နတ်ဘုရား ပုံသွင်းခြင်း (၂)
Vol. 87 Ch. 1211
မူလ အာရုဏ်ဦး နန်းတော်၊ အဂ္ဂိရတ် ခန်းမ အတွင်း၌...
“ရှင်က တကယ့်ကို ပုံမှန် မဟုတ်ဘူး...”
ကောင်းကင် စစ်ဝိညာဉ်က ခြေပစ်လက်ပစ် ထိုင်နေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း ထူးဆန်းသည့် လေသံဖြင့် ဆိုလိုက်သည်။
ပိုင်ရှုကလည်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“ဘယ်လိုလုပ်ပြီး ဝိညာဉ် အမတေကို မွေးဖွားနိုင်ရတာလဲ... ဆရာက... ပဲ့တင်သံ ဝိညာဉ် အဆင့်ကိုမှ မရောက်သေးတာ... အဲဒါထားပါဦး... ဆရာက လျှို့ဝှက် ဝိညာဉ် အဆင့်ကိုတောင် မရောက်သေးဘူးလေ... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး”
“...”
ဝေ့ဝူယင် ပင်ပမ်း နွယ်းနယ်စွာပင် မျက်လုံးကို မှိတ်လိုက်သည်။ သူ၏ နှုတ်ခမ်းထက်တွင်တော့ ရှင်းပြရခက်သည့် အပြုံးတစ်ခုက ခပ်ရေးရေး ပေါ်နေခဲ့သည်။
“ဝိညာဉ် အမတေကို မွေးဖွားဖို့ ဆိုရင် အစစ်အမှန် ဝိညာဉ်နဲ့ သဟဇာတ ဖြစ်ခြင်း တစ်ခု ဖွဲ့စည်းပြီးမှ ဖြစ်နိုင်တယ်... အဲဒါဟာ ကျင့်ကြံခြင်း ဝိညာဉ်တွေ ဘယ်လို မွေးဖွားလာရတယ် ဆိုတဲ့ အခြေခံပဲ... နောက်ပြီး ကျင့်ကြံသူ တစ်ယောက်ဟာ သေမျိုး အနေနဲ့ အစစ်အမှန် ဝိညာဉ်ကို တစ်ကြိမ်ပဲ ဆက်သွယ်နိုင်တယ်... ဘယ်တော့မှ နှစ်ကြိမ် မဖြစ်ဘူး”
ကောင်းကင် စစ်ဝိညာဉ်က ဆက်လက်၍ ရှင်းပြလိုက်၏။ စကားလုံးများက တိကျခိုင်မာသည့် တိုင်အောင် သူမ၏ လေသံကတော့ သံသယ ဖြစ်ခြင်းများနှင့် ပြည့်နှက်နေသည်။
"ဆရာ ဝိညာဉ်ကို အာရုံခံနိုင်လား...”
ပိုင်ရှုက မေးလိုက်၏။ ဝေ့ဝူယင် တစ်စုံတစ်ရာ မတုန့်ပြန်ရသေးခင်မှာပင် ကောင်းကင် စစ်ဝိညာဉ်က ကြားဖြတ်ကာ အဖြေပေးလိုက်သည်။
“မဖြစ်နိုင်ဘူး...”
ထိုအရာက သူမ သိရှိထားသည့် အမှန်တရား ဖြစ်သည်။ သေမျိုးတစ်ယောက်က အစစ်အမှန် ဝိညာဉ်ကို ကောင်းကင်၏ အကူအညီ မပါပဲ မည်ကဲ့သို့ ဆက်သွယ်နိုင်မည်နည်း။ ရှည်လျားလှသည့် သေမျိုး ကျင့်ကြံခြင်း လမ်းစဉ် တစ်လျှောက်လုံးတွင် ထိုဖြစ်ရပ်မှာ တစ်ကြိမ်သာ ဖြစ်ပေါ်တတ်သည်။ ၎င်းက အခြေခံက တည်ဆောက်ခြင်း အဆင့်မှ ချီပျစ်ခဲခြင်း အဆင့်သို့ တက်လှမ်းသည့် အချိန်တွင်ပင်။
ဝေ့ဝူယင် မျက်လုံးများကို မှိတ်ကာ တိတ်တဆိတ် အနားယူ နေခဲ့၏။ ၎င်းက ဝိညာဉ် ပင်ပန်း နွမ်းနယ်မှုလော။ အပြစ်သား သွေးမျိုးဆက် နိုးထလာသည့် အချိန်ကတည်းက စလို့ ဝိညာဉ်အား အာရုံခံနိုင်သည့် စွမ်းရည်ကို သူ ရရှိခဲ့သည်။ ထိုနည်းဖြင့် သူ ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို ပြုပြင်ကာ ဒုတိယမြောက် ကျင့်ကြံခြင်း ဝိညာဉ် တစ်ခု ဖန်တီးနိုင်ခဲ့သည်။ ထို့နောက်တွင်တော့ တတိယမြောက်နှင့် စတုတ္ထမြောက် ဝိညာဉ်များကိုပါ ထပ်မံ ဖွဲ့စည်းနိုင်ခဲ့သည်။
တာအို ဝိညာဉ် နှစ်ခုထံမှ သံသယနှင့် မေးခွန်းများကို ခံစားမိသည့်တိုင် ဝေ့ဝူယင်ကတော့ မည်သူ့ကိုမှ တုန့်ပြန်ခြင်း မပြုချေ။ ဝိညာဉ် အမတေကို အလွန် အစွမ်းထက်သည့် ကောင်းကင် ရတနာများ ပြုလုပ်ရာတွင် သုံးနိုင်ကြောင်း သိလေရာ တိတ်တဆိတ်သာ နားထောင် နေခဲ့သည်။
တစ်ခဏကြာမှာပင် တာအို ဝိညာဉ် နှစ်ခု၏ စကားဝိုင်းက ပြန်ပြောင်းသွားကာ သူတို့ ယနေ့ တွေ့ဆုံရသည့် အဓိက ခေါင်းစဉ်ထံ ပြန်လည် ရောက်ရှိသွားသည်။
၎င်းက နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင်ဆေးလုံး တစ်ဖြစ်လည်း တားမြစ် ထုတ်ကုန် အကြောင်းပင်။
“အဲဒီ ဆေးလုံးကို စပြီး ဖန်တီးတုန်းက နင် အနားမှာ ရှိနေတယ် ဆိုတာ ငါတော့ မယုံဘူး... နင့်အသက်က ဘယ်လိုမှ နှစ်သန်း မပြည့်နိုင်ဘူး...”
ကောင်းကင် စစ်ဝိညာဉ်က ပိုင်ရှုကို အခိုင်အမာပင် ဝေဖန်လိုက်၏။ ပိုင်ရှုမှာ အသက် ကြီးကောင်း ကြီးနိုင်ပါသည်။ သို့သော်လည်း... ဘယ်လိုနည်းနှင့်မျှ နှစ်သန်းတော့ မကျော်နိုင်ပါချေ။
“ဟမ့်...”
ပိုင်ရှုက နှာခေါင်းတစ်ချက် ရှုံ့ကာ ကောင်းကင် စစ်ဝိညာဉ်၏ သံသယကို ဖြေရှင်းချက် ပေးဖို့ ငြင်းဆို လိုက်သည်။
သို့သော်လည်း... ကောင်းကင် စစ်ဝိညာဉ်မှာ အကြောင်းရင်းမဲ့ စစ်ဝိညာဉ် ငါးသန်း ထိုက်တန်ခြင်း မဟုတ်ပါချေ။ သူမက အချက်အလက်များကို ဆွဲထုတ်ကာ ချက်ချင်းပင် ကောက်ချက်ချလိုက်၏။
“နင်က အဲဒီ ဆေးလုံး သန့်စင်ဖူးတဲ့ မှော်သန့်စင် ဆေအိုး တစ်ခု အတွက် ဝိညာဉ် လုပ်ဖူးတာ ဖြစ်ရမယ်... နောက်ပြီး အဂ္ဂိရတ် တာအို အော်ရာ အကြွင်းအကျန်တွေကို စုပ်ယူခဲ့ရလိမ့်မယ်... အဲဒီလို နည်းနဲ့ ဆေးလုံး အကြောင်း ဉာဏ်ပညာ အမွေခံနိုင်ခဲ့တာ မလား”
“...”
ပိုင်ရှု တစ်ယောက် တုန်လှုပ် သွားခဲ့၏။ ဤတာအို ဝိညာဉ်မှာ အတော်လေး ထက်မြက်လှသည်။ သူမ၏ လျှို့ဝှက်ချက်ကိုပင် တဒင်္ဂ အတွင်း ရှာဖွေနိုင်စွမ်း ရှိသည်။
ပိုင်ရှု၏ တုန့်ပြန်မှုကို ကြည့်ရင်း ထိုခန့်မှန်းချက်က မှန်ကန်နေကြောင်း ဝေ့ဝူယင်နှင့် ကောင်းကင် စစ်ဝိညာဉ်တို့ မှတ်ချက်ချလိုက်နိုင်ကြ၏။
‘ဉာဏ်ပညာကို အမွေခံတယ်... ချိပ်ပိတ် နယ်မြေရဲ့ ထိပ်သီး အဂ္ဂိရတ် ပါရမီရှင်လို့ ပြောလို့ရတဲ့ ထျန်းရှောင်လော့လို လူမျိုးကိုတောင် မလေးမစား လုပ်ရဲတာ မထူးဆန်းတော့ဘူး... သူ့မှာ တစ်ခြား ဘယ်လို အဂ္ဂိရတ် ဆေးညွှန်းတွေရော ရှိနိုင်သေးလဲ’
နောက်ဆုံး၌... ကောင်းကင်တာအိုက ထိုကမ္မ ကံကောင်းမှုကို အဘယ်ကြောင့် ထျန်းရှောင်လော့ အတွက် ဖန်တီးထားကြောင်း ဝေ့ဝူယင် နားလည် သွားခဲ့ပြီ ဖြစ်သည်။
“မဟုတ်ဘူး... လုံးဝပဲ”
ပိုင်ရှုက ငြင်းဆန်လိုက်၏။ သို့သော်လည်း ကောင်းကင် စစ်ဝိညာဉ်မှာ သူမကို ထပ်မံ ဖိအားပေးခြင်း မပြုတော့ချေ။ လိုချင်သည့် အဖြေကို သူမ ရရှိပြီး ဖြစ်သည် မဟုတ်ပါလား။
"တော်ပြီ... တော်ပြီ...”
သူတို့ နှစ်ယောက် ရှေ့မဆက်နိုင်ခင်မှာပင် ဝေ့ဝူယင်က ဝင်ရောက် တားဆီးလိုက်၏။ ပိုင်ရှင်က နှုတ်ခမ်းကလေးကို စူကာ တစ်ဖက်ကို လှည့်ရင်း လက်ပိုက်ထားလိုက်သည်။
“သူလည်း ဘာသိတာ မဟုတ်ပဲနဲ့...”
ကောင်းကင် စစ်ဝိညာဉ်ကတော့ ပိုင်ရှုကို အဖက်ပင် မလုပ်တော့ချေ။ သူမက ဝေ့ဝူယင်ကိုသာ လေးနက်သည့် လေသံဖြင့် သတိပေးလိုက်၏။
“ဝေ့ဝူယင်... အဲဒီ ဆေးလုံးက တားမြစ် ဆေးလုံးနော်... နင် ဖော်စပ်နိုင်မှာ မဟုတ်ဘူး”
ရွှေရောင်ဥကလေး အတည်တကျ ပြောဆိုနေကြောင်း ခံစားမိလေရာ ဝေ့ဝူယင်မှာ ရင်တဒိတ်ဒိတ် ခုန်သွားခဲ့လေ၏။
“ဘာမဟုတ်ဘူး... သူ ဖော်နိုင်တယ်...”
ပိုင်ရှုက ငြင်းဆိုလိုက်ပြန်၏။ ကောင်းကင် စစ်ဝိညာဉ်က ပြင်းထန်သည့် စိတ်စွမ်းအင်လှိုင်းများကို ပိုင်ရှုထံသို့ ဦးတည်၍ ထုတ်လွှတ်လိုက်သည်။
“ပိုင်ရှု... ဒီဆေးလုံးရဲ့ နောက်ကွယ်က သမိုင်းကြောင်းကို နင်သိသလို ငါလည်းသိတယ်”
ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ ကောင်းမှုကြောင့် ဝေ့ဝူယင်သည်လည်းပဲ ကြယ်တစ်လုံး ကြယ်တာရာ ခေတ် သမိုင်းကြောင်းကို သိရှိထားပေသည်။ ကြယ်တစ်လုံး ကြယ်တာရာခေတ်မှာ နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင်ဆေးကြောင့် မွေးဖွားလာခဲ့ခြင်း မဟုတ်သော်လည်း... ထိုဆေးကြောင့် ပျက်စီး သွားခဲ့ရသည် ဆိုသည့် ကောလဟလများ ရှိပေသည်။
အာရုဏ်ဦး နေမီးတောက် ဆေးလုံးလိုပင် နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံးမှာ ကျင့်ကြံခြင်း လောက၏ ကန့်သတ်ချက်များနှင့် သမာရိုးကျ အစဉ်အလာများကို ချိုးဖျက်နိုင်ခဲ့သည့် ဆေးလုံးတစ်ခု ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံခြင်း ပတ်ဝန်းကျင် တစ်ခုလုံးကို ပြောင်းလဲ စေခဲ့လေသည်။
ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က လျှို့ဝှက် အာဏာရှင် အဆင့် ဘောင်ကို ချိုးဖျက်နိုင်ခြင်း...
ထိုအရာက အဘယ်ကို ဆိုလိုသနည်း။ ပထမဆုံး အနေဖြင့် ကျင့်ကြံသူ တစ်ယောက်မှာ လျှို့ဝှက် တာအိုကို အာရုံခံနိုင်ကာ လျှို့ဝှက် ရည်ရွယ်ချက်ကို ဆုပ်ကိုင် လာနိုင်ကြသည်။ လျှို့ဝှက် လမ်းစဉ်ကို စာအုပ် တစ်အုပ်မှ ဖတ်သလိုမျိုး နားလည်လာနိုင်ကြသည်။
ဒုတိယမြောက် အနေဖြင့် ကျင့်ကြံသူမှာ သူတို့၏ ကျင့်ကြံခြင်း အကန့်အသတ်များကို ချိုးဖျက်ကာ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ၊ ရင်းမြစ်များကို သန့်စင်လာနိုင်ကြသည်။
ထိုအချက်နှစ်ချက်မှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှသော်လည်း... နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံး၏ အစစ်အမှန် အာနိသင်ကတော့ ဘဝ သက်တမ်းနှင့် ဝိညာဉ် သက်တမ်း အကန့်အသတ်တို့ကိုပါ တိုးမြှင့် ပေးနိုင်ခြင်း ဖြစ်လေသည်။
ထိုအဂ္ဂိရတ် ထုတ်ကုန်မှာ သေမျိုး ကျင့်ကြံသူ တစ်ဦးကို လျှို့ဝှက် အာဏာရှင် အဆင့် ဘောင်အတွင်း သွတ်သွင်း ပေးနိုင်ကြောင်း အားလုံး သိရှိပြီး ဖြစ်ပေသည်။ သို့သော်လည်း... ဆေးလုံး၏ အရည်အသွေးပေါ် မူတည်၍ မည်သည့် ဘောင်အတွင်း သွတ်သွင်း ပေးနိုင်ကြောင်းကိုလည်း သိရှိထားဖို့ လိုအပ်သည်။
အဂ္ဂိရတ် ထုတ်ကုန် တစ်ခုချင်းစီတိုင်းတွင် အရည်အသွေးနိမ့်၊ အရည်အသွေးမြင့်၊ အရည်အသွေး အထွတ်အထိပ်နှင့် သာလွန်ခြင်း အဆင့်တို့ ဟူ၍ ရှိကြောင်း အထူးတလှယ် ဖော်ပြစရာ လိုမည် မထင်ချေ။
နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံး၏ အရည်အသွေးနိမ့် အဆင့်မှာ သေမျိုး ကျင့်ကြံသူ တစ်ယောက်ကို လျှို့ဝှက် ကြယ်တာရာ အဆင့်ဘောင် အတွင်း သွတ်သွင်းပေးနိုင်သည်။ အရည်အသွေးမြင့် ဆေးလုံးမှာ လျှို့ဝှက် ဝိညာဉ် အဆင့် အတွင်း သွတ်သွင်းပေးနိုင်ကာ အရည်အသွေး အထွတ်အထိပ် အဆင့်ကတော့ သေမျိုး တစ်ပိုင်း အရှင် အဆင့်ဘောင် အတွင်းကိုပင် ရောက်ရှိသေနိုင်သည်။
ဆိုလိုသည်က အရည်အသွေးမြင့် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်သည်နှင့် သေမျိုး ကျင့်ကြံသူ၏ သက်တမ်းမှာ နှစ်ပေါင်း သုံးသောင်းအထိ တိုးမြင့် သွားလိမ့်မည် ဖြစ်သည်။
သေမျိုး ကျင့်ကြံသူ တစ်ယောက်က နှစ်ပေါင်း သုံးသောင်း အထိ အသက် ရှင်သန်နိုင်ခြင်း..
ထိုကဲ့သို့ ထုတ်ကုန်မျိုးကို ကောင်းကင်အား ဆန့်ကျင်နိုင်သည်ဟု မဆိုလျှင် မည်သည့် ထုတ်ကုန်မျိုးကို ဆိုရတော့မည်နည်း။ ထိုကဲ့သို့ ထုတ်ကုန်မျိုးက ကမ္ဘာလောကအား မတုန်လှုပ်စေနိုင်လျှင် မည်ကဲ့သို့ ထုတ်ကုန်မျိုးက တုန်လှုပ်စေနိုင်တော့မည်နည်း။ ထိုကဲ့သို့ ထုတ်ကုန်မျိုးက သမာရိုးကျ အစဉ်အလာများကို မချိုးဖျက်နိုင်လျှင် မည်သည့် ထုတ်ကုန်မျိုးက ချိုးဖျက်နိုင်မည်နည်း။
နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံးကြောင့် ကြယ်တစ်လုံး ကြယ်တာရာခေတ်ကြီး ပျက်သုဉ်းခဲ့ရသည် ဆိုလျှင်ပင် မယုံကြည်နိုင်စရာ မရှိပါချေ။
“ဝေ့ဝူယင်... ငါ အတန်တန် သတိပေးတယ်နော်... အဲဒါက တားမြစ်ဆေးလုံး... နင် ဖော်စပ်နိုင်မှာ မဟုတ်ဘူး... နောက်ပြီး အဲဒီ ထုတ်ကုန်သာ ပျံ့နှံ့သွားရင် ပျက်စီးခြင်းတွေပဲ နင့်ဆီကို ရောက်လာလိမ့်မယ်”
ကောင်းကင် စစ်ဝိညာဉ်က ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ထပ်မံ၍ သတိပေးလိုက်၏။ သို့သော်လည်း... သူမက အသေးစိတ် အချက်အလက်များကိုတော့ ပြောပြခြင်း မရှိချေ။ ထိုရွှေရောင်ဥလေးမှာ ကြယ်တစ်လုံး ကြယ်တာရာခေတ် ပျက်သုဉ်းခဲ့ရသည့် အမှန်တရားကို သိရှိပြီး ဖြစ်သော်လည်း မပြောပြနိုင်ခြင်းဟု ဝေ့ဝူယင် ခံစားလိုက်ရသည်။
“ဘာမဟုတ်ဘူး... ဘာမဟုတ်ဘူး”
ပိုင်ရှုကတော့ ခေါင်းကလေးကို ခါရမ်း ငြင်းဆန်လိုက်၏။ သူမက ဝေ့ဝူယင်ထံသို့ ပျံသန်းလာသည်။ သူမ၏ လှပသည့် မျက်ဝန်းလေးများက သံမဏိ အလား ခေါင်းမာခြင်းများနှင့် ပြည့်နှက်နေသည်။
“သူ ပြောတာ မှန်တော့ မှန်တယ်... ဒါပေမဲ့ မှားတယ် ဆရာ... ဆေးလုံးက တားမြစ်ဆေးလုံး ဟုတ်တယ်... ဒါပေမဲ့ အဂ္ဂိရတ် ပညာရှင်တွေ အတွက်တော့ တားမြစ် မထားဘူး”
“သောက်အဓိပ္ပာယ်တွေ... သေမျိုးတာအိုနဲ့ လျှို့ဝှက် တာအို နှစ်ခုစလုံးက ဆေးလုံးကို တားမြစ်ထားတာ... အဂ္ဂိရတ် တာအိုတောင် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို မပယ်ရှားရဲဘူး... ဆေးလုံးကို စားတာနဲ့ သေမျိုး ပျက်သုဉ်းခြင်းလို့ ခေါ်တဲ့ သေမျိုး တာအိုရဲ့ ငြင်းပယ်မှုကို ရင်ဆိုင်ရလိမ့်မယ်... နောက်ပြီး လျှို့ဝှက် တာအိုကလည်း ကပ်ဘေးရဲ့ ခက်ခဲမှုကို အဆပေါင်း ထောင်ချီ မြှင့်တင်ပစ်လိမ့်မယ်... နင် ငါ့သခင်ကို ပျက်စီးအောင် သွေးဆောင် မနေနဲ့”
ကောင်းကင် စစ်ဝိညာဉ်၏ လေသံက ပြင်းထန်သည့် သတိပေးမှုများနှင့် ပြည့်နှက် နေ၏။ ပိုင်ရှု၏ စကားက ထူးဆန်းနေသယောင် ထင်ရသည့်တိုင် ဝေ့ဝူယင် လမ်းကြောင်းမှားသွားမည့် အဖြစ်မျိုးကိုတော့ သူမ ခွင့်မပြုနိုင်ပါချေ။
ထိုအတွက်... ဖော်ထုတ်ရန် ဆန္ဒ မရှိသည့် လျှို့ဝှက်ချက် တစ်ချို့ကိုပင် သူမ ဖော်ထုတ်လိုက်မိပြီ ဖြစ်သည်။ သို့သော်လည်း သူမ မသိလိုက်သည့် အချက်ကား... ဝေ့ဝူယင်မှာ ဝတ်စုံဝတ် ဝေ့ဝူယင် လေ့လာခဲ့သည့် ဗဟုသုတများမှ တစ်ဆင့် ထိုအကြောင်းအရာများကို ကြိုတင်သိရှိထားပြီး ဖြစ်ခြင်းပင်။
“ငတုံး... သူတို့ လုပ်ချင်တာ လုပ်ခွင့်ပြုရအောင် လျှို့ဝှက် တာအိုက စောက်ပေါ မဟုတ်ဘူး... အဂ္ဂိရတ် တာအိုက အကန့်အသတ်မဲ့တယ်... ကောင်းကင်တောင် ဝင်ပြီး မစွက်ဖက်ရဲဘူး.. နောက်ပြီး သူက နင့် သခင်တင် မဟုတ်ဘူး... ငါ့ရဲ့ သခင် ဆိုလည်း ဟုတ်တယ်”
ပိုင်ရှုက ဒေါသတကြီး တုန့်ပြန်လိုက်လေ၏။
***