← Chapters

ဝေ့ဝူယင်၏ လမ်းစဉ်

Vol. 87 Ch. 1217

ဝေ့ဝူယင်၏ လမ်းစဉ်

Vol. 87 Ch. 1217

မူလ အာရုဏ်ဦး နန်းတော်၊ အဂ္ဂိရတ် ခန်းမ အတွင်း၌...

ချိပ်ပိတ် နယ်မြေ တစ်ခုလုံး မသိလိုက်သည့် အခြေအနေတွင် သေမျိုးများနှင့် လျှို့ဝှက် အာဏာရှင် အဆင့်များ အကြား ကွာခြားချက်ကို ပေါင်းကူးပေးမည့် တံတား တစ်ခုမှာ တဖြည်းဖြည်းချင်း အောင်မြင်လျှက် ရှိပေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ‌‌‌သောင်းချီ သမိုင်းကြောင်း အတွင်း ထိုလမ်းကြောင်းကို ပထမဆုံး အကြိမ် အဖြစ် လျှောက်လှမ်း နေခဲ့သူကတော့ သေမျိုး အဂ္ဂိရတ် ရှန့်ထို တစ်ယောက် တစ်ဖြစ်လည်း ဝေ့ဝူယင်ပင် ဖြစ်လေသည်။

ထိုအခိုက်၌ ဝေ့ဝူယင်မှာ အဋ္ဌဂံ စားပွဲကြီး၏ အရှေ့၌ ရပ်နေခဲ့၏။ သူ၏ အရှေ့တွင်တော့ အာရုဏ်ဦ ခြေချခြင်း မှော်သန့်စင် ဆေးအိုး ရှိနေခဲ့သည်။ ဆေးအိုး အတွင်းတွင်တော့ ရောင်စုံ မုန်တိုင်း တစ်ခုမှာ တဖြည်းဖြည်းချင်း အားပိုမို ကောင်းလာကာ အလွန်တရာ သန့်စင်လှသည့် အဂ္ဂိရတ် လေထု တစ်ခုမှာလည်း ပတ်ဝန်းကျင်တွင် ပျံ့လွင့်လျှက် ရှိပေသည်။ ဝေ့ဝူယင်မှာ အလွန် အာရုံစိုက်ထားပုံ ပေါ်ကာ သူ၏ ဖြောင့်တန်းသော မျက်ခုံးများမှာ အလယ်တွင် ဆုံစည်းမတတ် မျက်မှောင်ကြုတ် ထားခဲ့၏။ သူ၏ ငွေရောင် မျက်ဝန်းများ နေရာတွင်တော့ အဂ္ဂိရတ် ကြယ်တာရာများက အစားထိုး နေရာယူ နေသည်။

ဝိညာဉ် အမတေ တိမ်တိုက်များကို စစ်ထုတ်အပြီး... ဒုတိယမြောက်စိတ်၏ ကြိုးပမ်းမှုနှင့် အတူ ပြီးပြည့်စုံသည့် အဂ္ဂိရတ် သီအိုရီ စာအုပ်ကို လက်ခံ ရရှိ အပြီးတွင် ဝေ့ဝူယင်မှာ သူ ဆယ်စုနှစ်ပေါင်းများစွာ လေ့လာ စုဆောင်း ထားခဲ့သည့် ထိုးထွင်း သိမြင်မှု၊ စိတ်ကူးစိတ်သန်းနှင့် ဉာဏ်အလင်းတို့ကို နက်ရှိုင်းစွာ ရရှိခဲ့သည်။ ပိုင်ဆိုင်ထားပြီး ဖြစ်သည့် အဆင့်ကိုး ပြန်လည် ကုသရေး အဂ္ဂိရတ် ထုတ်ကုန်များ၊ သွေးမျိုးဆက် ရင်းမြစ်များနှင့် အတူ ကုန်ခမ်းသွားခဲ့သည့် အားအင်များကို ပြန်လည် ဖြည့်တင်းရန်မှာ သူ့အတွက် မခက်ခဲခဲ့ချေ။ လက်ရှိ၌ သူက အကောင်းဆုံးသော ပုံစံကို ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး၏ နံဘေးတွင်တော့ ပိုင်ရှု တစ်ယောက် ရှိနေခဲ့၏။ သူမက သေးငယ်လှသည့် လက်နှစ်ဖက်ကို ဆေးအိုး၏ ချောမွေ့သည့် မျက်နှာပြင်ထက်၌ မြဲမြံစွာ နေရာချထားကာ ထူးခြားသည့် စွမ်းအင်လှိုင်းများကို ဆေးအိုး အတွင်း အဆက်မပြတ် ပေးပို့ နေခဲ့သည်။ သူမက မောပန်း နွမ်းနယ်နေသည့် မျက်နှာနှင့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။

“အောက်ခံ စွမ်းအင် ပြီးလုနီးပါး ဖြစ်သွားပြီ...”

ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ အဂ္ဂိရတ် တာအိုတွင် အံ့သြဖွယ် နည်းလမ်းများ၊ အစီအရင်များနှင့် မန္တန်များ ရှိကြောင်း သူ သိပေသည်။ မှော်သန့်စင် ဆေးအိုး အတွင်း၌ တည်ရှိနေသည့် အရာကို အသန့်စင်ဆုံး အောက်ခံစွမ်းအင်ဟု ခေါ်ကာ အသန့်စင်ဆုံး မြူနှင်းများကို သုံး၍ ဖွဲ့စည်းထားသည့် ထူးခြားသော ပစ္စည်း တစ်ခု ဖြစ်သည်။ ၎င်းမှာ ဆေးဖော်စပ်သည့် အခါတွင် အောင်မြင်မှု အခွင့်အလမ်းကို ပိုမို၍ တိုးစေကာ ထပ်ဆောင်း အကျိုးကျေးဇူးများကိုပင် ဖော်ဆောင် ပေးနိုင်စွမ်း ရှိသည်။

အဂ္ဂိရတ် ရှန့်ထိုများ ရေးသားခဲ့သည့် မှတ်စုများတွင် အသန့်စင်ဆုံး ‌အောက်ခံ စွမ်းအင်များမှာ အဂ္ဂိရတ် တိုက်ပွဲတိုင်းကို အနိုင်ရရှိစေနိုင်သည့် လျှို့ဝှက် လက်နက် တစ်ခုဟုပင် ရည်ညွှန်း ဖော်ပြကြသည်။ ၎င်းမှာ မှော်သန့်စင် ဆေးအိုး အတွင်းရှိ အသန့်စင်ဆုံး မြူနှင်းများကို ကုန်ခမ်း စေသော်လည်း ဆေးဖော်စပ်မှုတွင် အောင်မြင်မှု အခွင့်အလမ်းကို မြှင့်တင်လိုသော အခါတွင် လည်းကောင်း၊ မိမိ၏ သဘာဝ စွမ်းရည်ထက် ကျော်လွန်နေသည့် အဂ္ဂိရတ် ထုတ်ကုန်များကို ထုတ်လုပ်ရာတွင် လည်းကောင်း အလွန်ပင် အသုံးဝင်လှသည်။

အောက်ခံ စွမ်းအင် ဖန်တီးမှု အောင်မြင်လုနီးပါး ဖြစ်သွားသော အခါတွင်တော့ ပိုင်ရှုမှာ လက်ဖဝါးများကို ဖယ်ရှားကာ စားပွဲပေါ်တွင်ပင် ထိုင်ချလိုက်၏။

“အား... တော်တော်ခက်တာပဲ...”

သူမက ငြီးငြူလိုက်၏။ သို့သော်လည်း... ထိုအဂ္ဂိရတ် တာအို ဝိညာဉ်၏ အသံက ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှု အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

ပိုင်ရှုမှာ ယခင်ကလည်း အောက်ခံ စွမ်းအင်များကို ဖန်တီးဖူးပေသည်။ သို့သော်လည်း... ယခုလောက် များပြားသည့် အသန့်စင်ဆုံး မြူနှင်းများကို သုံး၍ ဖန်တီးဖူးခြင်း မရှိတာတော့ အမှန်တကယ်ပင် ဖြစ်သည်။ ၎င်းက အလွန် တာဝန် ကြီးလေးလှသည့်တိုင် အဂ္ဂိရတ် တာအို အောက်တွင် တည်ရှိနေသည့် သူမလို ဝိညာဉ် အသွင် တစ်ခု အတွက်တော့ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပေသည်။

ဝေ့ဝူယင် ပိုင်ရှု၏ နေရာကို ယူလိုက်၏။ အဂ္ဂိရတ် ကြယ်တာရာများမှာ စတင်ကာ တောက်ပလာကြကာ အဂ္ဂိရတ် ဧဒင် အင်အား ရောင်ခြည် ရှစ်ခုကို ထုတ်လွှတ် လိုက်ကြသည်။ အဂ္ဂိရတ် ကြယ်တာရာ ရှစ်ခု အနက် ခုနစ်ခုမှာ အဂ္ဂိရတ် တာအို၏ လမ်းစဉ် ခုနစ်ရပ်ကို ကိုယ်စားပြုကာ ရှစ်ခုမြောက် ကြယ်တာရာကတော့ လျှို့ဝှက် တာအိုကို ကိုယ်စားပြုပေသည်။

အသန့်စင်ဆုံး မြူနှင်းများ အတွင်းတွင်တော့ သေမျိုးတာအို အော်ရာမှာ အခြား အော်ရာ ရှစ်ခုနှင့် အတူ တကွ ရောနှောကာ လေဆင်နှာမောင်း တစ်ခုနှယ် အဆက်မပြတ် လှည့်ပတ် နေခဲ့သည်။ သေမျိုး အော်ရာ၏ တည်ရှိမှုက ဆေးလုံးမှာ သေမျိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်ကြောင်း ‌ဖော်ပြနေသည်။ တစ်ချိန်တည်း၌ အောက်ခံ စွမ်းအင်မှ ဖြစ်ပေါ်လာသည့် လျှို့ဝှက် အော်ရာ မုန်တိုင်းမှာလည်း သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် ထုတ်ကုန် တစ်ခုကို ထုတ်လုပ်နေကြောင်း သိသာစေသည်။

ပိုင်ရှုမှာ အေးအေးလူလူပင် ရှိနေခဲ့သည်။ သို့သော်လည်း... နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံး အကြောင်း တွေးမိသော အခိုက်တွင်တော့ သူမ နှုတ်ခမ်းကလေးကို စူလိုက်မိ၏။

“နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံးကို ဖော်စပ်တာက ပိုပြီး မကောင်းဘူးလား..”

သူမက ဝေ့ဝူယင် အပေါ် မကျေနပ် နေတာ ရှင်းလင်းလှသည်။ ဝေ့ဝူယင်မှာ မှော်သန့်စင် ဆေးအိုး အပေါ် အာရုံစိုက် နေသည့်တိုင် အစွမ်းထက်သည့် အသိစိတ် ပင်လယ်ကြောင့် ပတ်ဝန်းကျင်ကို သတိပြုမိနေဆဲ ဖြစ်သည်။

“ပိုင်ရှု...”

ဝေ့ဝူယင် ခေါ်လိုက်၏။

“ဆရာ...”

ပိုင်ရှုမှာ တစ်ယောက်ယောက်က အမြီးကို လာနင်းသည့် အလား ထိုင်ရာမှ ခုန်ထလိုက်မိ၏။ သူမ၏ မျက်ဝန်း ကလေးများက မလုံမလဲ ဖြစ်သည့် ခံစားချက်များနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်က သူမကို ကြားနိုင်သည်လား။

"နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံးက ချို့ယွင်းချက် များတယ်... အသုံးဝင်ကောင်း ဝင်နိုင်တယ် ဆိုပေမဲ့ ငါတို့လောကရဲ့ တာအို နှစ်ခုကို ဆန့်ကျင် မိလိမ့်မယ်... သူတို့ရဲ့ အမတေကို ကျင့်ကြံနေတဲ့ ကျင့်ကြံသူ တစ်ယောက် အနေနဲ့ ငါ ဘယ်လို သတ္တိနဲ့ သူတို့ကို မလေးမစား လုပ်ရဲမှာလဲ”

ဝေ့ဝူယင် ရှင်းပြလိုက်၏။ ပိုင်ရှုက နှုတ်ခမ်းကလေးကို စူရင်း ဝေ့ဝူယင်ကို ငြင်းခုန်ဖို့ ကြိုးစား လိုက်သည်။

“ဒါပေမဲ့... ဆရာ့ကို ကာကွယ်ပေးမယ့် အဂ္ဂိရတ် တာအို ရှိ...”

“ပိုင်ရှု... အဂ္ဂိရတ် တာအိုက ကာကွယ်ပေးမယ် ဆိုရင်တောင် လောလောဆယ် ငါက အဲဒီ တာအိုတွေရဲ့ အကန့်အသတ်ထဲမှာ ရှိနေတာလေ... ဘာအကျိုးဆက်မှ မရှိဘူးလို့ နင် အာမခံနိုင်လား... လျှို့ဝှက် တာအိုနဲ့ သေမျိုး တာအိုသာ မရှိရင် ငါ ဒီနေရာမှာ ရပ်နေနိုင်မယ် ထင်လား... အဲဒီ တာအို နှစ်ခုသာ မရှိရင် ငါ အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာမယ်ရော ထင်လား... တစ်ယောက်ယောက် အားကိုးရှိတာနဲ့ သူတို့ကို ပြန်ပြီး ဆန့်ကျင်ဖို့ ငါ မဝံ့ရဲဘူး”

ဝေ့ဝူယင်၏ လေသံက လေးနက်မှုများနှင့် ပြည့်နှက်နေ၏။ အခြား ရွေးချယ်စရာ နည်းလမ်း မရှိလျှင်ပင် သူ ထိုထုတ်ကုန်ကို အသုံးပြုလိမ့်မည် မဟုတ်ချေ။ လောက၌ ကျော်သင့်သည့်စည်းနှင့် မကျော်သင့်သည့် စည်းများ ရှိသည်။ ကျော်ဖြတ်နိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားသည် ဆိုလျှင်ပင် ဝေ့ဝူယင်မှာ ကိုယ်ပိုင် စည်းမျဉ်းများနှင့် လည်ပတ်နေသည့် လူတစ်ယောက် ဖြစ်ပေသည်။

သေမျိုးတာအိုမှာ သူ့အတွက် ဆရာ တစ်ယောက် သဖွယ် ဖြစ်သည်။ ၎င်းက သူ့ကို ကောင်းကင်သို့ ပျံစေခဲ့သည်။ သံမဏိထက် ပိုမို မာကြောသည့် ခန္ဓာကိုယ်ကို ရရှိစေခဲ့သည်။ ဂြိုဟ်များကို ဖြတ်သန်း၍ ခရီးသွားလာစေခဲ့သည်။ နှစ်ရာဂဏန်းပင် မနေရသည့် သာမန် သေမျိုးလေး တစ်ယောက် ဘဝမှ နှစ်ပေါင်း ထောင်ချီ အသက်ရှင်သန်နိုင်အောင် ကူညီပေးခဲ့သည်။ သေမျိုးတာအိုမှ ချီးမြှင့်ထားသည့် စွမ်းအင်များနှင့် အတူ အဂ္ဂိရတ် ထုတ်ကုန်များကို ဖန်တီးနိုင်ခဲ့သည်။ သေမျိုး တာအိုမှာ သူ့ကို တစ်ကြိမ်တစ်ခါမျှ ငြင်းဆန်ခြင်း မပြုပဲ တိတ်တဆိတ် ခွင့်ပြုပေးခဲ့သည်။

“အဲဒီ ဆေးလုံးက ‌ကောင်းကင်ရဲ့ သဘာဝ အမိန့်တွေကို ဆန့်ကျင်နိုင်တယ်... မှန်တယ်... ဒါပေမဲ့ အာနိသင်ကတော့ မိဘအိမ်မှာ နေပြီး မိဘကို ဆန့်ကျင်ဖို့ လုပ်နေတဲ့ ကလေး တစ်‌ယောက်လိုပဲ... ဒါတင် မကသေးဘူး... ဖြတ်လမ်း နည်းလမ်းနဲ့ လျှို့ဝှက် တာအိုဆီကနေ စွမ်းအားကိုပါ ခိုးယူဖို့ ကြိုးပမ်းတယ်...”

“ကောင်းကင်အောက်မှာ ရှိတဲ့ တည်ရှိမှုတိုင်းက ညီမျှတယ်... သိုင်းတာအို ဖြစ်ဖြစ်၊ စိတ်တာအို ဖြစ်ဖြစ်၊ သေမျိုးနဲ့ လျှို့ဝှက် တာအိုပဲ ဖြစ်ဖြစ် အားလုံးဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေကြတယ်... သူတို့ကြားမှာ အပြန်အလှန် သဘောတူညီမှုတွေ ရှိတယ်... ဖိနှိပ်မှုတွေ ရှိတယ်... အဲဒါကပဲ ငါတို့ လောကကြီးကို သဟဇာတ ဖြစ်အောင် ထိန်းကြောင်းပေးထားတာပဲ”

"နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံးက အဲဒီ သဟဇာတ ဖြစ်မှုကို ဖြစ်ဆီးပစ်နိုင်တယ်... သေမျိုးတာအို ဘာကြောင့် ငြင်းဆန်ရသလဲ... လျှို့ဝှက်တာအိုက ဘာကြောင့် ဟန့်တားရသလဲ ဆိုတာ အဓိပ္ပာယ် ရှိတယ်... ပိုင်ရှု... အဂ္ဂိရတ် တာအို ဝိညာဉ် တစ်ယောက် အနေနဲ့ နင် ကိုယ်တိုင်ကလည်း ကောင်းကင်အောက်မှာ ရှိနေတုန်းပဲ... သဘောတူညီမှု အရ သေမျိုးတာအိုနဲ့ လျှို့ဝှက် တာအိုတို့က ငါ့ကို အပြစ် မပေးဘူး ဆိုရင်တောင် နင့်ကို လျစ်လျူထားမယ်လို့ ထင်လား... သူတို့က သဟဇာတဖြစ်မှုကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ ဘယ်သူ့ကို မဆို ရှင်းပစ်ဖို့ ကြိုးစားမှာပဲ”

ဝေ့ဝူယင်၏ မျက်လုံးများက ငွေရောင် အလင်းများနှင့် တဖျပ်ဖျပ် တောက်ပနေ၏။ အချိန်သခင် အဆင့် ကပ်ဘေး အတွင်း သူ အချိန်မြစ်နှင့် ချိတ်ဆက်နိုင်ခဲ့သည်။ ထို့အပြင် အမွေခံ အပြစ်သား သွေးမျိုးဆက် တစ်ယောက်၊ ကောင်းချီးခံ တစ်ဦး အနေဖြင့်လည်း ကောင်းကင်တာအိုနှင့် မကြာခဏ ဆိုသလို ထိတွေ့ ဆက်ဆံဖူးသည်။ သေမျိုး တာအိုထံမှ သိမ်မွေ့သည့် သတိပေးမှုကိုပင် သူ လက်ခံ ရရှိဖူးသည်။ ထို့ကြောင့်ပင် ကောင်းကင်တာအို အပေါ် သူ့ထံတွင် နက်ရှိုင်းသည့် နားလည်မှုများ ရှိသည်။

"..."

ဝေ့ဝူယင်၏ ရှင်းပြမှုများကို တိတ်တဆိတ် နားထောင်ရင်း ပိုင်ရှု၏ နှလုံးသား တစ်ခုလုံးမှာ လှုပ်ခါနေ၏။ ထိတ်လန့် တုန်လှုပ်မှုက သူမ စိတ်နှလုံး အတွင်း စိမ့်ဝင်လာနေခဲ့သည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်း များစွာက ကြယ်တစ်လုံး ကြယ်တာရာ နယ်မြေ အဘယ်ကြောင့် ပျက်စီး သွားရကြောင်း သူမ နားလည် သွားသလို ခံစားလိုက်ရသည်။

***

All Chapters