အင်ပါယာ ကလန်၏ အစည်းအဝေး
Vol. 87 Ch. 1215
ရွှေရောင် အသက်နန်းတော်နှင့် ထာဝရ အစည်းအရုံးတို့ ပူးပေါင်း ဆောင်ရွက်မှု စတင်ခဲ့သည့် ရှစ်နှစ်မြောက်တွင်တော့...
အင်ပါယာ ကလန်၏ မြို့တော် တစ်ဖြစ်တည်း အဆုံးမဲ့ ကောင်းကင် မြို့တွင် လောကကို လှုပ်ခတ်စေနိုင်သည့် ဩဇာတိက္ကမ ဂုဏ်သတင်းများကို ပိုင်ဆိုင်ထားကြသော အထက်တန်းစား ပုဂ္ဂိုလ်များ စုဝေးနေကြသည်။ ထိုအစည်းအဝေးပွဲကို ဦးဆောင်နေခဲ့သူကတော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နံပတ်တစ် အလှမယ် ဧကရီ ရှောင်ချွမ်းပင် ဖြစ်လေသည်။
အစည်းအဝေး တက်ရောက်လာကြသူများထဲတွင် ထျန်းမူယန်၊ ထျန်းလင်းယုတို့ ကဲ့သို့ အင်ပါယာ ဧကရာဇ်များ ပါဝင်နေသလို ယန်ချောင်ယွီတို့လို ကောင်းကင် ဧကရာဇ်များလည်း ပါဝင်နေပေသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင် တက်ရောက်လာကြကာ သူတို့ အားလုံး၏ အမူအရာများက သုန်မှုန် နေကြပေသည်။
ဆန့်ကျင်ဘက်ပင် ဧကရီ ရှောင်ချွမ်း၏ နှုတ်ခမ်းထက်တွင်တော့ အပြုံးတစ်ခု ရှိနေခဲ့၏။ ထိုအပြုံးက ပတ်ဝန်းကျင်ရှိ အရောင်များကို မှေးမှိန်သွားစေကာ လူတိုင်း၏ အာရုံများကို သူမထံ စုစည်း ရောက်ရှိလာစေခဲ့သည်။
“ရှင်တို့ ဘယ်လို ထင်ကြလဲ...”
“...”
မည်သူမှ တုန့်ပြန်ခြင်း မပြုကြချေ။ ထို့အစား အားလုံး၏ အမူအရာများသာလျှင် ပိုမို၍ သုန်မှုန် လာကြသည်။
“...”
မည်သူမှ တုန့်ပြန်မလာသည်ကို တွေ့မြင်ရသော အခါ ဧကရီ ရှောင်ချွမ်းက ထျန်းမူယန်၏ နောက်နားတွင် ငြိမ်သက်စွာ ထိုင်နေသည့် မိန်းမငယ်လေးကို လှမ်းကြည့်လိုက်သည်။ မိန်းကလေး၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ များစွာသော အတွေးများနှင့် လှုပ်ခတ်နေဟန် ရ၏။ ဧကရီ ရှောင်ချွမ်း၏ အကြည့်များကို သတိထားမိသော အခိုက်၌ သူမ၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေး သွားသည်။
“ဧကရီ... ကျွန်မ အမြင် ပြောရရင် ဒါက တွက်ချက်ထားတဲ့ တိုက်ခိုက်မှု တစ်ခု ဆိုတာ သေချာတယ်... ရွှေရောင် အသက်နန်းတော်က ဘက်ပေါင်းစုံကနေ ချဉ်းကပ်ပြီး အလွှာ အသီးသီးကနေ တိုက်ခိုက်လိုက်တာပဲ... အထူးသဖြင့် သူတို့ ဖော်ထုတ်လိုက်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ၊ ဆိုင်ခွဲတွေက ဒီတိုက်ခိုက်မှု အတွက် ဘယ်လောက်တောင် ကြာကြာ စီစဉ်ထားတယ် ဆိုတာကို ပြသနေတယ်”
ယန်ချောင်ယွီ၏ ခွဲခြမ်း စိတ်ဖြာပြသမှုက လူများစွာ၏ မျက်ဝန်းများကို တောက်ပသွားစေခဲ့သည်။ သူတို့၏ အတွေးနှင့် ခံစားချက်များမှာလည်း သူမနှင့် အလားတူပင်။
“အိုး...”
ဧကရီ ရှောင်ချွမ်းက ဆက်လက် ပြောဆိုဖို့ လက်ဟန်ပြလိုက်၏။ ယန်ချောင်ယွီ စိတ်ထဲမှ သက်ပြင်းမိသည်။ ဧကရီ သူမ၏ အတွေးများကို သိချင်နေရသည့် အကြောင်းရင်းမှာ လွန်ခဲ့သည့် သုံးနှစ်က သူမ ဝေ့ဝူယင်ထံ အလည်အပတ် သွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သူမ သိပေသည်။ ကောင်းကင် ဧကရာဇ် တစ်ယောက်၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စတစ်ရပ်ဟု ဆိုနိုင်ပေသည်။
ရွှေရောင် အသက်နန်းတော်နှင့် ထာဝရ အစည်းအရုံးတို့ အကြား တိုက်ခိုက်မှုများတွင် ဝေ့ဝူယင် သေချာပေါက် ပါဝင်နေလေရာ ဧကရီမှာ သူမထံမှ ထူးခြားသည့် အမြင်ကို လိုချင်နေခြင်း ဖြစ်သည်။
“ကျွန်မ ထင်မြင်ချက်ကို ပြောရရင်...”
ယန်ချောင်ယွီက အစချီလိုက်ရင်း အမျိုးမျိုးသော ကိစ္စရပ်များကို သုံးသပ်ကာ စတင် ရှင်းလင်း လိုက်သည်။ မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေ၏ ပြည်တွင်းစစ်မှာ ရွှေရောင် အသက်နန်းတော်၏ အစီအစဉ် အတိုင်း ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်ကာ လောင်းကစား ဌာနများမှာလည်း ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်းနှင့် ယုံကြည်မှုကို ထိခိုက်စေဖို့ ရ့ည်ရွယ်ချက်ဖြင့် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ရှစ်နှစ် အတွင်း ရွှေရောင် အသက်နန်းတော်မှာ ကြယ်တာရာ နယ်မြေတိုင်း လိုလိုတွင် သူတို့၏ မိုးကောင်းကင်ကို ချဲ့ထွက်နိုင်ခဲ့ကာ စီးပွားရေး၊ နာမည်၊ ဂုဏ်သတင်း၊ လွှမ်းမိုးမှု အဖက်ဖက်မှ တိုးတက် လာခဲ့သည်။ သို့သော်လည်း... ထာဝရ အစည်းအရုံးကတော့ လောင်းကြေး ရှုံးနိမ့်မှုများ၏ ဝန်ကို ထမ်းပိုးရင်း အဖက်ဖက်မှ ကျဆင်းလာခဲ့သည်။
“... သူတို့ရဲ့ အစီအစဉ်တွေက အင်မတန် ပြောင်မြောက်လှပါတယ်”
ယန်ချောင်ယွီက သက်ပြင်းတစ်ချက် ချလိုက်ရင်း သူမ၏ သုံးသပ်မှုများကို အဆုံးသတ် လိုက်သည်။ ဧကရီ ရှောင်ချွမ်းက သူမကို တစ်ချက် လှမ်းကြည့်လိုက်၏။ ယန်ချောင်ယွီ ဝေ့ဝူယင် အကြောင်း လုံးဝ ထည့်မပြောသွားခြင်းကို သူမက သိပ်မကျေနပ်ဟန် ရသည်။ သို့သော်လည်း... သူမက ယန်ချောင်ယွီကို ဆက်လက် ဖိအားပေးခြင်း မပြုချေ။
“သူတို့ ဗျူဟာရဲ့ ပန်းတိုင်က ဘာဖြစ်မယ်လို့ ထင်လဲ...”
ဧကရီ ရှောင်ချွမ်းက ပေါ့ပေါ့ပါးပါး မေးလိုက်၏။ သူမ၏ လေသံက လေးလေးနက်နက် စဉ်းစားစရာ မလိုသည့် အကြောင်းအရာ တစ်ခုကို ပြောနေသလိုမျိုးပင်။ အကျိုးဆက် အနေဖြင့် ထိပ်တန်း ပုဂ္ဂိုလ်များ အကြားမှ စကားဝိုင်းမှာ ပိုမို၍ ပေါ့ပါးလာကာ ဆွေးနွေးမှုများစွာ ထွက်ပေါ်လာခဲ့သည်။
“ကျုပ် အထင် ထာဝရ အစည်းအရုံးကို အစားထိုးဖို့ ကြံစည်နေတာလား...”
ထျန်းလင်းယုက မျက်လုံးများကို ကျဉ်းမြောင်းရင်း မေးလိုက်၏။ ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်လို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည့် အဂ္ဂိရတ် ပါရမီကို ပိုင်ဆိုင်ထားလေရာ ထိုအရာက အလွန် ဖြစ်နိုင်ချေ ရှိသည့် ကိစ္စ တစ်ခု ဖြစ်သည်။
ဧကရီ ရှောင်ချွမ်း၏ အပြုံးများမှာ ပိုမို၍ ထင်ပေါ်လာ၏။ သို့သော်လည်း... သူမ၏ လှပသည့် မျက်ဝန်းများကိုတော့ မည်သူမှ အဓိပ္ပာယ် ဖော်နိုင်စွမ်း မရှိပါချေ။
“မဖြစ်နိုင်ဘူး...”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။
"..."
ထိပ်သီး ကျင့်ကြံသူများ၏ မျက်လုံးနှင့် ခေါင်းများက အပြာရောင် ဆံပင်နှင့် မိန်းကလေးထံသို့ ပြန်လည်၍ ရွေ့လျား သွားကြသည်။
“ဘာလို့များ မဟုတ်တာလဲ... ရှင်းပါဦး...”
ဧကရီ ရှောင်ချွမ်းက စိတ်ဝင်တစားဖြင့် တိုက်တွန်းလိုက်၏။ ဆံပင် အပြာရောင်နှင့် မိန်းကလေးမှာ ထျန်းရှောင်လော့ပင် ဖြစ်လေသည်။ သူမက ခြေကို ခြေတစ်လှမ်း တိုးလိုက်၏။ သူမ၏ လှပသော မျက်ဝန်းများက တဖျပ်ဖျပ် တောက်ပနေကာ စဉ်းစား တွက်ချက်ခြင်းများနှင့် ပြည့်နှက် နေသည်။
“သူတို့ရဲ့ ပန်းတိုင်က ထာဝရ အစည်းအရုံးကို သိမ်းပိုက်ဖို့ ဆိုရင် ဝေ့ဝူယင် အဂ္ဂိရတ် ရှန့်ထို ဖြစ်လာတဲ့ အထိ စောင့်ပြီး ထာဝရ ဧကရာဇ် လုပ်ခဲ့သလိုမျိုး လိုက်လုပ်ရုံပဲ... ဘာလို့ ခုလိုတွေ အပင်ပန်း ခံနေမှာလဲ”
“...”
ထိပ်သီး ပုဂ္ဂိုလ်ကြီးများ အံ့အားသင့် သွားကြ၏။ ထိုအရာက သူတို့ မစဉ်းစားခဲ့မိသည့် ရှုဒေါင့် တစ်ခု ဖြစ်ပေသည်။ အစည်းအဝေး ခန်းမကြီး အတွင်း၌ လေးနက်သည့် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။
"ဒါဆိုရင် ဘာလဲ...”
ထျန်းရှောင်လော့က ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း လေးနက်သည့် လေသံဖြင့် အဖြေပေး လိုက်လေ၏။
“ကျွန်မ အမြင်ကို ပြောရရင် သူတို့က ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက် တစ်ခု အတွက် ပြင်ဆင်နေကြတဲ့ ပုံပဲ”
“ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက်... ဟုတ်လား”
ဧကရီ ရှောင်ချွမ်းက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ထျန်းရှောင်လော့က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။
“မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေရဲ့ ပြည့်တွင်းစစ် အတွင်းမှာ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေရဲ့ မြေကြီး ရှန့်ထို ချင်းဖုန်းက ဝေ့ဝူယင်နဲ့ သူက မဟာမိတ် ဖြစ်တဲ့ အကြောင်း ပြသခဲ့တယ်... ရွှေရောင် အသက်နန်းတော်နဲ့ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေကလည်း ပွင့်ပွင့်လင်းလင်းပဲ မဟာမိတ် ဖွဲ့တယ်... နောက်ပြီး နယ်မြေတိုင်းမှာ အခြေစိုက် စခန်းသစ်တွေ ထူထောင်တယ်... ဒါတွေ အားလုံးကို ထောက်ချင့်ရရင် သူတို့က စစ်ပွဲကြီး တစ်ခု တိုက်ဖို့ ပြင်ဆင်နေကြတာပဲ...”
"...”
ထျန်းရှောင်လော့၏ စကား အဆုံးသတ်၌ အခန်း တစ်ခုလုံးမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့တော့သည်။
“စစ်ပွဲ...”
ထိပ်သီး ပုဂ္ဂိုလ် မြောက်များစွာမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရင်း တုန့်ပြန်မှုများကို ဆန်းစစ် လိုက်ကြသည်။ သူတို့၏ မျက်လုံးများက စိတ်ပျက်မှု၊ စိတ်ဝင်စားမှု၊ စိုးရိမ် ထိတ်လန့်မှု၊ လှောင်ပြောင်မှု၊ ထီမထင်မှု စသည်ဖြင့် မတူကွဲပြားသည့် ခံစားချက် အမျိုးမျိုးနှင့် ပြည့်နှက် နေကြသည်။ ရွှေရောင် အသက်နန်းတော် ထာဝရ အစည်းအရုံးအား တိုက်ခိုက်နေသည့် နောက်ဆုံးသော ပန်းတိုင်က စစ်ပွဲ တစ်ခု အတွက် ပြင်ဆင်နေခြင်းလော။
ထျန်းလင်းယုက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူမမှာ ရွှေရောင် အသက်နန်းတော်ကို ထီမထင်သည့် လူနည်းစုထဲမှ တစ်ယောက် ဖြစ်ပေသည်။
“နန်းတော်သခင်မာ့က တော်တော်ကို လှည့်ကွက်တွေ များလွန်းတယ်... အဲဒါကြောင့် အသက်ကြီးပြီး ကောက်ကျစ်တဲ့ မြေခွေးကြီးတွေကို ကျွန်မ သဘောမကျတာ”
သူမက မာ့ကျန်း၏ လုပ်ရပ်များ အပေါ် မကျေနပ်ကြောင်း ပွင့်ပွင့်လင်လင်းပင် ဆိုလိုက်သည်။
“...”
အင်ပါယာ ဧကရာဇ် လူအိုကြီး တစ်ယောက်က ထျန်းလင်းယုကို လှမ်းကြည့်ကာ မျက်မှောင်ကြုတ် လိုက်၏။ သူက သူ့ကိုယ်သူ ပါးနပ်သည့် မြေခွေးအို တစ်ယောက် အဖြစ် ယူဆ ထားသော်လည်း ဤတစ်ကြိမ်တွင်တော့ ထျန်းလင်းယု၏ မှတ်ချက်ကိုတော့ ပြန်လည် မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူက အလေးနက် စဉ်းစားဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်ရင်း...
“ကျုပ် လူအိုကြီးမာ့ အကြောင်းကောင်းကောင်း သိတယ်... သူက ကောက်ကျစ်တယ် ဆိုပေမဲ့ မိုက်မဲတဲ့လူတော့ မဟုတ်ဘူး... ဘာလို့ ကျုပ်တို့ကို တိုက်ခိုက်ဖို့ စစ်ပြင်နေတယ်လို့ ထင်ရတာလဲ”
“...”
အစည်းအဝေး ခန်းမ အတွင်း၌ နောက်တစ်ကြိမ် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့ပြန်၏။ အားလုံး၏ အတွေးများမှာ အလွန် လျှင်မြန်စွာပင် လှည့်ပတ် နေကြသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အင်ပါယာ ကလန်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် အင်အား အကြီးမားဆုံး ဖြစ်ကြောင်း မည်သူမှ ငြင်းဆိုနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့၏ အင်ပါယာမှာ မြေကြီး ရှန့်ထို အဆင့်တိုင်းထက် ပိုမို၍ အင်အား ကြီးမားသည်။ သူက ပြိုင်ဘက်ကင်းသည်။
“ကျွန်မတို့ကို မဟုတ်ရင် သူက ဘယ်သူနဲ့ တိုက်ခိုက်ဖို့ စစ်ပြင်နေတာလဲ... ထာဝရ အစည်းအရုံးလား...”
ထျန်းလင်းယုက နားမလည်နိုင်စွာ မေးလိုက်၏။ ချက်ချင်းပင် များစွာသော ပုဂ္ဂိုလ်များ၏ စူးစမ်းသည့် အကြည့်များက ယန်ချောင်ယွီ အပေါ်သို့ ကျရောက် သွားကြသည်။
ထာဝရ အစည်းအရုံးနှင့် ရွှေရောင် အသက်နန်းတော်၏ ပဋိပက္ခ ရင်းမြစ်မှာ ဝေ့ဝူယင်ထံမှ စတင်ကြောင်း အားလုံး သိရှိထားကြပေသည်။ ထာဝရ နတ်ဘုရားမှာ ဝေ့ဝူယင်ကို သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ကာ၊ မတော်တဆ ဆိုသည့် ခေါင်းစဉ်အောက်တွင် အပြစ်မဲ့ ပြည်သူ သန်းနှင့်ချီ၍ သေဆုံးခဲ့သည်။ ထို့အပြင်... ဝေ့ဝူယင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ဝင်ရောက်လာပြီး ကတည်းက သူတို့ အကြားတွင် တိုက်ရိုက် ပြိုင်ဆိုင်မှုများစွာ ရှိခဲ့ကာ မဟာ စက်ဝန်း ရှန့်ထို ညီလာခံမှာလည်း ထိုပဋိပက္ခ၏ အချက်တစ်ချက် ဖြစ်ခဲ့ပေသည်။
ပြဿနာက ဝေ့ဝူယင်၏ နောက်ခံ အင်အားမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာခြင်း ဖြစ်သည်။ ထာဝရ အစည်းအရုံး၏ နယ်မြေထဲကို ဝင်ရောက် မသွားသရွေ့ ထာဝရ အစည်းအရုံးမှာ သူ့ကို ဖယ်ရှားဖို့ မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။ သူ့ထံတွင် မြေကြီး ရှန့်ထိုများကိုပင် ခြိမ်းခြောက်နိုင်သည့် ရှေးဟောင်း ဖီးနစ် သားရဲတစ်ကောင် ရှိသည်။ သင်္ကေတ ရှစ်ခု မြေကြီး ရှ့န်ထို အာရုဏ်ဦး သူရဲကောင်းနှင့် နောက်ထပ် လျှို့ဝှက် ဆန်းကြယ်သည့် သံမဏိ ခေါင်းဆောင်း မြေကြီး ရှန့်ထို တစ်ယောက်လည်း ရှိသေးသည်။ ထို့အပြင် ဝေ့ဝူယင်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၊ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၊ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေ၊ ရွှေရောင် အသက် နန်းတော်တို့လို အထက်တန်းစား အဖွဲ့အစည်းများနှင့်လည်း မဟာမိတ် ဖွဲ့ထားသေးသည်။ သူ တစ်ယောက်တည်း၏ နောက်ကွယ်တွင် ကြယ်တာရာ နယ်မြေ ငါးခုစာလောက် အင်အားမျိုးကို ပိုင်ဆိုင်ထားပေသည်။
တကယ်တမ်း ဆိုရလျှင် သူက ထိပ်တန်း ကြယ်တာရာ နယ်မြေ သုံးခုမှ လွဲ၍ အခြား မည်သည့် ကြယ်တာရာ နယ်မြေကို မဆို အတားအဆီး ကင်းမဲ့စွာ အုပ်စိုးနိုင်သည်။
အားလုံးထံမှ အကြည့်များကို သတိထားမိလေရာ ယန်ချောင်ယွီမှာ ကိုယ်ပိုင် အမြင်ကို ပြောပြဖို့မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိပါတော့ချေ။
“ယီစွန်းလီကို အစစ်အမှန် မွေးဖွားခြင်းက ပစ်မှတ်ထားနေတယ် ဆိုတဲ့ သတင်းတွေ ရှင်တို့လည်း ကြားမှာပါ... သူတို့ရဲ့ ကြိုးပမ်းမှုကို ဟန့်တားဖို့ အတွက် ဝေ့ဝူယင်က မြေကြီး ရှန့်ထိုတွေကို စုစည်းပြီး စစ်ဆင်ရေး တစ်ခုတောင် လုပ်ခဲ့သေးတယ်... သူရဲ့ လုပ်ရပ်က အစစ်အမှန် မွေးဖွားခြင်းကို စစ်ကြေညာလိုက်တာပဲ”
“...”
အားလုံး၏ အမူအရာများမှာ ပြောင်းလဲ သွားကြ၏။
“အစစ်အမှန် မွေးဖွားခြင်း... သူက အစစ်အမှန် မွေးဖွားခြင်းကို စစ်တိုက်ဖို့ ပြင်နေတာလား”
***