွင်း၌ ဝေ့ဝူယင်၏ ဒုတိယမြောက်စိတ်မှာ ဆေးညွှန်းကို ပုံတူ ကူးယူကာ တိတ်တဆိတ် လေ့လာနေခဲ့၏။ တစ်ခဏကြာပြီးနောက်တွင်တော့ သူက ဉာဏ်အလင်း ရရှိသွားဟန်ဖြင့် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်လေသည်။

“ဟုတ်တယ်... ဒါပဲ...”

နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံး...

တားမြစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု...

“ဟမ်...”

ရုတ်တရက် ဝေ့ဝူယင်၏ အမြင်အာရုံမှာ ကျဉ်းမြောင်းလာကာ အမှောင်ထု တစ်ခုက သူ့ ကမ္ဘာ အတွင်း ချဉ်းနင်း ဝင်ရောက်လာခဲ့၏။

ဒုတိယစိတ်ဆီမှ ထွက်ပေါ်လာသည့် စိတ်လှုပ်ရှားမှုလှိုင်းများက သူ့ အသိစိတ် ပင်လယ်ကို လှိုင်းတံပိုးများ သဖွယ် ဖြတ်သန်းသွားကာ ဝိညာဉ်ကိုပင် သက်ရောက်၍ ထူးဆန်းသော ခံစားမှုများ ဖြစ်ပေါ် လာစေခဲ့သည်။ ဝေ့ဝူယင်မှာ အသိစိတ် လွတ်သွားခြင်း မဟုတ်ချေ။ ဒုတိယမြောက်စိတ်ထံမှ စိတ်အားထက်သန်မှုများက သူ၏ မူလစိတ် အပေါ် လွှမ်းမိုးသွားခြင်းပင် ဖြစ်လေသည်။

လက်ရှိ၌ သူ၏ ဒုတိယမြောက်စိတ်မျာ နက်ရှိုင်းစွာ ဉာဏ်အလင်း ရရှိခြင်း ဆိုသည့် အခြေအနေ တစ်ခုကို ဝင်ရောက်သွားပြီ ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံသူများ အကြားတွင် အလွန်ပင် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တစ်ခု ဖြစ်ကာ လက်တွေ့ အသိပညာ၊ ထိုးထွင်း သိမြင်မှုနှင့် ဖန်တီးမှု သီအိုရီတို့ ပေါင်းစပ်သော အခါ ဖြစ်ပေါ်လာသည့် ထူးခြားသည့် စိတ်ကူးစိတ်သန်း တစ်ခုပင် ဖြစ်သည်။ ဝူယုသည်လည်း ထိုကဲ့သို့ အခြေအနေမျိုး အတွင်း ဝင်ရောက်ခဲ့ဖူးကာ လျှို့ဝှက် တာအို၏ ဆန္ဒ ဖြစ်သည့် လျှို့ဝှက် ရည်ရွယ်ချက်ကို နှိုးထခဲ့ဖူးသည်။

နှစ်နာရီခန့် ကြာမြင့်ပြီး နောက်၌ ဝေ့ဝူယင်၏ ဒုတိယမြောက်စိတ်မှာ ပြန်လည် ငြိမ်သက်သွားခဲ့ကာ အမြင်အာရုံမှာလည်း ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားခဲ့သည်။ မူလစိတ်မှာလည်း ပြန်လည် သတိရလာကာ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကို အပြည့်အဝ ပြန်လည် ရရှိသွားသည်။ ဝေ့ဝူယင်မှာ မောပန်ခြင်း မရှိသလို၊ ထိခိုက် ဒဏ်ရာ ရသွားခြင်းလည်း မရှိချေ။ သူ၏ ဒုတိယမြောက်စိတ်ကတော့ မျက်လုံးများကို မှိတ်ထားကာ ဉာဏ်အလင်း ရရှိခဲ့သည့် အခြေအနေကို ပြန်လည် သုံးသပ် နေခဲ့၏။

“...”

တာအို၏ ဝိညာဉ် နှစ်ခု ဖြစ်သည့် ပိုင်ရှုနှင့် ကောင်းကင် စစ်ဝိညာဉ်တို့မှာ သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ကာ ဝေ့ဝူယင်ကို တိတ်တဆိတ် အကဲခတ် နေကြသည်။ ဝေ့ဝူယင် ရရှိခဲ့သည့် အခွင့်အလမ်း အပေါ် လေးစားခြင်း အားဖြင့် အလွန် အရေးကြီးသည့် အခြေအနေတွင် တစ်စုံတစ်ရာ အနှောက်အယှက် ဖြစ်မှာကို သူတို့ အလွန် စိုးရိမ် နေကြသည်။

နက်ရှိုင်းစွာ ဉာဏ်အလင်းဝင်ခြင်း အခြေအနေမှာ သဘာဝ အတိုင်းသာ ဖြစ်ပေါ်တတ်သည့် ဖြစ်စဉ် တစ်ခု ဖြစ်လေရာ ၎င်း၏ နယ်နိမိတ် အတွင်း ဝင်ရောက်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ သို့သော်... ရရှိလာခဲ့သည့် အကျိုးအမြတ်တိုင်းမှာလည်း ကြယ်ကွင်းပြင် တစ်ခုလုံး ပေးဝယ်လျှင်ပင် မဖြစ်နိုင်သည့် ရလဒ်များ ဖြစ်သည်။

“ဟူး...”

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း လတ်ဆတ်သည့် လေများကို ရှိုက်သွင်းလိုက်၏။ ချိုမြိန်သည့် လေထု၏ ရနံ့က သေမျိုး တာအို၏ အသန့်စင်ဆုံးသော စွမ်းအင်များဖြင့် သန့်စင်ထားသော သူ့ အဆုပ်အတွင်း ဝင်ရောက်သွားသည်။

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် နဂါး အင်အားများ ထွက်ပေါ်လာကာ အဆုပ်အတွင်းရှိ ထိုလေထုကို ဝန်းရံလိုက်၏။ ထို့နောက်တွင်တော့ ပင့်သက်တစ်ချက်နှင့် အတူ ၎င်းကို ပြန်ထုတ်လိုက်ကာ ရွန်းဗန် သဏ္ဌာန် သလင်းကျောက် တစ်ခု အတွင်း ချိပ်ပိတ်လိုက်သည်။

ဝေ့ဝူယင် သလင်းကျောက်ကို ကိုင်ရင်း သေချာစွာ စူးစမ်းလိုက်သည်။ ထိုအခါ အတွင်းပိုင်း၌ အ‌‌ရောင်စုံ ပြောင်းလဲနေသည့် အခိုးအငွေ့များ လှည့်ပတ်နေသည်ကို တွေ့ရ၏။ ထိုအခိုးအငွေ့များထဲတွင် ဝေ့ဝူယင်၏ အသန့်စင်ဆုံးသော စွမ်းအင်များနှင့် ကျင့်ကြံခြင်း၏ အမြုတေများ ရောင်ပြန်ဟပ်နေကာ သာမည အချိန် ဥပဒေသ၏ နက်နဲသော အရိပ်အယောင်များ ပင်လျှင် ပါဝင်နေသည်။ ဝေ့ဝူယင် လုံးဝ ပင်ပန်း နွမ်းနယ်သွားသည်ဟု တွေးလိုက်မိ၏။

“ဝိညာဉ် အမတေလား...”

ကောင်းကင် စစ်ဝိညာဉ်နှင့် ပိုင်ရှုတို့ နှစ်ယောက် ပြိုင်တူပင် အော်ဟစ်လိုက်ကြ၏။ သူတို့၏ အသံများက လွန်ကဲသည့် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။

ဝေ့ဝူယင် ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ပြန်ထိုင်လိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက အရိုးမရှိသလိုပင် ပျော့ချွေနေသည်။

“ဝိညာဉ် အမတေ ဟုတ်လား...”

သူ မျက်လုံးများကို မှေးစင်းရင်း မေးလိုက်လေ၏။

***

All Chapters