အင်ပါယာ ကလန်၏ အစည်းအဝေး (၂)
Vol. 87 Ch. 1216
အစစ်အမှန် မွေးဖွားခြင်း...
အစစ်အမှန် မွေးဖွားခြင်းမှာ အရိပ်များထဲမှ လှုပ်ရှားနေသည့် လျှို့ဝှက် အဖွဲ့အစည်းတစ်ခု ဖြစ်ကာ သူတို့၏ အင်အားမှာလည်း ခန့်မှန်းရ ခက်ခဲလှသည်။ အင်ပါယာ ကလန်မှာ ထိုအဖွဲ့အစည်းကို မကြောက်သည့်တိုင် သူတို့မှာ ကြယ်တာရာ နယ်မြေ ခေါင်းဆောင်များ အကြားတွင်ပင် ထိုးဖောက်ဝင်ရောက် နေရာယူထားသည်ဟု ဆိုကြသည်။ ထိုထက် ပိုမို မြင့်မားသည့် နေရာများတွင်ပင် သူတို့ ရှိနေနိုင်ပေသည်။
အင်ပါယာ ကလန်၏ အစည်းအဝေး ခန်းမထဲ၌ မှန်းဆချက်များ ဆူဆူညံညံပင် ထွက်ပေါ်လာခဲ့၏။ အများစုက ဝေ့ဝူယင်နှင့် တိုက်ရိုက် ဆက်နွယ် နေနိုင်ကြောင်း ခန့်မှန်းကြသော်လည်း မကြာသေးမှီက ရွှေရောင် အသက်နန်းတော်၏ လုပ်ရပ်များကတော့ အငြင်းပွားဖွယ်ရာ ကောင်းလှသည်။
အဘယ်ကြောင့်နည်း။
“မဖြစ်နိုင်ဘူး... ထာဝရ အစည်းအရုံးကို တိုက်ခိုက်ဖို့ အတွက် ရွှေရောင် အသက်နန်းတော် ထုတ်သုံးခဲ့တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ၊ ရင်းမြစ်တွေက နည်းနည်းနောနောမှ မဟုတ်တာ... ရာစုနှစ်နဲ့ချီ ပြင်ဆင်မှု မရှိပဲ သူတို့ မလုပ်နိုင်လောက်ဘူး... ဝေ့ဝူယင်က ခုမှ အသက် ခုနစ်ဆယ်တောင် မပြည့်သေးဘူး... နောက်ပြီး သူ့ဘဝ သက်တမ်း တစ်ဝက်ကျော်ကို ထာဝရ ကြယ်တာရာ နယ်မြေမှာပဲ နေခဲ့တာ... ဒီကို ရောက်တာ နှစ်ပေါင်း သုံးဆယ်တောင် မကျော်သေးဘူး”
အင်ပါယာ ဧကရာဇ် လူအိုကြီး တစ်ယောက်က ငြင်းဆိုလိုက်၏။ သူကပင် ဆက်လက်၍ သုံးသပ် လိုက်သည်။
"ငါ့အထင် လူအိုကြီးမာ့က အစစ်အမှန် မွေးဖွားခြင်းကို ဘယ်တော့မှ စိန်ခေါ်မှာ မဟုတ်ဘူး... အစစ်အမှန် မွေးဖွားခြင်း ဘယ်လောက် ကြောက်ဖို့ ကောင်းတယ် ဆိုတာ သူများတွေထက် သူ ပိုသိသင့်တယ်”
"..."
ဧကရီ ရှောင်ချွမ်းမှာ လှပသည့် အပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည့်တိုင် သူမ၏ မျက်ဝန်းများကတော့ လျှို့ဝှက် ဆန်းကြယ်သည့် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပ နေခဲ့၏။ များစွာသော လူများ၏ အမြင်အရ ဆိုလျှင် ၎င်းမှာ မာ့ကျန်း ဂရုတစိုက် ရာစုနှစ်ချီ စီစဉ်ထားသည့် အစီအစဉ် တစ်ခု ဖြစ်ကာ ဝေ့ဝူယင်က နောက်မှ လိုက်ပါနေခြင်းသာ ဖြစ်ပေသည်။
တစ်နာရီလောက် ဆက်လက် ဆွေးနွေးကြပြီး နောက်တွင် ထျန်းလင်းယုက အဓိက ခေါင်းစဉ်ဆီကို ဦးတည်လိုက်၏။
“ကျွန်မတို့ ဘယ်တုန့်ပြန်မှာလဲ”
အားလုံး၏ အမူအရာများက လေးနက်၍ သွားကြ၏။ ရွှေရောင် အသက်နန်းတော်မှာ ထူးဆန်းသည့် ရည်ရွယ်ချက်များနှင့် လှုပ်ရှား နေကြကာ စီးပွားရေး၊ သြဇာအာဏာ၊ နယ်မြေ ပိုင်ဆိုင်မှုနှင့် လူမှု အသိုင်းအဝိုင်း၏ မှီခိုမှုတို့ကို ချဲ့ထွင် နေကြသည်။
သို့သော်လည်း အင်ပါယာ ကလန်မှာ ကြယ်ကွင်းပြင် တစ်ခုလုံး၏ ထိပ်သီး အင်အားစု ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား ဧကရာဇ်ကြောင့် သူတို့ ဘယ်တော့မှ အင်ပါယာ ကလန်ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း ထိုအယူအဆက အမြဲတမ်း အတွက် မှန်ကန်နိုင်ပါမည်လော။
“သူတို့ ဆက်ပြီး မချဲ့ထွင်နိုင်အောင် ဖိနှိပ်လိုက်ကြမလား...”
ကောင်းကင် ဧကရာဇ် တစ်ယောက်က အကြံပြုလိုက်၏။ ဧကရီ ရှောင်ချွမ်းက သူ့ကို လှမ်းကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
“ကောင်းကင် ဧကရာဇ်ပိုင်... ရွှေရောင် အသက်နန်းတော်နဲ့ ဝေ့ဝူယင်ကို ဘယ်လို ဖိနှိပ်ရမယ် ဆိုတဲ့ အကြံဉာဏ်မျိုး ရှင့်မှာ ရှိလား”
ဝေ့ဝူယင် ဆိုသည့် နာမည် ထွက်ပေါ်လာသည့် အခိုက်၌ ကောင်းကင် ဧကရာဇ်များနှင့် အင်ပါယာ ဧကရာဇ်များ အကြားတွင် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ကောင်းကင် ဧကရာဇ်ပိုင်မှာ ဘာပြန်ပြောရမှန်း မသိပဲ ငြိမ်သက် သွားခဲ့၏။ အကယ်၍ ရွှေရောင် အသက်နန်းတော် တစ်ခုတည်း ဆိုလျှင် ထိုအရာက ခက်ခဲသည့် ကိစ္စ တစ်ခု မဟုတ်ချေ။ သို့သော်လည်း... ဝေ့ဝူယင်ပါ ဆိုလျှင်တော့...။
“...”
ထျန်းရှောင်လော့မှာ စကားဝိုင်းကို တိတ်တဆိတ် နားထောင် နေခဲ့၏။ အလွှာကြားက လောကမှာ တုန်းက ဝေ့ဝူယင်မှာ သူမ ပိုင်ဆိုင်ရမည့် မှော်သန့်စင် ဆေးအိုးကို လုယူကာ လောကရှန့်ထိုများကိုပင် တစ်ပတ်ရိုက်၍ ချိပ်ပိတ် နယ်မြေထဲ ပြန်လည် ထွက်ပြေး သွားခဲ့သည်။ ထိုအဖြစ်အပျက်က သူမ၏ စိတ်ကို ယနေ့တိုင် တနုံ့နုံ့နှင့် ခံစားနေစေတုန်း ဖြစ်သည်။
“ခစ်... ခစ်...”
ဧကရာဇ် ရှောင်ချွမ်းက သိမ်မွေ့ကာ သက်တောင့်သက်သာ ရှိသည့် ရယ်မောသံ တစ်ခုကို ထုတ်ဖော်လိုက်၏။ သူမ၏ ရယ်မောသံက အမျိုးသား ကျင့်ကြံသူများ၏ နှလုံးသားများနှင့် ခန္ဓာကိုယ် အောက်ပိုင်းများကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့သည်။ ဧကရီ ရှောင်ချွမ်းမှာ တမင်တကာ ဖြားယောင်းနေခြင်း မဟုတ်သော်လည်း သူမ၏ အပြုံးနှင့် အမူအရာတို့က လူအများ၏ စိတ်ကို လှုပ်ခါစေရန် လုံလောက်နေပြီ ဖြစ်သည်။
“ကျွန်မတို့ရဲ့ အင်အားစု ကိုယ်တိုင်က အတွင်းပိုင်းက လှိုက်ပြီးပျက်စီးနေတယ် ဆိုရင် သူ့ကို နှိပ်နင်းဖို့ ဘယ်လိုလုပ်ပြီး စီစဉ်နိုင်မှာလဲ”
"..."
ရုတ်တရက် လေထု တစ်ခုလုံးမှာ ဝင်ရိုးစွန်း ဒေသကို ရောက်ရှိသွားသလို အေးခဲ သွားသည်။ ကောင်းကင် ဧကရာဇ်ကိုင်၏ နှလုံးသားက အရှိန်အဟုန်နှင့် တဒိန်းဒိန်း ခုန်လာခဲ့၏။ သို့သော်လည်း... အပြင်ပန်းတွင်တော့ သူက အံ့အားသင့်သည့် အမူအရာကို ဆင်မြန်းလိုက်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှု လိုက်သည်။ သူ၏ အမူအရာက ဘယ်သူ့ကြောင့်လဲ ဟု မေးခွန်းထုတ် နေသလိုပင်။
သို့သော်လည်း... လူအများစု၏ မျက်လုံးများကတော့ ယန်ချောင်ယွီ အပေါ်ကိုသာ ကျရောက် သွားကြ၏။ ယန်ချောင်ယွီ၏ မျက်လုံးများက ပြင်းထန်သည့် အငွေ့အသက်များနှင့် ပြည့်နှက် လာ၏။ သို့သော်လည်း... သူမက မည်ကဲ့သို့မျှ မတုန့်ပြန်ပဲ ဧကရီ ရှောင်ချွမ်း စကားအဆက်ကိုသာ စောင့်နေလိုက်သည်။ သူမ အင်ပါယာ မျိုးနွယ်ကို သစ္စာမဖောက်ချေ။ ဝေ့ဝူယင်နှင့် ဆက်ဆံရေး တစ်ချို့ ရှိသည့်တိုင် အင်ပါယာ မျိုးနွယ်နှင့် လျှို့ဝှက် ကျိန်စာများကို သူမ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
“ဟန်ဆောင်ပန်းဆောင်တွေ လုပ်မနေကြနဲ့...”
ဧကရီ ရှောင်ချွမ်းက ခေါင်းကို ခါယမ်းရင်း ဆိုလိုက်၏။
“ရှင်တို့တွေထဲမှာ ဘယ်သူက မပျက်စီးဖူးလို့လဲ... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ရှင်တို့ အားလုံး သံသယ ဝင်စရာ ဇစ်မြစ်က လူတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ကြတာ ချည်းပဲ... အဲဒီထဲမှာ ဝေ့ဝူယင်ပါ အပါအဝင်ပေါ့လေ”
"..."
အားလုံး တိတ်ဆိတ် ငြိမ်သက် နေကြ၏။
“ရှင်တို့ ဘာပဲ လုပ်လုပ် မင်းကြီးက မြင်တယ်”
ဧကရီ ရှောင်ချွမ်း၏ အသံက အေးစက်နေ၏။ သူမ၏ တဖျပ်ဖျပ် တောက်ပနေသည့် မျက်ဝန်းများက အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ မျက်စိကန်း၊ နားပင်းသူ တစ်ယောက် မဟုတ်ကြောင်း သတိပေး နေသကဲ့သို့ပင်။
“ဧကရီက ဘာကို ဆိုလိုချင်တာလဲ...”
အင်ပါယာ ဧကရာဇ် လူအိုကြီး တစ်ယောက်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
“မင်းကြီး အမြင်မှာ ကျုပ်တို့ အားလုံးက သစ္စာဖောက်တွေလို့ ဆိုလိုတာလား...”
"အိုး... သစ္စာဖောက်... ဟုတ်လား... ရှင်တို့ အဲဒီလောက် သတ္တိ မရှိပါဘူး... ဒါပေမဲ့ ပျက်စီး နေကြတယ် ဆိုတာတော့ သေချာတယ်”
ဧကရီ ရှောင်ချွမ်းက အင်ပါယာ ဧကရာဇ် လူအိုကြီးကို စူးရှရှ မျက်ဝန်းများနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက်... သူမ၏ အကြည့်များက ယန်ချောင်ယွီ၊ ကောင်းကင် ဧကရာဇ်ပိုင်၊ ထျန်းမူယန်နှင့် ထျန်းလင်းယုတို့ထံ ဆက်လက်၍ ရွေ့လျား သွားသည်။
"..."
ထျန်းမူယန်၏ မျက်လုံးများမှာ ကျယ်းမြောင်းသွား၏။ သို့သော်လည်း သူက တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။
ဧကရီ ရှောင်ချွမ်းက သက်ပြင်းတစ်ချက် ချလိုက်၏။
“ငါတို့သာ ရွှေရောင် အသက်နန်းတော်ကို တိုက်ခိုက်မယ် ဆိုရင် ဝေ့ဝူယင်ကို ပထမဆုံး သတ်ဖြတ်ရလိမ့်မယ်... ဒါကို ရှောင်လွှဲလို့ မရဘူး... သူ့ အသက်အရွယ်၊ သူ့ တိုးတက်မှု... အဲဒါတွေကို လျစ်လျူရှုပြီး သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ ရွှေရောင် အသက်နန်းတော်ကိုပဲ ရှင်းလင်းလိုက်မယ် ဆိုရင် ငါတို့က ကိုယ့်အန္တရာယ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ မဟုတ်ဘူး... သူသာ ထာဝရ ဧကရာဇ်ရဲ့ အဆင့်ကို ရောက်သွားခဲ့ရင် ငါတို့ ခံစားရမယ့် နောင်တကို ဘယ်ဆေးဆရာမှ ကုပေးနိုင်တော့မှာ မဟုတ်ဘူး”
“နောက်ပြီး ငါတို့သာ ရွှေရောင် အသက်နန်းတော်ကို ဖိနှိပ်ဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် ဘယ်သူ့ အတွက် အကျိုးရှိမျာလဲ... ငါတို့ အတွက်လား... အစစ်အမှန် မွေးဖွားခြင်းလား... ထာဝရ အစည်းအရုံးလား... သူတို့တွေက ငါတို့ လှုပ်ရှားပါစေ ဆိုပြီးတောင် ဆုတောင်း နေကြမှာ သေချာတယ်”
ထို့နောက်တွင်တော့ ဧကရီ ရှောင်ချွမ်းကပင် အစည်းအဝေး၏ နောက်ဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်၏။
“မင်းကြီးက ဘာလုပ်ရမယ် ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်... သူ့ဆီက အမိန့်ကိုပဲ စောင့်ပါ”
အစည်းအဝေး ပြီးဆုံးသွားပြီ ဖြစ်လေရာ ထျန်းမူယန်နှင့် ထျန်းရှောင်လော့တို့မှာ အတူ ယှဉ်တွဲကာ ခန်းမ အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
“ဧကရီ ပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲ...”
ထျန်းရှောင်လော့က သူမ နှလုံးသား အတွင်း တင်းကြပ်နေသည့် မေးခွန်း တစ်ခုကို ထုတ်ဖော်ကာ ရေရွတ်လိုက်၏။ သူမ အမြင်အရ ဆိုလျှင် ဝေ့ဝူယင်မှာ သည်လောက် ပါရမီ မြင့်မားသူ မဟုတ်ချေ။ သူက ကံကောင်းနေခြင်း သက်သက်သာ ဖြစ်သည်။ သူ့ထံတွင် ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်ရန် အရည်အချင်းများ မရှိပါချေ။
အကယ်၍ တစ်စုံတစ်ယောက်က ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာမည် ဆိုလျှင် ထိုတစ်ယောက်မှာ သူမ သာလျှင် ဖြစ်ပေလိမ့်မည်။
ထျန်းမူယန်ကတော့ သူမကို လှည့်မကြည့်ပါချေ။ တိတ်တဆိတ်သာ သက်ပြင်းချလိုက်လေ၏။
***